Friday, November 7, 2008

[Moon Thet Pan] 1 New Entry: လေလွင့်သူ

လေလွင့်သူ


အဲဒီမုန်တိုင်းပေါ့



တသက်လုံးစာ တိုက်ချလိုက်ပုံများ

အိုးမဲ့အိမ်မဲ့

ကြိုမလိုနဲ့ ပြေးပိတ်တဲ့တံခါးတွေရှိသလို

မပြိုပေမယ့် တွန်းချခံခဲ့ရတဲ့ ကမ်းပါးတချို့လည်းရောက်ခဲ့

ဘယ်ရင်ခွင်မှ မပြောင်းချင်သလို

ဘယ်သွင်ပြင်မှလည်း မပြောင်းချင်ဘူး

နေ့နေ့ညည မပြတ်လွမ်းချင်တယ်

ဖေးဖေးမမ ကူညီလို့ပေးမယ့်

ဟိုး… အဝေးက အမေ့အိမ်…

မွန်းသက်ပန် (ဆေး-၁)

လောကအလှ ၊ ၂၀၀၈ နိုဝင်ဘာလ ၄ ရက်။

You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[The colors and the shapes] 2 New Entries: wedding by the sea

wedding by the sea


wedding by the sea, originally uploaded by Maung Maung aka Mexx.

another day ends - 2


another day ends - 2, originally uploaded by Maung Maung aka Mexx.

colors of the sky from singapore changi coast walk

You received this email because you are subscribed to the real_time feed for http://mgmg74.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[May Nyane] 1 New Entry: မြသီလာအလွမ်းပြေ(၁၄)

မြသီလာအလွမ်းပြေ(၁၄)


၈၈ရဲ့ သင်္ကြန်ကို ကြည့်ပြီး အားလုံးငြိမ်းပြီလို့ ယူဆသလား မသိပါဘူး။ မေလ နောက်ဆုံးပတ် လောက်မှာပဲ ကျောင်းဖွင့်ရက်တွေ ပြန်ရောက်လာပါတယ်။ ဇွန်လဆန်းမှာတော့ ကျမလည်း မင်္ဂလာဆောင်ပြီးပြီမို့လို့ သူတို့အိမ်ကို ရွှေ့နေပါပြီ။ ဒီလိုနဲ့ စွယ်တော်ရိပ်သူ ဘ၀ ရောက်ခဲ့ပါတယ်။

စွယ်တော်ရိပ်သူဖြစ်စ ကာလတွေမှာပဲ ဇာတ်လမ်းဆန်ဆန် ပြန်ပြောစရာတွေ တွေ့လာရ ပါတယ်။ အဲဒါကတော့ တိတ်ဆိတ်နေတဲ့ RIT ကျောင်းဝင်းထဲက ညတွေမှာ ခွေးတွေ ဆွဲဆွဲငင်ငင် အူတာပါပဲ။ ကျမတသက်လုံး တခါမှ မကြားဖူးတဲ့ အူသံမျိုး။ အူသံက ဟိုးကျောင်းကြီးပေါ်ကနေ လက်ဆင့်ကမ်းအူလာသလိုမျိုး... အဲသလို တရွေ့ရွေ့အူလာတဲ့ အသံဟာ ကျောင်းဝင်းနောက်ဘက်အဆုံးထိ လွင့်သွားတာ..။ ကျမဆို ကြားတိုင်း ကြက်သီးထလို့ အဲဒီအချိန်ဆို ပြတင်းပေါက် ထ ထ ပိတ်မိတဲ့အထိပါပဲ။ အဲဒါကို ပြောမိတော့ ၀င်းထဲမှာ လူတိုင်း အဲလို ခံစားကြရပါတယ်တဲ့။ အများစုကတော့ ကျောင်းသားတွေ မကျွတ်ဘူးလို့ ပြောကြတာပေါ့။ လုံခြုံရေးဝန်ထမ်းတွေကလည်း ကျောင်းကြီးပေါ်မှာ သိပ်ခြောက်တယ်ပေါ့။ စဉ်းစားကြည့်တော့ အဲဒါဟာ ကြေကွဲစရာကောင်းလှတဲ့ သတိရ စရာပါ...။ ဒါဟာ ကွယ်လွန်သူ၊ ကျဆုံးသူတွေရဲ့ လွမ်းဆွတ်မှု.. ဒါမှမဟုတ်.. မမေ့နိုင်မှု... ဒါမှမဟုတ်.. ကျန်ရစ်သူတွေ မေ့မနေရလေအောင် သတိပေးမှုပေါ့။ (အဲဒီလို ခွေးအူသံဟာ ရက်တွေ အကြာကြီး ဖြစ်နေလို့ နောက်တော့ ပရိတ်ရွတ်လိုက်ကြပါတယ်)။

မေ့မေ့ပျောက်ပျောက်လို့ ထင်ခဲ့ကြပေမဲ့ ကျောင်းပြန်ဖွင့်ချိန် RIT မှာကတော့ အရင်လို စည်စည်ကားကား မရှိတဲ့အပြင် သိသိသာသာ တိတ်ဆိတ် ခြောက်သွေ့နေပါတယ်။ ကျောင်းသားတွေ မစုံခဲ့ပါဘူး။ တကယ်တော့ ကိုဖုန်းမော်၊ ကိုစိုးနိုင်နဲ့ ကိုမြင့်ဦး(ပုလဲ)တို့ အသက်ပေးခဲ့ရတဲ့ မြေဟာ စည်ကားသိုက်မြိုက်စရာအကြောင်းလည်း မရှိပါဘူး။ ကျမတို့ လှိုင်မှာလည်း သိပ်မထူးခြားသလိုရှိပေမဲ့ တကယ်တော့ ကျောင်းသားတွေကြားထဲမှာတော့ မကျေနပ်ချက်တွေက တအုံနွေးနွေး တီးတိုး တီးတိုး။ ပြီးတော့ စာတွေဝေကြ.. စာတွေ ကပ်ကြ။ အဓိကကတော့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေး...။ ကိုဖုန်းမော်တို့ ကျဆုံးရတဲ့ကိစ္စ သတင်းအမှန် ထုတ်ပြန်ပေး...။ နောက်တော့ ကျောင်းသား သမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးတွေ ပါလာပါတယ်။ ဗကသ(ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ)လို့ နာမည်ခံပြီး ထုတ်ပြန်တဲ့ စာတွေလည်း ပါတယ်လို့ ထင်ပါတယ်။

