Saturday, October 4, 2008

[မိုးလှိုင်ည] 1 New Entry: လွမ်းချင်း

လွမ်းချင်း


လူဘ၀ ရခဲတဲ့နှစ်များ

အသူရကာယ်ဘ၀ ရခဲ့တဲ့နှစ်များ

ပေတဘ၀ ရခဲ့တဲ့နှစ်များ

ဒေ၀ဘ၀ ရခဲ့တဲ့နှစ်များ

သုခီအတ္တာနံ ပရိဟန္တု ရခဲ့တဲ့နှစ်များ

သမီးတစ်၊ သားတစ် ရဲခဲ့တဲ့နှစ်များ

ဘာမှ မဖြစ်ချင်တော့ဘူး ရခဲ့တဲ့နှစ်များ

ရခဲ့တဲ့နှစ်များမှာ ပြဿနာကောင်

ရခဲ့တဲ့နှစ်များမှာ ကြောက်ချေးအိုး

ရခဲ့တဲ့နှစ်များမှာ ရှပ်ကီဘဲ

ရခဲ့တဲ့နှစ်များမှာ တစ်ကိုယ်ကောင်းသမား

ရခဲ့တဲ့နှစ်များမှာ ကလေး၊အရူး၊သဘင်သည်

ရခဲ့တဲ့နှစ်များမှာ ဘ၀တွေကူခဲ့

မိတ္တူတွေကူးခဲ့၊ ရေကူးပြိုင်ပွဲ ၀င်ကူးခဲ့

စာတွေချကူးခဲ့၊ ရောင်စုံဓါတ်ပုံတွေကူးခဲ့

မျက်စိနာနဲ့ တီဘီကူးခဲ့

မြစ်ကြီးငါးသွယ်၊ ပင်လယ်၊ သမုဒ္ဒရာကူးခဲ့

လမ်းမပေါင်းရာထောင်ကူးခဲ့၊ တံတားအစင်းစင်းကူးခဲ့

ဆန်းဆန်းပြားပြား စိတ်ကူးတွေကူးခဲ့

ကူးခဲ့သမျှဇာတ်လမ်း အခန်းခန်းမှာ

အိုး မိုင်ဂေါ့တွေနဲ့သာ တွေခဲ့ရ

နောက်ထပ် အိုး မိုင်ဂေါ့တွေနဲ့သာ ထပ်တွေ့ရ

အစားပြန်မရနိုင်တော့ဘူးလားကွယ်…။…..။


မောင်ပြည့်မင်း

ဖက်ရှင်မဂ္ဂဇင်း၊၂၀၀၀၆

(တစ်ယောက်ချင်းကဗျာစာအုပ်မှကူးယူဖော်ပြပါသည်)

ထိုစာအုပ်ကိုငှားရမ်းပေးတဲ့နေခြည်ကိုကျေးဇူးအထူးတင်ပါသည်

You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 1 New Entry: အစ်ကိုရဲ့ ဇနီး ( ၂ )

အစ်ကိုရဲ့ ဇနီး ( ၂ )

လေးသက်နွယ်

ကျမက အလှအပကို မြတ်နိးတယ်။ ကျမရဲ့ ချစ်သူနဲ့ အိမ်ထောင်ကျပြီး သူအိမ်ကိုလိုက်နေဖြစ်တာပေါ့။ သူက ရိုးသားတယ် ၊ ကြိုးစားတယ် ၊ အမေကိုလည်း ချစ်တက်တဲ့ သားတစ်ယောက်။ စီးပွားလည်း အရှာကောင်းတော့ ငွေကို ကျမတို့အနေနဲ့ ရေလို သုံးနိင်တဲ့ အဆင့်ရှိပါတယ်။ နောက်ပြီး ကျမက အနုပညာကို ၀ါသနာပါတယ်လေ။ သူဆီမှာ ညီတစ်ယောက်ရှိတယ် ဆိုပေမယ့် တခါတလေမှ ပဲတွေ့ရတယ် ။ လူကတော့ ရည်ရည်မွန်မွန်ပါပဲ။ ကျမယောင်္ကျားထက် အရပ်အနည်းငယ်ပုပေမယ့် ခပ်ချောချာမောမောပါ။ သူက အိမ်ကို ၁ လတခါလောက်မှ လာတယ်။ အမေလာရင် ကျမတို့ မိသားစု လေးယောက်ထမင်းအတူတူ စားနေကြပေါ့။ အဲဒီအချိန်ဆိုရင် သူလာပြီလေ။ သူနဲ့ကျမနဲ့က လူငယ်လည်း လူငယ်ဖြစ်ပြန် ၊ အနုပညာလည်း ၀ါသနာပါ ၊ လွတ်လွတ်လပ်လပ် နေထိုင်ရတာလည်း စရိုက်တူပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့........

