Showing posts with label ထ - ထူးမြတ်. Show all posts
Showing posts with label ထ - ထူးမြတ်. Show all posts

Friday, October 10, 2008

[Htoo Myat] 1 New Entry: စိတ်ကမ္ဘာမှ Blog post.

စိတ်ကမ္ဘာမှ Blog post.

တစ်ချက် ကြိုပြောထား ချင်တာက ကျနော်ဟာ ကျနော့်ရဲ့ တစ်ချိန်လုံး တွေးတောနေတတ်တဲ့ အကျင့်ကနေ ထွက်ပေါ်လာတဲ့ အယူအဆလိုလို၊ ယုံကြည်မှုလိုလို တစ်ခုကို ကျနော် တင်ပြတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော့် ယူဆချက်တွေကို ပေါင်းစပ်ထားတဲ့ အယူအဆကြီးတစ်ခု ဖြစ်ပါတယ်။ လွပ်လပ်စွာ ကွဲလွဲမှုတွေလည်း ရှိကြပါလိမ့်မယ်။


လူသား မျိုးနွယ်တွေရဲ့ တိုးတက်မှု အမြင့်ဆုံး အဆင့်ကို ရောက်ရှိလာ ပြီးတဲ့အခါမှာ လူသားတွေရဲ့ အစေခံများ ဖြစ်ကြတဲ့ စက်ရုပ်တွေရဲ့ တော်လှန် ပုန်ကန်မှုကြီးနဲ့ တိုးပါတယ်။ ပုန်ကန်မှုကြီးမှာ စက်ရုပ်တွေ အနိုင်ယူသွားတဲ့ နောက်ပိုင်းမှာ လက်ကျန် လူသားတစ်ချို့က ကမ္ဘာ့မြေကြီး ထဲမှာ ၀င်ပုန်းနေကြရတဲ့ အခြေအနေအထိ ရောက်သွားပါတယ်။

လူသားတွေ ပြုသွားတဲ့ မီးခိုးငွေ့တွေကြောင့် ကမ္ဘာ့လေထုထဲ မှောင်မှိုင်းနေပြီး နေရောင်ချည် မရနိုင်တော့ဘူး ဖြစ်နေပါပြီ။ အဲဒီအခါ နေရာင်ချည် စွမ်းအင်သုံး စက်ရုပ်တွေဟာ စွမ်းအင် မရနိုင် ဖြစ်လာတဲ့အခါ စွမ်းအင်ကို လူသားထဲကပဲ ပြန်ထုတ်ယူဖို့ ဆုံးဖြတ်ပါတယ်။ နောက် လူသားတွေကို ပြန်ဖမ်းပြီး ဖန်ပေါင်းချောင်တွေထဲ ထည့်ကာ စွမ်းအင် ထုတ်ယူခဲ့ကြပါတယ်။

ဒါပေမဲ့ အဲလို လှုပ်ရှားမှု မရှိတဲ့ လူသားတွေ ဆီကနေ စွမ်းအင် အနည်းငယ်သာ ထုတ်ယူနိုင်တဲ့အတွက် လူသားတွေရဲ့ စိတ်ကို ပုံမှန်အတိုင်း လှုပ်ရှားနေ စေရအောင် Matrix ဆိုတဲ့ Programmed ကမ္ဘာတစ်ခုကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်တွေနဲ့ တိုက်ပွဲ မဖြစ်ခင်၊ မပျက်စီးသေးခင်က ကမ္ဘာ ပုံစံပေါ့။ လူတွေရဲ့ ခန္ဒာကိုယ် အစစ်ဟာ ဖန်ပေါင်းချောင် ထဲမှာပဲ ရှိနေပြီး လူတွေရဲ့ စိတ်ဟာ အဲဒီ Matrix ထဲမှာပဲ ကျင်လည်နေခဲ့တဲ့ နောက်မှာ အဲဒီ သူတို့ နေနေတဲ့ Matrix ကိုပဲ ကမ္ဘာအစစ်လို့ ထင်လာကြပါတော့တယ်။

... ... ...


အခု ကျနော်တို့ နေနေတဲ့ ကမ္ဘာကြီးဟာလည်း အတုလား အစစ်လား?

Matrix ရဲ့ Neo ဆိုတဲ့ ဇာတ်ကောင်နဲ့ သူ့ မိတ်ဆွေတွေဟာ Matrix ဟာ တည်ဆောက်ထားတဲ့ စိတ်ကမ္ဘာ အတုအယောင် ဆိုတာကို နားလည်သွားတဲ့ နောက်မှာ အဲဒီထဲက program သွင်းထားတဲ့ ဘောင်တွေ၊ အတိုင်းအတာတွေကို ချိုးဖောက်လာနိုင် ခဲ့ကြပါတယ်။

ကျနော် စဉ်းစားမိတာက၊ ခများတို့ ကျနော်တို့ရဲ့ သမိုင်းတွေမှာလည်း အဲလို သတ်မှတ် အတိုင်းအတာကို ချိုးဖောက် နိုင်ခဲ့ကြတဲ့ လူသားတွေ အများကြီး ရှိခဲ့ကြပါတယ်။ သူတို့ဟာ Matrix ကို နားလည်သွားကြလို့ များလား..?

