Friday, December 26, 2008

[ကိုရင်နော်ခင်လေးငယ်] 2 New Entries: Merry Christmas..

Merry Christmas..

"အားလုံး ပျော်ရွှင်စရာ ခရစ်စမတ်လေး ဖြစ်ပါစေ"


(ကိုရင်နော်.. ခင်လေးငယ်.. ကလေးလေး..)


ဖြစ်စဉ်တစ်ခု..

ရှင်ရင်ရွှေထီး သေရင်မြေကြီးတဲ့
လူတွေထား"စကား"

ဘာမှန်းမသိတဲ့ ဦးနှောက်တွေ"စား"

အတွေးတွေ"ပွား"လို့"စဉ်းစား"

ငါ့...."အမှား"။

ရွှေထီးကိုမမက် မြေကြီးရောက်ဖို့လည်းခက်

ဆာတဲ့ဗိုက်က"ဟောက်ပက်"

အဆာရှာဖို့ထွက် အသေချာ"ငဲ့ကွက်
"
ရင်မှာပိုက်တာက"အရှက်"

ငါ့စိတ်...."ပျက်"။

လမိုက်ညမှာ....

အိတ်ပေါက်နဲ့ ဖားကောက်ထွက်တဲ့အခါ

ဗိုက်ဝဖို့ဖား"မရ" မာနတွေ"ခဝါချ"

နောင်တတွေသာ"မျိုမျိုချ"

သြော်..

ငါ့.... "ဘဝ"

(ခင်လေးငယ်)

ဘာရယ်မဟုတ် ရွှေနိုင်ငံ အလွမ်းပြေဆိုပြီး ဓါတ်ပုံတွေ လျှောက်ရှာကြည့်မိတာ... ကလေးလေးတစ်ယောက် ထိုင်နေတဲ့ ပုံလေးတစ်ပုံကို ကြည့်လိုက်ရတယ်... သူက ထိုင်နေရင်း ထောင်ထားတဲ့ ဒူးနှစ်ဖက်ပေါ်မှာ လက်ကိုယှက်လို့ မေးလေးကိုထောက်ပြီး တွေဝေငေးမှိုင်နေတယ်... ထိုင်နေတဲ့သူ့ဘေးမှာ ပလတ်စတစ် အထုပ်ကြီးတစ်ထုပ်နဲ့ တုတ်လေးတစ်ချောင်း...!! ကြည့်ရင်း.. ကျွန်မရင်မှာ ဆို့နင့်နေခဲ့တယ်.. သူလေး ဘာတွေများ တွေးနေတာလဲ..!! စဉ်းစားရင်း... စဉ်းစားရင်း... ရေးမိလိုက်တာကို ဝန်ခံပါရစေ..။

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်ပါတယ်..] 1 New Entry: ဆရာ ကာတွန်း ရာဇာ (သာစည်)

ဆရာ ကာတွန်း ရာဇာ (သာစည်)


You received this email because you are subscribed to the real_time feed for http://koyinnyein.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကလိုစေးထူး] 1 New Entry: Hallelujah

Hallelujah



အိမ်ထဲကနေ လှမ်းထွက်လိုက်သည်နှင့် ခြေသလုံးနားထိ မရောက်တရောက် နှင်းတွေက အေးစက်စက်အရသာနှင့် အတူ နှုတ်ဆက်လိုက်ကြသည်။ တလောက သင်ခဲ့ရတဲ့ အင်္ဂလိပ်စာလုံး 'Hobble' ဆိုတာ ဒီလို လမ်းလျှောက်နည်း ထင်ပါရဲ့လို့ တွေးလိုက်မိသေးသည်။