ကျမ ယောင်္ကျား ကိုကိုကြီးက ကျမကို ကျွန်မတို့ ကလေးယူရအောင်တဲ့ ။ တကယ်ဆို ကျမက မလိုချင်သေးဘူး။ ကလေးယူရင် ကျမ အရင်လို မလှတော့မှာကို စိုးရိမ်တယ်လေ။ ကျမလွတ်လွတ်လပ်လပ် မနေရတော့ဘူး။ စားချင်တာ မစားရတော့ဘူး။ မိခင်စိတ်မရှိတာ မဟုတ်ပေမယ့် ကျမအနေနဲ့ စောသေးတယ်လို့ ထင်လို့ပါ။ အဲဒီနေ့က ကျမနဲ့သူနဲ့ စကားအကြီးအကျယ် များကြတယ်။ သူကလည်း ကလေးယူဖို့ ကိစ္စကို တိုက်တွန်းလာတာ ၂ နှစ်ကျော်လောက် ရှိပြီဆိုတော့ ဒီတခါတော့ အလျော့ပေးမဲ့ပုံ မပေါ်ဘူး။ ဒါနဲ့ ကျမလည်း ဘယ်လိုမှ ပြောမရတဲ့ အဆုံး စိတ်ညစ်ပြီး အိမ်ကနေ ခဏထွက်လာခဲ့တယ်။ ဘယ်ဆီဘယ်ဝယ် ဆိုတာ ရည်ရွယ်ချက် မရှိပေမယ့် ကားမောင်းနေရင်း နောက်ဆုံး ခင်မောင်လတ် ( သူ့ညီ ) ဆီသွားဖို့ ဆုံးဖြက်လိုက်တယ်။ ကျမ ယောင်္ကျားကတော့ ရုံးကို ပြန်သွားခဲ့ပါပြီ။

ခင်မောင်လတ် နေတဲ့ အိမ်ကိုရောက်တော့ ပန်းချီကားချပ်တွေနဲ့ အလုပ်ရှုပ်နေတာကို သူ့သူငယ်ချင်းတွေနဲ့ တွေ့ရတယ်။ သူက ကျမကိုမြင်တော့ ထလာပြီး " ဒီကို မလာတာကြာပြီ ဖြစ်ကြောင်း ၊ အိမ်က အစ်ကိုရော နေကောင်းရဲ့လား ၊ အမရော အဆင်ပြေလား " စသည့်ဖြင့် မေးမြန်းပါတယ်။ ကျမလည်း လက်ရှိဖြစ်လာတဲ့ ပြဿာနာကို သူ့ကို အရင်ပြောပြပြီး စိတ်ညစ်လို့ ခဏထွက်လာတာ ဖြစ်တယ်လို့။ နင့်အစ်ကိုလည်း စိတ်ဆိုးသွားလို့ သူ့ကို ပြန်ချော့ရအောင် လက်ဆောင်ပေးချင်လို့ ပန်းချီကား လာဝယ်တာဆိုတော့ သူက ကျမကြိုက်တဲ့ ပန်းချီကား တစ်ချပ်ကို ရွေးပြီး အလကားပေးလိုက်ပါတယ်။ နောက်လည်း လာလည်နိင်ပါတယ်တဲ့။ မတွေ့တာ ကြာလို့ ကျမ ပိုချောလာတဲ့ အကြောင်းတောင် အညွှန်းဖွဲ့ပြောပြနေသေးတယ်။ ကျမလည်း ကျေနပ်တာပေါ့။ ကိုယ့်အလှကို လှကြောင်းပြောတာကို။ ဒါနဲ့ ပန်းချီကားကို ယူပြီး သူ့ကို နုတ်ဆက်ကာ အိမ်ကို ပြန်လာခဲ့ပါတယ်။

အိမ်ရောက်တော့ သူပေးလိုက်တဲ့ ပန်ချီးကားကို ကျမတို့ အိမ်ရဲ့ ဧည့်ခန်းမှာ ချိတ်ထားရင်း ညနေယောင်္ကျား ပြန်အလာကို စောင့်နေလိုက်တယ်။ ညနေစောင်း သူပြန်လာတော့ ဒါဟာ ကျမရဲ့ လက်ဆောင်ဖြစ်ကြောင်း ၊ ရှင့်ညီဆီက သွားဝယ်တာ ၊ ကျမကို အလကားပေးလိုက်ကြောင်း ၊ ဒီကားတချပ်ဟာ လက်၇ှိပေါက်ဈေးနဲ့ ၅ သိန်းအထက်မှာ ရှိကြောင်း ၀မ်းသာအားရ ပြောပြလိုက်တာကို သူတုံပြန်လိုက်တဲ့ ပုံစံက ကျမကို အရမ်းကို အံသြစေခဲ့ရပါတယ်။

" အဲဒီကားအတွက် အဖိုးအခ မင်းဘာပေးခဲ့ရလဲတဲ့ "

ကျမ ရှက်လည်းရှက် ၊ ဒေါသလည်း ဖြစ်သွားခဲ့တယ်။ တကယ်ဆို ကျမတို့က မောင်နှမတွေ မဟုတ်လား။ သူ့ညီတစ်ယောက်နဲ့ ဒီလို မပြောသင့်ဘူး ။ ကျမရဲ့ သူ့အပေါ် ထားခဲ့တဲ့ စေတနာတွေဟာ သဲထဲ ရေသွန်ဖြစ်ခဲ့ရတယ်လေ။ ကျမအဲဒီလို ဖြစ်သွားတာ တွေ့တော့မှ သူက ပြန်ပြီး

" ကိုယ်ပြောတာ မင်းသူ့ကို ပိုက်ဆံ ပေးခဲ့ရသေးလား ဆိုတာပါ ၊ မင်းလက်ဆောင်ကို ကိုယ်ကြိုက်ပါတယ် ၊ အခုတော့ ပင်ပန်းလို့ ကိုယ်ရေးချိုးလိုက်ဦးမယ် " ဆိုပြီး ထထွက်သွားခဲ့ပါတယ်။ အဲဒီညက တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဘဲ ကိုယ်စီအိပ်ရာဝင်ခဲ့ကြပါတယ်။ ကျမလည်း ဟိုတွေး ဒီတွေးရင်း အိပ်ပျော်သွားခဲ့ပါတယ်။ မနက်မိုးလင်းတော့ သူကျမကို နမ်းပြီး ရုံးသွားဖို့ နုတ်ဆက်သွားတာကိုတော့ သိလိုက်ပါတယ်။

ဆက်ရန်......