ဘာသာပေါင်းစုံက ဘုရားတွေ၊ တမန်တော်တွေ ပြောနေခဲ့ကြတဲ့ လွတ်မြောက်ရာ ကောင်းကင်ဘုံ ဆိုတာဟာ ကျနော်တို့ရဲ့ ပျက်စီးခဲ့ပြီးသော ကမ္ဘာအစစ် မဖြစ်နိုင်ဘူးလား။ ကျနော်တို့ လူ့ဘောင်မှာ ရှိနေသမျှ အရာတွေဟာ အတုအယောင်တွေပဲ လို့ ပြောခဲ့တာဟာ အဲဒီ ဘုရား ကိုယ်တိုင်က လက်ရှိ ကျနော်တို့ နေထိုင်နေသော ကမ္ဘာဟာ စိတ်ကမ္ဘာမှန်း ရှာတွေ့ ခဲ့တယ်လို့ ယူဆနိုင်မယ်။

ရေပေါ် လမ်းလျှောက်တယ်၊ ဈာန်ကြွတယ် စသည်တို့ဟာ အိန္ဒိယမှာ မီးနင်းသလို၊ ဆူးပေါ်မှာ အိပ်ပြသလို တကယ် ဖြစ်နိုင်ခဲ့တဲ့ အရာတွေ ဖြစ်နိုင်ပါလိမ့်မယ်။ သူတို့ဟာ ဒီ စိတ်ကမ္ဘာရဲ့ ဖန်တီးထားတဲ့ အခြေခံ သဘောကို မြင်တွေ့ခဲ့ကြလို့ အဲဒါကို ရိုက်ချိုးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အားနည်းချက် အနေနဲ့က၊ သူတို့သည် ဒါဟာ စိတ်ကမ္ဘာ ဆိုတာကို သဘောပေါက် နားလည်ခဲ့ပြီး ဖြစ်သော်ငြားလည်း ရုပ်ကမ္ဘာကို သေချာ ရှာတွေ့ခဲ့ကြပုံ မပေါ်ဘူးလို့ မှန်းတယ်။

ကျနော်တို့ရဲ့ လက်တွေ့ဘ၀ဟာ ဒီ ရုပ်ရှင်အတိုင်း ဖြစ်ခဲ့တာလို့ ကျနော် မပြောလိုပါဘူး။ ကျနော်တို့ အခုအချိန် အမြင့်ဆုံး တွေ့ရှိနိုင်တာဟာ ကျနော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ တမင်တကာ တည်ဆောက်ထားတဲ့ စိတ်ကမ္ဘာ အတုအယောင် ဆိုတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ကို ဒီစိတ်ကမ္ဘာအတု အယောင်ထဲ ဘယ်သူက ဘာကြောင့် ထည့်ထားရတာလဲ... ကျနော်တို့ ဒီ စိတ်ကမ္ဘာကြီးထဲကနေ ထွက်သွားရင် မှန်းဆထားသလို အပြင်မှာ ရုပ်ကမ္ဘာ တစ်ခုရော ရှိနေပါ့မလား။ ကျနော်တို့ရဲ့ ခန္ဓာကိုယ် အစစ်ရော ရှိနေပါ့မလား... ဒါမှမဟုတ် ဒီကမ္ဘာဟာ ရုပ်ခန္ဒာကို အစစ်နဲ့ ကျင်လည်ရတဲ့ စိတ်ကမ္ဘာကြီးများလား...

သေချာတာကတော့ ဘုရားဆိုတာဟာ အတွေးအခေါ် ပညာရှင်များကို ကျနော်တို့က ကိုးကွယ်ရာလို့ သတ်မှတ် ခဲ့ကြတယ်လို့ ဆိုနိုင်တယ်။

... ... ...