ဒီလို အဖြူရောင် အဆုပ်လိုက် အဆုပ်လိုက်နဲ့ လှနေတဲ့အပင်ဖြစ်ဖို့ အရေး နှစ်ရက်နီးနီးကျလိုက်သော နှင်းမုန်တိုင်းက လူတွေကို အတော်လေးတော့ ဒုက္ခရောက်နေစေခဲ့တာ အမှန်...။ လမ်းဘေးမှာ ထိုးရပ်နေတဲ့ကားတချို့၊ နှင်းတောထဲမှာ တ၀ူးဝူးနဲ့ ငိုသံပါအောင် ရုန်းနေရတဲ့ ကားငယ်လေးတွေ၊ လမ်းပေါ်ကနှင်းတွေကို အညှာအတာမရှိ တ၀ုန်းဝုန်းတဂျုံးဂျုံးဖြင့် ဒေါသတကြီး တွန်းဖယ်ပစ်တတ်သော နှင်းခြစ်ကားကြီးတွေက တမြေခြားရဲ့ ဆောင်းသရုပ်ကို မမောနိုင်မပန်းနိုင် ပုံဖော်လို့ နေစေ၏။

အလုပ်ထဲရောက်တော့ `ဘယ်လိုလဲကွ၊ နှင်းတွေနဲ့ ပျော်ရဲ့လား´ လို့ အလုပ်ရှင်က အရွှမ်းဖောက်ပြီး လှမ်းနှုတ်ဆက်သည်။ `သိပ်တော့ မလွယ်ဘူး´ လို့ ပြန်ပြောလိုက်တော့ တဟားဟားနဲ့ အော်ရယ်ပြီး `ငါကတော့ နှင်းတွေကို ချစ်တယ်ကွ´ ဟုပြောပြီး သူသင်ပေးထားတဲ့ မြန်မာစကား မပီတပီဖြင့် `မင်ဂလားဘာ´ ဟု နှုတ်ဆက်ပြီး ဟိုဘက်က စက်တွေဘက် လှည့်ထွက်သွားသည်။ ခဏနေတော့ ပြန်လှည့်လာပြီး `မမေ့နဲ့နော်၊ ဒီနေ့ နေ့လည်စာကို အလုပ်ထဲမှာ ကျွေးမှာကွ´ တဲ့။

ရွှေပြည်ကြီးမှာတုန်းကတော့ ခရစ်စမတ်ဆိုတာ ကိုယ်က ခရစ်ယာန်မဟုတ်ပေမယ့်လဲ ခရစ်ယာန်သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေလိုက်ဆို၊ သူတို့ဖိတ်တဲ့ ခရစ်စမတ်ပွဲလေးတွေတက်၊ ယေရှုခရစ်တော် မွေးပွားပုံ ပြဇာတ်တိုလေးတွေကို ငေးမောကြည့်ရင်းနဲ့ ပျော်ခဲ့ရတာ...။ ရှိုးထုတ်လို့ကောင်းရုံ ဂျင်းဂျက်ကက်ကောင်းကောင်းလေး တထည်ပဲဖြစ်ဖြစ်၊ ဈေးခပ်ပေါပေါ ပျောက်ကျား အနွေးထည်လေး တထည်နဲ့ပဲဖြစ်ဖြစ် ရွှေပြည်ကြီးရဲ့ ဒီဇင်ဘာဆောင်းမှာ စတိုင်လ်ထွားနိုင်သေးသည်။

`ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာ ရောက်စေသော်ဝ်´ တဲ့...။ ဘယ်လောက်များ နှစ်လိုစရာကောင်းပြီး မေတ္တာတရားတွေ ထုံမွှမ်းနေတဲ့ စကားပါလဲ။ ကောင်းမှုမင်္ဂလာမှန်သမျှ လူမရွေး၊ ဘာသာမရွေး ရောက်စေဖို့ ဆုတောင်းတဲ့ ဒီသီချင်းသံလေးကို ဘယ်နိုင်ငံရောက်ရောက် သူ မေ့မှာမဟုတ်။



