Saturday, November 29, 2008

[လှုပ်ရှားနေသော မိုးကောင်းကင်] 1 New Entry: လက်ဆင့်ကမ်းပေးပါ

လက်ဆင့်ကမ်းပေးပါ

["[ဥာဏ်]"] hello
["[ဥာဏ်]"] life is beauty ) ဆိုတဲ့mail ၀င်လာရင် Delete လုပ်လိုက်ပါ
လုံးဝ(လုံးဝ)မဖွင့်ကြည့်ပါနဲ့ ခင်ဗျားတို့ password ခိုးသွားလိမ့်မယ်
(နီးစပ်ရာကိုလက်ဆင့်ကမ်းလိုက်ပါ) အားလုံးကိုကျေးဇူးတင်ပါတယ်

If u get ( "nyan " hello "life is beauty" ) mail , don't open it!
It's better to delete that mail ..
Because ur mail password may be hacked/ stolen.

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Road to Freedom] 1 New Entry: ရှည်လျှားသောဆောင်းရက်များနဲ့ အဝေးကကျနော့်ရွာကလေး

ရှည်လျှားသောဆောင်းရက်များနဲ့ အဝေးကကျနော့်ရွာကလေး



ကျနော့်အိမ်က ဟိုင်းဝေးလမ်းမကြီး ဘေးနားမှာ ကပ်ရက်ရှိတယ်။ အိပ်ခန်းနှစ်ခန်းပါပြီး၊ အပေါ်ထပ် အောက်ထပ်နှစ်ထပ်ရှိတဲ့ အလယ်အလတ်မကြီးမသေး အိမ်တစ်လုံးပါ။ ကျနော့်အိမ် ဘေးမှာခေတ်မီပုံစံ ဆောက်လုပ်ထားတဲ့ ရွာလူကြီးရဲ့ ဆေးဖြူသုတ် တိုက်အိမ်ကြီးတစ်လုံး ရှိပါတယ်။ ကျနော့်အိမ်ရဲ့ နောက်ဖက်မှာတော့ ရွာလူကြီးမိဘတွေရဲ့အိမ်၊ အဲဒီအိမ်မှာ အဖိုးကြီးအဖွားကြီး နှစ်ယောက် နေထိုင်ကြတယ်။

ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ အိမ်သုံးလုံးဟာ ဖိုခနောက်ပုံစံမျိုး ဆောက်လုပ်ထားတာပါ။ တကယ်တော့ အိမ်သုံးလုံးစလုံးကို ရွာလူကြီး မိဘတွေကပိုင်ဆိုင်ကြတယ်။ သူတို့ဟာ လယ်ဧကများစွာ၊ အိမ်ခြံမြေများစွာပိုင်ဆိုင်တဲ့ တောသူဌေးတွေဖြစ်ပါတယ်။ အိမ်ရှင်အဖိုးကြီး အဖွားကြီးဟာ ရွာသားတွေအပေါ် သြဇာအလွန် ညောင်းပါတယ်။ သက်ဦးဆံပိုင်စနစ်လွှမ်းမိုးမင်းမူနေဆဲ လူ့ပတ်ဝန်းကျင်မှာ ပိုက်ဆံရှိတဲ့ သူတွေဆီမှာ ပစ္စည်းမဲ့တွေက ရိုကျိုးခယ နေကြဆဲ။

ကျနော့်အိမ်ကလေးက ရွာရဲ့ အစွန်ဆုံး (ရွာထိပ်) မှာရှိပြီး၊ ရွာထဲကိုဝင်တဲ့ အဓိက လမ်းမကြီး ကကျနော့် အိမ်ရှေ့ ကနေ ဖြတ်ဖောက်ထား ပါတယ်။ အိမ်ဒေါင့် ခြံစည်းရိုး အပြင်ဖက်မှာ ပိုက်ဆံ အကြွေစေ့ထည့်ပြီးဆက်ရတဲ့ တယ်လီဖုန်းရုံလေး တစ်ခုရှိတယ်။ တယ်လီဖုန်း ရုံလေးကို ပုဂ္ဂလိက တယ်လီဖုန်း ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တာ ဖြစ်ပြီး၊ ဖုန်းရုံလေးရဲ့ အကာမှန်ထူထူ တွေဟာ ရွာခံ ကာလသား လူငယ်တွေရဲ့ ခဲလုံးနဲ့ကျောက်ခဲစာတွေကြောင့် မကြာခဏ ကွဲကြေကြရတယ်။ မကြာခဏ အသစ်လဲလှယ် ရတယ်။

အဲဒီတယ်လီဖုန်းရုံကလေးဟာ ရွာရဲ့အမည်နာမနဲ့တည်ရှိရာကို ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကြီးအောက်မှာ ရှိပြီး၊ အဲဒီနေရာတစ်ဝိုင်ဟာ ရွာကာလသား၊ ကာလသမီးတွေ ညပိုင်းအရက်ဝိုင်းဖွဲ့တတ်တဲ့ နေရာလည်းဖြစ်တယ်။ ခြေခင်းလက်ခင်းသာတဲ့ တစ်ချို့ရက်တွေမှာ ရွာထဲက ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေဟာ ညသန်းခေါင်သန်းလွဲအထိ စုဝေးတတ် ကြတယ်။ ၀ိုင်းဖွဲစားသောက် ကခုန်ပျော်ပါးတတ်ကြတယ်။ လူငယ်တွေ ကြားက ဆက်ဆံရေး ဟာတော်တော် ပွင့်လင်းပုံရှိတယ်။ တစ်ခါတစ်ခါတော့လည်း အော်ကြီးဟစ်ကျယ် ရန်ဖြစ်တတ်ကြပြီး၊ အုပ်စုလိုက် တိုက်ခိုက်တတ်ကြတယ်။

ကျနော့်အိမ်ကလေးရဲ့တစ်ဖက် ဟိုင်းဝေးလမ်းမ ဟိုဖက်ခြမ်းမှာတော့ သားသတ်ရုံ တစ်ခုရှိတယ်။ ညနေပိုင်း နေ၀င်ရီတရော အချိန်တွေ ရောက်ရင် ကျွဲတွေ၊ နွားတွေကို သားသတ်ရုံ ကလေးဆီ ကားတွေနဲ့ လာပို့ကြတယ်။ ခေါင်းဖြတ်စက်ထဲကို မရောက်ခင် ငယ်သံပါ အောင်စူးစူးဝါးဝါး အော်ဟစ်လိုက်တဲ့ ကျွဲနွား အသံတွေကို ကျနော့်အိမ်ကလေးကနေ တစ်ခါတရံ ကြားရတတ်တယ်။

သားသတ်ရုံပိုင်ရှင်တွေဟာ ကျွဲနွားတွေကိုသတ်ဖို့ဖြတ်ဖို့နဲ့ ကုန်ချောဖြစ်လာအောင် ခုတ်ဖို့ထစ်ဖို့ မြန်မာ အလုပ်သမား လူငယ်တွေကို ငှားရမ်းထားကြတယ်။ တစ်ချို့နေ့တွေမှာ သားသတ်ရုံ မီးဖို မီးခိုးခေါင်တိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ အသားကင်နံ့ စူးစူးဝါးဝါးကို ကျနော့်အိမ်ကလေးကနေ ရနေတတ်တယ်။ ရောင်းမကုန်တဲ့ အသားတွေ ပုတ်သိုးမသွားအောင် မီးဖုတ်လိုက်ပြီးမှ ပြန်ရောင်းကြတယ်။ အိမ်ကလေး နောက်ဖက် ၀ရံတာကလေးကနေ ဟိုင်းဝေးလမ်းမကိုဖြတ်ပြီး ဟိုဘက်ကိုမျှော်ကြည့်ရင် သားသတ်ရုံက မြင်ကွင်းတွေကို မြင်နေရတယ်။

ကျနော့်အိမ်ကလေးရှိရာဘက်အခြမ်းမှာ ပင်မရွာမကြီးတည်ရှိပြီး၊ သားသတ်ရုံဖက်အခြမ်းမှာ နောက်တိုး အိမ်စုလေးတွေရှိတယ်။ အိမ်စုလေးတွေ ဆိုပေမဲ့ တိုက်အိမ်တွေ၊ ကျွန်းအိမ်ကြီးတွေ၊ အိမ်ကြီးအိမ် ကောင်းတွေ။ သားသတ်ရုံရဲ့နံဘေးဝန်းကျင်မှာ လယ်ကွင်းတွေ ရှိတယ်။ ကျနော့် အိမ်ရှေ့ကနေထွက်၊ ဟိုင်းဝေးလမ်းမ ပေါ်တက် ပြီး ငါးမိနစ်လောက် လမ်းလျှောက်သွားရင် သားသတ်ရုံဖက်အခြမ်းမှာ ကျနော့်ရုံးရှိတယ်။ ကျွန်းတိုင်လုံး တွေနဲ့ အုတ်ပတ်ကားတက်ပြီး ရဲတိုက်ပုံစံဆောက်ထားတဲ့ သုံးထပ်အဆောက်အအုံဟာ ခန့်ညားလှ တယ်။ အိမ်ပိုင်ရှင် ဟာရွာလူကြီးရဲ့ ညီဝမ်းကွဲတော်စပ်ပြီး၊ သူလည်း လယ်မြေများစွာ၊ အိမ်ခြံမြေများစွာ ပိုင်ဆိုင်သူပဲ။ လူအများစုဟာ မြို့နဲ့အတန်ငယ်အလှမ်းဝေးတဲ့ အဲဒီရွာကလေးမှာ မနေလိုကြတဲ့အတွက် အိမ်ငှားခ ဈေးသက်သာတယ်လို့ ဆိုရမယ်။

မကြာသေးခင်နှစ်တွေက ကျနော်တို့ရုံးနဲ့ သားသတ်ရုံအကြားက လယ်ကွင်းတစ်ချို့ကို ငှားပြီး၊ ထိုင်ဝမ်စီးပွားရေး သမားတွေဟာ အထည်ချုပ်စက်ရုံတစ်ခု လာတည်တယ်။ စက်ရုံစတည်တဲ့ အချိန်မှာ မိုးတွေစရွာနေပြီ။ ဂေါ်ထိုးကားကြီးတွေ၊ မြေသယ်ကားကြီးတွေ၊ စက်ပစ္စည်းတွေ အကူအညီနဲ့ လယ်ကွင်းကို မြေခဲတွေဖို့ကြပြီး၊ ကြီးမားတဲ့ စက်ရုံကြီးတစ်ခုကို တက်သုတ်ရိုက် ဆောက်ခဲ့တယ်။ သိန်းပေါင်းများကုန်ကျမဲ့ ဆေးသားအပြာရောင် သုတ် စက်ရုံကြီးဟာ အဲဒီနှစ်က မိုးကုန်သွားတဲ့အချိန်မှာပဲ မြန်မာအလုပ်သမားတွေ ရာပေါင်းများစွာနဲ့ စတင် လည်ပတ် တော့တာပဲ။

