Showing posts with label TKLinn. Show all posts
Showing posts with label TKLinn. Show all posts

Friday, October 10, 2008

[A Splendid Rose's . . .] 1 New Entry: I love "Juu"

I love "Juu"

ဒီလ ၈ ရက်နေ့ မနက် ၁ နာရီခွဲမှာမှ ဂျူးရဲ့ ခု နောက်ဆုံး ထွက်ထားတဲ့ "သူမင်းကို ..ဘယ်တော့မှ" စာအုပ်ကို လက်ဝယ်ရပါတယ်။ အခြေအနေ အရပ်အရပ်ကြောင့် စာအုပ်ကို မြင်သာ မြင်ရမကြင်ရဖြစ်နေရင်း မနေ့က တော့ အချိန်ရသလောက်အတွင်းမှာ အေးငြိမ်းမေ အင်တာဗျူး မေးခွန်း နံပါတ် ၂ အထိ ဖတ်ဖြစ်ခဲ့ပါတယ်။

မေးခွန်း ၁ - မင်းဘ၀မှာ အရေးပါဆုံးလို့မင်းထင်တဲ့အချိုးအကွေ့တစ်ခု
မေးခွန်း ၂ - ဘ၀မှာ မင်းကိုယ်တိုင်ဖြေရှင်းခဲ့ရပြီး အောင်မြင်ခဲ့တဲ့ အခက်အခဲ ပြဿနာတစ်ခုအကြောင်း

တစ်ကယ်တော့ မေးခွန်း ၂ အထိတိုင် ကျွန်မစိတ်ကို ညှို့ငင်နိုင်စွမ်း သိပ်မရှိခဲ့သေးဘူး။

ဒီနေ့တော့ အချိန်ရခိုက် မှာ မြို့ထဲကို သွားတဲ့ ရထား အသွားအပြန် မှာ ဖတ်တာ ပြီးသွားတယ်။

ကျွန်မရဲ့ စိတ်နှလုံးကို စတင်ပြီး စွဲယူဖမ်းစား သွားခဲ့တာကတော့

မေးခွန်း အမှတ် ငါး - မိန်းမတွေ ပညာတတ်စေချင်တဲ့အကြောင်း၊ မိန်းမတွေ ဆင်ခြင်ဥာဏ်ရှိစေချင် တဲ့အကြောင်း ဆိုတဲ့ မေးခွန်းက စလို့ အဆုံးထိ စွဲခေါ်သွားနိုင်ခဲ့ပါတယ်။

ဖတ်ရင်းက ဆရာမ "ဂျူး"ကို ချစ်ခင် လေးစားတဲ့စိတ်တွေ ဖြစ်လာတယ်။

ဟုတ်တယ်.. ဒီလိုဖြစ်ရပ်တွေ .. ဒီလို အခြေအနေတွေ.. ဒီလို ကိစ္စတွေ.. ဒီဘ၀ ဒုက္ခတွေ.. ဆင်းရဲခြင်း ဆိုတဲ့ဟာ ကြောင့် ဖြစ်ခဲ့ရတဲ့ consequences တွေ ကို ကျွန်မတို့တွေ.. သိခဲ့မြင်ခဲ့.. လက်လှမ်းမီသလောက် ဖေးမခဲ့တယ်။ တစ်ကယ်ဆို သူ ရေးပြပြောပြသွားတာတွေဟာ ကျွန်မတို့ သိတဲ့ ကျွန်မတို့ knowledge ဘောင်တွင်းမှာ ရှိနေတဲ့ အရာတွေပါ။ ကျွန်မတို့မှာ .. သူ့လို မပြောပြနိုင်ခဲ့ဘူး။

ကျွန်မတို့တွေဟာ ဒီအလုပ်တွေကို ကိုယ်လုပ်နိုင်တဲ့ ဘောင်အတွင်းမှာပဲ လုပ်ခဲ့ပြီး ဆိုင်ရာကိုယ်ဆီ .. ကျွန်မတို့ အတ္တဟိတ တွေကို ဦးစားပေးခဲ့လိုက်ရတယ်။ ဒါပေမယ့် ကျွန်မတို့ သိခဲ့ပြီး မြင်ခဲ့ပြီး ခံစား တွေ့ကြုံ ခဲ့ရပြီးတဲ့ အဖြစ်တွေကို ကျွန်မတို့ဟာ .. စကား အဖြစ် အတွေ့အကြုံအဖြစ် ပြန်ပြောကြရုံမှ လွဲပြီး ဒီထက် ပိုကောင်းအောင်လုပ်ဖို့ ဆက်မတွေးဖြစ်ခဲ့ကြတော့ဘူး။