ပြီးခဲ့တဲ့ တပတ်လောက်ကတော့ အလုပ်ရဲ့ ခရစ်စမတ် အကြိုပါတီပွဲကို ရောက်ခဲ့သေးသည်။ သူ့အလုပ်သမားတွေထဲမှာ အာရှသားတွေ များစပြုနေတာကို သတိထားမိပုံရတဲ့ အလုပ်ရှင်က ဒီနှစ်မှာတော့ တရုတ်ဆိုင် တခုမှာ ပါတီပွဲလုပ်ပေးလို့ စားရသောက်ရတာ အရသာက မဆိုးလှပေမယ့် သံပတ်ပေးထားရတဲ့ အပြုံးတွေနဲ့ကတော့ အဆင်မချောလှပါ။ ဘီယာဘားက ဘီယာ တလုံးရဲ့ ဈေးကို မေးလိုက်တော့ အပြင်ထက် လေးဆလောက် ပိုနေတဲ့ ဈေးကြောင့် စိတ်အလိုကို မလိုက်ဖြစ်မိတော့ပေ။ သူတို့ရဲ့ ပုံစံထဲမှာ မပျော်ဝင်မိသေးတာကိုက ခပ်ကောင်းကောင်းထင်ပါရဲ့။ ရွှေပြည်ကြီးက ခပ်ညံ့ညံ့ အရက်တလုံးကို ခင်ရာမင်ရာ သူငယ်ချင်းတွေနဲ့ စုသောက်ပြီး ကာရာအိုကေတွေ အော်ဆိုရတာလောက် အခုပါတီပွဲက သူ့ကို ဆွဲဆောင်မှု မရှိခဲ့တာတော့ အသေအချာပင်။

***

သူနဲ့ အတူတူ အလုပ်တွဲလုပ်နေတဲ့ Brondon က ဒီတပတ်လုံး အလုပ်မလာတော့ လူနှစ်ယောက်စာကို တယောက်ထဲ လုပ်နေရသလို ဖြစ်ပေမယ့် အလုပ်ရှင်က ရယ်ရယ်မောမော စစနောက်နောက်နဲ့ လာကူပေးနေလို့ တော်သေးသည်။

နေ့လည်ကျတော့ အလုပ်ရှင်မှာထားတဲ့ စားစရာတွေကို ဆိုင်ကနေ အချိန်မှီလာပို့သည်။ သိပ်တော့လဲ ထူးထူးထွေထွေ မဟုတ်လှပါ။ အသားညှပ်ပေါင်မုန့်တချို့၊ ခရမ်းချဉ်သီးနဲ့ ရောချက်ထားတဲ့ အီတာလျံစတိုင်လ် အသားလုံးတချို့၊ သူအမည် မခေါ်တတ်တဲ့ ခေါက်ဆွဲလိုလို အလုံးတွေ၊အကောက်တွေ ထောပတ်အတုံးတွေ ရောမွှေထားတာတွေရယ်၊ အာလူးကြော်ရယ်၊ မုန့်အချိုနည်းနည်းပါးပါးရယ်။

`ငါ ဘီယာဝယ်ထားတယ်ကွ၊ ချမလား´

ဒါမျိုးကတော့ ကြာသလားလို့...။ 'Sure' ဆိုတဲ့ စကားက ခပ်သွက်သွက် ထွက်သွားနှင့်ပြီးသား။ နောက်တော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေ အားလုံး ရယ်မောလိုက်ကြ၊ အော်ဟစ်နောက်ပြောင်လိုက်ကြ၊ အလုပ်ထဲက တလွဲတချို့ကို ပြောရင်းဆိုရင်း နဲ့ အသံတွေစီစီညံလိုက်သေးပါသည်။

`မယ်ရီ ခရစ်စမတ်ပါ၊ ကားကို ဘေးကင်းအောင် မောင်းကြပါ၊ ပျော်ရွှင်ကြပါစေ´ လို့ အချင်းချင်း နှုတ်ဆက်ကြရင်း အလုပ်ကနေ ပြန်ကြတော့ အချိန်က နေ့လည် ၁ နာရီသာသာ။ နေ့တ၀က်နဲ့ နားခွင့်လဲပေး၊ နေ့လည်စာလဲကျွေး၊ လုပ်ခလဲ ပေးတော့လဲ ပျော်စရာ.. ... ...။