နောက်တော့ အသံတွေ ကြားလာရပါတယ်။ ကိုဖုန်းမော် ၃လပြည့် လုပ်မှာတဲ့။ မိန်းထဲ တရားပွဲလေးတွေ အသံကြားလာရ..။ အဲဒီရက်တွေထဲမှာပဲ ကျောင်းသားတွေ သိပ်အင်အားကောင်းလာ တယ်။ ရုံးစုရုံးစုလေးတွေ ရှိလာတယ်။ မပျော်တော့တဲ့ မျက်နှာလေးတွေ ကျောင်းထဲမှာ အများကြီး တွေ့လာရတယ်။ စာသင်ခန်းတွေကလည်း အဓိပ္ပါယ်မရှိတော့။ ဒီလိုနဲ့ ဖမ်းထားတဲ့ ကျောင်းသားတအုပ်စု ပြန်လွှတ်တယ်လို့ ကြားတယ်။ ကျောင်းထဲမှာ ပိုပြီး အုပ်အုပ် အုပ်အုပ် ဖြစ်လာတယ်လို့ ထင်နေချိန်...။ ၀ုန်းဝုန်း ၀ုန်းဝုန်း ဖြစ်လာ။ နောက်တော့ တရားပွဲတွေ...။ ကျမထင်တာတော့ အဲဒီရက်ပိုင်းတွေမှာ မိုးသီးဇွန်ဆိုတာကို စကြားလာရတာ။ စာဝေတာတွေကတော့ မြို့ထဲထိ ပလူပျံ။ နောက်ဆုံးတော့ ဇွန်လ၂၀ရက်မှာ ကျောင်းတွေ ပြန်ပိတ်လိုက် ရပြန်ပါတော့တယ်။


ကျောင်းတွေပိတ်လိုက်ရပြီး နောက်တရက် ဇွန် ၂၁... မြေနီကုန်းမှာ အခြေခံကျောင်းသားလေးတွေ အပစ်ခံရတဲ့ ပြဿနာ... ရွှေတိဂုံရင်ပြင်ပေါ်မှာ ကျောင်းသားတွေနဲ့ ဘုရားဖူးတွေကို အကြမ်းဖက်ဖြေရှင်းလိုက်တဲ့ ပြဿနာ... ပဲခူးမှာ လူထုထဲကို သေနတ်နဲ့ပစ်ပြီး ဖြေရှင်းတဲ့ ပြဿနာ... နောက်တော့ မန္တလေး မော်လမြိုင် တောင်ကြီးတွေမှာပါ ဆန္ဒပြကုန်ပြီဆိုတဲ့ သတင်းတွေကနေ စလိုက်တာ ရှစ်လေးလုံးလို့ ခေါ်တဲ့ ၈ရက် ၈လ ၈၈ ထိ ဆိုပါတော့။ လူတွေ လှိုင်းလုံးတွေလို လိမ့်ပြီး အုံကြွခဲ့ကြတဲ့အထဲ ကျမက ရေတစက်ပေါ့။ အဲဒီနောက်ပိုင်းရက်တွေဆီက အဖြစ်အပျက်တွေကိုတော့ ကျမ မရေးတော့ပါ။ စိတ်ဝင်စား လေ့လာချင်သူတွေ ဒီနေရာမှာသာ လေ့လာကြည့်ပါတော့။ အဲလိုနဲ့ ကျမတို့တိုင်းပြည်ရဲ့ သံသရာထဲမှာ သူခိုးလက်က သူဝှက်လုသလို စစ်တပ်က ထပ် အာဏာသိမ်းတဲ့အထိပေါ့။

သေချာတာကတော့ ၈၈ဟာ ကျမတို့ မြသီလာရဲ့သမိုင်းထဲက ဖျောက်မရနိုင်တဲ့ အိုင်းအနာ.. အမာရွတ်ကြီးတခု ဖြစ်သလိုပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းထဲထိရောက်အောင် ပို့လိုက်နိုင် တဲ့ ကျောင်းသားတွေက စခဲ့တဲ့ တော်လှန်ရေးကြီး တခု ဖြစ်ခဲ့ပြီ။

+++++

ကျောင်းပိတ်ရက်ရှည်ကာလတွေထဲမှာ RIT ကင်တီးမှာ ကျောင်းမိသားစုဖြစ်တဲ့ နွေးအေး ရယ်.. မေတ္တာပေါင်းကူး ရယ်.. မော်လမြိုင်ဆိုင် ရယ်ပဲ ဖွင့်ပါတယ်။ ကျမကတော့ အချိန်ရရင်ရသလို RIT မြန်မာစာဌာနနဲ့ သင်္ချာဌာနက သူငယ်ချင်း(ဆရာဆရာမ)တွေနဲ့ ကင်တီးမှာထိုင်။ တခါတလေ သူတို့ဆီ အလည်လာတဲ့ ကျောင်းသားတွေနဲ့ ထိုင်... စိတ်ကျရသမျှတွေ အပြန်အလှန် ရင်ဖွင့်ကြ။ လှိုင်မှာဆိုလည်း လူငယ်ကင်တီးတခုတည်းပဲ ခြောက်ခြောက်သွေ့သွေ့ ဖွင့်တယ်။ အဲဒီမှာပဲ ကျောင်းကို လာချင်လို့ အကြောင်းရှာပြီး ကျမဆီ လာ လာ လည်တဲ့ သူငယ်ချင်းတွေ... ကျောင်းသားတွေနဲ့ ထိုင်။ သူတို့တွေကလည်း စိတ်လေသမျှတွေ ရင်ဖွင့်ကြ။ ပြီးတော့ ပျောက်နေတဲ့သူငယ်ချင်းတွေအကြောင်း ပြောကြ။ တောခိုတဲ့အထဲ ပါသွားသလား..။ သေဆုံးသွားကြတဲ့အထဲမှာလား..။ မကြေငြာဘဲ အဖမ်းခံထားရတဲ့ အထဲမှာပဲလား.....။ တကယ်ကိုပဲ... "သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ.. (လွမ်းမိတယ်) ဂျပ်စင်ထိပ်က လရိပ်ပြာရယ်.." ဆိုသလို...... ကျမတို့ ခံစားနေခဲ့ကြရပါတယ်။ ဘယ်လောက် ခြောက်ခြား ကြေကွဲစရာ ကောင်းလိုက်ပါသလဲ..။