ဂျူးကို ချစ်တယ်။ ဂျူးကို ကြိုက်တယ်။

ဟိုးငယ်ငယ် .. "ခံစားမယ်" ဆိုတဲ့ အရွယ်တုန်းကလည်း အဲ့ ဒီ အရွယ်အလျောက် သူ့စာတွေကို ရင်ဘတ်နဲ့ နှလုံးသားနဲ့ မျက်ရည်စက်လက်.. နာနာကျင်ကျင်.. ဒေါသမှိုင်းဝေ့.. အံ့အားတသင့်.. စိတ်ဓါတ်တက်ကြွ စတဲ့ ခံစားမှု ရသစုံနဲ့ခံစားခဲ့ပြီးပြီ..

ဟုတ်ပြီ ကျွန်မတို့ နိုင်ငံကြီး.. ဒီလို အဖြစ်တွေနဲ့ ဆိုတဲ့ အခါမှာ.. ဂျူး ဟာ.. ဒါတွေကို စွဲ ထုတ်ပြနိုင်ခဲ့ပြီ။
ယုတ္ထိတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ.. ဒီလိုအဖြစ်မျိုး ဟာ ၁၀၀% မရှိဟု ငြင်းဆိုလိုမရဘဲ.. ဖြစ်နိုင်ချေ possibility ရှိသော ဇာတ်ဖြစ်သည့် အပြင်၊

သူ စွဲထုတ်ပြသွားတွေကို ကိုယ်တွေကိုယ်တိုင် မြင်သိကြားနာ ခဲ့ဘူးတဲ့ ကိစ္စရပ်တွေပဲ မို့.. ပရိတ်သတ်ကြီးကို သိပ်ကို ချပြသင့်တဲ့ ကိစ္စတွေပါ။

ခုချိန်မှာ .. ခံစားမှု တွေ အချစ် ဒဿနတွေထဲမှာပဲ ပျော်ဝင်နေမယ့်အစား .. ယခုလို.. အစစ်အမှန်တွေကို ဒီထက် ပိုချပြ နိုင်ပြီး.. ဒါကို လက်ခံနိုင်တဲ့ audience နဲ့ ဒါကို လက်ခံစေချင်တဲ့ audience တစတစ ကိုက်ညီတူမျှလာစေဖို့ တတ်နိုင်သလောက် ဆရာမ ကြိုးစားသွားမယ်လို့ မျှော်လင့်မိပါတယ်။

တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို "အေးငြိမ်းမေ"နေရာမှာ မြင်ယောင်လာတယ်။ ငါသာဆိုလည်း အဲလိုပဲ။ အဲ့လိုအချိန်မှာ ဘေးလူတစ်ယောက်အနေနဲ့တောင် ဘယ်လောက်ခံပြင်း ပေါက်ကွဲရ သလည်း အထူးသဖြင့်.. မနွေးခင် ကိစ္စ၊ တိုးတိုးနဲ့ မခင်ဆင့်...။ ကျွန်မ ရင်ကို အထိဆုံးပါပဲ။


ပုဒ်မ ၄၁၇ နှင့် မနွေးခင် ကိုခံစားခြင်း

ကျွန်မတို့တွေ တိုက်ပွဲဝင်ခဲ့ဘူးတယ်။ တိုက်ပွဲဝင်လို့မရတဲ့အခြေအနေနဲ့ ဖြစ်ရပ်တွေ ကြုံခဲ့ဘူး တယ်။

သိပ်ကြိုက်တယ်။ မြန်မာမှာယဉ်ကျေးမှုဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ ညံ့ဖျင်းသိမ်နုပ်မှုထဲက တစ်ခုက အဲ့ဒါပါပဲ။ တာဝန်မယူတဲ့ယောက်ျားတစ်ယောက်အတွက် တာဝန်ယူရဲတဲ့ လင်ကောင်မပေါ်ဘဲ ကလေးတစ်ယောက်ကို မွေးရဲ၊ ကျွေးရဲ၊ ပြုစုစောင့်ရှောက်ရဲတဲ့ မိခင်က.. ဒုက္ခ၊ အပစ်တင်မှု၊ ပစ်ပယ်မှု၊ အများသူငါ လက်ညှိုးထိုးမှုတွေကို နင်ကမြင်းတာ နင်တရားခံ ဆိုပြီး ခံခိုင်းတာပါပဲ။

ဘာလို့များ ကျွန်မတို့က ဒီလို မိခင် (Single Mother) တွေကို လောကအလယ်မှာ ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့၊ အားမာန်အပြည့်ရှိဖို့.. လက်တွဲလို့ မခေါ်ချင်ရတာလည်း။

တစ်ခုခုဆို.. ကောင်မက ဗိုက်တစ်လုံး အဖတ်တင်တာတောင်မမှတ်ဘူး ဆိုတဲ့ စကားလုံး ကြမ်းကြမ်းနဲ့ စိတ်ဓါတ်ညံ့ဖျင်း သိမ်နုပ်လွန်းစွာ.. discriminate လုပ်ပြီး ဆက်ဆံပြောဆိုချင်ကြတာ လည်းဆိုတာ..