ချမ်းအေးလှတဲ့ ခရစ်စမတ်ပြီးရင် မကြာခင်မှာ နှစ်သစ်ကို ကူးပေလိမ့်ဦးမည်။ သိပ်ကံမကောင်းလှတဲ့ ၂၀၀၈ ကြီး မြန်မြန် လွန်မြောက်ပါစေတော့ လို့သာ ဆုတောင်းရင်း ဒီနှစ် X factor 2008 ရဲ့ ဆုရှင် Alexandra Burke ရဲ့ Hallaelujah သီချင်းကို နားထောင်ရင်း ... ... ...။

မင်္ဂလာခရစ်စမတ်မှာ အားလုံး အေးချမ်းပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနိုင်ကြပါစေ။

***

ကလိုစေးထူး

You received this email because you are subscribed to the real_time feed for http://klosayhtoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Yan Aung] 2 New Entries: ရေခဲမြစ်တစ်စင်း၏ ဆုတောင်း (သို့) မ-၅

ရေခဲမြစ်တစ်စင်း၏ ဆုတောင်း (သို့) မ-၅


ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ 'မ' အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..

ကျွန်တော် လွမ်းတယ် မ ရယ်.
ဘယ်သောအခါမှ အတူမရှိနိုင်ခဲ့တဲ့ ဘ၀နှစ်ခုအတွက်
ဆုတောင်းခြင်းဆိုတာဟာ တစ်ခုတည်းသော ကောက်ရိုးမျှင်လေးရယ်ပါ.
ဒါပေမယ့် အဲဒီ့ကောက်ရိုးမျှင်လေးကိုသာ
တရှိုက်မက်မက် စွဲလမ်းဆုပ်ကိုင်နေဆဲပါ
ကျွန်တော် လွမ်းတယ်. မ

ဒီအချိန်ဆို မ ဘာလုပ်နေမလဲ.
ခရစ်စမတ်သီချင်းတွေ သီကြွေးနေမလား
ခရစ်တော်အကြောင်း ကောင်းချီးသဘင် ဆင်ယင်နေမလား
ခရစ်စမတ်သစ်ပင်အောက်မှာ ပါဆယ်လ်ထုပ်တွေ ဖောက်နေမလား
ခရစ်စမတ်ပါတီမှာ ရီဝေစွာနဲ့ ၀ိုင်အရက်တွေ သောက်နေကြမလား..
ကျွန်တော်မသိဘူး မ..
တကယ်တော့ ကျွန်တော်မသိဝံ့၊ မသိတတ်၊ မသိချင်ခဲ့တာပါ..

ဘယ်သူတွေ ဘယ်လိုပဲ ပျော်နေမော်နေပေမယ့်
ကျွန်တော်ကတော့ ဒီနှစ်ခရစ်စမတ်ကို အခန်းငယ်လေးထဲမှာပဲ
တိတ်တိတ်ဆိတ်ဆိတ် ကျင်းပခဲ့တယ်...

မ အတွက် ရည်ရွယ်ပြီး ရှာဖွေထားတဲ့ အွန်လိုင်းပေါ်က ပို့စကဒ်လှလှလေးတစ်ခုရယ်
မ အတွက် တိုင်တည်ပြီး ရေးစပ်ထားတဲ့ ဟောဒီ့ကဗျာတစ်ပုဒ်ရယ်
မ အတွက် စူးနင့်စွာ ပေးဆပ်ထားတဲ့ ချစ်ခြင်းဝေဒနာ တစ်ချို့ရယ်
အဆင်ပြေသလို လုပ်ထားတဲ့ ခေါက်ဆွဲခြောက်ပြုတ်လေးတစ်ခွက်ရယ်
ကျွန်တော်သိပ်ကြိုက်တဲ့ မြေပဲဆားလှော်လေးတစ်ထုပ်ရယ်နဲ့
သီချင်းလေးတစ်ပုဒ်ကို ဖွင့်ပြီး
ကျွန်တော့်စိတ်တွေကို ဟိုးးးးးး အဝေးတစ်နေရာကို လွှတ်ထားခဲ့တယ်...