အဲဒီကာလတလျှောက် ကျမတို့ဆီမှာ စိတ်ကျခံစားချက်တွေ ဖိစီးတာမှာ တူနေကြတာ.. ပိုတွေ့လာရ။ ပြီးတော့ ကိုယ့်ဝန်းကျင်က စာပေလောကသားတွေဆီအထိ လေလွင့်စိတ်ကျမှုတွေ လေးလေးလံလံ ဖိစီးနေခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျောင်းပိတ်ရက်တွေ ကြာလာခဲ့။ (ဖြစ်ချင်တော့ အာဏာသိမ်းပြီး မရှေးမနှောင်းမှာ ကျမအဖေ.. ကုန်တိုက်ကြီးများကော်ပိုရေးရှင်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးရာထူးကနေ ပြုတ်သွားပါတယ်.. အကြောင်းက သပိတ်တုန်းက ၀န်ထမ်းသမဂ္ဂမှာ ဥက္ကဋ္ဌလုပ်မှုပါ.. (အဖေကတော့ စိတ်ကျပုံမရလှပါ...) အဲလို ရာထူးကနေ ပြုတ်သွားရတဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်)။ ကျမရင်ထဲ ဘာမှန်းမသိတဲ့ အစိုင်အခဲတခု တဖြည်းဖြည်း တည်လာခဲ့။

+++++

ကျမစိတ်ထင်တော့ စစ်သွေးကြွအာဏာပိုင်တွေဟာ သူတို့ ၆၂ကတည်းက ကြုံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ အမှန်တရားမြတ်နိုးမှု၊ ရဲရင့်မှုနဲ့ စုစည်းညီညွတ်မှုတွေကို တကြိမ်ပြီးတိုင်း ပို ပို တင်းကျပ်ပြီး နှိပ်ကွပ်တယ်..။ ချုပ်ချယ်တယ်..။ ဖျက်ဆီးတယ်လို့ မြင်ပါတယ်။ ဒါကြောင့်ပဲ ၈၈ စက်တင်ဘာ၁၈မှာ အာဏာသိမ်းပြီးနောက် ၁၉၈၉ရဲ့ ဇွန်လထဲမှာ တက္ကသိုလ်က ဆရာတွေ ကျောင်းသားတွေ အများဆုံးပါတဲ့ လူဖမ်းပွဲ လုပ်ပါရော။ ဇာတ်လမ်းတွေခင်း။ ကွန်မြူနစ်တွေလို့ ကြေငြာ။ ရာဇ၀တ်သားတွေလို နှစ်ရှည်ထောင်ဒဏ်တွေ ချလိုက်ပါတယ်။ ကျမဖြင့် သတင်းတွေကြည့်ရင်း မျက်ရည်တလည်လည်ပေါ့။

ကြည့်ပါဦး.. ကျမတို့ရဲ့ သိပ်ချစ်တဲ့ သူငယ်ချင်း... အင်မတန်မှ အေးချမ်းပြီး လူတဘက်သားကို ချစ်ခင်လေးစား တတ်လှတဲ့သူ Hယင်းမာကလည်း တိုင်းပြည်ကို ချောက်ထဲ ကျအောင် လုပ်တဲ့အထဲ ပါသတဲ့။ နောက်.. ကိုတင်အေး.. ကိုညိုထွန်း..၊ နောက် မြန်မာစာဌာနကဆရာပဲ ဖြစ်ပြီး ကျမ အင်မတန် လေးစားချစ်ခင်တဲ့ အကိုတယောက်..၊ နောက် ကဗျာရေးဖက် သူငယ်ချင်း အောင်ကျော်ဆန်း(မြင်းခြံ)- ခုတော့ နာဂစ်ကိစ္စမှာ အလောင်းတွေကောက်ပြီး မြေမြှုပ်ပေးမိလို့ ထပ်အဖမ်းခံရပြန်ပြီ။ ဘာအမှုမှန်းလဲ မသိ။ အဲလိုပဲ RIT ရှေ့က နေ၀န်းနှင်းဆီစာအုပ်ဆိုင်ရှေ့ ဗာဒံပင်လေးအောက်က စကားဝိုင်းမှာ အကြမ်းတအိုးနဲ့ ထိုင်ရင်း ငြိမ်နေတတ်တဲ့ ဒေါက်တာဇော်မင်း၊ RIT ချည်ထည်ဌာနက ဆရာတယောက်လည်း ပါသေး (ပါပါက အံ့သြပြီးတော့... သူက သိပ်အေးတဲ့ ဆရာလေး.. လို့ တဖွဖွ ပြောတယ်)။ နောက်တော့ ကျမနဲ့အတူတူ စာဖတ်ဖက် ညီအမလိုခင်တဲ့ တယောက်(သူလည်း အင်မတန်အေးချမ်းတာ.. ကျမလိုတောင် မစွာ)လည်း ပါနေပြန်တယ်..။ ဘုရားရေ.. တိုင်းပြည်ကို ချောက်ထဲချမယ့်သူတွေကလည်း ပညာတတ်.. လူအေး.. စာဖတ်သန် ပညာဥာဏ်ရှိသူတွေ ချည်း..။ ပြီးတော့ ကျမရဲ့ သူငယ်ချင်းနဲ့ မိတ်ဆွေတွေ အများကြီးပါတာ..။ အဲဒီရက်တွေ ကျမ တကယ်ပဲ တုန်တုန်လှုပ်လှုပ် ခံစားခဲ့ရပါတယ်။ တချိန်လုံး စိတ်တွေနာ.. ဒေါသတွေဖြစ်..။

+++++

အဲဒီရက်တွေထဲမှာပဲ ကျမတို့ ဆရာ ဆရာမတွေ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါတယ် မပါဘူး.. ဆိုတဲ့ ၃၃ချက်လို့ အလွယ်ခေါ်ကြတဲ့ ပုံစံတခု ဖြည့်ကြရပါတယ်။ ကျမတို့အဖွဲ့အားလုံး ဖြည့်တာကတော့ ပါခဲ့တယ်... ပဲ။ ဘယ်နှကြိမ်လဲဆို မမှတ်မိ.... ပဲ..။ ကိုမင်းသိုက်မွန်.. ဆိုရင် တရားဟောတာပါ ထည့်ဖြည့်လိုက်သေး။ တချို့တွေ အဲဒီ၃၃ချက်နဲ့ အလုပ်ပြုတ်ကြပါတယ်။ အံ့သြစရာကောင်းတာက ကျမတို့ တယောက်မှ အလုပ်မပြုတ်ခဲ့ကြပါ။