စက်ရုံက စွန့်ပစ်ပစ္စည်းတွေ၊ ပြီးတော့ စက်ရုံမှာပဲ အလုပ်သမားတွေက နေထိုင်ကြတာဆိုတော့ သူတို့စွန့်ပစ်တဲ့ အမိုက်တွေ၊ အညစ်အကြေးတွေနဲ့ တစ်ချိန်က သဘာဝအတိုင်းသာယာခဲ့တဲ့ တောသဘာဝအလှအပတွေဟာ အဲဒီပတ်ဝန်းကျင်လေးမှာ ပျောက်ဆုံးသွားတော့မှာပဲလို့ ကျနော်က ကျနော့်ရဲဘော်တွေကို ပြောခဲ့မိ သေးတယ်။ ကျနော်တို့ရုံးအနောက်ဖေး ၀ရန်တာ ကနေပြီးကြည့်ရင် စက်ရုံဝင်းကို အပေါ်စီး ကနေ မြင်နေရတယ်။ စက်ရုံ ဆင်းချိန် တွေမှာဆိုရင် အလုပ်သမားတွေ လူပ်ရှားနေတာကိုပါ မြင်ရတတ်တယ်။

ပြီးတော့ လူတွေများလာရင် ပုလိပ်တွေရူပ်လာပြီး ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်လေး ရူပ်ထွေး သွားမှာကို ကျနော်တွေးပူနေခဲ့မိတယ်။ မကြာပါဘူး.. စက်ရုံနောက်ဖေးလယ်ကွင်းထဲမှာ လူသတ်မူတစ်ခုဖြစ်တယ်။ အဲဒီနောက်ပိုင်း စက်ရုံ စတင်လည်ပတ်ချိန်ကစပြီး ရေတွက်ရင် လေးငါးလ အတွင်းမှာပဲ စက်ရုံလည်ပတ်မူတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့တော့တယ်။ ဘာကြောင့် ရပ်ဆိုင်းသွားတယ်ဆိုတာ မသိပေမဲ့ စက်ရုံမှာ မှီခိုနေရတဲ့ မြန်မာလုပ်သားတွေ၊ သူတို့ကိုမှီခိုနေရတဲ့ မိသားစုတွေကတော့ ထုံးစံအတိုင်း ရေကြည်ရာမြက်နုရာ အလုပ်အကိုင်ရနိုင်တဲ့ နေရာသစ်ကို ထွက်ခွာသွားကြ ရတော့တယ်...

ညနေပိုင်း အလုပ်ပြီးချိန်တွေမှာ ညောင်းညာပင်ပမ်းမူတွေကို ဖြေဖျောက်ဖို့ ဒုတိယထပ် အနောက်ဖေး ဘက်က ၀ရံတာလေးမှာကျနော် အမြဲတမ်း တိတ်တဆိတ်ရပ်တန့်ပြီး လေညင်း ခံဖြစ်တယ်။ အဲဒီရုံး ၀ရန်တာလေးကနေ ကြည့်ရင် အနောက်ဖေးဘက်မှာ တမျှော်တခေါ် လယ်ကွင်းပြင်ကြီးကို မြင်တွေ့ရတယ်။ မြင်ကွင်းရှူခင်းတွေက ရာသီလိုက်ပြီးပြောင်းလဲသွားကြတယ်။

မိုးရာသီမှာဆိုရင် စိမ်းလန်းတဲ့ ကတ္တီပါလယ်ကွင်းတွေ.. တမန်းဆီနံ့၊ ကောက်ပင်ရနံ့တွေကို သယ်ဆောင် လာတဲ့လေညင်း.. တစ်ခါတစ်ခါ ကောက်စိုက်သမတွေသီဆိုတဲ့ သီချင်းသံကိုပါ လေညင်းက ဆောင်ယူ လာတတ်သေးတယ်။ လယ်ကွင်းအစပ်မှာ လယ်သမားတွေ စိုက်ထားတဲ့ ကျွန်းသစ်တောဝိုင်း ကလေး တစ်ခုလည်း ရှိသေးတယ်။ မိုးရာသီမှာတော့ လယ်ကွင်းတွေထဲက မြောင်းကလေးတွေနဲ့ ဟိုင်းဝေးလမ်းမဘေးတစ်လျှောက် မြောင်းဘေးတွေမှာ ဒေသခံအမျိုးသမီးတွေ ငါးမျှားတံကိုယ်စီနဲ့ ငါးမျှားနေကြတာတွေ့ကြရတယ်။ ဒီဒေသမှာ အမျိုးသားတွေက ငါးမမျှားပဲ၊ အမျိုးသမီးတွေကပဲ ငါးမျှားတတ်ကြတယ်။

ဆောင်းရာသီတွေမှာဆိုရင် ပဲပင်၊ ပြောင်းပင်၊ ကြံပင်၊ ဆေးရွက်ကြီးပင်၊ ဖရဲပင်တွေကို တမျှော်တခေါ် မြင်နေရတဲ့ မြင်ကွင်းဟာ စိမ်းစိမ်း စိုစိုနဲ့ ဘယ်တော့ကြည့်ကြည့် ရိုးမသွားခဲ့ဘူး။ ဆောင်းစိုက်ခင်းတွေကိုဖြတ်ပြီး တိုက်ခတ် လာတဲ့လေညင်းရနံ့က တမျိုး ထူးခြားတယ်… ညိုးညိုးညံ့ညံ့ကလေး။

အိမ်နောက်ဖေးက မာလကာ၊ သံပရာ၊ နာနတ်၊ မန်ကျည်းပင်တွေပေါ်က ငှက်ကလေးတွေရဲ့ တေးဂီတသံကိုပါ ညနေခင်းတွေမှာ ကြားရ တတ်တယ်။ အဲဒီအခါမျိုးတွေမှာဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတတ်ပြီး၊ ငှက်သံတွေနဲ့အတူ ကျနော်ဟာ အားလုံးကို မေ့နေ တတ်တယ်။

ကျနော်တို့ရုံးနဲ့ အထည်ချုပ်စက်ရုံကြားမှာ မြေနီခင်းထားတဲ့ လမ်းကလေးရှိသေးတယ်။ လမ်းဘေးဝဲယာ မှာရှိတဲ့ တမျှော် တခေါ် လယ်ကွင်း တွေကိုဖြတ်ပြီး မြေနီလမ်းကလေးကနေ ဆယ်မိနစ်လောက် ဆိုင်ကယ်နဲ့ သွားလိုက် မယ်ဆိုရင် ဒေသခံ ကျေးရွာသုံး လေးရွာက စုပေါင်း တည်ထားတဲ့ ထုံးဖြူစေတီကလေး တစ်ဆူရှိတယ်။ နိုဝင်ဘာ လမှာ ဘုရားပွဲ နှစ်စဉ် လုပ်နေကြ။ စေတီတ၀ိုက်ဟာ အေးချမ်းသာယာပြီး၊ သီးပင်စားပင်တွေ၊ တောင်သူတွေ ပိုင်တဲ့ လက်လုပ်ငါးမွေးကန်တွေနဲ့ ပြည့်နေတယ်။ ဆောင်းညနေခင်း တွေမှာဆိုရင်တော့ လယ်သမားတွေရို့တဲ့ တောင်ယာ မီးခိုးငွေ့တွေနဲ့ စေတီပတ်ဝန်းကျင် တစ်ခုလုံးဟာ အုံ့မိုင်းနေတတ်တယ်။

မနက်စောစောအိမ်ကနေရုံးကို လမ်းလျှောက်ပြီးသွားနေကျ။ ညနေမှောင်ရီဖြိုးဖျအချိန်၊ အလုပ်တွေပြီးလို့ ၀ရံတာကလေးမှာရပ်ပြီး အတွေးနယ်ချဲ့လို့ဝတဲ့အချိန်ကျမှ အိမ်ကလေးကို လမ်းလျှောက်ပြန်သွားနေကျ။ နွေနွေမိုးမိုးဆောင်းဆောင်း မပျက်မကွက် စူးစူးနစ်နစ် ကျနော် လုပ်ခဲ့ဘူးတယ်။

ကျနော့်အိမ်ဘေး ဟိုင်းဝေးလမ်းမကြီးကနေ မြောက်ဘက်ကိုဆက်သွားမယ်ဆိုရင် အသီးအနှံ တွေနဲ့ ပန်းအမျိုးမျိုး အများဆုံး ထွက်ရှိရာ ဖြစ်တဲ့ ဖုတ်ဖတ်ဆိုတဲ့ တောင်သူ မြို့ကလေးကို ရောက်တယ်။ အဲဒီကနေဆက်သွားရင် အုန်းဖျန်အမည်ရတဲ့ ဒုက္ခသည်စခမ်းနဲ့ အဲဒီကနေ ဆက်သွားမယ်ဆိုရင် နိုဖိုးဆိုတဲ့ ဒုက္ခသည်စခမ်းရှိတယ်။ နိုဖိုး ဒုက္ခသည်စခမ်းကို သွားမယ် ဆိုရင်တော့ တစ်ရက်ခရီး နီးနီးကြာတယ်။ တောင်ပတ်လမ်းဆိုတော့ အကွေ့ အကောက် တွေများတယ်။ မိုးတွင်းဆိုရင် ကားတွေမကြာခဏ တိမ်းမှောက်တတ်ကြတယ်။

အိမ်ဘေးဟိုင်းဝေးလမ်းမကြီးကနေပြီး တောင်ဘက်ကိုသွားရင်တော့ မြို့တော်တည်ရှိရာကို ရောက်တယ်။ အဲဒီခရီးကလည်း တရက်နီးနီး ကြာတယ်။