နေခြည်ဝင်ရောက်လို့ ညအမှောင်ကွယ်ပျောက်တဲ့ မနက်ခင်းမှာ
ခရစ်စမတ်သစ်ပင်ကို သူတို့ တစ်နေရာရာမှာ လွှင့်ပစ်ကြတော့မယ်.
ခရစ်စမတ်ဆုတောင်းပို့စကဒ်လေးတွေကို မြင်သာမယ့်
တစ်နေရာရာမှာ ချိတ်ဆွဲသိမ်းဆည်းထားကြလိမ့်မယ်.
ဟော...
၂၀၀၉ တဲ့.
ဒါတွေကို သူတို့မေ့သွားမှာပါ..
သူတို့စိတ်ထဲမှာ ဩော်... တစ်ခါက ဆိုတဲ့ အတွေးနဲ့ပဲ
ဒါတွေကို အဝေးမှာ ထားခဲ့ကြတော့မှာပါ..
မ အတွက် ကျွန်တော် ဒီညရေးဖြစ်ခဲ့တဲ့ကဗျာတစ်ပုဒ်
မ အတွက် ကျွန်တော် ပို့သခဲ့တဲ့ မေတ္တာ
မ အတွက် ကျွန်တော် ရေးဆွဲခဲ့တဲ့ ပန်းချီကားလေးတစ်ချပ်ကတော့
ဟောဒီ့ ကျွန်တော့်ရဲ့ အခန်းငယ်လေးထဲမှာ
နှစ်ပရိစ္ဆေဒ ကြာမြင့်သည်တိုင်
ခိုင်မာစွာ တည်ရှိနေဦးမှာပါ...

ကျွန်တော်သေဆုံးသွားခဲ့ရင်တောင်
မ အတွက် လေးနက်စွာ ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေ
ရေခဲမြစ်အဖြစ် ဆက်လက်စီးဆင်းနေဦးမှာပါ

ခရစ်စမတ်ရောက်ခဲ့ပြီ မ ရေ...
ပျော်ရွှင်ပါစေ....
ချမ်းမြေ့ပါစေ....
ရွှင်လန်းပါစေ....
အေးမြပါစေ....

ဝေဒနာအပူအပင်တွေကြားထဲမှာ
အားရအောင် ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေကို သုတ်လို့
တဖြုတ်ဖြုတ်ကြွေကျလာနေတဲ့ နှင်းစက်လေးတွေနဲ့အတူ
မ အတွက်ဆုတောင်းတစ်ခု ကျွန်တော်ယူငင်လာခဲ့တယ်.
ဟော. ဟိုမှာ ကြည့်
ခရစ်စမတ်သစ်ပင်ထက်မှာ လင်းလက်နေတဲ့ မီးပွင့်လေးတစ်ပွင့်
ကျွန်တော့်ရဲ့ ချစ်ခြင်းတရားတွေကို ဖွင့်ဟနေလေရဲ့
မယ်ရီခရစ်စမတ်ပါနော် မ...

ဘယ်သောအခါမှ အတူမရှိနိုင်တော့ပေမယ့်
ကျွန်တော့်ချစ်ခြင်းတွေကတော့ တည်ငြိမ်စွာ ဆက်လက်စီးဆင်းနေဆဲပါ...
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေနော် မ..

ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ 'မ' အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..

(ရေခဲငှက်)



မြန်မာဘလော့ဂ် အကယ်ဒမီဆု ရွေးချယ်ခြင်း....

