အသားသွေးစိမ်းသုပ်
အရင်က နှစ်သစ်ကူးပို့စ်တစ်ခုမှာ ရေးခဲ့ဖူးတဲ့ ရိုးရာဟင်းတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်မတို့ တစ်နှစ်တစ်ခါ နှစ်သစ်ကူးမှ လုပ်စားဖြစ်တဲ့ ဒီဟင်းမျိုးက စားရခဲပါတယ်။ အခုတော့ နှစ်သစ်မကူးသေးပါဘူး။ ဒါပေမယ့် မနေ့က ဦးလေးရဲ့ အသက်(၆ဝ)ပြည့် မွေးနေ့မှာ တူတစ်ယောက်က ဝက်တစ်ကောင်သတ်ပြီး လက်ဆောင်ပေးခဲ့တဲ့အတွက် ဒီဟင်းကိုရေးဖို့ အကြောင်းဖန်လာပါတယ်။ သွေးရဲရဲတွေ မကြည့်ရဲရင်၊ ရွံ့တတ်ရင် ဆက်မကြည့်ပါနဲ့လို့... ဟင်းက အသားတွေကို သွေးစိမ်းနဲ့ သုပ်ထားတဲ့ ဟင်းဖြစ်ပါတယ်။
ဒီဟင်းမှာ ပါဝင်တဲ့ အရာတွေက....
၁) ဝက် အသား၊ အခေါက်
၂) ဝက်သွေး အစိမ်း
၃) တရုတ်ဟင်းခတ် အမွေးအကြိုင်
၎) နံနံပင်၊ ရှမ်းနံနံ၊ ရှောက်ရွက်နှင့် တစ်ခြား အမွေးအကြိုင်ရွက်များ
၅) ဂျူးမြစ်
၆) ဆီးဖြူခေါက်
ပထမဦးဆုံး ဝက်နားရွက်၊ ဝက်ခေါင်း စတဲ့ ကိုယ်စားချင်တဲ့ အသား၊ အခေါက်တွေကို မီးကင်၊ အမွေး၊ အညစ်အကြေးတွေ သန့်စင်ပြီး၊ ဆားနဲ့ ကျက်အောင် အရင်ပြုပ်လိုက်ပါတယ်။ (နူးနေအောင် မပြုပ်ရပါဘူး) ရလာတဲ့ အသားတွေကို ပါးပါးလေး လှီးထားလိုက်တယ်။ နောက် ဂျူးမြစ်ကိုလည်း အနေတော် ဖြတ်ထားလိုက်ပါတယ်။
နောက် ဝက်သွေးစိမ်းထဲ တရုတ်ဟင်းခတ် အမွေးအကြိုင်တွေဖြစ်တဲ့ (တရုတ်အခေါ်) ပါကော်၊ ခြောက်ကော့်၊ စမုံစပါးစေ့ စတဲ့ အမှုန့်နဲ့ ငရုတ်သီးမှုန့်၊ ဆား၊ အချိုမှုန့်တွေ ရောထည့်မွှေပေးပါတယ်။ ဒီနေရာမှာ ဝက်သွေးက ရင်ဘတ်သွေး လတ်လတ်ဆတ်ဆတ်ကို ယူရမှာဖြစ်ပြီး ခဲမနေစေရပါဘူး။ ဝက်သွေးက ကြာလာရင် ခဲသွားတတ်တဲ့အမျိုးမို့ ဝက်သတ်သတ်ပြီးချင်း ရလာတဲ့ ရင်ဘတ်သွေး ပူပူနွေးနွေးကို မခဲအောင် အေးသွားတဲ့အထိ မွှေပေးရပါတယ်။ အေးသွားပြီဆိုရင် ဘယ်လောက်ကြာကြာထားလဲ မခဲတော့ပါဘူး။
အဲဒီနောက် ဆီးဖြူသီးအခေါက် နုနုကို ဇွန်းနဲ့ အပြင်ခွံခြစ်ထုတ်ပြီး အထဲက အသားနုကို ခြစ်ယူရပါသေးတယ်။ ရလာတဲ့ ဆီးဖြူခေါက် အမှုန့်ကို ဆန်ဆေးရည်နဲ့ ဆေးပေးရပါတယ်။ ရေနဲ့ဆေးရင် ဖန်တတ်တဲ့အတွက် ဆန်ဆေးရည်နဲ့ ဆေးရတာဖြစ်ပါတယ်။ ပြီးရင် ညှက်သထက်ညှက်အောင် တောက်တောက်စင်းပြီး ထည့်ရပါတယ်။
အမွေးအကြိုင်တွေနဲ့ ရောထားတဲ့ သွေးစိမ်း၊ ဂျူးမြစ်၊ ဆီးဖြူခေါက်၊ ဟင်းခတ်အရွက်တွေကို လှီးထားတဲ့ ဝက်သားထဲထည့် ရောနယ်ပေး၊ အပေါ့အငန် မြည်းကြည့်ပြီးရင် စားသုံးနိုင်ပါပြီ။
တကယ်တော့ ဒီဟင်းကို ကျွန်မ မစားဖြစ်တာ နှစ်၂ဝနီးပါး ရှိတော့မှာပါ။ အခုစားကြည့်တော့ စိတ်ထဲမှာ နည်းနည်းကြောက်နေပါတယ်။ ဒါပေမယ့် ဂျပန်တွေရဲ့ ငါးအစိမ်းကို စားသလိုပဲ "ဒါဟာ ငါးအစိမ်းပါလား" လို့ မတွေးဘဲ သူတို့ရဲ့ ရိုးရာအစာတစ်ခုကို မြည်းစမ်းနေတယ်လို့ သဘောထားပြီး စားကြည့်တော့်စားရဲသွားပါတယ်။ ဒီဟင်းက သွေးညှီနံ့တွေ မရဘဲ ဟင်းခတ်အမွေးနံ့တွေသာ ရတဲ့အတွက် ပါးစပ်ထဲ အဝင်မဆိုးလှပါဘူး။ အရက်သမားတွေ ကြိုက်တဲ့ ဟင်းတစ်မျိုးဖြစ်ပါတယ်။
ကျွန်မတို့ ရွာပြောင်းစက ဒီဟင်းကို ရွာခံအင်းသားတွေက မစားရဲကြဘူး။ ကျွန်မတို့ကိုလည်း အစားကြူးတဲ့ လူရိုင်းလို ကြည့်ကြတယ်။ အခုတော့ သူတို့လည်း စားတတ်သွားကြပါပြီ။
နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.