အဲဒီပတ်ဝန်းကျင်တ၀ိုက်က ရွာသူရွာသားတွေက တောင်သူလယ်သမားတွေများတယ်။ တောင်သူဆိုပေမဲ့ ငွေကြေးပြည့်စုံကြတယ်။ တနှစ်ကို သုံးသီးစား စိုက်ကြတယ်။ ကားစီး နိုင်ကြတယ်။ လယ်ထဲအထိမြေနီခင်း လမ်းတွေဖောက်ထားတယ်။ ကားတွေ ဆိုင်ကယ် တွေနဲ့ လယ်ထဲကိုသွားတယ်။ ကိုယ်ပိုင်ရေစုပ်စက်တွေနဲ့ ရေတင်ပြီး အသီးအနှံတွေ စိုက်ကြတယ်။

ကျွဲနွားတွေနဲ့ လယ်မလုပ်ကြတော့ဘူး၊ ခေတ်မီစက်ပစ္စည်း နည်းကိရိယာတွေနဲ့ ထွန်ယက် စိုက်ပျိုးကြတယ်။ လူရှိတဲ့နေရာတိုင်းမှာ လျှပ်စစ်မီးရှိတယ်၊ တယ်လီဖုန်းလိုင်းရှိတယ်၊ ရေပိုက်နဲ့ သွယ်ယူထားတဲ့ ကောင်းမွန်တဲ့ ရေပေးဝေရေးစနစ်ရှိတယ်။ နယ်စပ်အစွန်အဖျား ရွာငယ်လေး တစ်ရွာကနေ နိုင်ငံတကာကို အင်တာနက် အီးမေးကနေတစ်ဆင့် အဆက် အသွယ်လုပ်လို့ ရတယ်။ ဖုန်းဆက်လို့ရတယ်။

ရုပ်ဝတ္တူဖွံ့ဖြိုးတိုးတက်ပေမဲ့ ရွာသားတွေရဲ့ အသိပညာကတော့ မြို့ကြီးသားတွေနဲ့ ရင်ဘောင်မတန်း နိုင်သေးတာ ၀န်ခံရမယ်။ ကျေးလက် သဘာဝ ပျော်ပျော်ပါးပါး နေတတ်ကြ တယ်။ အရက်ကလေး တမြမြနဲ့နေကြတယ်။ ရွာက ဆံပင်ညှပ်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်တွေမှာ နေ့လည်နေ့ခင်းဖက်ဆိုရင် သက်လတ်နဲ့ သက်ကြီးပိုင်း အမျိုးသားတွေ စုရုံးစုရုံးနဲ့ နေကြတယ်။ တက္ကသိုလ်ပညာ သင်ယူသူ ရှားပါးနေဆဲပဲ။ လွယ်လွယ်ကူကူ တတ်ဆင်လို့ရပေမဲ့ အင်တာနက် အီးမေးလ်သုံးစွဲသူ အနည်းအကျဉ်းပဲ ရှိနေသေးတယ်။

ရွာကနေ ဟိုင်းဝေးလမ်းမကြီးနဲ့ ဆန့်ကျင်ဘက်ကို သွားမယ်ဆိုရင်တော့ လယ်ကွင်းပြင် တွေကြားထဲမှာ ရွာနဲ့ မြို့ကလေးကို ဆက်သွယ် ထားတဲ့ ကတ္တရာခင်းလမ်းမငယ် တစ်ခုရှိတယ်။ ရွာသားတွေက အဲဒီလမ်းကလေးကနေ မြို့ကိုကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဈေးဝယ် သွားကြတယ်။ အဲဒီရွာငယ်ကလေးထဲမှာကိုပဲ စက်ရုံအလုပ်ရုံ ငယ်ငယ်လေးတွေ လေးငါးခြောက်ခု ရှိတယ်။ အားလုံးမှာ မြန်မာပြည်သား အလုပ်သမားတွေကို ခန့်ထားတယ်။

ရွာကလေးကနေ ဟိုင်းဝေးလမ်းမကြီးကိုဖြတ်ပြီး တောင်ဘက်ကို သွားမယ်ဆိုရင်တော့ ငါးမိနစ်လောက်ပဲ ဝေးတဲ့နေရာမှာ နောက်ထပ် ရွာကလေး တစ်ရွာရှိသေးတယ်။ အဲဒီရွာဟာ တစ်ချိန်က ဦးနုရဲ့ ပီသုံးလုံး ပါတီရဲဘော်တွေ အခြေစိုက်တဲ့ ဌာနချုပ်စခန်း ဖြစ်တယ်။ ဦးသွင်ဦးဆောင် တဲ့ အလယ်ပိုင်းတိုင်းစခန်းပေါ့။ အဲဒီတုံးက ဦးသွင်တို့အုပ်စုဟာ ရွာထဲမှာတင် အေကေ သေနတ်တွေ ကိုင်တွယ်ပြီး နေထိုင်ကြတယ်လို့ သိရတယ်။

အဲဒီရွာမှာ ရွာနီးချုပ်စပ်ကို ရေပေးဝေတဲ့ ဆည်တစ်ခုရှိတယ်။ ဆည်ထိပ်မှာ ဦးနုတည်ခဲ့တယ် ဆိုတဲ့ ဘုရားတစ်ဆူလည်း ရှိတယ်။ ဘုရားက အတော်အတန် ကြီးပေမဲ့ ဒေသခံ အာဏာပိုင် တွေက ပြန်လည်ပြုပြင်မူ မလုပ်ကြဘူး။ ဦးနုကိုယ်တိုင်လည်း အပြီးသတ်အောင် တည်သွားနိုင်ခဲ့တာ မဟုတ်ဘူး။

ညပိုင်းလူခြေတိတ် ချိန်တွေမှာဆိုရင် ကတ္တရာလမ်းမကြီးပေါ်မှာ အော်ဟစ်ပြေးလွှားနေတဲ့ ကားသံတွေကို ကျနော့်အိမ်ကလေးကနေ ဆူညံစွာကြားနေရ တတ်ပါတယ်။ ပုစင်းရင်ကွဲ သံတွေ.. တစ်ခါတစ်ခါ စူးစူးဝါးဝါး ထိုးဟောင်တတ်တဲ့ ခွေးအူသံတွေကလွဲရင် ရွာကလေး ဟာ အမှောင်ထုအောက်မှာ တိတ်ဆိတ်နေတတ်တယ်။ တစ်ခါတခါမှာတော့ မူးယစ်နေတဲ့ ကားသမားက လမ်းပေါ်က ဆိုင်ကယ် မောင်းသူ၊ လမ်းလျှောက်သူတွေကို ၀င်တိုက်သွားတာ တွေကလွဲရင် ရွာကလေးဟာ အေးချမ်းပါတယ်။

ဒီလိုနဲ့ ကာလတွေကြာလာတော့ ရွာကလေးဟာ ကျနော့်ဇာတိမွေးရပ်လိုဖြစ်လာတယ်။ ဒေသခံရွာသားတွေ ကလည်း ကျနော်တို့ကို သိကြတယ်။ ရန်မမူကြဘူး။ ဖော်ရွေကြတယ်။ ဆောင်းရက်တွေမှာ သခွပ်ပွင့်ကောက်၊ ညနေခင်း မြေနီလမ်းကလေးတွေမှာ လမ်း လျှောက်၊ နွေရက်တွေမှာ တမာရွက်နုခူး၊ စေတီကလေးကိုသွားဖူး၊ မိုးရက်တွေမှာ ဒေသခံတွေဖမ်းလာတဲ့ ဖားငါးတွေကို ချက်ပြုတ် စားသောက်ရင်းနဲ့ ရွာကလေးဟာ ကျနော့်ရဲ့ ဒုတိယအိမ် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ခုတော့ ရွာကလေးဟာ ကျနော့်ဘ၀ထဲကို ထဲထဲဝင်ဝင် တိုးဝင် လာခဲ့ပြီး.. လယ်ကွင်းတွေပတ်လည်ဝိုင်းထားတဲ့ နယ်စပ်အစွန်အဖျားက ရွာငယ်ကလေးအပေါ်မှာ ကျနော့်ရဲ့ ခင်မင်တွယ်တာမူဟာ ကြီးမားသထက် ကြီးမား လာခဲ့တာ ငြင်းဆန်လို့ မရနိုင် တော့ပါဘူး။

မှတ်ချက်။ ။ ဤပိုစ့်တွင်အသုံးပြုထားသောပုံမှာ အင်တာနက်ကနေရှာထားတဲ့ ထိုင်းရွာကလေးတစ်ရွာရဲ့ပုံ ဖြစ်ပါတယ်။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[J] 1 New Entry: Technology - Robot နံက်စာ

Technology - Robot နံက်စာ

နံနက်ခင်းရောက်ပြီဆိုတာ နိုးစက် အသံကြောင့်
မပွင့်တဲ့မျက်လုံး အတင်း ဖွင့်...
အိပ်ရာထဲက မနဲခုန်ထွက်
ပြီးရင် မျက်နာ ကို ရေနဲ့ပက်
ပါးစပ်ကို ရေနဲ့ကျင်း
င်္အကျီ စွတ်ချ ပြီးတာနဲ့
ကျောင်းသားဆိုရင် စာသင်ခန်းကို အသော့နှင်
ဝန်ထမ်းဆိုရင် အလုပ်ထဲအရောက် အပြေးသွား
ကံကောင်းရင် လမ်းမှာ ဆိုင်ရှိရင် ၀ယ်သွား ရုံးရောက်မှ မနက်စာကို အလုပ်လုပ်ရင်းစား ကျောင်းသားဆိုရင် ဆရာ မမြင်အောင် မုန့်ခိုးစား အဲမှားလို့ ဆရာ စာသင်ပြီး အပြင်ထွက်မှ မုန့်စား..

အီဖေကိုယ်တို့လို အပြင်မှာ ၀ယ်မစားနိုင်တဲ့သူတွေ မချမ်းသာတဲ့သူတွေအတွက် ... တီထွင်လိုက်တာက တော့
နံနက်စာ ချက်ပေးတဲ့ စက်ရုပ်ပါတဲ့ဗျား

Motoman


robotic companies

စာမှီး ။ ။ ဒေးလီးမေးလ်

You received this email because you are subscribed to the real_time feed for http://joyful4all.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: နို့စို့ဖက်...

နို့စို့ဖက်...