Myanmar Blog Academy Award 2008



မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂင်း အရည်အသွေး တိုးတက်ခြင်း နှင့် မြန်မာ ဘလော့ဂ်လောက ပိုမိုဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းမှုတရပ်အား အသိမှတ်ပြုသော အနေဖြင့် မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲတရပ်ကို ၂၀၀၉ ခုနှစ် နှစ်သစ်ကူးအမှီ အင်တာနက်ပေါ်မှ တဆင့် အွန်လိုင်း မဲပေးစနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ ကမကထ ပြုခြင်း ဖြစ်ကာ၊ ယခုပြိုင်ပွဲ၏ ဝဘ်ဆိုဒ်ပြင်ဆင်မှု နှင့် အခြားသော လိုအပ်သော နည်းပညာများကို T-7 မှ ပံ့ပိုးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များ အရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ " မြန်မာ သတင်းသမဂ္ဂ " ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

ယခုနှစ် ၂၀၀၈ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများတွင်

အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )၊

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၁၀ ဆုအထိ ပါဝင်ပြီး အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ်တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2008 မှ အစီစဉ်ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။


ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေးရွေးချယ်မှုကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်မည်ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ မြန်မာ စံတော်ချိန် ည (၁၂း ၀၀) တိတိ တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက် နေ့ မြန်မာ စံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိ တွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည် ဟုလည်းသိရှိသည်။

အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ် ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။ အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် http://mmblogpress.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

You received this email because you are subscribed to the real_time feed for http://www.yanaung.net/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကပ်ပါပေ့ ပီကေရယ်] 1 New Entry: မြဲမြံစွာ ဆုပ်ကိုင်ထားသော ...

မြဲမြံစွာ ဆုပ်ကိုင်ထားသော ...

ပါမောက္ခသည် သူ၏ စာသင်ခန်းထဲသို့ ဖန်ခွက်တစ်ခွက် ကိုင်၍ ဝင်လာသည်။ ဖန်ခွက်ထဲတွင် ရေ တစ်ဝက်ခန့် ထည့်ထားသည်။ ပါမောက္ခသည် ထို ရေခွက်ကို အများ မြင်သာအောင် ကိုင်မြှောက်လိုက်ပြီး မေးခွန်း မေးပါတော့သည်။
"ဒီခွက် ဘယ်လောက် လေးမယ်လို့ မင်းတို့ ထင်သလဲကွ"
"၅၀ ဂရမ်" ... "၁၀၀ ဂရမ်" ... "၁၂၀ ဂရမ်" ...
ကျောင်းသားများ၏ ပါးစပ်မှ အဖြေ မျိုးစုံအောင် ထွက်ကျလာတော့သည်။
"ဒီခွက်ကို သေချာ မချိန်ကြည့်ဘဲနဲ့တော့ အလေးချိန် ဘယ်သိနိုင်ပါ့မလဲ"
ပါမောက္ခ ဆက်ပြောမည့် စကားကို တစ်တန်းလုံး ငြိမ်၍ နားထောင်နေကြသည်။
"ဆရာ အဓိက မေးချင်တာက ဒီခွက်ကို မိနစ်ပိုင်းလောက် ကိုင်ထားမယ်ဆိုရင် ဘာဖြစ်မလဲ"
"ဘာမှ မဖြစ်နိုင်ဘူးဆရာ" ကျောင်းသားတစ်ယောက် အော်ဖြေလိုက်သည်။
"အေး ... ဒါဆို တစ်နာရီလောက် ကိုင်ထားမယ် ဆိုရင်ကောကွာ" ပါမောက္ခ ထပ်မေးလိုက်သည်။
"လက်ညောင်းလာမှာတော့ အမှန်ပဲ ဆရာ"
"အင်း ... ဒါတော့ သေချာတယ်။ ဒါဖြင့် တစ်ရက်လုံး ကိုင်ပြီး မြှောက်ထားမယ်ကွာ။ ဘယ်လို နေမလဲ"
"ဒါဆိုရင်တော့ ဆရာရယ် လက်မောင်းပဲကြွက်တက်မလား၊ ဒါမှ မဟုတ် အံသေပြီး လှုပ်မရဘဲ ဖြစ်မလား၊ လက်တစ်ဖက်လုံး ကိုက်ခဲပြီး နာနေမလား၊ တစ်ခုခုပဲ။ သေချာတာတော့ ဆေးခန်းတော့ သွားပြရတော့မယ်" ဟု ကျောင်းသားတစ်ယောက်က ခပ်ရွှန်းရွှန်း ပြောလိုက်ရာ တစ်တန်းလုံး ပွဲကျသွားလေတော့သည်။
"သိပ်ကောင်းတယ် တပည့်တို့။ ဒါနဲ့ အခုလို ကိုင်ထားတဲ့ အတောအတွင်း ဖန်ခွက်ရဲ့ အလေးချိန်က အပြောင်းအလဲ ရှိနေလား"
"မရှိပါဘူး ခင်ဗျ"
"ဒါဆို ဘာကြောင့် ကြွက်သားတွေ တင်းပြီး လက်တစ်ဖက်လုံး နာလာရတာတုန်း"
ထိုမေးခွန်းကို စဉ်းစားရင်း ကျောင်းသားများ အားလုံး အတော် ခေါင်းစားနေကြသည်။ ထိုစဉ် ကျောင်းသားတစ်ယောက်မှ အော် ပြောလိုက်သည်။
"ဖန်ခွက်ကို အောက်ချလိုက်ပေါ့"
"မှန်လိုက်လေ" ဟု ပါမောက္ခမှ ထောက်ခံလိုက်ပြီး
"ဘဝမှာ ဖြစ်နေတဲ့ ပြဿနာတွေက ဒီပုံစံအတိုင်းပါပဲ။ မင်းတို့ရဲ့ ဦးနှောက်ထဲမှာ အဲဒါတွေကို မိနစ်အနည်းငယ်လောက် ထားထားရုံနဲ့ ဘာမှတော့ ထူးခြားလာမှာ မဟုတ်ဘူး။ အချိန်ကြာကြာ စဉ်းစားလာပြီ ဆိုရင်တော့ ခေါင်းကိုက်ရတော့မယ်။ ဒီထက် ပို ကြာကြာ ဆက်ပြီး ထိန်းထားဦးမယ် ဆိုရင်တော့ မင်းတို့ရဲ့ တွေးခေါ်မှုတွေ၊ ဆင်ခြင်နိုင်စွမ်းတွေကို အံသေအောင် လုပ်ပစ်တော့မယ်။ ဒီတော့ မင်းတို့ ဘာဆို ဘာမှ မလုပ်နိုင်တော့ဘူး။"