အရာအားလုံး တကယ်မရှိဘူး၊ program သွင်းထားတယ်လို့ ပြောတာဟာ ကျနော့် ထင်မြင် ယူဆချက်နဲ့ ပြောတာ မဟုတ်ပါဘူး။ အကျယ်တ၀င့် ရှင်းပြပါမယ်။

တကယ်တော့ အခု ဒီစာကို ရေးနေတဲ့ ကျနော်၊ ခများ ဒီစာကို တဆင့် ဖတ်နေတဲ့ ကွန်ပျူတာ နှစ်ခုလုံးဟာ ခများ ထိနိုင်ကိုင်နိုင် ခံစားနိုင်တယ်လို့ ခများ ထင်နေသော်ငြားလည်း တကယ် မတည်ရှိပါဘူး။ ခများ ထိနိုင် ကိုင်နိုင်ပါတယ် ဆိုတာကိုက program ဆွဲထားတာ ဖြစ်ပါတယ်။ ခများ အဲဒါကို ထိနေ ကိုင်နေတဲ့ ခများ လက်ချောင်းတွေအပြင် ခများ ခန္ဓာကိုယ်ကြီး ကိုယ်တိုင်ကိုက၊ ခများ စိတ်ကလွဲရင် အကုန်လုံးဟာ တကယ် တည်ရှိမနေပါဘူး။

Program သွင်းထားတာ မဟုတ်ပဲ တကယ် တည်ရှိတယ်ဆို ခများနဲ့ ကျနော်နဲ့ဟာ အရာဝတ္ထု တစ်ခုကို တစ်မျိုးတည်း မြင်ရမှာ ဖြစ်တယ်။ ကျနော်တို့ တစ်ဦးချင်းစီအတွက် Program သွင်းထားတာ တွေကိုက မတူကြဘူး။ နီညိုရောင် ကျောက်တုံး တစ်တုံးဟာ တကယ် တည်ရှိနေခဲ့မယ်ဆို ကျနော့်ကိုမေးရင် အနီရောင်၊ ခများကို မေးရင် အညိုရောင်လို့ နှစ်မျိုးဖြေစရာ ဘာအကြောင်းမှ မရှိပါဘူး။

အိမ်တစ်အိမ်ကို ကြည့်ရင် ကျနော်က ကြီးတယ်လို့ ဖြေမယ်၊ ခများက သေးတယ်လို့ဖြေတယ်။ ဘာလို့လဲဆိုတော့ အိမ်ဟာ တကယ် မတည်ရှိနေခဲ့ပဲ ကျနော့်အတွက် Program ကို တစ်မျိုး သွင်းပေးထားပြီး ခများအတွက်က တစ်မျိုး သွင်းထားလို့ ကျနော်တို့ ဒီလိုမြင်နေကြတာ ဖြစ်တယ်။ ခများကို ကျနော်ကြည့်ပြီး ကျနော်က ရုပ်ဆိုးတယ်လို့ မြင်ရင်တောင် ခများချစ်သူက ခများကို ကြည့်ကောင်းတယ်လို့ မြင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခများဟာလည်း တကယ် တည်ရှိနေတာ မဟုတ်လို့ပါပဲ။

... ... ...

ထိုနည်းတူပဲ ခများတို့ ကျနော်တို့ကို Program သွင်းရာမှာ အတိုင်းအတာတွေနဲ့ သွင်းထားပါတယ်။ ခများ ခုန်နိုင်တဲ့ အမြင့်ဆုံး ပမာန၊ ပြေးနိုင်တဲ့ အမြန်ဆုံး အရှိန်၊ စသဖြင့်ပေါ့။ ဒါတွေဟာ ခများကိုယ်တိုင် ကိုက Program နဲ့ ကန့်သတ်ထားတာလို့ မမြင်ဘဲ ခများ တတ်နိုင်တဲ့ အမြင့်ဆုံး အတိုင်းအတာတွေလို့ ခများ သတ်မှတ် ယုံကြည်ထားခဲ့တယ်။ Program သွင်းထားတဲ့ လူတွေကတော့ Program ကို ကြောင်သွားအောင် တိုက်ခိုက်တဲ့ နည်းနဲ့ ချိုးဖောက်ခဲ့ကြတယ်။

ဗုဒ္ဓဘာသာ အလိုအရ တရားထိုင်တာဟာ Program ကို ကြောင်သွားအောင် လုပ်တဲ့ နည်းစံနစ် တစ်ခုလို့ မြင်တယ်။ မသိစိတ်နဲ့ အလုပ်လုပ်ဖို့ရာ အခြေခံ Program က ခန့်ခွဲထားတဲ့ အသက်ပုံမှန်ရှုခြင်း စံနစ်ကို အသိစိတ်နဲ့ တမင်တကာ လုပ်လိုက်တယ်။ အဲလို လုပ်နိုင်လိုက်တဲ့ အချိန်မှာ မသိစိတ်နဲ့ သိစိတ်နဲ့ဟာ တစ်ခုတည်းလို ဖြစ်သွားပါတယ်။ အဲလိုနဲ့ လူတွေက မခိုင်းစေနိုင်တဲ့ မသိစိတ်ကိုပါ သိစိတ်ကဲ့သို့ ခိုင်းနိုင်လာပါတယ်။ မသိစိတ်ရဲ့ ကျယ်ပြန့်တဲ့ စွမ်းအား၊ သို့မဟုတ် ပျက်စီးသွားတဲ့ Program ဟာ သာမာန် လူတွေ မလုပ်နိုင်ဘူးဆိုတဲ့ အရာတွေကို လုပ်နိုင်သွား ပါတော့တယ်။