ကျွန်မအမုန်းဆုံး မြန်မာ အသိုင်းအ၀ိုင်းပါ။ relationship တစ်ခုမှာ .. ဆန့်ကျင်ဘက် လိင် ၂ ယောက်ပြဿနာမှာ.. ဗိုက်ကြီးသွားရင်ပဲ.. မိန်းမတစ်ယောက်ထဲရဲ့ အပစ်တဲ့လား..။ ဘာလို့ မိန်းမ တစ်ယောက်ထဲက ခံရမှာလည်း။ ပြောင်းကြစမ်းပါ။ အတွေးအခေါ်တွေ ပြောင်းကြပါလို့ ကျွန်မတို့ လက်လှမ်းမီသမျှ ပြောပြပါတယ်။

ကျွန်မတို့ ရပ်တည်ပေးရမယ်။ ဖေးကူပေးရမယ်။ လက်တွဲခေါ်ရမယ်။ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အရေခြုံထားတဲ့ စိတ်ဓါတ် နုံနဲ့မှုတွေကို တိုက်ဖျက်ရမယ်။

ဆရာမဂျူးကို ကျေးဇူးတင်ပါတယ်။ မနွေးခင် ဇာတ်လမ်းမှာ.. မနွေးခင် သတ္တိဘက်က ရပ်တည် ပြခဲ့တဲ့အတွက်။

မခင်ဆင့်၊ အနီရောင်ကျောက်နားကပ် လေးနဲ့ .. တိုးတိုး

ဆင်းရဲမှုက တရားခံတဲ့လား။ လျှာပေါ်မြက်အပေါက်ခံမယ် ဒါမျိုးမလုပ်ဘူးဆိုတဲ့သူတွေ.. လျှာပေါ်မြက်မပေါက်ဘူး လို့ ပြောတယ် လို့ ဆိုချင်တယ်။ ဘ၀မှာ.. ထမရည်လေး တစ်ခွက်တောင် သောက်ဖို့ ခက်လာတဲ့အခါ.. လူတစ်ယောက်ဟာ ပြောင်းလဲသွားခဲ့တာ အပစ်တဲ့လား။

ဆေးရုံပေါ်မှာ ကိုယ်အလေးချိန်မပြည့်တဲ့ကလေးတွေ တစွတ်စွတ်မွေး၊ ရောဂါဖြစ်ရင်း.. ရေသန့်ဘူး အပိုင်းပြတ်လေး တစ်ခွက်သာတင်ထားတဲ့ နဘေး ဘီဒိုလေးကို ငေးနေတဲ့.. ကိုယ်ဝန်သည် နို့တိုက်မိခင်ရဲ့ နို့ပိန်လေးကို စွဲနေတဲ့.. တစ်တောင်လောက်တောင်မရှိတဲ့ ကလေးလေး .. ဒါတွေကို မြင်တုန်းတွေ့တုန်းမှာ.. ပတ်လည်ရိုက်.. ခံစား ကူညီပေးနိုင်ခဲ့ပေမယ့်. မမြင်မသိတော့တဲ့အခါ.. ကျွန်မတို့ ဝေးခဲ့တာပါပဲ။ အမရယ် ကလေး မယူပါနဲ့လား၊ ကလေး ကို မတားဘူးလားလို့ မသိသားဆိုးရွားစွာ.. ကိုယ်သိထားတဲ့ မတောက်တခေါက် အသိလေးနဲ့ မစာမနာ ပြောခဲ့တာတွေလေ..
အင်း နောက်ဆုံးတော့ ကိုယ်တွေလည်း အတ္တတည်ရာကို ထွက်ခွာလာခဲ့ကြတာပါပဲလေ။

ဒီအဖြစ်ဟာ စိတ်ကူးယဉ် ဂျူး မဟုတ်ပါဘူး။ တစ်ကယ် ကို ဒီလိုမျိုး တွေ ဒုနဲ့ဒေးရှိပါတယ်။ ဖေးမ ကြပါ လက်လှမ်းမီသ၍ပေါ့လေ။

စာအုပ်ကို ဖတ်ပြီးတဲ့ သူငယ်ချင်း ပီပီက ဒါကြောင့်ပြောတာ..