"ဘဝမှာ စိန်ခေါ်မှုတွေ ပြဿနာတွေကို စဉ်းစားတွေးတောဖို့ သိပ်အရေးကြီးပါတယ်။ ဒီထက်ပို အရေးပါတာက အတွေးအခေါ်တွေ အံသေသွားတဲ့အထိ မဖြစ်အောင် ပုံမှန်လေး အနားယူတတ်ဖို့ပါ။ ဦးနှောက်ထဲ ရောက်အောင် ကိုယ်ကိုယ်တိုင် ကောက်ထည့်လိုက်တယ်လို့ နားလည်နိုင်ရင် ခဏတာ အနားယူဖို့ ဖယ်ထားတတ်မှာပါ။ စိတ်ညစ်စရာတွေ အလိုအလျောက် ဝင်လာတာပါလို့ ဆင်ခြေပေးတဲ့ လူတချို့အတွက်တော့ အဲဒီ စိတ်ညစ်စရာတွေဟာ ဘယ်တော့မှ သူ့အလိုအလျောက် ထွက်မသွားဘူး ဆိုတာ သိစေချင်ပါတယ်။ ဘုရားကို အာရုံပြု၊ စိတ်ကို တည်ငြိမ်အောင်ထားပြီး အိပ်လိုက်နိုင်ရင်ဖြင့် နောက်တစ်နေ့ကို လန်းဆန်းစွာနဲ့ ထိတွေ့ခွင့် ရမှာပါ။ မနက်တိုင်းမှာ စိတ်ဟာ အသစ်ဖြစ်နေမှ နောက်ထပ် စိန်ခေါ်မှုတွေနဲ့အတူ ဘဝကြီးက လေးပင်မနေတော့မှာပါ။"