You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ် - Myanmar Astrology] 1 New Entry: လက်တွေ့  စီရင်ခြင်း ၃

လက်တွေ့  စီရင်ခြင်း ၃

* This articel contains no astrological jargon *
စက်တင်ဘာမိုး မှလည်း တစ်ဝေါဝေါ .. မိမိမှလည်း တစ်ရှဲရှဲ ဖြင့် ရေညှိများ အားပါးတစ်ရ တိုက်ရသည်မှာ ပင်ပန်းသည်ဟုပင်မထင်

" ဘယ်နေ့ တင်မှာလဲ မောင်"
" အင်း.. ဗုဒ္ဓဟူးနေ့ တင်မယ်"
" ဟာ... ဗုဒ္ဓဟူးနေ့ မကောင်းဘူး ကြာသပတေးနေ့ တင် "
" ဗုဒ္ဓဟူးနေ့ က အင်္ဂါရဲ့ အညွန့် နေ့ လေ ၊ ညွန့် နေ စီးပွားတဲ့ .. တိုးတက်ရာတိုးတက်ကြောင်းကို ဖြစ်စေတယ်လေ.."
" အဲဒီနေ့ မကောင်းဘူး .. ဆရာက မှာထားတာ ကြာသပတေးနဲ့ သောကြာတဲ့။ သောကြာနေ့  က application အသစ်တွေ လက်မခံဘူး ဆိုတော့ ကြာသပတေးနေ့ ပဲ တင်"
" အာ.. ဗုဒ္ဓဟူးနေ့ ပဲ ကြိုက်တယ် ..အဲဒီနေ့ ပဲ"
" မောင်ကလည်းကွာ.. သိပ်စိတ်ညစ်တာပဲ.. မရမှာစိုးလို့ ပြောနေတာ .. စကားလည်း နားမထောင်ဘူး"
စူပုပ်ပုပ်မျက်နှာထားဖြင့် တစ်ဖက်သို့ လှည့်ထွက်သွားသော မဟေသီအား ကြည့်ရင်း သက်ပြင်းချနေမိတော့သည်။


Workpermit ကျလာပြီးနောက် မြန်မာပြည်ရှိ ဗြိတိသျှသံရုံးတွင် Visa ယူရန်အတွက် ပြီးခဲ့သော သီတင်းပတ်အတွင်းတွင် မြန်မာပြည်သို့  ရောက်ရှိလာခဲ့သည်။ Application Form အား သံရုံးတွင် ရယူခဲ့ပြီး လိုအပ်သော လမ်းညွှန်ချက်များအား ဖတ်ရှုနေစဉ် မဟေသီမှ အထက်ပါအတိုင်း စိုးရိမ်မကင်းစွာဖြင့် အကြံပေးခြင်းဖြစ်သည်။

မြန်မာပြည်သို့ visa ရယူရန် ခေတ္တပြန်လာခြင်းဖြစ်သော်လည်း ကျောင်းသား Visa မှာလည်း သက်တမ်းကုန်ရန် ရက်၃၀ မျှသာ ကျန်တော့သဖြင့် visa မရရှိပါက အပြီးအပိုင် ပြည်တော်ပြန်ခြင်း သဘောမျိုးလည်း ဖြစ်နေသည်။ စာမေးပွဲမှာလည်း လားလားမျှ မအောင်သဖြင့် ကျောင်းသားဗီဇာမှာ မျှော်လင့်ချက်မရှိတော့။ ပြန်လာခါနီး ၂ လ အလိုအထိ ဆုံးဖြတ်ချက်များက ဇဝေဇ၀ါ ။ ပြည်တော်မပြန်ဘဲ အဆာခံမည်လား ။ ကျောင်းသားဗီဇာဖြင့် သက်တမ်းတိုးပြီးမှ အလုပ်ဗီဇာကို မြန်မာပြည်တွင် ပြန်ယူမည်လား ။ ဗီဇာမရခဲ့ပါက မြန်မာပြည်တွင် စီးပွားရေးလုပ်မည်လား။ စင်္ကာပူသို့ ထွက်မည်လား အစရှိသည့် လားပေါင်းများစွာအား ခေါင်းရှုပ်စွာ၊ ရင်လေးစွာဖြင့် စဉ်းစားခဲ့ရသည်။ နောက်ဆုံးတွင်ကား မြန်မာပြည်သို့ workpermit ဗီဇာပြန်တိုးမည်။ မရခဲ့လျှင်လည်း ကိစ္စမရှိ ။ ကြာမြင့်စွာခွဲခွာနေရသည့် မဟေသီနှင့် အတူတူပြန်နေရမည်။ ရခဲ့ပါကလည်း ရှေ့ ရေးအတွက် မျှော်လင့်ချက်များ တစ်ပုံတစ်ပင် ရှိသဖြင့် အရှုံးမရှိ ဟု မှတ်ယူကာ ပြည်တော်ပြန်ခဲ့ခြင်းပင်။