လုပ်ချင်တာ သိပ်များတဲ့ မိန်းမတစ်ယောက်ဟာ.. အိမ်ထောင်မပြုသင့်ဘူးတဲ့...

ကျွန်မကရော.. ကျွန်မကရော.. ဒီစာအုပ်ဖတ်အပြီးမှာ ကျွန်မ ရင်တွေ တလှပ်လှပ်တုန်ရီလာတယ်။
ကိုယ်ဘာများတတ်နိုင်မှာလည်း ဆိုပြီး ကျွန်မတို့ ခေါင်းခါမျက်နှာလွှဲခဲ့တာ..
ဘယ်နှဘ၀စာများရှိခဲ့၊ ရှိဆဲ၊ ရှိနေ ဦးမှာလည်း ဟင်..
ဒီလိုပဲ လူကြားကောင်းအောင်ပြောနေမယ့် စကားသံတွေကိုပဲ ပြောနေမိဦးမယ်ဆိုရင်.. မပြောသင့် တော့ဘူးလို့ လို့ စိတ်ပိုင်းဖြတ်လိုက်မိတော့တယ်။

စာအုပ်ဖတ်ရင်းတွေးမိတယ်...။ ကျွန်မရဲ့ အ၀ါရောင်ပန်းခင်းကြီးကတော့ ဟိုး တောအုပ်အစပ်မှာ.. တောင်ချိုးအကွေ့နား... ပြပြ.. ဝေးဝေး....

ဂျူးသို့ ချစ်ခင်လေးစားမှုဖြင့်
ထက်ထက်

မှတ်ချက် - မြန်မာစာအဖွဲ့က ခွင်ပြုထားတယ် ထင်တယ်။ ခု ဂျူးစာအုပ်မှာလည်း "သြော်" ဆိုတဲ့ အာမေဋိတ် "အော်" လို့ သုံးထားတယ်။ ကျွန်မကတော့ အဲ့လို ကို မကြိုက်ပါ။ "သြော်" ကိုပဲ အမှန်ထင်နေတုန်းပါပဲ။

You received this email because you are subscribed to the real_time feed for http://splendidrose.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

Monday, October 6, 2008

[A Splendid Rose's . . .] 1 New Entry: HOME

HOME

ဒီသီချင်းလေးကို ဘယ်သူဆိုသလဲ ရေးဖွဲ့ သလဲ သိချင်မိပါတယ်။ တော်တော်လေး လှပါတယ်။ blog တစ်ခုမှာ နားထောင်လိုက်ခဲ့ဘူးပြီး ခုမှ mail က သူများဆီက ရခဲ့တာပါ။ တော်တော်လေး ကောင်းပါတယ် ကျွန်မအတွက်ပါ။ ရေးဖွဲသူ၊ ဆိုတဲ့သူနဲ့ ပို့ပေးတဲ့သူကို ကျေးဇူးတင်ပါတယ်။

"အိမ်"

ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်
ရံရွေလယ်၊ ထည်ဝါစွာ ဆင်စွယ်နန်းအိမ်၊
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်၊
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်၊
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ၊
ကမ္ဘာမြေကိုဖြူစင်စွာ အကြင်နာမျှဝေ၊
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ၊
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ၊
အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ်၊
ကိုယ်တိုင် ငင် ၀ါချည်မျှင် ဖျင်တဘက်ရယ်...။

အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက် ရယ်...။

ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်။
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်။
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်..။
ချစ်မိတ်ဆွေ စည်းချက်ညီအတူတူကမယ်။

ကလေးလေးတွေ နွေးထွေးဖို့လေ။
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။

မြင့်မြတ်ခြင်း တွေ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...။

ရင်ခွင်မှာ ရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်
အဆောင်ယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီ ရာဇ၀င်လို ၀ိညာဉ် အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီ အိမ်..။

တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့အိမ် ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်...။

ကလေးလေးတွေ နွေးထွေးဖို့လေ။
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။

မြင့်မြတ်ခြင်း တွေ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...။

ထပ်ဖြည့်- သီဆိုတာ ဓိရာမိုရ် တဲ့။ နံမည်တော်တော်ကြီးပြီးသားလို့တော့ပြောပါတယ် ဒီသီချင်းက ကိုယ်က ခုမှ သိတာလေ။


You received this email because you are subscribed to the real_time feed for http://splendidrose.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.