အဲဒီရက်ပိုင်းတွေ ကျောင်းသွားတော့လည်း ကျမ လွမ်းလွမ်းဆွတ်ဆွတ် ခံစားရတာတွေပဲ များနေပါတယ်။ ကျောင်းရက်ရှည်ပိတ်ရက်ထဲ အလုပ်က မရှိ။ အဲဒီရက်ပိုင်း ပြန်ဖတ်သမျှ စာအုပ်တွေကလည်း အရှေ့က နေ၀န်းထွက်သည့်ပမာ..၊ သပိတ်မှောက်ကျောင်းသား..၊ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်...၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ...၊ ကေဖွဲ့ဆိုသီ..၊ ကက်စထရို..၊ အောင်သန်းရဲ့ အောင်ဆန်း..၊ ရုပ်ပုံလွှာ..၊ ပြိုမှာလေလားမိုးရဲ့..၊ ပန်းတွေနဲ့ဝေ..၊ မြိုင်..၊ မျိုသိပ်စိတ်.. စုံနေရော..။ စိမ်ပြီး ဖတ်ဖြစ်တာက တော့ ပြိုမှာလေလားမိုးရဲ့ နဲ့ နေရစ်တော့ မြသီလာ.. ပေါ့။

အဲဒီ ဖတ်သမျှစာတွေရဲ့ သွယ်ဝိုက်တဲ့ တွန်းအားကြောင့်ထင်ပါရဲ့။ ကျမ ကဗျာတွေ ရေးဖြစ်.. ၀တ္ထုတိုမဖြစ်တဲ့ စာအတိုအစတွေ ရေးဖြစ်။ အနားမှာ ရှိနေတဲ့သူက ဘာတွေရေးလဲလို့မေးတော့ "သိတော့ပါဘူးကွာ.. ငါ့သူငယ်ချင်းတွေကိုရော.. ကျောင်းကိုရော လွမ်းတာတွေ" လို့ ဖြေမိတယ်။ သူကယူဖတ်ပြီး ထူးထူးဆန်းဆန်း.. "ဟေ့ရောင် .. မင်း လုံးချင်းရေးပါလား.. " တဲ့။ "ဖြစ်ပါဘူး.. မရေးတတ်ဘူးထင်တယ်.." လို့ ဖြေမိတယ်။ တရက်ကျတော့ ကျမတို့အကိုတယောက် ရောက်လာတယ်။ သူက စာအုပ် ထုတ်ဝေရေး လုပ်နေတာ။ အကိုက ကျမကို မေးတယ်.. လုံးချင်းလုပ်မလား..တဲ့။

ဒီတော့မှ ကျမ နည်းနည်း စိတ်ကူးမိသွားတယ်။ စမ်းကြည့်မယ်..ပေါ့။ ခင်ပွန်းလုပ်သူကလည်း ဒီတခါတော့ အားပေးတယ်။ ငါကူပါ့မယ်ကွာ..တဲ့။ သူက ကျမရေးထားတာတွေကို သေချာ ထပ်ပြီး.. ဒီမှာကြည့်စမ်း.. မင်း ဇာတ်ကောင်ထည့်လိုက်ရင် ဒါ ဇာတ်လမ်းဖြစ်ပြီတဲ့။ အဲဒါနဲ့ လုံးချင်းစရေးတော့တာပဲ.. နေ့နေ့ ညည...။ စိတ်ထဲ ကျပ်သိပ်နေတာတွေ ဖောက်ချလိုက်ရသလိုပဲ..။ ကျမအနားဝန်းကျင်က လူငယ်တွေရဲ့ ကျောင်းအလွမ်းတွေ.. စိတ်ကျအနာတွေ... ရေးချင်တာတွေအားလုံး ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ရေးပစ်လိုက်တာ။ ရေးနေတုန်း မဟေသီမဂ္ဂဇင်းမှာ ကိုဟိန်းလတ်က အင်တာဗျူးလုပ်တော့ အဲဒီလုံးချင်းအကြောင်း ထည့်ပြောလိုက်သေး။ (အဲဒီတုန်းက ကိုဟိန်းလတ်က ကြည်အေး=ဂျူး=မေငြိမ်းလို့ လုပ်ချလိုက်တာ.. တော်တော် အပြောခံလိုက်ရ ပါသေးတယ်။ တကယ်တော့ အားနာစရာ။ ကျမက ပေါက်စန။ (ဒေါ်)ကြည်အေးနဲ့ (မ)ဂျူးက ကိုယ့်ထက် အများကြီး ပညာ သမ္ဘာကြီးသူတွေ..။ ကျမ အကျပ်ရိုက်ခဲ့ရပါတယ်။ ပြီးတော့ မဖြေချင်လည်း ငြင်းလို့ရရက်နဲ့။ မသိနားမလည်ခဲ့တာပေါ့လေ။ မာယာက အဲဒီ အင်တာဗျူး ပထမပိုင်း တင်ပေးခဲ့ဖူးပါတယ်)။

(အဲဒီတုန်းက ဂျူးနဲ့ ကျမ အမှတ်တရ)

အဲလို အင်တာဗျူးထဲ ကြော်ငြာဝင်သလို ထည့်ပြောလိုက်မိတော့ သေသေချာချာ ပြီးဆုံးအောင် လုပ်ရတော့ တာ..။ ဒါနဲ့ပဲ.... သီချင်းနှင်းဆီ.. ဖြစ်ခဲ့။ ၁၉၉၀ ဧပြီလမှာ သီချင်းနှင်းဆီ လုံးချင်းဝတ္ထု ထွက်နိုင်ခဲ့ပါတယ်။ (သီချင်းနှင်းဆီထဲ မှတ်မှတ်ရရ တခုက ဇာတ်လမ်းထဲမှာ Great Depression in 1988 ဆိုတာလေး ထည့်ရေးတာကို စိစစ်ရေးက မဖြုတ်လိုက်တာကို မှတ်မှတ်ရရ)။

(ပန်းချီ မြင့်မောင်ကျော်ပါ)