workpermit visa ရမည်ဟုလည်း မမျှော်လင့်ထားပေ ။ visa လျှောက်ပါက လျှောက်လွှာနှင့်တစ်ကွ ပူးတွဲတင်ပြရမည့် စာရွက်တွင် စာမေးပွဲ result အား ပြန်သရန် စာလုံးမည်းကြီးဖြင့် ရေးထားသဖြင့် စာမေးပွဲမအောင်ထားသော မိမိအတွက် မျှော်လင့်ချက်ကား သုည အောက် ရောက်ပြီး အနှုတ်ပင်ပြနေသည်။ တစ်ဖန် နေထိုင်မှုအတွက် ငွေကြေးအလုံအလောက်ရှိကြောင်း အထောက်အထားအတွက် မိမိဘဏ်စာရင်းတွင်လည်း တစ်ပြားမှ မရှိ ။ နတ္ထိ ဗလာ ချည်းသာ။

workpermit document ကျလာစဉ်ကပင် မိမိက ကြိုတင်ပြောထားသဖြင့် မဟေသီမှ သူမ၏ ဘဏ်စာရင်းထဲတွင် သိန်း ၅၀ ထက် မပိုသော ငွေကြေးပမာဏအား သြဂုတ်လ အလယ်လောက်တွင် ထည့်ထားသော်ငြား ထိုငွေကြေး ပမာဏမှာ အလွန်ပင်နည်းလွန်းသည်။ Application Guidance အရ လူတစ်ယောက်အတွက် ဖူလုံသော ငွေကြေးပမာဏသည် တစ်လ ပေါင် ၈၀၀ ထက်မနည်း ရှိရမည် ဖြစ်ပြီး ၃လစာအတွက် ပေါင် ၂၄၀၀ (သို့ ) တစ်နှစ်စာ ပေါင် ၉၆၀၀ အား ဘဏ်စာရင်းတွင် ပြသရမည် ဖြစ်သည်။ လိုအပ်သော ငွေပမာဏ မပြည့်မှီရုံသာမက ထည့်ဝင်ထားသည့် သက်တမ်းမှာ ၁ လပင် မပြည့်သေးချေ။ နှစ်ဖက်မိဘများကိုလည်း ဒုက္ခမပေးချင်သဖြင့် မည်သည့်အကူအညီမှ မတောင်းဘဲ ထိုဘဏ်စာရင်းရှိသလောက်ဖြင့်သာ visa တိုးမည်ဟု စဉ်းစားထားသည်။

လိုအပ်သော စာရွက်စာတမ်း ဘာသာပြန် ဆောင်ရွက်ရန်အတွက် black list မဖြစ်သည့် ရှေ့နေများအား စုံစမ်းရင်း မဟာဗန္ဓုလပန်းခြံ လမ်းမှ ပန်းဆိုးတန်းလမ်း သို့ လျှောက်ခဲ့ရာ တိုက်တိုက်ဆိုင်ဆိုင် စိန်ဝင်းအကျိုးဆောင်ကို မဟေသီမှ သွားရောက်မေးမြန်းခဲ့သည်။ မိမိလည်း စိန်ဝင်းနှင့်စိန်လင်း အနည်းငယ် မှတ်မိနေသဖြင့် အသာလက်ကုတ်ကာ ရှောင်ထွက်လာရသည်။ အမည်ပျက်ရှိသော ရှေ့ နေများ စာရင်းအား အပြည့်အစုံမသိသဖြင့် တွေ့ ကရာဆိုင်တွင် မလုပ်ရဲ ဖြစ်နေပြီး ပန်းဆိုးတန်းတွင် လမ်းသလားနေစဉ် လက်ဘက်ရည်ဆိုင်အတွင်းမှ လူတစ်ယောက်မှ မိမိအား နှုတ်ဆက်လာသဖြင့် မမှတ်မိသော်ငြား လောက၀တ်ကျေပွန်စွာဖြင့် နှုတ်ဆက်ရင်း ထိုသူ၏ အကြံပေးမှုဖြင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ Notary ဘာသာပြန်ဆောင်ရွက်ပေးသော ဆိုင်သို့ သိရှိခဲ့ရသဖြင့် ထိုသူအား ကျေးဇူးတင်နေမိပြန်တော့သည်။

Application Form တွင်လည်း ပညာအရည်အချင်း - ရေးတတ်ဖတ်တတ် ၊အလုပ်အကိုင် - ထမ်းနိုင်ပိုးနိုင် ဟု ဖြည့်မရသဖြင့် အထက်ပါအချက်အလက်များအား သာမန်လောက်သာ ဖော်ပြပြီးသကာလတွင် အင်္ဂလိပ်စကားပြော အရည်အချင်း ဘယ်လောက်ရှိသနည်း ဟူသော မေးခွန်းတွင် အခက်တွေ့ လေတော့သည်။ မိမိတွင်လည်း အင်္ဂလိပ်စာအတွက် မည်သည့် certificate မျှမရှိပေ။ အမျိုးမျိုးလှည့်ပတ်စဉ်းစားကာ LCCI Levle III Diploma အားကိုးဖြင့် .. အင်္ဂလိပ်စာအရည်အချင်းအား Able to speak and communicate with others at NVQ lvl3 ဟု ဖောရှော ပေးလိုက်ရသည်။ တစ်ကယ်လည်း levle III Diploma မှာ NVQ lvl3 ဖြင့် Equivalent ဖြစ်သည်ဟု LCCI ၀က်ဘ်ဆိုက်ဒ်တွင် ဖော်ပြထားသည်။ NVQ lvl3 ဆိုလျှင်ကား အင်္ဂလိပ်စာအတွက် ရစ်စရာ သိပ်မရှိတော့ပေ ။

ဤသို့ ဖြင့် စာရွက်စာတမ်းများ ပြည့်စုံသော်ငြား အခြားအကြောင်းများကြောင့် ဗုဒ္ဓဟူးနေ့ တွင် application မတင်ဖြစ်တော့ပေ။