ဒါဟာ နည်းစံနစ် တစ်ခုတည်းပါ။ များသောအားဖြင့် အခု နောက်ပိုင်းမှာတော့ ကိုယ်ပါ အောင်မြင်ပြီး မိုးတွေ ဘာတွေ ပျံတာ မတွေ့ရတော့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ အောင်မြင်ကြတာတွေပဲ တွေ့ရတာ များပါတယ်။ အစွမ်းရှိတဲ့ Program ဟာ တခြားလူပေါင်း များစွာကို Virus တစ်ခု ပြန့်သလို စည်းရုံး လှုံ့ဆော်နိုင်ခဲ့တာတွေ နိုင်ငံ့ခေါင်းဆောင် အချို့မှာ တွေ့နိုင်တယ်။ Program က ကန့်သတ်ထားပြီး ပေးမသိတဲ့ ရှေ့ဖြစ်လာမဲ့ အရာတွေကို ဖောက်ပြီး ကွက်တိ ကြိုသိတာတွေ ရှိခဲ့တယ်။

အရက်သောက်ခြင်းလို အရာမျိုးကလည်း Program ကို အနည်းငယ် ကြောင်အောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အဲလို ကြောင်တာဟာ ခများရဲ့ ခန္ဒာကိုယ် တစ်ခုလုံးက မကြောင်ပဲ စိတ်ပိုင်းဆိုင်ရာပဲ ခေတ္တကြောင်သွားတဲ့ အခါမှာ ဟာသ တစ်ခုထဲကလို... အရက်မူးပြီး တိုက်ခေါင်မိုးပေါ် ကနေ ငါ မိုးပျံပြမယ် ဆိုတာမျိုး လုပ်တာတွေ ဖြစ်လာ ပါတော့တယ်။

... ... ...

သေချာတာက ကျနော်တို့ဟာ အခုမှ ကျနော်တို့ နေနေတဲ့ ကမ္ဘာဟာ ရုပ်ကမ္ဘာ အတုယောင်၊ တကယ် မတည်ရှိတဲ့ စိတ်ကမ္ဘာဆိုတာကို နားလည်ရုံပဲ ရှိနိုင်ကြပါသေးတယ်။ ဒီကမ္ဘာထဲကနေ အမှန်တကယ် ထွက်နိုင်ဖို့ အချိန် တော်တော်ယူပြီး လေ့လာကြရဦးမယ်လို့ ယူဆမိတယ်။ အဲလို မထွက်နိုင်သေးခင် ကာလမှာ ကျနော်တို့ နားလည်ထားပြီး သူတွေဟာ ကိုယ့်ကို အသုံးချဖို့ ဖန်တည်းထားတဲ့ Program ကို ကိုယ့်အတွက် ပြန်အသုံးချ နိုင်ပါတယ်။

ခများရဲ့ Program ကို ချိုးဖျက်ခြင်းနည်းနဲ့ ဒီလောကမှာ အောင်မြင်မှု ရနိုင်ပါတယ်။ Program ကို ချိုးဖျက်နိုင်တဲ့ နည်းတွေမှာ ကျနော် ဗုဒ္ဓဘာသာက နည်းကိုပဲ နည်းနည်း သဘောပေါက်သလို ရှိပါသေးတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အခြားနည်းလမ်းတွေ အများကြီး ရှိပါလိမ့်ဦးမယ်။

ဒီကမ္ဘာပေါ်ကနေ သတင်းအစအန မရပဲ ပျောက်ကွယ်နေတဲ့ လူတွေ ရှိကြပါတယ်။ ကမ္ဘာ အနှံ့အပြားမှာ အများကြီးပါပဲ။ သူတို့ ဘယ်ကိုရောက်နေတယ် ဆိုတဲ့ အကြောင်းအရာဟာလည်း နောက်ပိုင်း စိတ်ကမ္ဘာကို နားလည်လာပြီး လွတ်မြောက်ဖို့ ကြိုးစားကြတဲ့ ခေတ်ဦးမှာ လေ့လာစရာ ဖြစ်လာပါလိမ့်မယ်။ သို့သော်ငြားလည်း လူများစုကတော့ ဒီစိတ်ကမ္ဘာထဲကနေ ထွက်ဖို့ကို စိတ်ပါဝင်စားမှုရှိမယ်မဟုတ်ပါဘူး။

ထူးမြတ်

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Thursday, October 9, 2008

[Htoo Myat] 2 New Entries: 200 posts!!!

200 posts!!!