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..."
အဲ့ဒီလို နှုတ်ဆက်သံနဲ့ ကျနော် လောကကြီးထဲကို ရောက်လာခဲ့တာပါ..။ ကျနော်ကတော့ လူဖြစ်လာပြီဟေ့လို့ ဟစ်ကြွေးရင်း ဝမ်းသာမြူးထူး ပျော်ရွှင်စွာပေါ့...။ လောကကြီးရဲ့ ကြိုဆိုပုံတွေက ရက်စက်တယ်.. မသင်းဘူး...။ ပထမဦးဆုံး မြင်လိုက်ရတာက ကျနော့်ကိုဖမ်းညှပ်ထားတဲ့ စတီးညှပ်ကြီး.. နောက်သွေးသံရဲရဲနဲ့ ကပ်ကြီးတွေ.. ဇလုံတွေ... ကျနော် စမြင်ဖူးတဲ့ လူသားတွေကလည်း ဇောက်ထိုးတွေ...

ကျနော့် ခြေအစုံကိုမပြီး "ဖြန်း" ကနဲ တင်ပါးကို ရိုက်လိုက်တဲ့ ရိုက်ချက်တွေက "မင်းဟာ လောကဓံရဲ့ အထုအထောင်းတွေကို ခံရတော့မယ်လို့" ပြောနေတာများလား..!! အေးသလို နွေးသလို ရေဇလုံထဲကို အထည့်ခံရပြန်တော့ ပထမဦးဆုံး လောကကြီးထဲကိုယူလာတဲ့ အညစ်အကြေးတွေကို ဆေးကြောလိုက်သလို ခံစားရပြန်တယ်။ အနှီးပိတ်ဖြူဖြူလေးကတော့ အမည်းတစ်စက်မှမရှိ ပကတိ ဖြူစင်မှုတွေနဲ့... နီတာရဲလေး ကျနော်ကလည်း သန့်ရှင်းဖြူစင် အပစ်ကင်းလျှက်...။

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..." (( မေမေ.... မေမေရေ ))
နွေးထွေးလွန်းတဲ့ ရင်ခွင်တစ်ခု... ဒါဟာမေမေ့ရင်ခွင်ပါဘဲ...။ မေမေ့ရင်ခွင်ထဲကနေ ကျနော်မော့အကြည့်.. ကျနော့်ကို ငုံ့ကြည့်နေတဲ့ မေမေ့မျက်နှာလေးက မောပန်းနွမ်းနယ်လွန်းနေပေမဲ့ မျက်လုံးတွေက အရောင်တွေလဲ့လို့.. ဝမ်းသာကြည်နူးမှုတွေနဲ့ မေမေ့နှုတ်ခမ်းတွေ ပြုံးနေတယ်..။ မေမေက မျက်လုံးတွေနဲ့ ကျနော့်ကို စကားစပြောခဲ့တယ်... ။

"သားရေ... လောကကြီးထဲမှာ တွေ့ကြုံရမယ့် လောကဓံတရားတွေအတွက် မေ့သားလေး.. ဘာမှ မကြောက်ရဖူးနော်.. သားရှေ့မှာ မေမေအမြဲရှိမယ်" လို့ အားပေးခဲ့တာ မဟုတ်လား မေမေ...!! ဒါဟာ မေမေကျနော့်ကိုပေးတဲ့ ပထမဦးဆုံး စိတ်ဓါတ်အင်အား...။ နူးညံ့ညင်သာတဲ့ အထိအတွေ့နဲ့ ချိုစိမ့်နေတဲ့ မေမေ့နို့ရည် နွေးနွေးတွေက ကျနော့်ကိုပေးတဲ့ ပထမဆုံး အဟာရခွန်အား...။ နို့စို့ရင်း မေမေ့မျက်နှာကို မော့ကြည့်နေရတာ အေးချမ်းလိုက်တာ..။ ကျနော် နို့သောက်ရင်း အိပ်ပျော်သွားခဲ့တယ်...။

"အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ..."
ခပ်ကျယ်ကျယ် ငိုသံတစ်ခုကြောင့် လန့်ပြီးနိုးလာချိန်မှာ မေမေ့နို့ကိုစို့နေတဲ့ ကျနော့်လို နီတာရဲလေး တစ်ယောက်..။ ကျနော် အရမ်းကို အံ့သြောသွားတယ်.. သူလည်း ကျနော့်ကို မျက်လုံးလေး အဝိုင်းသားနဲ့လှမ်းကြည့်ပြီး......

"အဲ့... အဲ့... အဲ့..." ((ဟယ်လို... နင်ကဘယ်သူလဲ...))
"အဲ့... အဲ့... အဲ့..." ((အောင်မာ... မင်းကများ ငါ့ကိုမေးရသေးတယ်.. မင်းကဘာလို့ ငါ့အမေနို့ကိုစို့နေရတာလဲ...))

"အဲ့... အဲ့... အဲ့...." ((ဒါနင့်မေမေလား.. ငါမသိဘူး.. ငါ့မေမေကနို့မထွက်လို့ ဒီကိုခေါ်လာပြီးတိုက်တာ...))
"အဲ့... အဲ့... အဲ့...." ((မသောက်နဲ့......))ဲ့

အဲဒီကတည်းက ကျနော်ဟာ မနာလိုခြင်း မကျေနပ်ခြင်းတွေကို စရင်းနှီးခဲ့တော့တာ ယ္ခုထက်တိုင်...။

"အဲ့... အဲ့... အဲ့......" ((ငါအရမ်း ဗိုက်ဆာနေလို့ပါဟယ်...))
"အူဝဲ... အူဝဲ... အူဝဲ.... အူဝဲ..... အူဝဲ... အူဝဲ့ဲ့ဲ့ဲ့ဲ့ဲ"

ကျနော် ဒေါသတကြီးနဲ့ ကျယ်ကျယ်လောင်လောင် ငိုချလိုက်မိတယ်..။ ဖြစ်နိုင်ရင် ကျနော်သူ့ကို လှမ်းပြီး ကန်ထည့်လိုက်ချင်တာ ခြေထောက်တွေကို ယားနေတာဘဲ... အနှီးတွေနဲ့ ကျနော့်ခြေထောက်တွေကို ကောက်ညှင်းထုပ်လို ထုပ်ထားလို့... မေမေက ကျနော့်ကျောကုန်းလေးကို ပုတ်ပြီး ဖြေသိမ့်ရင်း ချော့သိပ်ပြန်တယ်..။ "သားရယ်.. သူလည်းဆာရှာမှာပေါ့ ပေးတိုက်လိုက်ပါနော်..." လို့ပြောနေသလိုဘဲ ကျနော်ခံစားလိုက်ရတယ်..။

မေမေ့ဆန္ဒတွေ နှစ်သိမ့်မှုတွေရယ်ကြောင့် လိုက်ရောလိုက်ရပေမဲ့ ဒင်းကို အဲ့ဒီအချိန်ကစလို့ မကျေနပ်ခဲ့တာ ခုအချိန်အထိပါဘဲ...။ ဒင်းနဲ့ကျုပ်က လူ့ဘဝထဲကို မတိမ်းမယိမ်း အချိန်လေးအတွင်းမှာ စရောက်ခဲ့ကြတာဆိုရင် အံ့သြကြမယ်ထင်တယ်..။ ကျုပ်ကစပြီး ဒင်းကို အလျှော့ပေးလိုက်ရသလိုဖြစ်ခဲ့တဲ့ ခံစားမှုနဲ့ ကျုပ်ဟာကျုပ် မကျေနပ်ဖူးဗျ...။ ဆော့တတ် ကစားတတ်တဲ့ အရွယ်ရောက်တော့လည်း ဒင်းက မိန်းကလေးဘဲ ဆိုပြီး တစ်ခါတစ်လေ မေမေက အလျှော့ပေးခိုင်းပြန်ရော..။

ကျုပ်မှာသာ မကျေနပ်စိတ်တွေ ထပ်ထပ်လာတာ... ခုလူကြီးတွေ ဖြစ်လာတဲ့အထိဘဲ ဆိုပါတော့..။ ဒင်းနဲ့ မြန်မြန်ဝေးပါရစေလို့ ဆုတောင်းခဲ့တဲ့ ကျုပ်ဆုတောင်းက မူကြိုရောက်တဲ့နှစ်မှာ ပြည့်ခဲ့တယ်...။ ဒင်း ဖေဖေ တာဝန်နဲ့ နယ်ပြောင်းရတော့ ဒင်းလည်းလိုက်ရပြီပေါ့...။ ကျုပ်လေ အတော်လေးကို ပျော်ခဲ့တာဗျ..။ ဒင်းကတော့ နိုင်စားရမဲ့ ကျုပ်နဲ့ဝေးရလို့ အတော်ငိုခဲ့သလားဘဲ.. ဘယ်သူက သူ့ကိုသည်းခံမှာတုန်း...!! သူ့လို စွာတေးတေး ဂျစ်ကန်မကိုများ လူတိုင်းက အော့ကျောလန်..။ အဲ... ကျုပ်ခြောက်တန်းအောင်လို့ ခုနှစ်တန်းတက်တဲ့နှစ်မှာ ကံဆိုးမိုးမှောင်ကျစွာ ဒင်းနဲ့ပြန်ဆုံရတော့တာ..။ ကံတရားက ကျုပ်ကို မျက်နှာသာ မပေးလိုက်ပုံများနော်....!! "သေချင်တယ်.. သေသာသေချင်တယ်.." နဲ့ လူတွေပြောကြတာ အသက်တွေ တော်တော်ကြီးမှပါ... ကျုပ်က အဲဒီ အရွယ်ကတည်းက တစ်ဖွဖွ ငြီးတွားခဲ့မိတာဗျ...။

အချိန်ရရင်တော့ ဒင်းနဲ့ကျုပ် အကြောင်း စာတွေ ထပ်ရေးမိဦးမလားမသိ...!! ကျုပ်မှာ အချိန်တိုင်း ဒင်းကို လက်စားချေလိုစိတ်က တာဝန်တစ်ခုလို အမြဲတွေးနေမိတာ... မေမေ့ နို့ကိုစို့ခဲ့တဲ့ ဒင်းကို ဘယ်လိုနည်းနဲ့ လက်စားချေရမလည်း အကြိမ်ကြိမ် ကြိုးစားနေမိတာ ခုထက်ထိ...။ နေနှင့်ဦးပေါ့ကွာ.... ကျုပ်တေးထားတယ်...!! ကျုပ်များ မိန်းမရလို့ကတော့ ကျုပ်မိန်းမကို အမွှာပူးကိုမွေးခိုင်းဦးမှာ... ဟီးးး... ပြီးရင် ဒင်းဆီ မရောက်ရောက်အောင်ပို့.... ဒင်းသား ဒါမှမဟုတ် ဒင်းသမီးကို ကျုပ်နီတာရဲဘဝက ခံစားခဲ့ရတဲ့ မနာလိုမှုမျိုး ထပ်တူခံစားခိုင်းဦးမှာ...။ ကျုပ်မေမေ့ နို့ကြွေးကို ပြန်ဆပ်ဖို့... ကျုပ်လက်စားချေတာခံရဖို့ ဒင်းရော ဒင်းမွေးထုတ်မဲ့ နီတာရဲရော အသင့်သာ စောင့်နေကြပေရော့....!!