" နွယ်ရေ.. မောင့်အတွက် အုန်းရွက် တစ်ရွက်လောက် ရှာပေးပါအုံး "
" ဟုတ်.. ခြံထဲမှာ ရှိတယ် ..အိမ်က ကောင်လေးကို သွားခူးခိုင်းလိုက်မယ်"
" အေးအေး.. မသန့် တဲ့နေရာမှာပေါက်နေတဲ့ အပင်ကတော့ မဖြစ်စေနဲ့ နော် "
" အင်းပါ မောင်ရယ်.. စိတ်ချ "
" မောင်ရေ.. နွယ်အခုမှ သတိရတယ်.. နွယ့်မှာ အမေတို့ က နွယ့်နာမည်နဲ့ ဝယ်ပေးထားတဲ့ တိုက်ခန်းရှိတာ မေ့နေတယ်.. အဲဒါကို ပိုင်ဆိုင်မှု အနေနဲ့ ထည့်ပြလိုက်ရင်ကော ရလား"
" ဟာ ရတာပေါ့.. ပိုတောင်ကောင်းသေးတယ်.. ဆပွန်ဆာမှာ ပိုင်ဆိုင်မှုများလေ ကောင်းလေပဲ.. အင်း အဲဒီစာချုပ်ယူလာခဲ့လေ.. မနက်ကျမှ Notary ပြန်ပြီး တစ်ခါတည်း တင်တာပေါ့ "....

ကြာသပတေးနေ့ မနက် ရေမိုးချိုး ပြီး ၇း၀၀ ထိုးပြီးသကလာတွင် အိမ်မှ ယူလာသော အုန်းရွက် အား ကတ်ကြေးဖြင့်ထိပ်ပိုင်းကို ညှပ်ကာ အုန်းညွှန့် အဖြစ် အဆောင်ဟု သတ်မှတ်ကာ အင်္ကျီ အိပ်ကပ်ထဲသို့ ထည့်လိုက်လေတော့သည်။




--

--
၁ အုန်း




"မောင်ရေ ပြီးပြီလား.. သွားကြစို့ ..တော်ကြာနောက်ကျနေအုံးမယ် .. သံရုံးက Application ကို ၈း၁၅ ကနေ ၉း၄၅ အထိ ပဲ လက်ခံတာ.. တိုက်ခန်းစာချုပ်လည်း Notary လုပ်ရအုံးမှာဆိုတော့"
" ပြီးပါပြီဗျာ... လိုအပ်တာတွေ အကုန်စစ်ပြီးပြီ.. အိမ်ထောင်စု၊ မှတ်ပုံတင်၊ ပတ်စ်စပို့ ၊ ပညာအရည်အချင်း၊ ဘဏ်စာအုပ်၊ စုံပြီ "
" အဲဒါဆို သွားကြစို့ မောင်.. မောင်းရမှာက ၁နာရီလောက် မောင်းရမှာ .."

၈နာရီ ၃၅ မိနစ် မစွန်း တစ်စွန်း အချိန်လေးတွင် ဘားလမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။

"အစ်မရေ.. ဒါလေး နိုထရီ လုပ်ပေးပါ။ မြန်မြန်လေး လုပ်ပေးပါနော်"
" လက်မှတ်ထိုးတဲ့ ရှေ့ နေတွေက ၉း၀၀ ကျော်မှ ရောက်တာ"
"အဲဒါဆိုလည်း ဘာသာအရင်ပြန်ထားလိုက်လေ.. ၉း၀၀ ကျော်ဆိုလည်း ကျော်ပေါ့.. မှီပါတယ်.."
.........
" မရသေးဘူးလား အမ.. ၉း၂၀ ဖြစ်နေပြီ .. "
" ရှေ့ နေ မရောက်သေးလို့ "
" ဟာ .. ဒုက္ခပါပဲ.. ကျနော်က ၉း၄၅ နောက်ဆုံး တင်ရမှာ.. မြန်မြန်လေးနော်"

စာရွက်စာတမ်းလုပ်ပေးသူ အစ်မကြီးအား လောသာ လောရသည်။ ရှေ့ နေမရှိပါက သူလည်း ဘာမျှ မတတ်နိုင်မှန်းသိသည်။

"ရော့ မောင်လေး..ရပြီ "
"ကျေးဇူးပဲအမ" ဟု လှမ်းပြောရင်း နာရီကို ကြည့်လိုက်ရာ ၉း၄၀ မိနစ်..
" လာ .. နွယ်ရေ.. ကားမောင်းသွားရင် ကားကြပ်လို့ နောက်ကျနေမယ်.. လမ်းလျှောက်သွားမယ်.. ခပ်မြန်မြန်လေး လျှောက်တာပေါ့ "
" မောင် .. မှီပါ့မလား.. ၅ မိနစ်ပဲ လိုတော့တယ်.."
" မှီပါတယ်.. မြန်မြန်လျှောက်တာပေါ့ "

ကမ်းနားလမ်း ရှိ ဗြိတိသျှသံရုံးသို့ အရောက်တွင်..
" အစ်ကိုကြီး Form တင်ချင်လို့ ပါ"
" ၉း၅၀ ဖြစ်နေပြီ .. ဒါပေမဲ့ အစ်ကို အထဲဝင်ပြီးမေးပေးမယ် .. ခဏလေး စောင့်နေနော်.."
" ဟုတ်"

ထိုသူမှာ ခဏလေးဖြင့် ပြန်ထွက်လာကာ..