ကျနော် ပိုစ့်တည်းဖြတ်ဖို့ Edit posts ဆိုတာကို ၀င်ကြည့်ရင်းမှ ပိုစ့် စုစုပေါင်း ၂၀၀ ပြည့်သွားပြီ ဆိုတာကို သတိထားမိတယ်။ ရေးလာတဲ့ သက်တမ်းနဲ့စာရင် ပိုစ့်ပေါင်း ၂၀၀ ဆိုတာဟာ အင်မတန်မှ နည်းလွန်းလှပါတယ်။ ကျနော် စာမရေးနိုင်တဲ့ ကာလတွေ၊ ပြတ်တောင်း ပြတ်တောင်း ပို့စ်တင်တဲ့ ကာလတွေ၊ ဗဟုသုတ ရစရာလေး၊ ပညာဖြန့်ဝေမှုလေး၊ ဟာသတွေ၊ အရည်မရ အဖတ်မရတွေ၊ တင်ချင်တာတွေ တင်ခဲ့ပြီး ၂၀၀၆ ဇူလိုင် လကုန်ကနေ အခုချိန်အထိ ထူးမြတ် Blog အနေနဲ့ ရပ်တည်လာနိုင်အောင် ဖတ်ရှုအားပေးခဲ့ကြတဲ့ စာဖတ်သူများ comment ပေးခဲ့ကြသူများ၊ ကျနော် Blog စတင်လုပ်စဉ် ၂၀၀၅ ခုနှစ်တုန်းက ကျနော့်ကို အစစ အရာရာ ကူညီပေးခဲ့ ကြတဲ့ senior blogger များ၊ ရေးဖြစ်အောင် အားပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ဒီ Blog ပေါ်မှာ စာရေးခဲ့တဲ့ အရှိုန်နဲ့ပဲ ကျနော်ဟာ ၀တ္ထုတိုလေးတွေ စရေးလာခဲ့ပါတယ်။ ဒီ Blog ပေါ်မှာ တင်ရင်း နဲ့ပဲ ကျနော်ဟာ ၀တ္ထုတို Blog တစ်ခုကို ၂၀၀၈ ခုနှစ် မတ်လ ၁ ရက်နေ့ကနေ စတင်ခဲ့ပါတယ်။

http://htoomyat-shortstories.blogspot.com/


ကျနော့်ရဲ့ မှန်မှန် မရေးနိုင်တဲ့ အားနည်းချက်ကြောင့်
ကျနော့်မှာ အမာခံ ပရိတ်သတ်နဲ့ ပုံမှန် ပရိတ်သတ် မရှိ သော်ငြားလည်း ကျနော့်ဆီကို မျက်စေ့လည် လမ်းမှား ၀င်လာမိအောင် ကူညီပေးခဲ့တဲ့ ညီအစ်ကို မောင်နှမ ဘလော့ဂ်များကိုလည်း ကျေးဇူးတင်ရှိပါတယ်။

ဒီ သက်တမ်း အတွင်းမှာ၊ ဒီဘလော့ဂ်မှာ ကျနော် တစ်ယောက် နှစ်ယောက်ကို ဒေါသနဲ့ တုံ့ပြန်ဖူးတာ ရှိခဲ့မယ် ထင်တယ်။ ကျနော်ဟာလည်း လူသား တစ်ယောက် ဖြစ်တဲ့အတွက် အဲလို ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဘာမှ ရှင်းလင်းချက် ပေးစရာ မလိုဘူးလို့ပဲ ထင်ပါတယ်။ ကျနော် မလုပ်တဲ့ ကိစ္စအတွက် စွပ်စွဲခံရတာမျိုးလည်း ရှိခဲ့တယ်။ ကျနော့်ပိုစ့်တွေကို တခြားနေရာမှာ ဖော်ပြခံရတာကတော့ အရမ်းနည်းခဲ့သော်ငြားလည်း ရှိခဲ့ကြောင်း မှတ်တမ်းတင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သင့်မှာ ဘယ်လို အကျင့်စရိုက်တွေ ရှိလဲ

၂၀၀၅၊ နိုဝင်ဘာ၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ၀င်းကိုကို တင်ပြတာ ဖြစ်ပါတယ်။


ကျနော့်အနေနဲ့က ဗေဒင်ဆို စိတ်ချမ်းသာအောင် ဟောတဲ့ ဗေဒင်ပဲ ယုံပါတယ်။ ဒါမျိုးလေးတွေလည်း ဘာပဲ ပြောပြော အပျင်းပြေ အနေနဲ့ သဘောကျပါတယ်။ ဒီဟာလေးကို ကျနော့် မွေးနေ့နဲ့ စမ်းကြည့်တာ မှန်သလိုလို ဖြစ်နေလို့ အားလုံးကိုလည်း share လုပ်လိုက်တာပါ။