ပြောရရင်တော့ အိမ်ထောင်ဖက်ရဲ့ အားပေးမှုကြောင့်ပါပဲ..။ မေငြိမ်းရယ်လို့ လုံးချင်းလောကထဲ ရောက်လာ တာ။ သီချင်းနှင်းဆီလေးက မသပ်မယပ်နဲ့ပေမဲ့ မေငြိမ်းကို လုံးချင်းလောကထဲ ဆက်ရပ်တည်လို့ ရလောက်တဲ့ အောင်မြင်မှုလေးတော့ ပေးခဲ့ပါတယ်။ အမြတ်ဆိုလို့ အဲဒီကာလထဲ အားလပ်နေတာမို့ စာပေလောက ၀န်းကျင်ထဲ ပိုဝင်ဖြစ်ပြီး သူငယ်ချင်းအသစ်တွေ ရလာတာပါပဲ။ ထိုင်စရာ "လေထန်ကုန်း" တိုးလာတဲ့ အချိန်ပေါ့။ (တကယ်တော့ ကျမက လုံးချင်းရေးနေရတာကို ပျော်ပိုက်ပေမဲ့ ထုတ်ဝေတဲ့အပိုင်းကို စိတ်ညစ်လို့မို့ လုံးချင်းလောကကို စိတ်ပျက်ပါတယ်)။

+++++

You received this email because you are subscribed to the real_time feed for http://maynyane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၄)

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၄)

စာဖတ်ပရိသတ်များခင်ဗျား

ယနေ့ NLD ရဲ့  ဒုတိယဥက္ကဌဖြစ်သူ ဗိုလ်ချူပ်ကြီးတင်ဦးရဲ့  အကြောင်းကို ကျွန်တော်ကိုဖိုးတရုတ်မှ စာဖတ်ပရိသတ်များ အတွက် ဆက်လက်တင်ပြပေးလိုက်ပါတယ်။

ဗိုလ်မှူးချုပ် တင်ဦးကို ဗိုလ်နေ၀င်း၏ အရိုက်အရာကို ဆက်ခံမည့်သူလို့ ပြည်တွင်းပြည်ပ နိုင်ငံရေး အကဲခတ် ပုဂ္ဂိုလ်များက ယူဆခဲ့ကြပါတယ်။ နိုင်ငံခြားစာစောင်များကမူ အတိအလင်းပင် ရေးသား ဖော်ပြခဲ့ကြပါတယ်။ ဗိုလ်မှူးချုပ် တင်ဦးနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကမူ သူ့အတွက် စိုးရိမ်လာခဲ့ကြပါတယ်။

တခါတရံတွင် လူကြီးများကို အရေးယူရသည့် ကိစ္စများနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိတ်မကောင်းသည့် အချက်တစ်ချက်ရှိကြောင်း ဗိုလ်ချုပ်ကြီးနေ၀င်းက ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အရေးယူတဲ့အခါမှာ ဥပဒေနဲ့ ဘောင်ဝင်အောင် လုပ်ရန်မှာကြားထားကြောင်း အချို့ မှာ ကိုယ့်ကျင့်တရားနဲ့ မဆိုင်ပဲ အခြားအကြောင်း ကိစ္စများကြောင့် အရေးယူရခြင်း ဖြစ်ပေမဲ့ ဥပဒေဘောင်ဝင်အောင် လုပ်ရသည့်အတွက် အကျင့် စာရိတ္တနဲ့ ပတ်သက်သလို ဖြစ်ဖြစ်သွားခဲ့ကြောင်း သူ့အနေနဲ့လည်း ဘာမှမတတ်နိုင်ကြောင်းများကို ပြောပြတတ်ပါတယ်။

ပါတီ တွဲဘက်အထွေထွေ အတွင်းရေးမှူးဟောင်း ဗိုလ်မှူးကြီးသောင်းကြည် သေဆုံးပြီးနောက် သူ့ကို တွဲဘက် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။ ထိုနောက် ထောက်လှမ်းရေး အရာရှိများသာ ပါဝင်သော ဧည့်ခံပွဲတစ်ခုမှာ ဗိုလ်မှူးချုပ် တင်ဦးက "ကျွန်တော့် အနေနဲ့ ဘယ်လိုမှ ရှောင်လို့မရတော့တဲ့အတွက် ပေးတဲ့ရာထူးကို ယူခဲ့ရတယ်၊ ရာထူးပိုကြီးလာရင် အန္တရာယ်နဲ့ ပိုပြီး နီးလာပြီဆိုတာကို သိတယ်၊ အတိတ်ဘ၀က ကံလို့ပဲ သဘောထားရတော့မှာပဲ" ဟု ပြောပြခဲ့ပါတယ်။ ဗိုလ်မှူးချုပ် တင်ဦးက လုပ်ဖော်ကိုင်ဖက်များနဲ့ ပတ်သက်လာရင် ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဖြစ်ပါတယ်။ ထို့ကြောင့် သူ့အား တဘက်တွင် အလွန်ကြောက်လန့်ကြပေမဲ့ တဘက်မှာ ယုံကြည်အားထားမှု ရှိခဲ့ကြပါတယ်။ လူတစ်ယောက်ကို ဘ၀တုံးအောင် မလုပ်လိုသူတစ်ဦးဖြစ်သဖြင့် အရေးမယူမီ နှုတ်ဖြင့် သတိပေးခြင်း ကြိမ်းမောင်းဆူပူခြင်းများ ပြုတတ်ပါတယ်။ ဆင်ခြင်သွားသူများမှာ အရေးယူ မခံရသည်က များပါတယ်။

ထောက်လှမ်းရေး အမြင်ရှိသူ ဖြစ်တာကြောင့် အဘက်ဘက်က စဉ်းစားလေ့ရှိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်ကြီး တင်ဦးအား အရေးယူပြီးကာစက ထောက်လှမ်းရေးမှ အရာရှိများနဲ့ ဧည့်ခံပွဲ တခုတွင် အရက် သောက်ကြရင်း လူရှင်းသွားတဲ့အခါ အေးအေးဆေးဆေး စကားပြောခဲ့ရာမှာ "ဦးစီးချုပ် တော့ သွားပြီ ကျုပ်ကိုလည်း တသက်လုံး ကျေနပ်မှာ မဟုတ်ဘူး၊ လူကြီးတွေလည်း ဖြစ်လာခဲ့ပြီ၊ နိုင်ငံရေး အမြင် နဲ့ ဘယ်တော့မှ မကြည့်ကြဘူး၊ ကျုပ်ကို ရန်သူထင်နေသ၍တော့ သေကြဦးမှာပဲ" လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ သူရဲ့ ဆိုလိုချက်ကို ထောက်လှမ်းရေး အရာရှိများ နားလည်ခဲ့ကြပါတယ်။