ဟီးးး.... လက်စားချေတာကနောက်... ခုတော့... ကြောက်လို့ပြေးပြီဗျိုးးးး... အမလေး...!!

(ကိုရင်နော်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Friday, November 28, 2008

[ချစ်သူ့ ပုံရိပ်] 2 New Entries: "Etiquette"

"Etiquette"

အခုတလော သူငယ်ချင်းတွေဆီက ၀င်လာတဲ့ အီးမေလ်းလေးတွေ တော်တော်ကောင်းပါတယ်။ တခါတလေ အားလုံးသိအောင် ပြန်ဝေမျှ ချင်တော့ blog ပေါ်မှာတင်ပေးတယ် .. အင်္ဂလိပ်လိုမူရင်းပို့တာဆိုရင် (ဥပမာ Power Point File ပဲဖြစ်ဖြစ်၊ ဘယ်လို Attachment နဲ့ပဲလာလာ) သူများဘာသာပြန်ပြီးသားဖြစ်လဲ ကိုယ့်အာဘော်နဲ့ကိုယ်ပဲလို့ မယုတ်မလွန်သဘောထားလိုက်ပြီး post တင်လိုက်တယ်။ များသောအားဖြင့်တော့ စာမရေးရမနေနိုင် ကိုယ့်အတွက် ကလေးလေးက Internet ကရှာပေးတာများပါတယ်။ ဒါပေမဲ့ အခုတလော လက်ခံရရှိတဲ့ မြန်မာလို Forward မေလ်းတွေမှာ မူရင်း Author နာမည် (ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ blog က ဖြစ်ခဲ့ရင် ) သူ့ရဲ့ link ကိုမတွေ့ရတော့တာကြာပြီ။ ဘာပဲဖြစ်ဖြစ် မျှဝေပေးတာကို ကျေးဇူးတင်ပေမဲ့ Etiquette ဆိုတာကို နားလည်ပေး ရင်တော့ ပိုကောင်းတာပေါ့..

တခါက ဒီကဗျာလေး ကျွန်မဆီကို အီးမေလ်းနဲ့ရောက်လာပါတယ်။ အရမ်းရင်းနှီးတဲ့ စာရေးဆရာမ တစ်ယောက်က (သူက အခု oversea trip တစ်ခုနဲ့ Korea မှာပါ။ သူပြန်ရင် သူရေးမဲ့စာမူမှာ ဒီကဗျာလေးသုံးချင်လို့) ကိုယ်လဲ ဒီမှာ စာရေးနေတဲ့သူတစ်ယောက်မှန်း သိတော့ မူရင်းရေးသူကို (SG မှာရှိတဲ့ blogger တစ်ယောက်ယောက်ပဲ ဖြစ်မှာမှန်းသိလို့) မေးပါတယ်။ သိသလောက်မေးပေးပါတယ်။ No Response at all. ဘလောဂ့်တိုင်းကိုလဲ မသွားအားတော့ ဒီအတိုင်းပဲ ထားလိုက်ရတယ်။ သိရင် ကူညီကြပါဦး ။ ကဗျာခေါင်းစဉ်လေးက မလွမ်းပါဘူးတဲ့ ...

ခဏခဏဖူးဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို မလွမ်းပါဘူး။
ပိုက်ဆံပေးမှ တက်လို့ရတဲ့ Merlion ရှိတယ်။

ညဘက် ပြန်မလာမချင်း မအိပ်ပဲစောင့်တဲ့ အမေ့ကို မလွမ်းပါဘူး။
အချိန်မရွေးဆက်လို့ရတဲ့ 1818 ရှိတယ်။

ခဏခဏ ဆိုင်ရောက်နောက်ကျရင် မဆူတဲ့ အဖေ့ကို မလွမ်းပါဘူး။
တခါတလေ ရုံးနောက်ကျရင် ပြောလို့မဆုံးတဲ့ သူကိုယ်တိုင်က အမြဲ နောက်ကျတဲ့ မန်နေဂျာ ရှိတယ်။

ပန်းကန်မဆေးပဲ ထားသွားရင် ဆေးပေးနေကြ အစ်ကို့ကို မလွမ်းပါဘူး။
ဇွန်းတစ်ချောင်းကျန်ခဲ့ရင် ခါးထောက်ပြီးဆဲတဲ့ အိမ်သူကြီး ရှိတယ်။

ကျနော် ဘယ်လောက်ဆိုးဆိုး အသဲနင့်အောင်ချစ်တဲ့ ချစ်သူကို မလွမ်းပါဘူး။
အပေါ်ယံတွေနဲ့ ငွေမက်မက် ကောင်မလေးတွေ ရှိတယ်။

မနက်စောစော ကြက်တွန်သံလေးကို မလွမ်းပါဘူး။
စားပွဲပေါ်က နာငြီးလောက်တဲ့ နှိုးစက်ဝိုင်းဝိုင်း ရှိတယ်။

လမ်းထိပ်က ငရုတ်သီးစပ်စပ် မုန့်ဟင်းခါးကို မလွမ်းပါဘူး။
ကြိုက်သလောက်ဝယ်လို့ရတဲ့ ဖြူဖတ်ဖတ် ခေါက်ဆွဲခြောက် ရှိတယ်။

ကိုတုတ်ကြီးဆိုင်က ပေါ့ဆိမ့်ထိထိလေးကို မလွမ်းပါဘူး။
၁ဒေါ်လာတန် ခပ်ကျဲကျဲ လက်ဘက်ရည် ရှိတယ်။

ကြပ်ကြပ်တောက်တောက် ထိုင်စားရတဲ့ တုတ်ထိုးဗန်းကို မလွမ်းပါဘူး။
အီလည်လည်နဲ့ ကွေ့ချပ် ရှိတယ်။

လေတဖြူးဖြူးနဲ့ တွယ်စီးရတဲ့ ၁၀၅ကို မလွမ်းပါဘူး။
လှောင်အိုက်အိုက်နဲ့ 854 ရှိတယ်။

ဈေးပေါပေါနဲ့ ရွှေဧည့်သည့်ကို မလွမ်းပါဘူး။
အပေါက်ဝကနေ တကျွတ်ကျွတ်နဲ့ ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် ၂ခုပါတဲ့ Bus ကားတွေ ရှိတယ်။

မြက်ခင်းစိမ်းစိမ်း မြင်ကွင်းလေးနဲ့ ၂၀ ပေးပြီး တစ်နေကုန်စီးလို့ရတဲ့ မြို့ပတ်ရထားကို မလွမ်းပါဘူး။
ပြတင်းပေါက်မှောင်မှောင်နဲ့ စက္ကန့်တိုင်းကို ပိုက်ဆံယူနေတဲ့ MRT ရှိတယ်။

စကားလေးပြောရုံနဲ့ ပိုက်ဆံရခဲ့တဲ့ ပွဲစားတန်းက ဘ၀ကို မလွမ်းပါဘူး။
တစ်နေ့ ၁၀နာရီလုပ်ရတဲ့ ညှီစို့စို့ဘ၀တစ်ခု ရှိတယ်။

အထည်ချုပ်က အလုပ်ကြိုးစားတဲ့ ၀န်ထမ်းမလေးတွေကို မလွမ်းပါဘူး။
အချောင်ခိုနေတဲ့ စီနီယာ တရုတ်မတွေရှိတယ်။

ငြင်းလိုက်ခုံလိုက် စနောက်လိုက်နဲ့ DotA ပွဲကို မလွမ်းပါဘူး။
တိတ်တိတ်လေး တစ်ယောက်တည်းဆော့ရတဲ့ PSP ရှိတယ်။

ရွံ့ဗွက်ထူထူကြားက အမြဲတန်း တန်းစီနေရတဲ့ သထုံကွင်းကို မလွမ်းပါဘူး။
တိုက်ဘေးနားက ဘယ်သူမှ မရှိတဲ့ Basketball ကွင်းရှိတယ်။

၇နာရီဆို အပြေးအလွှား အလွတ်မခံခဲ့တဲ့ ကိုရီးယားကားကို မလွမ်းပါဘူး။
မကြည့်တချက် ကြည့်တချက် တရုတ်ကား ခပ်ညံ့ညံ့တွေ ရှိတယ်။

လူရွှင်တော်ရွှေဖလားရဲ့ ပါးစပ်မပိတ်ရတဲ့ ဟာသတွေ မလွမ်းပါဘူး။
ရယ်စရာမကောင်းတဲ့ ခပ်ပေါပေါ အစီအစဉ်တွေ ရှိတယ်။

ချစ်သူနဲ့ ပုံမှန်သွားကြည့်တဲ့ သမ္မတရုံကို မလွမ်းပါဘူး။
ဖုန်းသံထွက်လာရင် ၀ိုင်းကြည့်ခံရတဲ့ ရုပ်ရှင်ရုံတွေ ရှိတယ်။

သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလှနေတဲ့ သောင်ပြင်ကျယ်ကျယ် ချောင်းသာနဲ့ ငွေဆောင်ကို မလွမ်းပါဘူး။
လူဖန်တီးတဲ့ သောင်ပြင်ကျဉ်းကျဉ်း သဲကြမ်းကြမ်း East Coast နဲ့ West Coast ရှိတယ်။


အဲလိုနေနိုင်ရင် သိပ်ကောင်းမှာပဲနော်။

...to all my beloved friends and bloggers ..

မပြောင်းလဲသော သဘောထား ..

ကျွန်မဘက်မှာ
ဘာဖြေရှင်းချက်မှ မရှိပါဘူး "မောင်" ....

ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေအတွက်
ရက်ရက်စက်စက်ထားခဲ့မယ်ဆိုလဲ
မောင့်စိတ်တိုင်းကျ လက်ခံရမှာပါပဲ ....

ချစ်ခဲ့တဲ့ နေ့ရက်တွေအတွက်
သံယောဇဉ်အဖြတ်ခက်လို့
ရင်ခွင်အိမ်ယာမှာ ပြန်ခိုဝင်ချင်တယ်ဆိုရင်လဲ
အပြုံးမပျက် ကြိုဆိုလျက်ပါပဲ ...

ကျွန်မရဲ့ ....
အကြွင်းမဲ့ချစ်ခြင်းတွေအတွက်
တဖက်သတ်မျှော်လင့်ချက်ကလေးကိုတော့
နောက်ဆုံးထွက်သက်ထိ ဖက်တွယ်နေဦးမှာပဲ "မောင်" ...

by ..DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Public Health in Myanmar] 1 New Entry: Essential Nutrients for Healthy living (2)

Essential Nutrients for Healthy living (2)

ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ် လိုအပ်သော အာဟာရ (၂)

Micronutrients များမှာ ဗီတာမင်များ နှင့် သတ္တုဓါတ်များ ဟူ၍ နှစ်မျိုးရှိပြီး ၎င်းတို့ကို ခန္ဓာကိုယ် အတွင်း ဇီဝကမ္မ လုပ်ငန်းများ ပုံမှန် လည်ပတ် နိုင်ရန်အတွက် အကူ အင်ဇိုင်း အဖြစ် လည်းကောင်း၊ ချိန်ခွင်လျှာ ထိန်းညှိ ပေးသည့်အရာများ အဖြစ် လည်းကောင်း ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်ပါသည်။ Macronutrients ( အကြီးစား အာဟာရများ) အကြောင်း ကို ပထမပိုင်းတွင် တင်ပြခဲ့ပြီး ဖြစ်၍ ဤ ဒုတိယ ပိုင်းတွင် Micronutrients ( အသေးစား အဟာရများ) ၏ အလုပ် လုပ်ပုံနှင့် ရနိုင်သည့် အစားအစာ၊ စားသုံး သင့်သည့် ပမာဏနှင့် ချို့တဲ့ပါက ဖြစ်လာ နိုင်သည့် ပြဿနာများ ကို တင်ပြ လိုက်ပါသည်။

1. ဗီတာမင်များ (Vitamins)

ဗီတာမင်ကို ရေတွင် ပျော်ဝင်သော ဗီတာမင် (Water-soluble Vitamins) နှင့် ဆီတွင် ပျော်ဝင်သော ဗီတာမင် (Fat-soluble Vitamins) ဟူ၍ နှစ်မျိုး ခွဲခြား ထား ပါသည်။ ဗီတာမင် C နှင့် B အုပ်စုဝင် များသည် ရေတွင် ပျော်ဝင်သည့် ဗီတာမင်များဖြစ်ပြီး ဗီတာမင် A, D, E နှင့် K များသည် အဆီတွင် ပျော်ဝင်သော ဗီတာမင်များ ဖြစ်သည်။ ကွဲပြား သည်မှာ အဆီတွင် ပျော်ဝင်သော ဗီထာမင် တချို့ကို ခန္ဓာကိုယ် မှ ထဲမှာပင် ထုတ်လုပ် သော ကြောင့် အစားအစာ များတွင် ၀ါဝင်ရန် မလိုပါ၊ သို့သော် လည်း ၎င်းတို့၏ အသုံးဝင်ပုံနှင့် ချို့တဲ့ပါက ဖြစ်လာ နိုင်သည့် ပြဿနာ များကို သိရှိထား ရန် လိုအပ်ပါသည်။ ရေတွင် ပျော်ဝင်သော ဗီတာမင်များ သည် ခန္ဓာကိုယ် ထဲတွင် သိုလှောင် ထားခြင်း မရှိ သော ကြောင့် နေ့စဉ် ပုံမှန် စားသုံးရန် လိုအပ်သည့် မရှိမဖြစ် သည့် အာဟာရ များ ဖြစ်သည်။

ဗီတာမင် A

ခန္ဓာကိုယ် အတွင်း အပေါ်ရံ ဆဲလ်များနှင့် ချွဲသလိပ် ရှိရာဆဲလ် ( Mucosa cells) ကို ပုံမှန် ဖွဲ့စည်း စေ၍ အလင်းရောင် နည်းသော နေရာတွင် အမြင် အာရုံကို ပိုမို ကြည်လင် အောင် ဆောင်ရွက် ပေးသည်။ ၎င်းကို တိရိစ္ဆာန် ထွက် အစားအစာများ၊ ဂေါ်ဖီထုပ်၊ ဆလတ်ရွက် မုံလာဥစသည့် ဟင်းသီး ဟင်းရွက်များ နှင့် အသီးနှံ အမျိုးမျိုး တွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ညဘက် မမြင်ရခြင်း၊ အရေပြား ကြမ်း၍ ခြောက်ခြင်း နှင့် ရေရှည် ချို့တဲ့နေပါက မျက်ကြည်လွှာ ခြောက်ခမ်း တွန့်လိမ်ပြီး မျက်စိကွယ် သည် အထိ ဖြစ်နိုင်ပါသည်။

ဗီတာမင် B1

ကာဗွန် ဟိုက်ဒရိတ်အစာ ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် နာ့ဗ်ဆဲလ်များ အဟာရအတွက် အထောက်အကူ ပြုပေးသည်။ ၎င်းကို ကစီဓါတ် အစာမျိုးမျိုး၊ ပဲ၊ အသား၊ အာလူးနှင့် သစ်စေ့များ၊ လိမ္မော်သီး၊ ဖရဲသီးနှင့် ထောပတ်သီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက အစား အသောက်ပျက်ခြင်း၊ အပြင်ပိုင်း နာ့ဗ်ကြော ရောင်ခြင်း (neuritis)၊ Beriberi ဟုခေါ်သည့် ဖေါ်ရောင်ခြင်း ( Wet beriberi) သို့မဟုတ် အလွန်အမင်း ပိန်ချုံးခြင်း (Dry beriberi) စသည့်တို့ကို ဖြစ်စေနိုင်ပါသည်။ ရေရှည် ဖြစ်နေပါက အာရုံကြောများ ပျက်စီး ယိုယွင်း လာခြင်းနှင့် နှလုံးရောဂါကြောင့် အသက် ဆုံးရှုံး သည်အထိ ဖြစ်နိုင် ပါသည်။

ဗီတာမင် B2

၎င်းကို ကာဗွန် ဟိုက်ဒရိတ်အပြင် အသားဓါတ် ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် သွေးနီဥ ထုတ်လုပ်သည့် နေရာတွင် အသုံးပြု ပါသည်။ ၎င်းကို အသည်း၊ နို့၊ ဥများနှင့် ကီဝီသီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက အရေပြား၊ လျှာနှင့် ပါးစပ်အချွဲအမြှေးပါး ရောင်ရမ်းခြင်း (angular stoma titis)၊ နှုတ်ခမ်းကွဲပြီး ကျီးကန်း ပါးစပ်နာ ဖြစ်ဖြင်း၊ ခြေဖ၀ါးများ ပူစပ်ပူလောင်ဖြစ်ခြင်း၊ မျက်စိယားပြီး ပူစပ်ပူလောင်ဖြစ်ဖြင်းနှင့် အလင်းရောင် အပေါ် ခံနိုင်ရည် မရှိခြင်း တို့ကို ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B3

အပေါ်ယံ သွေးကြောကို ကျယ်စေခြင်း၊ အဆီဓါတ်နှင့် ကော်လက် စရောလ်ကို ကျဆင်း စေခြင်း အတွက် အသုံးပြု သည့်အပြင် အရေးကြီး သည့် တစ်ရှူးများ အသက်ရှူ သည့် လုပ်ငန်းတွင် လိုအပ်သော အင်ဇိုင်းကို ၎င်းမှ ဖွဲ့စည်း ပေးပါသည်။ ၎င်းကို ဗီတာမင် B2 ပါ အစားအစာ များတွင် ရနိုင်သည့်အပြင် ငှာက်ပျောသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီးနှင့် မက်မန်းသီး များတွင် လည်း ရနိုင်ပါသည်။ ချို့တဲ့ပါက အရေပြား ရောင်ခြင်း၊ ၀မ်းလျှောခြင်း၊ စိတ်ဓါတ်ကျ ခြင်းများ ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B6

ကာဗွန် ဟိုက်ဒရိတ်၊ အဆီဓါတ်၊ အသားဓါတ် စသည့် တို့၏ ဇီဝကမ္မ လုပ်ငန်း များ အတွက် အကူ အင်ဇိုင်းအဖြစ် ဆောင်ရွက် ပေးသည်။ ထို့အပြင် သွေးနီဥထဲရှိ ခန္ဓာကိုယ် အတွက် အောက်စီကျင် သယ်ဆောင် ပေးသည့် ဟီမိုဂလိုဘင် မော်လီကျူးကို ဖွဲ့စည်းရာ တွင်လည်း အကူအညီ ပေးသည်။ ၎င်းကို အာဟာရ အကြီးစား အမျိုးမျိုးတွင် ရနိုင်ပြီး ထောပတ်သီး၊ ငှက်ပျောသီးနှင့် ဖရဲသီးများတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ပါးစပ် အမြှေးပါး ရောင်ရမ်းခြင်း၊ အပြင်ပိုင်း နာ့ဗ်ကြော ရောင်ရမ်းခြင်း၊ နှတ်ခမ်းကွဲခြင်းနှင့် သွေးအားနည်း ရောဂါ တမျိုး (Hypochromic anaemia) တို့ကို ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B12

ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှုနှင့် အာရုံကြော စနစ်ရှိ အင်္ဂါအစိတ်အပိုင်းများကို ထိန်းသိမ်း ရာ တွင် မရှိမဖြစ် အသုံးပြုရန် လိုအပ် ပါသည်။ ၎င်းကို တိရိစ္ဆာန်ထွက် အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊ အသီးနှံ များ အပါအ၀င် မည်သည့် အပင်ထွက် အစားအစာ များမှ မရနိုင်ပါ။ ချို့တဲ့ပါက သွေးအားနည်း ရောဂါတချို့ ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြော စနစ် ပျက်စီး နိုင်ပါသည်။