ဖူးငုံ ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များ အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဗေဒင်ဟောပြောမှု ပုံစံများကို တင်ဆက်ပေးနေရာ၊ ဒီလမှာတော့ မွေးနေ့အလိုက် တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ တင်ပြပေးလိုက်ပါတယ်။

ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်


၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့် ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။


၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။


၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့် ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။


၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ် ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။


၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။


၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့် ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ် သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့် ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။


၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့် အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ ဖြစ်သည်။


၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Wednesday, October 8, 2008

[Htoo Myat] 1 New Entry: ကြုံခဲ့ရ နဗနဘဝ

ကြုံခဲ့ရ နဗနဘဝ

Native Myanmar Forum မှာ ကို နဗနက Myself နာမည်နဲ့ ရေးခဲ့ပြီး Member တိုင်းက မျှော်လင့် စောင့်စား ဖတ်ရှု ရင်ခုန်ခဲ့ကြတဲ့ Myself topic က ပိုစ့်တွေကို အခုတော့ Blog ပေါ်မှာ တစုတဝေးတည်း၊ အစီအစဉ် တကျ ဖတ်ရှုနိုင်ကြပြီ ဖြစ်ပါတယ်။

ကျေးလက်တောရွာ ရနံ့လေးသင်းပြီး ဟာသနှောတဲ့ ကြုံခဲ့ရ နဗန ဘ၀၊
ပျော်စရာ၊ လွမ်းစရာနဲ့ ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းတွေ အပါအ၀င်၊
ခေတ်တစ်ခေတ်ရဲ့ ရုပ်ပုံကားချပ်ကိုပါ ဗဟုသုတ ရစရာ ခပ်ရေးရေး မြင်ရနိုင်တဲ့...

http://navana07.blogspot.com/

စဖတ်တော့မယ်ဆို side bar မှာ အစဉ်လိုက် ဖတ်နိုင်ပါတယ်။
နောက်ပြီး သတိထားပါ။ ပိုစ့်တွေ အားလုံး မကုန်မချင်း ခများ ကွန်ပျူတာရှေ့က ထချင်မှာ မဟုတ်လို့ပါပဲ။ :)

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Tuesday, October 7, 2008

[Htoo Myat] 1 New Entry: ထူးမြတ် ပထမဆုံး ရဲဖမ်းခံရခြင်း

ထူးမြတ် ပထမဆုံး ရဲဖမ်းခံရခြင်း

ပထမဆုံးတွေ ရေးရင်းနဲ့ ပထမဆုံး ရဲဖမ်း ခံခဲ့ရတဲ့ အကြောင်းလေးကို နည်းနည်း အကျယ်တ၀င့် ရေးချင်စိတ် ပေါက်လာတယ်။ ကျနော့်ဘ၀ သက်တမ်းမှာ လှည်းတန်းဆိုတဲ့ နေရာဟာ ကိုယ့်အိမ် ကိုယ့်ယာနဲ့ မခြားခဲ့ပါဘူး။ ကျနော် အဲဒီ တက္ကသိုလ် ရိပ်သာလမ်းမှာ နေခဲ့တုန်းက ကျနော် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းကို လမ်းလျှောက် တက်ပါတယ်။ အဲဒီတုန်းက မမစိမ်းက ကားလေးနဲ့ပြန်တော့ ဓနရှင်ဆိုပြီး စွဲချက်တင်လိုက်သေး။ ဒါပေမဲ့ သူကားနဲ့ ပြန်တဲ့ လမ်းကနေလည်း လှည့်လှည့်ပြန်မိသေးတာ... ဟားဟား...

ကျနော်တို့ ကျောင်းက ၂နာရီ ခွဲလောက် လွှတ်ပြီဆို (အင်း... ဟုတ်မယ်ထင်တယ်၊ မေ့တေ့တေ့ပဲ) ကျနော် အိမ်ကို လမ်းလျှောက်ပြန်မယ်။ ဘယ်လောက်မှမကြာပဲ ခဏဆို ရောက်သွားပြီးတဲ့နောက် ကျနော် အ၀တ်အစားလဲပြီး လှည်းတန်းကို လမ်းလျှောက် ထွက်ပြန်ပါတယ်။ ကျနော် တကယ်ဆို ကျောင်းဝတ်စုံနဲ့ပဲ လှည်းတန်းကို သွားလည်း ရတော့ ရပါတယ်။ ဒါပေမဲ့ အဲဒီတုန်း တခါတလေ အဖွားဆီကနေ ပိုက်ဆံ တောင်းတောင်းသွားတတ်လို့ ထင်တယ်။