မိမိနိုင်ငံမှ အရင်းအနှီး မထုတ်နိုင်သေးတဲ့ကာလမှာ အခြား နိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှသာ တိုးတက်မှု ရနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ယင်းသို့ မလုပ်ဆောင်နိုင်ရခြင်းရဲ့  အကြောင်းရင်းကို ပြန်၍ လေ့လာတဲ့ အခါမှာ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့  သဘောတူညီချက် မရရှိသေး၍ မလုပ်နိုင်ခြင်း ဖြစ်ကြောင်း သိလာရပါတယ်။

အချို့  လုပ်ငန်းများမှာ ကြိုးနီစံနစ်ကြောင့်လည်းကောင်း၊ ၀န်ကြီး အချို့ ၏ အားနည်းချက်များ ကြောင့် လည်းကောင်း အကောင်အထည် မဖော်နိုင်ပဲ တိုင်းပြည်အတွက် အကျိုးအမြတ် မရရှိခဲ့သည်များ ရှိခဲ့ပါတယ်။ ဥပမာ အားဖြင့် ပို့ကုန်တိုးမြှင့်ရေးအတွက် တွန်းအားပေးနိုင်ရန် အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ခဲ့ခြင်းမျိုး ရှိခဲ့ပါတယ်။ စတင်လုပ်ရာမှာ မည်သည့် ၀န်ကြီးကမှ တာဝန်မယူခဲ့ပဲ ဦးဆောင် ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ကြည်သိန်းအား ဥက္ကဋ္ဌ အဖြစ် ခန့်အပ်၍ ဆောင်ရွက်စေခဲ့ပါတယ်။ ဗိုလ်မှူးကြီး ကြည်သိန်းဟာ တပ်မတော် လူဟောင်းကြီးဖြစ်ပြီး ဆက်ဆံရေး ကောင်းမွန်တာကြောင့် လုပ်ငန်းမှာ အားရစရာ ကောင်းအောင် အောင်မြင်ခဲ့ပါတယ်။ အဲဒီအခါမှာ ၀န်ကြီးအဖွဲ့က တာဝန်ယူ ဆောင်ရွက်မည်ဆိုကာ ကုန်သွယ်ရေး ၀န်ကြီးကို ဥက္ကဌခန့်၍ ပို့ကုန်တိုးမြှင့်ရေးကို ဆက်လက် ဆောင်ရွက်ပါတယ်။ ၀န်ကြီးဟာ ၀န်ကြီးလေသံနဲ့ အာဏာသုံးလာတဲ့အခါ ဌာနအသီးသီးမှ အကြီးအကဲများဟာ အစည်းအဝေးပင် မတက်ရောက်ကြတော့ဘဲ အထက်တန်း စာရေးလောက် အရာရှိငယ်လောက်သာ တက်ရောက်ကြပါတော့တယ်။ အဲဒီနှစ်မှ စပြီး လုပ်ငန်းကျဆင်းခဲ့ရာ ကမ္ဘာ့စီးပွားရေးကိုထပ်ခါတလဲ အကြောင်းပြရသည်အထိ ပို့ကုန်အခြေအနေ ဆိုးဝါးသွားခဲ့ရပါတယ်။

ကုလသမဂ္ဂ နဲ့ အဲဒီ လက်အောက်ခံ အဖွဲ့အစည်းများဟာ အဖွဲ့ဝင် နိုင်ငံများမှ ၀န်ထမ်းများ ရွေးချယ်ခန့်အပ်လေ့ ရှိပါတယ်။ အဲဒီ အဖွဲ့အစည်းများဟာ မိမိနိုင်ငံမှ လူခံများ ရှိရင် လုပ်ငန်းလုပ်ရာမှာ ပိုမိုပြီး လွယ်ကူမှု ရှိနိုင်ပါတယ်။ အခြား နိုင်ငံများက ၀န်ထမ်းများ ခန့်အပ်ထားနိုင်အောင် ကြိုးစားသလောက် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးရုံးမှ ထောက်ခံခြင်း မပြုသဖြင့် လက်လွတ်ခဲ့ရပါတယ်။ တခါက ပိုလန်နိုင်ငံမှာ ပိုလန်သူများနဲ့ အိမ်ထောင်ကျကြပြီး ဒေါက်တာဘွဲ့ မာစတာဘွဲ့ စတဲ့ ပါရဂူ ဘွဲ့များဖြင့် ကုလသမဂ္ဂ မှ စပြီး အခြား နိုင်ငံကြီးများက အလုပ်ခန့်အပ်ခံ ထားရသူများ ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးရုံးမှ ထောက်ခံချက် မပေးသဖြင့် အလုပ်လက်မဲ့များ ဖြစ်နေခဲ့ကြရပါတယ်။ ယခင် စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဗိုလ်မှူးကြီး အေးကို သွားရောက် ခဲ့တုန်းက တင်ပြကြသဖြင့် အဲဒီအချိန်က နိုင်ငံခြားရေး ၀န်ကြီး ဦးလေးမောင်သို့ ဆက်လက် တင်ပြရာ ချက်ချင်း လုပ်ပေးခဲ့တာကြောင့် အလုပ်များရခဲ့ကြကြောင်း သိရပါတယ်။

နိုင်ငံခြားရေးရုံးလိုမျိုးမှာ လူကြီးတစ်ဦးရဲ့ သားတစ်ယောက်ဟာ နိုင်ငံခြား သံရုံးများမှာ သံအမတ်ကြီးထက် တန်ခိုး ကြီးပြီး လုပ်ချင်ရာ လုပ်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ လူကြီးသားဖြစ်တာကြောင့် ၀န်ထမ်းတိုင်းက အလွန်ကြောက်ကြ ရပြီး၊ သူခိုင်းတာ လုပ်ပေးခဲ့ကြရတယ်။ အဲဒီလို မလိုလားအပ်တဲ့ အကြောင်းများကို ဗိုလ်မှူးချုပ်တင်ဦး အား တင်ပြကြတဲ့အခါ သည်းခံကြဖို့ ပြောကြားခဲ့ပါတယ်။ သူရဲ့  အဖြေမှာ "ခင်ဗျားတို့ အရပ်ဘက်ကို သွားကတည်းက မှာလိုက်တယ် မဟုတ်လား၊ ဘမဆို လုပ်ချင်ရာကို ဇွတ်မလုပ်နဲ့ မူ ကို အရင်ချဖို့ တိုင်ပင်ပြီးလုပ်ကြ၊ မူချပြီးမှ မူ အတိုင်း လုပ်နိုင်အောင် လုပ်ကြလို့ ကျုပ် ပြောခဲ့တာ မှတ်မိတယ် မဟုတ်လား၊ အဲဒါမျိုးတွေ ဖြစ်မှာစိုးလို့ဘဲ မူ နဲ့ လုပ်ရင် အဲဒီလို ကောင်တွေ ဘယ်ရှိနိုင်မလဲ" လို့ ပြောခဲ့ပါတယ်။

နောက်တစ်ပတ်မှာတော့ စစ်အာဏာရှင်ကြီးတွေက အခွင့်ထူးခံ လူတန်းစား တစ်ရပ် ထူထောင်မှုကြောင့် တပ်မတော်နဲ့ ပြည်သူ တစ်နေ့တခြား ဝေးသထက် ဝေးကာ သမိုင်းကြောင်း ညစ်နွမ်းခဲ့ပုံကို ရေးသား တင်ပြပါဦးမယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညိမ်းညို] 1 New Entry: ညင်းသွဲ့လေပြေ တိုက်ခတ်ဆဲ...