အမြင်အကြား အာရုံတွေ ကြွက်တက်ပြီး အတွေးအခေါ်တွေ အံသေနေပြီဆိုရင် သတိရလိုက်ပါ။ ဦးနှောက်ထဲမှာ ကိုင်ဆုပ်ထားတဲ့ ခံစားချက်၊ ယူဆချက်၊ အဆိုပြုချက်တွေကို ခဏလောက် ချထားလိုက်ပါဦး။

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညီနေမင်းရဲ့အချစ်အိမ်မှ ကြိုဆိုပါ၏။] 1 New Entry: post မှာ code view အနေနဲ့ပေါ်အောင်

post မှာ code view အနေနဲ့ပေါ်အောင်

ကျွန်တော့်သူငယ်ချင်း ကိုဖြိုးရဲ့ ပို့စ်လေးကို ကိုးကားထားပါတယ် ...
blogger help တွေ ရေးနေတဲ့ ဘလော့ဂ် တွေ အတွက် အောက်မှာ မြင်ရတဲ့ အတိုင်း မိမိ ပေးချင်တဲ့ CODE တွေ ကို သတ်သတ်မှတ်မှတ် နဲ့ ထင်ထင်ရှားရှား ရှိလို့ စာဖတ်သူတွေ အနေနဲ့ အဆင်ပြေပါတယ်။ ကြည့်ကြည့်လိုက်ပါဦး ...


.codeview {
margin : 15px 35px 15px 15px;
padding : 10px;
clear : both;
list-style-type : none;
background : #f9f9f9 url(http://i263.photobucket.com/albums/ii150/mohamedrias/cv-1.gif) no-repeat right bottom;
border-top : 1px solid #eeeeee;
border-right : 2px solid #cccccc;
border-bottom : 2px solid #cccccc;
border-left : 1px solid #eeeeee;
}
.codeview li {
font-size : 13px;
line-height : 24px;
font-family : "Courier New", "MS Sans Serif", sans-serif, serif;
color : #333333;
font-weight : normal;
margin : 0;
padding : 0;
}

အပေါ် box ထဲက စာသားတွေ ကို ကူးပြီး Layout - Edit HTML မှာ ]]> ကို ရှာပြီး သူ့ရဲ့ အပေါ်မှာ ကူးလာတဲ့ စာသားကို ထည့်လိုက်ပါ။ (အနီရောင်နဲ့ ပြထားတာတွေ ကိုတော့ မိမိ စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။ အားလုံး သိကြမှာပါ)

မှတ်ချက်။ HTML Tag တွေ အတွက် < ကို < အဖြစ် ပြောင်းပြီး > ကို > အဖြစ် ပြောင်းပေးရဦးမယ်။
ဒါမှ HTML Tag တွေကို ပို့စ်မှာ နဂိုအတိုင်း မြင်ရမယ်။

You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[သက်ဝေ] 1 New Entry: Merry Christmas & Happy New Year 2009

Merry Christmas & Happy New Year 2009






အခုရက်တွေမှာ အလုပ်များနေလို့  ဘာမှလဲ အသစ်မရေးဖြစ်၊
သူငယ်ချင်းတွေဆီလဲ မှန်မှန် အလည် မရောက်ဖြစ်ပါဘူး။
လာလည်ကြတဲ့ သူငယ်ချင်းများကို
ခရစ်စမတ် ပွဲတော် နှင့် မင်္ဂလာ နှစ်သစ် ၂၀၀၉ မှာ ချမ်းမြေ့ ပျော်ရွှင်ကြပါစေ လို့ 
ဆုတောင်းပေးရင်း E Mail က ရတဲ့ ချစ်စရာ ပုံလေးတွေကို
အမှတ်တရ အဖြစ် လက်ဆောင်ပေးလိုက်ပါတယ်။


You received this email because you are subscribed to the real_time feed for http://thet-wai-blog.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.