" တင်လို့ မရတော့ဘူး ..တနင်္လာနေ့ မှ လာခဲ့တော့ "
" မနက်ဖြန်ကော မရဘူးလား..သောကြာနေ့ "
" မနက်ဖြန်က ဒီနေ့ မပြီးပြတ်တဲ့သူတွေကို ချိန်းတာလေ"
"ဟူး... ကျေးဇူးပဲ အစ်ကိုရေ"
" မောင့်က ကားနဲ့ မှ မလာတာ .. လမ်းလျှောက်တော့ ကြာသွားတာပေါ့ "
" သြော်. .မောင်လည်း မှီအောင်လို့ .. ပိုမြန်အောင်လို့ လမ်းလျှောက်တာပေါ့.. ကားနဲ့ ဆိုရင် ပိုကြာနေမှာစိုးလို့ "
" လမ်းမှာ ကားတွေ ရှင်းနေတာပဲ.. ၅ မိနစ်တောင် မကြာဘူး "
" ကဲ.. ဘာမှ လုပ်လို့ မရတော့ဘူး.. နောက်တစ်ပတ်မှ ပဲ တင်ရတော့မယ်..အခုတော့ လျှောက်သွားကြတာပေါ့.. လောလောဆယ် မနက်စာကို Oriental House မှာ ဒင်းမ်ဆန်မ်း သွားစားမယ် .."

ညနေပိုင်းတွင် ထမင်းစားအိမ် ဖြစ်သည့် သင်္ကန်းကျွန်းရှိ ယောက္ခမ အိမ်ထမင်းဝိုင်းတွင်..မယားညီအစ်ကိုမှ ..

" ကိုတေး.. ကျိုက္ကဆံဘုရားက အဘယက္ခ ဆီမှာ ပွဲသွားပေးပါလား.. တော်တော်စွမ်းတယ်နော်..
" ဟုတ်လား "
" ဟုတ်တယ်.. ကိုတေး က ဒါမျိုးတွေ စိတ်မ၀င်စားဘူးဆိုတော့ ပြောရမှာ အားနာနေလို့ "
" အဲလိုလဲ မဟုတ်ပါဘူးဗျာ... လုပ်သင့်လုပ်ထိုက်တာ လုပ်တာဆိုရင်တော့ စိတ်ဝင်စားပါတယ်.. သူတို့ ကို ကိုယ်က ကိုးကွယ်တာမှ မဟုတ်တာ.. မကိုးကွယ်တဲ့အတွက် သရဏဂုံ ပျက်တယ်လို့ ပြောလို့ မရဘူး.. ပွဲပေးတယ်ဆိုတာ သူတို့ ကို ဒါနပြုတာလို့ ပြောရင် မမှားဘူး.. မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်တွေကို ဒါနပြုပြီး စောင့်ရှောက်ပါစေကြောင်း.. ကူညီပါစေကြောင်း ပန်ကြားတာမျိုးပေါ့ ..."
" အင်း.. အဓိဋ္ဌာန်လည်းအောင်တယ်လို့ လည်း ပြောကြတယ်..."
" ဟုတ်တယ် မောင်ရေ့ .. အမေလည်း ပွဲသွားသွားပေးတယ်.. "
" အင်းအင်း.. အဲဒါဆိုလည်း မနက်ဖြန် သောကြာနေ့ သွားတာပေါ့.. လုပ်စရာရှိတာတော့ လုပ်ရမှာပေါ့ "

နောက်တစ်နေ့ သောကြာနေ့ တွင် ကျိုက္ကဆံ ဘုရားရှိ ဘယက္ခ ညီနောင် အား ဒံပေါက် နှင့် အုန်းပွဲတစ်ပွဲစီ ဒါနပြု ပြီးနောက် ကျိုက္ကဆံဘုရားအား ဖူးမြော်ကြည်ညို ကာ ဘုရား ရင်ပြင်တော် လျှပ်စစ်မီးအလှူ ၊ထီးတော် အလှူ၊ ကျောက်ပြားအလှူတို့ အား ကံမြင့်ကံပွင့်စေရန် အလို့ ငှာ လှူဒါန်းခဲ့သည်။ ကျိုက္ကဆံဘုရားအား ဖူးမြော်စဉ် ရေသပ္ပာယ်ရာ နေရာများတွင် ရေညှိများ တွေ့ သဖြင့် ဆရာအရှင်၏ ကံမြင့်ကံပွင့် လုပ်အားယတြာ အား သတိရမိကာ..

"နွယ်ရေ.. ဒီမှာ ရေညှိတွေ မနည်းဘူး တက်နေတာ..အဲဒါ .. နောက်တစ်နေ့ ရေညှိ လာတိုက်ရအောင်.."
" နွယ်လည်း မောင်နဲ့ အတူတူတိုက်မယ်... မနက်ဖြန် စနေနေ့ . ဥပုသ်နေ့  .. ကောင်းတယ် .."
" အဲဒါဆို မောင်တို့ ရေညှိတိုက်ဖို့ လက်အိတ်ရယ်.. ဆပ်ပြာရယ်.. စတီးခွေတွေ လိုမယ်.. ဘုရားက အပြန် ၀ယ်ကြတာပေါ့ .. မနက်ဖြန်မှ လာတိုက်မယ်.."
" ဟုတ်ကဲ့ မောင်... နွယ်က မောင့်ဘေးနားက ပါရမီဖြည့်ရတာပေါ့"
" ဟဲဟဲ.. ဒါကြောင့်လည်း တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ချစ်ခဲ့တာပေါ့ "