ညင်းသွဲ့လေပြေ တိုက်ခတ်ဆဲ...

ညင်းသွဲ့လေပြေတိုက်ခတ်ဆဲ
ဘ၀ကို သီချင်းလေးတစ်ပုဒ်လို သာသာညင်းညင်းဆိုပြချင်တယ်
ကြင်နာသူအတွက် ရှင်သန်နိုးကြားနေမဲ့အကြောင်း
သတင်းကောင်း ပါးပါရစေ။

ညင်းသွဲ့လေပြေကြား
ပူလောင်မှုတွေကို ပြားပြားဝပ်စေမဲ့
နှင်းသက်ညတွေမှာ ထွန်းလင်းတောက်ပစေမဲ့
ကြင်နာခြင်းမီးအိမ်လေး
ထက်အောက်စုန်ဆန် ပြေးလွှားနေမယ်ဆိုတဲ့အကြောင်း
သတင်းကောင်း ပါပါရစေ။

ညင်းသွဲ့လေပြေနဲ့
ဗလောင်ဆူဝေနေမဲ့ ပူပင်သောကလှိုင်းတွေ
အပြိုင်းအရိုင်းတိုက်ခတ် လောကဓံလေနီကြမ်းတွေ
ဘ၀ခရီးရဲ့ အနိမ့်အမြင့်အတက်အဆင်းတွေအတွက်
မေတ္တာကိုတံတားခင်း
သစ္စာတရားနဲ့ လမ်းရှင်းပေးချင်တယ်
ရဲရဲသာ နင်းလျှောက်ပါကေ...။

ချစ်တဲ့ကေရေ
ညင်းသွဲ့လေပြေတန်ခိုးနဲ့
ကိုယ်တို့ခွဲခွာခဲ့ရသမျှ အတိုးချလို့
အမျိုးမျိုးအဖုံဖုံ ဖန်တီးတည်ဆောက်ကြမယ်။

"တို့ဖောက်မဲ့လမ်း
သစ္စာပန်းတို့ လျှမ်းလျှမ်းဝေစေကွယ်"
မြတ်နိုးရပါသော ကိုယ့်ချစ်သူလဲ
အေးစေ...မြစေ...လန်းဆန်းစေ
ကြည်နူးရွှင်လန်း ချမ်းမြေ့ပါစေလေ....။

ညိမ်းညို

- ဒီနေ့လေး အတွက် ဒီကဗျာလေးကို အမှတ်တရတင်ပါတယ်ခင်ဗျာ :) :) :)

You received this email because you are subscribed to the real_time feed for http://nyeinnyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: မြန်မာဘလော့ဂ်ဂါ မြစ်ကြီးထဲမှာ စီးဆင်းနေကြသူများ

မြန်မာဘလော့ဂ်ဂါ မြစ်ကြီးထဲမှာ စီးဆင်းနေကြသူများ

ကျွန်တော် ဒီအကြောင်းကို ရေးချင်နေတာတော့ ကြာပါပြီ။ ဒါကို ရေးရင် ပျားအုံကို ဒုတ်နဲ့ထိုးသလို ဖြစ်နေမလား ၊ ဒုတ်တစ်ချောင်းနဲ့ လူတကာ လိုက်ရမ်းသလို ဖြစ်နေမလားဆိုတာ စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် မရေးဘဲနဲ့လည်း မနေနိင်ပြန်ဘူး။ ကျွန်တော်တို့ အခု စီးဆင်းနေတဲ့ မြန်မာဘလော့ဂ်လောကကြီးမှာ ရေးနေကြတဲ့ သူတွေရဲ့ ပုံစံစတိုင် စာရင်းကို ပြုစုကြည့်တာပါ။ တခြားဘာရည်ရွယ်ချက်မှ မပါတာကိုတော့ သေချာစွာ ပြောရဲပါတယ်။ ကျွန်တော် အခုလို ဒုက္ခခံပြီး စာရင်းပြုစုတော့ စာဖတ်သူလည်း သိရတာ လွယ်ကူသွားတာပေါ့။ ကဲ စလိုက်ရအောင် မြန်မာဘလော့ဂ်ဂါ မြစ်ထဲက သူတို့ရဲ့ စီးဆင်းပုံအကြောင်း

သတင်းအကြောင်းရေးသူ ၊ အတင်းအကြောင်းရေးသူ ၊ နိင်ငံရေး အကြောင်းကို ရေးသူ ၊ နိင်ငံရေး ဆန့်ကျင်ဘက် အကြောင်းကို ရေးသူ ၊ ကဗျာရေးသူ ၊ အသည်းကွဲ ဒိုင်ယာရီရေးသူ ၊ ဘောလုံးအကြောင်း ရေးသူ ၊ ဟင်းချက်နည်းအကြောင်း ရေးသူ ၊ ဘာသာပြန် အကြောင်း ရေးသူ ၊ ဘာသာရေးအကြောင်း ရေးသူ ၊ သမိုင်းအကြောင်း ရေးသူ ၊ သီချင်းများ မျှဝေသူ ၊ ဓတ်ပုံအကြောင်း ရေးသူ ၊ ရုပ်ရှင်တွေ အကြောင်း ရေးသူ ၊ ဆေးပညာ ဗဟုသုတ ရေးသူ ၊ အတက်ပညာ ဗဟုသုတ ရေးသူ ၊ ကိုယ့်ချစ်သူအကြောင်း ရေးသူ ၊ ဝေဖန်ရေး ရေးသူ ၊ ဗေဒင်အကြောင်း ရေးသူ ၊ တစ်ချို့က အက်ဆေးလေးတွေလည်း ရေးတက်ကြတယ်။ ကျွန်တော် မှတ်တမ်းတင် ကြည့်သလောက်ကတော့ ဒီလောက်ပဲ ရှိပါတယ်။