ကျနော် အိမ်အရင်ပြန်ပါတယ်။ နောက်မှ တီရှပ်လေး၊ ဘောင်းဘီတိုနဲ့ ခေါက်ထီးအမဲလေး ကိုင်ပြီး လူကောင်ကြီးကြီး ကလန်ကလားနဲ့ လှည်းတန်းကို ပလက်ဖောင်း ဘေးက သစ်ပင်တန်း ကြားထဲကနေ လျှောက်ပါတယ် (အဲဒီမှာ လမ်းလျှောက်ဖူးတဲ့ လူတွေဆို အဲဒီ သစ်ပင်ကြားက လူလျှောက်လမ်းလေးကို မှတ်မိကြမှာပါ၊ ပလက်ဖောင်း ရှိနေရဲ့သားနဲ့ ဘာလို့ အဲဒီကနေ လျှောက်ကြလဲ ဆိုတာ ကျနော်လည်း မသိဘူး။ တော်တော်တော့ လျှောက်လို့ကောင်းတယ်)

အဲဒီတုန်းက လှည်းတန်းမှာ INFO တို့လို အပြင်အဆင် ကောင်းကောင်းနဲ့ ဆိုင်တွေ ရှိတယ်၊ ဆက်လျှောက်ရင် ၁၂ လုံးတန်းအထိပဲ။ ကျနော် ကစားတာကတော့ ပြည်မြန်မာ ကုန်တိုက် (အခုခေတ် လူငယ်တွေဆို လှည်းတန်း စင်တာပဲ သေချာ သိတော့မယ်ထင်တယ်၊ ကျနော် သွားသွား ဆော့နေတုန်းက အဲဒါကြီး ဆောက်လို့ မပြီးသေးပါဘူး။ မြေကြီးပေါ်ကတောင် မတက်သေးဘူးထင်ပါတယ်။) လှည်းတန်း စင်တာဘေးက ပြည်မြန်မာ ကုန်တိုက်ရဲ့ ဘေး ကျူရှင် တွေအများကြီး ရှိတဲ့ တိုက်ကြီးက Power ဆိုတဲ့ ဂိမ်းဆိုင်ပိစိလေးပါ။

အဲဒီနေ့က ကျနော် ပုံမှန်နေ့တစ်နေ့ လိုပဲ ဖြတ်သန်းပါတယ်။ လှည်းတန်းမှာ မျဉ်းကြားက မကူးရင် ဖမ်းတယ် ဆိုတာကို ကျနော် အမြဲတမ်း သတိရှိခဲ့ပါတယ်။ ဒါပေမဲ့ မျဉ်းကြား နှစ်ခုလုံးဟာ အလွန် ဝေးလံတဲ့ ဒေသတွေမှာ ရှိနေတော့ ကျနော် လမ်းဆုံမှာဆို အရိပ်အခြေ ကြည့်ပြီး ကူးဖြစ်တာ များပါတယ်။ အဲဒီနေ့မှ ကျနော် လမ်းဖြတ် ကူးနေရင်း လက်လာဆွဲတာ ခံလိုက်ရပါတယ်။ ကျနော် မှတ်မိသလောက်ဆို ကျနော် ဖြတ်ကူးတဲ့ အလယ်မှာ ပန်းခြံလေး ရှိတယ်။ အဲဒီ ပန်းခြံရဲ့ တ
က္ကသိုလ် ရိပ်သာ လမ်းဖက်ခြမ်းမှာ အဆွဲခံလိုက်ရပါတယ်။ စစခြင်း အရပ်ဝတ်ကနေ နောက် ယူနီဖောင်းတစ်ယောက်က လာဆွဲပါတယ်။ ကျနော်တို့ ခေါ်ခေါ်နေတဲ့ ဘဲဥပေါ့။ ဘဲဥ ဦးထုပ် ဆောင်းထားတာ ဖြူဖွေးနေတာပဲ။

ဒိုင်နာကားပေါ် ရောက်တော့ ယဉ်ထိမ်း ရဲမေလည်း ပါတာကိုး... ကျနော် လမ်းမှာ တစ်လမ်းလုံး ပြောလာတယ်။ ပုခုံးဖက်ပြီး ခေါ်လာတုန်းက၊ ကျနော်ဟာ ကျောင်းသားပါ။ ကျနော် ၈တန်းပဲ ရှိပါသေးတယ်။ အကိုတို့ ဖမ်းလည်း ကျနော့်မှာ ဒါဏ်ငွေ ဆောင်စရာမရှိပါဘူး ဆိုတာကို... အဲဒီ ပုလိပ်ကလည်း မယုံဘူးဗျာ... ကျနော် ၈တန်း ဆိုတာကို၊ ဇွတ်အတင်းကြီး ခေါ်တင်တော့တာပဲ။