ဗီတာမင် C

အနာ ဒဏ်ရာများ ကျက်လွယ်စေခြင်း၊ ရောဂါကို ခံနိုင်ရည်ရှိစေခြင်း၊ ကာဗွန်ဟိုက်ဒရိတ်နှင့် သံဓါတ် အစာခြေဖျက်မှု လုပ်ငန်းစဉ်၊ အဆီ နှင့် အသားဓါတ် ထုတ်လုပ်မှု၊ သွား၊ အရိုးနှင့် ဆံချည်မျှင် သွေးကြော နံရံများအား ထိန်းသိမ်း စောင့်ရှောက်မှု၊ အဆိပ် ဖြစ်စေသည့် အရာ များအား ခုခံတိုက်ဖျက်မှု၊ သံဓါတ် စုပ်ယူမှု၊ သွေးနီဥ ထုတ်လုပ်မှု၊ ဆဲ အတွင်းရှိ ပစ္စည်းများ ထုတ်လုပ်မှု စသည့်အတွက် ဗီတာမင် စီကို မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းကို အချဉ် ဓါတ်ရှိသော လတ်ဆတ် သည့် မည်သည့် အစားအစာ များတွင် မဆို ပေါများစွာ ရရှိနိုင်ပါသည်။ ချို့တဲ့ပါက Scurvy ဟု ခေါ်သည့် ရောဂါကို ရရှိနိုင်ပြီး သွားဖုံး ရောင်၍ သွေးထွက်ခြင်း၊ မွေးညင်းပေါက် ပတ်လည်တွင် သေးငယ်သော အနီစက်များ ပေါ်ခြင်း၊ အရေပြား အောက်ရှိ ပျောက်ပြီးသော အနာ ဒဏ်ရာ ဟောင်းမှ သွေးပြန် ထွက်နိုင်ခြင်း စသည့် လက္ခဏာ များ ကို တွေ့နိုင် ပါသည်။

ဗီတာမင် D

ကယ်လစီယံ (ထုံးဓါတ်) နှင့် တခြား သတ္တုဓါတ် တချို့ကို မျှခြေ ထိန်းညှိ ပေးခြင်း၊ အူသိမ်မှ ကယ်လ်စီယံနှင့် ဖော့စ်ဖိတ် စုပ်ယူရာ တွင် အကူအညီ ပေးသည်။ ၎င်းကို ခန္ဓာကိုယ် အတွင်းရှိ ကော်လက် စထရောလ် နှင့် နေရောင်ခြည် တို့ ပေါင်းစပ်ပြီး ထုတ်လုပ် ပါသည်။ အသည်း နှင့် ငါးအဆီများတွင် အဓိက ရနိုင်ပြီး ၎င်းကို အကျိုးပြု ကော်လက်စရောလ် အဖြစ် ပြောင်းလဲ စေပါသည်။ ၎င်းအတွက် တခြားသော သီးသန့် အစားအစာများ စားရန် မလိုပဲ နေရာင်ခြည်ကို အရေပြားနှင့် ထိတွေ့ခွင့် အပူပိုင်း ဒေသတွင် တနေ့ ၁၀ မိနှစ် ၁၅ မိနှစ်ခန့်၊ အအေးပိုင်း ဒေသတွင် ထိုထက်ပို၍ ရရှိပါက လုံလောက် ပါသည်။ ချို့တဲ့ ပါက လူကြီးများတွင် Osteomalacia နှင့် ကလေး များတွင် Rickets ဟုခေါ်သည့် အရိုးပျော့ခြင်း နှင့် အရိုး ကွေးခြင်း ရောဂါများ ဖြစ်နိုင် ပါသည်။

ဗီတာမင် E

ခန္ဓာကိုယ်ကို အဆိပ် ဖြစ်စေနိုင်သော အရာများကို တိုက်ဖျက်ခြင်း နှင့် ပြည့်ဝဆီ (Saturated Fat) များ ကြောင့် သွေးကြော ပိတ်စေ နိုင်သည့် အခြေအနေ များကို ကာကွယ် ပေးသည်။ ၎င်းကို အဓိက အားဖြင့် အသီးအရွက်၊ Unsaturated Fats (ဥပမာ- သံလွင်ဆီ၊ ပဲပုပ်ပဲဆီ၊ ငါးဆီ၊ နေကြာပန်း ဆီ စသည့်) များ၊ ဥ၊ ထောပတ်၊ ကြမ်းသည့် ကစီဓါတ် (ဥပမာ- လုံးတီးဆန်၊ ဂျုံကြမ်း) စသည် အစားအစာ များတွင် ရနိုင် ပါသည်။ ချို့တဲ့ပါက သွေးအားနည်း ရောဂါနှင့် အစာ စုပ်ယူမှု ချို့တဲ့သည့် ရောဂါ ရှိသည့် လူကြီးများ တွင် အာရုံ မစူးစိုက် နိုင်မှုများ ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် K

အသည်း တွင်း ရှိ သွေးခဲသည့် အရာများကို ထုတ်လုပ်ရာ တွင် အသုံး ပြုသည်။ သွေး ပျော်စေသည့် အစားအစာများ သို့မဟုတ် ဆေးများ ၏ သက်ရောက်မှုကို ပိတ်ပင် တားဆီး သည်။ ဗီတာမင် E ကို အူမကြီး အတွင်းရှိ ဘက်တီးရီးယား များက ထုတ်လုပ် ပေး ပါသည်။ ချို့တဲ့ပါက သွေးထွက် လွယ်ကူခြင်း၊ ကိုယ်ဝန်ဆောင် တွင် ချို့တဲ့ပါက မွေးခါစ ကလေးတွင် သွေးထွက် လွန်သည့် ရောဂါ ရနိုင် ပါသည်။

၂။ သတ္တဓါတ်များ

သတ္တုဓါတ်အားလုံးသည် မရှိမဖြစ်လိုအပ်ပြီး ထုံးဓါတ်နှင့် သံဓါတ် နှစ်ခုမှလွဲ၍ တခြားသော သတ္တုဓါတ်များသည် အစာ ကောင်းစွာ စား နိုင်သူ များအတွက် သာမာန် အားဖြင့် ချို့တဲ့မှု နည်းပါး ပါသည်။ သံဓါတ်နှင့် ထုံးဓါတ် နှစ်ခုသာ ချို့တဲ့မှုများပြီး တခြားသော သတ္တုဓါတ် များကို ၀မ်း သွားခြင်း၊ သွေးထွက် လွန်ခြင်းနှင့် အန်များခြင်း စသည့် ရုတ်တရက် ရောဂါ တခုခု ၀င်ရောက် လာမှသာ ဖြစ်လေ့ ရှိပါသည်။

ထုံးဓါတ် (Calcium)

ထုံးဓါတ် သည် အရိုး နှင့် သွား ပုံမှန်ဖွံ့ဖြိုးရန်အတွက် အထူး အရေးကြီးပါသည်။ ထို့အပြင် နှလုံး ကြွက်သားနှင့် အာရုံကြော စနစ် လုပ်ငန်း လုပ်ဆောင် ရာတွင် ပါဝင်ခြင်း၊ သွေးကို အဆင့်ဆင့် ပြုပြင်ရာတွင် ပါဝင် ဆောင်ရွက်ခြင်း၊ ဟော်မုန်းများနှင့် အာရုံကြော ဖြန့်ကျက်သည့် အစိတ်အပိုင်း များကို သိုလှောင် ပေးခြင်းနှင့် ထုတ်ပေးခြင်း၊ ဗီတာမင် B12 ကို စုပ်ယူရာတွင် အကူအညီ ပေးခြင်း စသည် တို့အတွက် ကယ်လ်စီယံကို မရှိမဖြစ် လိုအပ်ပါသည်။ နို့ထွက် ပစ္စည်းများနှင့် အသား ငါးများတွင် အများဆုံး ရနိုင်ပါသည်။

သံဓါတ် (Iron)

ခန္ဓာကိုယ် ထဲရှိ အောက်စီဂျင် သယ်ဆောင် ပေးနေသည့် ဟီမို ဂလိုဘင် အသွင်ဖြင့် အသုံးပြုပါသည်။ ၎င်း ကို အသား၊ အသည်းနှင့် အစိမ်း ရင့်ရောင် ဟင်းသီး ဟင်းရွက် များတွင် အများဆုံး တွေ့ရပါသည်။

Magnesium

အင်ဇိုင်း များ၏ လုပ်ငန်းစဉ်၊ စားသုံး၍ ပိုလျှံသော ဂလူးကို့စ်ကို အသည်းထဲ၌ သိမ်းထားရန် ဂလိုင်ကိုဂျင် အဖြစ် ပြောင်းခြင်း၊ အသားဓါတ် နှင့် DNA များ ထုတ်လုပ်ခြင်း၊ အာရုံကြောအတွင်း ဓါဓုဗေဒ ဓါတ်ပေါင်းများ ပြန့်နှံ့စေခြင်း၊ သွေးကို မခဲအောင် ပြုလုပ်ခြင်း ထုံးဓါတ် သကဲ့သို့ အရိုးများအား သတ္တုဓါတ် ဖြည့်ပေးခြင်း တို့အတွက် မဂ္ဂနီစီယံကို မရှိမဖြစ် လိုအပ်သည်။ နို့ထွက် ပစ္စည်းများ၊ အသားငါးနှင့် အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်များတွင် အများဆုံး ရနိုင်ပါသည်။

Phosphate

အရိုးထဲတွင် အများဆုံး တွေ့ရပြီး ကြွက်သား အပျော့များ ထဲတွင်လည်း အနည်းငယ် တွေ့ရသည်။ ခန္ဓာကိုယ် အတွက် စွမ်းအင် သိုလှောင်ခြင်း နှင့် သယ်ဆောင်ခြင်း။ ဗီတာမင် ဘီ အသုံးပြုရာတွင် ကူညီခြင်း၊ ကျောက်ကပ်မှ ဟိုက်ဒရိုဂျင် စစ်ထုတ် ရာတွင် အကူ ပစ္စည်းအဖြစ် အသုံးပြုခြင်း စသည့် တို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။