စနေ နေ့ သည် ဥပုဿ်နေ့ လည်း ဖြစ်သဖြင့် ကျိုက္ကဆံဘုရားတွင် ဘုရားဖူးများ ဥပုဿ်သည်များ ဖြင့် ကုသိုလ်ယူသူများ ပြည့်နှက်နေသည်။ နေ့ လည် ၁၂ နာရီခန့် မှ ရေညှိများကို တိုက်ချွတ်ဆေးကြောရာ ညနေ ၃ နာရီမှ ရေသပ္ပာယ်ရာ နေရာများရှိ ရေညှိများကို တိုက်ချွတ်ပြီးစီးသည်။ စက်တင်ဘာမိုး မှလည်း တစ်ဝေါဝေါ .. မိမိမှလည်း တစ်ရှဲရှဲ ဖြင့် ရေညှိများ အားပါးတစ်ရ တိုက်ရသည်မှာ ပင်ပန်းသည်ဟုပင်မထင်.. မိမိကိုယ်ကိုယ်လည်း ..ကိုယ်လုပ်မှ ကိုယ်ရမည်.. ကိုယ်ဖြစ်ကိုယ်ခံ ဟု မှတ်ယူထားသဖြင့် အားကိုးစရာ ကုသိုလ်များပေးနေသည့် ရေညှိများအားလည်းကောင်း ၊ သန့် ရှင်းရေး ပုညသဟာယ အသင်းများအား အထူးပင် ကျေးဇူးတင်နေမိသည်။ ရေသပ္ပယ်ရာ အနီး ၀န်းကျင်ပြင်တော်ပေါ်ရှိ အမှိုက်များအား အမှိုက်ပုံးထဲသို့  ထည့်ခြင်း ၊ ရေသပ္ပာယ်ရာ ရေခံခွက်အား ရေညှိတိုက်ခြင်း ၊ ရေသပ္ပာယ်ခံ ရုပ်ပွားတော်အောက်ဘက် ၊ နောက်ကြောဘက်မှ ရေညှိများ တိုက်ခြင်း ၊ ရေသပ္ပာယ်သည့်နေရာရှိ ကြွေပြားများ မှ ရေညှိများ တိုက်ခြင်း အစရှိသည့် လုပ်အား ကုသိုလ် ( လုပ်အား ယတြာ) များ အား မိုးသည်းသည်းထဲတွင် မဟေသီနှင့် အတူတစ်ကွ ဆောင်ရွက်ခဲ့ပေသည်။

အိမ်အရောက်တွင် စိတ်လက်များ အတော်ပင် ပေါ့ပါးပြီး ပျော်ရွှင်နေသလို လက်များ ပဲကြီးရေတွန့် ပြီး ခြေထောက်များလည်း အနှိပ်သည် လိုနေသည်။ နောင် အားသည့် ရက်များမှသာ မဟသီနှင့် သူငယ်ချင်းများ စုစည်းပြီး မြန်မာ့မီးရထားဝင်းအတွင်း ဖွင့်လှစ်ထားသည့် အနှိပ်ခန်းသို့ သွားရမည်။ တစ်ဆက်ရှင် အတွက် ၀န်ဆောင်မှု အခကြေးငွေ တစ်သောင်းသာ ယူသည် ။ ( ရှယ်လေးတွေချည်းသာ ၊ Album ဖြင့် ကြည့်ရသည် ။ သတင်းပေးခြင်းမဟုတ်ပါ )

ဤသို့ ဖြင့် တနင်္လာနေ့ သို့ ရောက်ရှိလာခဲ့ရာ မည်သည့် အဆောင်များ မယူဆောင်ခဲ့တော့ပဲ စာရွက်စာတမ်းများအား British Embassy သို့ ပေးအပ်ခဲ့လေသည်။ ဖြစ်ချင်တာသာ ဖြစ်စေတော့ ဟု သဘောထားကာ supporting documents အပြည့်အစုံ မရှိသော application form အား လျှောက်ထားခဲ့သည်။ အရေးကြီးသည့် စာရွက်တစ်ခုဖြစ်သည့် workpermit letter အား မတင်ပြခဲ့ပါ။ ၄င်းစာရွက်တွင် ကန့် သတ်ချက်များ ပါနေသဖြင့် လုံးဝ မတင်ပြခဲ့ပေ။ သံရုံးမှာ ယခင်တုန်းကကဲ့သို့ မစောင့်ရေတော့ပေ။ စာရွက်စာတမ်းပြည့်စုံပါက ပြန်လည်မေးစရာများ မရှိပါက ဗီဇာအား နောက်တစ်နေ့ တွင် ထုတ်ပေးသည်။ ယခုလည်း မိမိအား မနက်ဖြန် အင်္ဂါနေ့ တွင် ပြန်လာခဲ့ရန် ချိန်းလိုက်လေတော့သည်။

မိမိအမည်အား ကောင်စစ်ဝန် ကိုယ်တိုင်မှ ခေါ်သဖြင့် ရင်တုန်ခြင်း ၊ ရင်ခုန်ခြင်းများစွာဖြင့် မှန်ကာထားသော ကောင်တာသို့  ရောက်ရှိလာရာ..