နောက် ကားပေါ်ရောက်တော့ သူက အဆင်းနေရာရဲ့ ခုံတန်း အစွန်မှာ ယဉ်ထိမ်းရဲနဲ့ ရဲမေ ပိတ်ထိုင်ထားတယ်။ ကျနော့် မျက်စောင်းထိုးမှာ ရှိနေတဲ့ ယဉ်ထိမ်းရဲကို ကျနော်က ပိုက်ဆံမရှိကြောင်း နားညီးအောင် ပြောမိတယ်။ နောက် ဘာဆက်ဖြစ်မယ် ဆိုတာမေးတော့ စခန်းကို လိုက်ခဲ့ပြီး ဒါဏ်ငွေ ၂၀၀၀ ဆောင်ရမတဲ့... ကျနော့်မှာက ရှိတာမှ ၃၀၀ ပဲ ရှိတာ... အဲဒါနဲ့ ပိုက်ဆံထုတ်ပြပြီး ဒါအကုန်ပဲ၊ ကျနော် ဘယ်လိုလုပ်ရမလဲ၊ ကျနော့် အိမ် ပိုက်ဆံ ၀င်ယူလို့ ရမလား စသဖြင့်ပေါ့။ သူက မရဘူးပဲ ပြောနေတော့ နောက်ဆုံး... ဒီတိုက်မှာ ကျနော်နဲ့ ခင်တဲ့ ဂိမ်းဆိုင် ရှိတယ်၊ ကျနော် အဲဒီကို လာတုန်း အဖမ်းခံရတာပါ။ ကျနော် လိုတဲ့ပိုက်ဆံ အဲဒီကနေ ချေးပြီး ပြန်လာပါ့မယ်လို့ ပြောလိုက်တယ်။

ဒီလူ့နှယ် သနားပဲ သနားသွားလား (ကျနော့်ပုံစံကြီးကတော့ ဘယ်လိုမှ သနားဖွယ် မကောင်းပါဘူး) နားပဲ ငြီးလာလားတော့ မသိ၊ အေး ပိုက်ဆံ ပြန်ယူဆိုပြီး လုပ်လိုက်တယ်။ ကျနော် မောင်ထူးမြတ်ကလည်း ရိုးသားလိုက် ပုံများကတော့ ဒါဆို ကျနော် ထီးထားခဲ့မယ်လေလို့ ပြောလိုက်သေးတယ်။ အဲဒါကို သူက မထားခဲ့နဲ့ ယူသွားတဲ့... ကျနော်က အဲဒါ ထူးဆန်းတယ် ထင်လိုက်သေးတယ်။ ထီးထားခဲ့မယ် ပြောတာကို ဘာလို့ ယူမထားတာလဲ လို့ပေါ့။

အဲဒါနဲ့ အဲဒီ တိုက်ပေါ် ပြေးတက်ခဲ့ပြီး ဂိမ်းဆိုင်ထဲ ရောက်တာနဲ့ ဆိုင်ထိုင်တဲ့ အကိုကြီးကို ပြောတာပေါ့။ ကျနော့်ကို ၂၀၀၀ လောက် ချေးပါ။ ကျနော် ပုလိပ်ကားနဲ့ မိလို့ ဒါဏ်ငွေ ဆောင်ရမယ်လို့ပေါ့။ အဲဒါ အဲဒီ အကိုကြီးက မင်းကို ဘယ်လို လွှတ်ပေးလိုက်တာတုန်းလို့ ပြန်မေးတယ်။ ကျနော်က ဒီကနေ ပိုက်ဆံယူပေးမယ် ပြောလို့ လွှတ်ပေးလိုက်တာလို့ ပြန်ပြောတာပေါ့။ သူက ထပ်မေးတယ်... သူတို့က မင်းဆီကနေ ဘာယူထားလိုက် ကြသလဲတဲ့... ကျနော်က ဘာမှမယူထားဘူးလို့ ပြန်ဖြေတော့... မင်းကလည်း တုံးပကွာ... ဘာလို့ ပြန်သွားဦးမှာလဲ လို့ ပြောလိုက်ရော...

အဲဒီတော့မှ ကျနော်လည်း သဘောပေါက်သွားပြီး အောက်ကို ပြူတင်းပေါက်လေးကနေ ချောင်းတယ်။ ကျနော် ထုံးစံအတိုင်း ၁ နာရီခွဲစာ ဂိမ်းဆော့တယ်။ နောက် တော်တော်နဲ့ ကျနော် မပြန်ရဲခဲ့ဘူး။ နည်းနည်း အမှောင်ကျလာမှ ကျနော် ကုပ်ကုပ်ကုပ်ကုပ်နဲ့ ပြန်ပါတယ်။ မျဉ်းကြားကနေ သေချာ ကူးပြီးတော့ပေါ့။

နောက်ထပ် တစ်ရက်နှစ်ရက်လောက်တော့ လေးလေးစားစား မျဉ်းကြားကနေ ကူးနေခဲ့ပါသေးတယ်။ နောက်ကျတော့လည်း စည်းကမ်းပြည့်ဝသော မြန်မာနိုင်ငံသားလေး ပြန်ဖြစ်သွားခဲ့ပါတယ်။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.