Sodium and Potassum

Sodium (ဆားဓါတ်) သည် ဆဲ အပြင်ဘက်ရှိ အဓိက သတ္တုဓါတ်ဖြစ်ပြီး Potassium သည် ဆဲ အတွင်းရှိ အဓိက သတ္တု ဖြစ်သည်။ ၎င်းတို့ နှစ်ခုတွဲ၍ နာ့ဗ်ကြော စနစ်၏ လျှပ်စစ် စီးဖြန်းမှု Action potential ကို ထိန်းပေးပြီး ဆဲအတွင်း Sodium ပါဝင်မှု (0.9g/L) ပုံမှန် ဖြစ်အောင် အရည်၏ မျှခြေကို ထိန်းပေး သည်။ ၎င်းတို့နှစ်ခု ဆဲလ်အတွင်းအပြင် ဟန်ချက်ညီညီ လုပ်ဆောင်၍ ကြွက်သားကို ကျုံ့စေခြင်း ဖြင့် နှလုံး၊ ကျောက်ကပ် စသည်တို့ကို ပုံမှန် အလုပ်လုပ် စေပါသည်။ Sodium သည် ဘိုင်ကာဗွန်နိတ်နှင့် ပေါင်း၍ လည်း ခန္ဓာကိုယ် တွင် ရေ၊ အက်ဆစ်၊ ဘေ့စ်နှင့် သွေးထဲ သွေးရည်ကြည် (Plasma) ပါဝင်မှု ပမာဏတို့ကို ထိန်းညှိ ပေးပါသည်။ နေ့စဉ် ပေါင်းခံရေ မှလွဲပြီး နေ့စဉ် စားသုံး နေသည့် အဟာရတိုင်းတွင် ဆားဓါတ် ပါဝင်ပြီးဖြစ်၍ ဆားကို သီးသန့် ထပ်ဖြည့် စားရန် မလိုပါ။ ဆားကို ချက်ပြုတ် ရာတွင် ဆားကို ဖြည့်စွက် အသုံးပြု နေခြင်းမှာ အရသာ အတွက်သာ ဖြစ်ပါသည်။

Zinc (သွပ်ဓါတ်)

သွပ်ဓါတ်သည် အနာကျက် လွယ်စေခြင်း၊ အသားဓါတ် ထုတ်လုပ်ခြင်း၊ ဗီတာမင် A ရွှေ့လျားရာတွင် အကူအညီ ပေးခြင်း၊ ပုံမှန် အရေပြား လုပ်ငန်းစဉ် အတွက် လိုအပ်သော အင်ဇိုင်းနှင့် ဓါတ်ပြုခြင်း၊ အစားအစာ များ၏ အရသာနှင့် အနံ့ကို နဂို အတိုင်း ဖြစ်အောင် ထိန်းပေး ခြင်းနှင့် ခုခံအား လုပ်ဆောင်ချက် များအတွက် အကူအညီ ပေးသည်။ ချို့တဲ့မှု အဖြစ်နည်းပြီး ဖြစ်ပါက အရေပြား၊ အစာမြိုပြွန်၊ မျက်ကြည်လွှာ ရောဂါများ၊ ကလေးများ တွင် ကြီးထွားမှု နှေးကွေး စေခြင်းများ ဖြစ်နိုင်ပါသည်။ Zinc ဓါတ်အကြောင်းကို ပိုမို အသေးစိတ် သိရှိလိုပါက ကိုဝင်းဇော် စုစည်း တင်ပြထားသည့် "လိုအပ်ချက် နည်းနည်းနှင့် ထိရောက်မှုများများ Zinc ဓါတ်" ကို http://winzaw-mdy.blogspot.com/2008/09/zinc.html တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

You received this email because you are subscribed to the real_time feed for http://health.ngoinmyanmar.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sai Wunna] 1 New Entry: ကျောင်းသားတပ်မတော်ခေါ် သူပုန်ဘဝ

ကျောင်းသားတပ်မတော်ခေါ် သူပုန်ဘဝ

သူပုန်

သူပုန် … သူပုန် ….. သူပုန် .. ငယ်ငယ်ထဲက ကြားဖူးလာတဲ့စကား … ကြီးလားတော့လည်းကြားဘူးနေတယ် … ဘာလို့လဲဆိုတော့ ကျွန်တော်တို့သိကြတဲ့ သူပုန်ဆိုတာ ဒမြတိုက်တယ် လူသတ်တယ် .. မကောင်းတာအားလုံးလုပ်တယ် ဒါကြောင့် ငယ်ငယ်တုန်း က ထမင်းမစားရင် မေမေက သား သူပုန်တွေခေါ်လိုက်မှာနော် လို့ အမြဲခြောက်တယ် အရွယ်ရောက်လာတော့ လဲ နအဖမီဒီယာအားကောင်းလို့ သူပုန်ဆိုတာကို သိလာတယ် ဒမြတိုက်တယ် လူသတ်တယ်ပေါ့ ဟားဟား.. အင်တာနက်စသုံးပြီး လူတကယ်ဖြစ်လာတော့ သူပုန် အဓိပ္ပါယ်ကို နားလည်လာတယ် ဘယ်လိုနားလည်လဲဆိုတော့

ABSDF ကျောင်းသားတပ်မတော် ပြည်တွင်းက သိချင်သိမယ် မသိချင်မသိဘူး သိရင်လည်း နာမည်ကောင်းနဲ့တော့မဟုတ်ဘူး နာမည်ဆိုးနဲ့ဖြစ်မယ် ဘာလို့လဲဆိုတော့ နအဖလေ
သူ့ရဲ့ မီဒီယာအားကိုးနဲ့ သတင်းစာ ရေဒီယို ရုပ်မြင်သံကြား စတာတွေကို သူတို့ က သူတို့ လိုချင်တာတွေ လုပ်ခိုင်းထားတာလေ …

အားလုံး ဒီစာကိုဖတ်မိသူတိုင်း နားလည်စေချင်တယ် ကျွန်တော့ အတွေးအမြင်အတိုင်း ကျွန်တော်က သူပုန်လို့ခေါ်တဲ့ ABSDF ကို ကြည့်လိုက်တယ် လူသတ်တယ် မှန်တယ် ပြည်သူတွေကို မသတ်ဘူး မဒိန်းမကျင့်ဘူး … ဒါပေမဲ့ နအဖ စစ်သားတွေကိုတော့ သတ်တယ် မတောင်းပန်နဲ့မရဘူး … စိတ်ထားက ပြတ်တယ် .. ကမ္ဘာပေါ်မှာ မရှိသေးတဲ့ ကျောင်းသားတပ်မတော် ကျောင်းသားတွေ လက်နက်ကိုင် တော်လှန်ရေး လုပ်တာ ABSDF ကပထမဆုံးပါ ဂုဏ်ယူတယ် … တစ်ခုထဲသော လက်နက်ကိုင်ကျောင်းသားတွေပါ အရွယ် မရောက်သေးခင် ကျောင်းတတ်နေရမဲ့အချိန် ပညာတွေ သင်ယူနေရမဲ့ အချိန် မိဘ အရိပ်အောက်မှာ နွေးနွေးထွေးထွေး နေရမဲ့အချိန် အခု စာဖတ်နေတဲ့ သူတွေ စဉ်းစားပေးကြပါ ကဲ့ ခင်ဗျားတို့ သူတို့လိုပေးဆပ် စွန့်လွတ်ရဲလားဆိုတာ ပေးဆပ်စွန့်လွတ်ရဲရင် ကျွန်တော်တို့တော်လှန်ရေး ဘာလို့မအောင်မြင်ရမှာလဲ

နောက် ခင်ဗျားတို့ကို ပြောမယ် နအဖလေသံ အတိုင်း NGO ရဲ့ပေးစာကမ်းစာ စားပြီး လာဖောနေတယ်လို့ ……. အေး … လာမဖောဘူး … လက်နက်ကိုင် တော်လှန်ရေးလုပ်နေတာ ဘယ် NGO ကမှ လာမပေးဘူး … တောထဲမှာ နေတဲ့ရဲဘော်တွေ ငတ်တယ်ပြတ်တယ် သူတို့ဘ၀ တွေကို မြင်ရင် ခင်ဗျားတို့ ငိုကျွေးသွားရမယ် …. သောက်ရေမရှိလို့ ငှက်ပျောပင်က ရေကိုယူပြီး ကြိုသောက်ခဲ့ရတာ ကျောင်းသားတပ်မတော်က ရဲဘော်တွေပါ သူပုန်ဆိုလို့ နာမည်သာဆိုးတာ တကယ် လက်တွေ့သိသူတွေ ကတော့ ABSDF ကျောင်းသား တပ်မတော်က ရဲဘော်တွေကို နားလည်ပါတယ် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် တယ်ဆိုတာ ကျွန်တော်တို့ တော်လှန်ရေးလောက ကစကားပါ … လူတိုင်းမှာတော့ ကိုယ်ကျိုးစီးပွားလုပ်ကြပါတယ် တော်လှန်ရေးကို အကြောင်းပြပြီး လုပ်စားတာတွေရှိတယ် .. ဒါကြောင့်နအဖက လက်ညိုးထိုးစရာဖြစ်တာ … ငါးခုံးမတလှေကြောင့် တစ်ကောင်ပုတ်တယ်ဆိုတာ ကတော့ နအဖ ပါ ဟုတ်တယ် မဟုတ်ဘူး စဉ်းစားကြည့်ပေါ့ဗျာ….

ABSDF ကျောင်းသားတပ်မတော် က ရဲဘော်တွေက ပြည်တွင်းက လူအများစုထင်သလို ရွာသားတွေကိုမသတ်ဘူး ၇ွာသားတွေကို ကူညီပေးတယ် စပါးစိုက်ပေးတယ် လိုအပ်တာကိုလုပ်ပေးတယ် ဒါကြောင့် အားလုံးရဲ ချစ်ခင်မှုကိုရတယ် …. အားလုံးပေးဆပ်ပြီးလာကြတာ လူသာသေမယ် နာမည်ကတော့ မသေဘူး တော်လှန်ရေးသမိုင်းမှာ မော်ကွန်းတင်ကျန်နေတယ် ABSDF ကျောင်းသားတပ်မတော်ရဲ့ စိတ်ဓါတ်ကတော့ ဘယ်ရဲဘော်မဆို သေသည်အထိ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်သွားမယ်ဆိုတဲ့ စိတ်ဓါတ်ပဲ ……

စိုင်းဝဏ္ဏ

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.