များသောအားဖြင့်တော့ ကိုယ့်ရဲ့ ကြုံခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေကို ရေးသားကြတာပါပဲ။ ဘယ်လိုပဲ ရေးကြ ရေးကြ ဟိုးအရင် ကထက်စာရင် လူများလေ ဗဟုသုတ ရလေပေါ့ ခင်ဗျာ။ ကျန်တာများ ရှိခဲ့ရင် စီဘောက်စ်မှာ ဖြစ်ဖြစ် ၊ ကော်မန့်မှာ ဖြစ်ဖြစ် ပြောကြားခဲ့ပါဦး။

စာဖတ်သူအား လေးစားလျက်


You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Thursday, November 6, 2008

[Nine Nine SaNay] 1 New Entry: Barack Hussein Obama II

Barack Hussein Obama II


အိုဗားမားကို ၁၉၆၁ခုနှစ် သြဂုတ်လ ၄ရက်မှာ အမေရိကန်နိုင်ငံ ဟာဝိုင်ရီ Honoluluမြို့မှာ မွေးဖွားခဲ့တယ်။ အိုဗားမားရဲ့ မိဘနှစ်ဦးဟာ Honolulu မြို့မှာရှိတဲ့ ဟာဝိုင်ရီ တက္ကသိုလ်မှာ တွေ့ဆုံခဲ့ကြတယ်။ ဖခင်ဖြစ်သူက ကင်ညာနိုင်ငံကလာတဲ့ ကျောင်းသားဖြစ်တယ်။ အိုဗားမား နှစ်နှစ်အရွယ်မှာ မိဘနှစ်ဦး ကွာရှင်းခဲ့ကြတယ်။ ဖခင်ဟာ Harvard University ကနေ PhD ဘွဲ့ကိုယူပြီး ကင်ညာနိုင်ငံကို ပြန်သွားခဲ့တယ်။ မိခင်က အင်ဒိုနီးရှားကျောင်းသား Lolo Soetoro နဲ့ နောက်အိမ်ထောင် ပြုလိုက်ပြီး သမီးတစ်ယောက် ဖွားမြင်ခဲ့တယ်။ အိုဗားမား ၆နှစ်အရွယ်မှာ တစ်မိသားစုလုံး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာကို ပြောင်းရွေ့ခဲ့ကြတယ်။ ပြောင်းရွေ့ပြီး ၄နှစ် အကြာမှာ အိုဗာမားဟာ ဟာဝိုင်ရီကို ပြန်ရောက်လာခဲ့ပြီး အဘိုးအဘွားနဲ့ အတူနေခဲ့တယ်။ ၅တန်းကစပြီး အိုဗားမားဟာ Honolulu မြို့မှာရှိတဲ့ ပုဂ္ဂလိကကျောင်း Punahouမှာ တက်ခဲ့တယ်။

အဲဒီကျောင်းမှာ ၁၂ တန်းအထိ တက်ပြီး ၁၉၇၉ ခုနှစ်မှာ သူကျောင်းပြီးသွားခဲ့တယ်။ အိုဗားမား ၂၁နှစ်အရွယ်မှာ ကင်ညာမှာရှိတဲ့ ဖခင်ဟာ ကားအက်ဆီဒင့်ကြောင့် သေဆုံးသွားခဲ့ရတယ်။ မိခင်ဖြစ်သူက ၁၉၉၅ခုနှစ် အိုဗားမားရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ် "ကျွန်တော့်အဖေ၏ အိပ်မက်" စာအုပ်ထွက်ပြီးနောက် လပိုင်းမှာ သေဆုံးသွားခဲ့တယ်။ အဲဒီစာအုပ်ထဲမှာ အိုဗားမားဟာ သူငယ်စဉ် ကြီးပြင်းခဲ့ရတဲ့ လူဖြူမိခင်နဲ့ အလယ်အလတ်တန်းစား မိသားစုဘဝကို ရေးသားထားတယ်။ သေဆုံးသွားတဲ့ ဖခင်အကြောင်းကို မိသားစု၊ ဓာတ်ပုံတွေကတစ်ဆင့် သူသိခဲ့ရတယ်။

သူ့ငယ်စဉ် ကလေးဘဝကို အိုဗားမားက ဒီလိုရေးထားပါတယ်။

"ကျွန်တော့်ဖခင်ဟာ ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့ လုံးဝမတူပါဘူး။ သူ့အသားအရေဟာ ကတ္တရာစေးလို
မည်းနက်နေပါတယ်။ ကျွန်တော့်မိခင်ရဲ့ အသားအရေက နွားနို့လို ဖြူဖွေးနေပါတယ်။ ဒါကို ကျွန်တော်ကောင်းကောင်း မှတ်မိနေခဲ့ပါတယ်"

အိုဗားမားဟာ မတူတဲ့ လူမျိုးစု (Multi-ethnic) ကနေ ကြီးပြင်းလာခဲ့ရတဲ့အတွက် လူငယ်အရွယ်မှာ လူမှု အဖွဲ့အစည်းတွေထဲ မဝင်ဆံခဲ့ဘူး။ အိုဗားမားဟာ ဆေးခြောက်နဲ့ ကိုကင်းဆေးတွေကို သုံးစွဲခဲ့ဖူးသူဖြစ်တယ်။ သူဟာ ၂ဝဝ၈ ခုနှစ် သမတ္တရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက် နှစ်၂ဝကြာ သောက်ခဲ့တဲ့ ဆေးလိပ်ကို ၂ဝဝ၈ နှစ်စမှာ ဖြတ်ပစ်ခဲ့တယ်။

ဆက်ရန်ရှိသေးသည်....

ပူပူနွေးနွေးလေး မနေ့က ရွေးကောက်ပွဲမှာ အောင်မြင်ခဲ့တဲ့ အမေရိကန်ရဲ့ ၄၄ ယောက်မြောက် သမတ္တဖြစ်သွားတဲ့ အိုဗားမား အကြောင်းလေးပါ။ သူဟာ အမေရိကန် သမိုင်းမှာ ပထမဦးဆုံးသော လူမည်းသမတ္တ ဖြစ်ပါတယ်။ သူ့အကြောင်း စိတ်ဝင်စားသူတွေအတွက် wikipedia တရုတ်ဘာသာကနေ မြန်မာဘာသာပြန်လိုက်ပါတယ်။

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.