" ငါ ဟိုဘက်က ပြန်စာ မရသေးလို့ နင့်ကို process လုပ်လို့ မရဘူးဖြစ်နေတယ်.. နင့်အမည်က immigration case ၀င်နေတယ်.. ပြစ်မှုတွေ လုပ်ထားတာ ရှိလား "
" အဲ.. ဘာမှ မရှိဘူးဗျ."
" ဒါဆိုရင် visa refused ဖြစ်ထားတာ ရှိလား "
" အင်း အဲဒါတော့ ရှိတယ် .. သိပ်မကြာသေးဘူး.. ကျောင်းသားကနေ အလုပ်သမား ဗီဇာ ပြောင်းတုန်းက"
" ကောင်းပြီ.. ငါထင်တာတော့ အဲဒါပဲ ထင်တာပဲ.. စိတ်မပူပါနဲ့ .. အဲဒါသိရရင် ငါမင်းကို ဗီဇာပေးပါ့မယ်.. ဒါပေမဲ့ .. ဟိုဘက်က immigration ဆီက clearance ဖြစ်မှ ဗီဇာထုတ်ပေးလို့  ရမယ်.. သူတို့ ဆီကို မနေ့ က အီးမေလ်းပို့ ထားတာ အခုထိ ပြန်မရောက်သေးဘူး.. "
" ငါ စိတ်ပူတယ်.."
" မနက်ဖြန် ၁ နာရီ ဖုန်းဆက်ပြီး လာခဲ့"
" အင်း.. ကျေးဇူးပဲ "

ခက်ချေပြီ.. ဘယ်ကနေ ဘယ်လို immigration case က တက်လာသည် မသိ.. အတွင်းဝန် ပြောသလို ဆိုပါက visa refused ဖြစ်ထားသည့် ကိစ္စသာ ဖြစ်မည်။ မည်သို့ ပင်ဖြစ်စေ သူ့  ဘက်မှ စကားကို ကြားမိသဖြင့် မိမိ visa ရဖို့ ၉၅ % သေချာနေပြီ။ အီးမေးဖြင့် ပြန်ကြားစာကိုသာ ရရန်လိုတော့သည်။ ပိုသေချာစေရန် မနက်ဖြန် မနက်ပိုင်း ရွှေဘုန်းပွင့်ဘုရားသို့ သွားကာ ရေညှိထပ်တိုက်ဦးမည်။

မနက်ပိုင်း ရေညှိတိုက်ပြီးပါက ၁ နာရီထိုးသည်နှင့် သံရုံးအား ဖုန်းဆက်ရန် မှန်းထားသော်လည်း လက်တွေ့ တွင် ရွှေဘုန်းပွင့်ဘုရားသို့ ၁၂း၀၀ ခွဲမှ ရောက်ကာ ရေညှိတိုက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ရာ ညနေ ၃း၀၀ ကျော်မှ ပြီးသည်။ ရွှေဘုန်းပွင့်ဘုရားမှာကား ကျိုက္ကဆံဘုရားလောက်တော့ ရေညှိမများပေ။ ရေသပ္ပာယ်ရာ နေရာများကား ဆေးသုတ်ထားခြင်း ၊ ကြွေပြားများ ကပ်ထားသဖြင့် ရေညှိသိပ်မကပ်ပေ။ ဂေါပကမှပင် ဤကဲ့သို့ ရေညှိလာတိုက်သူများ တစ်ခါမှ မတွေ့ ဘူးကြောင်း .. ကုသိုလ်များ တစ်ပုံတစ်ပင် ရမည်ဖြစ်ကြောင်း မိမိတို့ အား ပြောယူရသည်။ခက်သည်မှာ ရေပုံးများအား ရေဖြည့်ပေးရာနေရာသို့ တစ်ပုံးပြီး တစ်ပုံး သွားသွားယူနေရခြင်းပင်။ ရေပုံးမှာလည်း ကလေးဆွဲသည့် ရေပုံး ။ ခေါက်တုန့် ခေါက်ပြန် ဖြင့် မငြီးမငြူ ရေခပ်ပေးသည့် ချစ်ဇနီးချောအား အထူးပင် ကျေးဇူးတင်မိသည်။ သူမ၏ လိုက်လံပို့ ဆောင်မှု၊ လိုအပ်သည်များအား လိုလေသေးမရှိရအောင် ဂရုစိုက်မှုများအား တစ်သက် မေ့ရမည် မဟုတ်တော့ပေ။


ချစ်ဇနီး

ညနေ ၃း၀၀ ထိုးတွင် သံရုံးအား ဖုန်းဆက်ကြည့်တော့ ၄း၀၀ နာရီတွင် လာယူပါဟု အကြောင်းပြန်သည်။ ရေညှိတိုက်သည်မှာလည်း ပြီးစီးလုပြီ ဖြစ်သဖြင့် ပြုနေကျအတိုင်း ရွှေဘုန်းပွင့် စေတီတော် ညလုံးပေါက်မီး နှင့်တစ်ကွ ကျောက်ပြားအလှူများကိုလည်း လှူဒါန်းခဲ့သည်။

သံရုံးတွင် ကောင်တာမှ စာရေးမလေး မိမိအမည်အား ခေါ်ပေးတော့ စိတ်လှုပ်ရှားလိုက်သည်မှာ ပြောဖွယ်ရာပင်မရှိ... အလျှင်စလိုပင် ပတ်စ်ပို့ စာအုပ်အား လှန်လှောကြည့်ရှုရာ Entry Clearance Visa ကို မြင်လိုက်ရမှ သက်မ ချနိုင်တော့ပေသည်။ ဤသို့ ဖြင့် UK သို့  ပြန်လည်ရောက်ရှိကာ ယခုကဲ့သို့ လက်တွေ့ စီရင်ခြင်း ဖြစ်ရပ်မှန် ဆောင်းပါးအား တင်ဆက်နိုင်ခြင်း ဖြစ်ပေတော့သည်။

You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.