Friday, October 10, 2008

[Royal Worriers] 6 New Entries: တချိန်တုန်းက တက္ကသိုလ်ဆိုတာ

တချိန်တုန်းက တက္ကသိုလ်ဆိုတာ



၁၉၅၇ ခုနှစ်တုန်းက ရန်ကုန်တက္ကသိုလ်မှာ ဒေါက်တာကျော်သက်နဲ့ ကျောင်းသူ ကျောင်းသားတွေ ဟောပြောဆွေးနွေးနေပုံကို မြင်နိုင်ပါတယ်။ အဲဒီအချိန်တုန်းက ဗမာပြည်ပညာရေးစနစ်ဟာ အာရှအဆင့်ရှိပြီး ရန်ကုန်တက္ကသိုလ်ဟာ ထိပ်တန်းတက္ကသိုလ်တခု ဖြစ်ပါတယ်။ ခေတ်ကာလတွေအလိုက် ၀တ်စားပုံတွေကွဲပြားနေပေမယ့် တက္ကသိုလ်ကျောင်းသား ဆိုတဲ့ ပညာတတ်တဲ့ ဥပဓိကိုလည်း ဒီထဲကကျောင်းသားတွေရဲ့ မျက်နှာတွေမှာ ပေါ်လွင်နေတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။ You Tube မှာ တင်ထားတာကြာပြီဖြစ်ပေမယ့် မသိသေးတဲ့သူတွေ သိရှိအောင် တင်လိုက်ရခြင်းပါ။ အားတော့နာပါတယ် ဒါပေမယ့် မပြောမဖြစ်လို့ ပြောလိုက်ရဦးမယ်။ အခု နိုင်ငံတော်ကို ကြီးစိုးထားတဲ့ စစ်တပ်အရာရှိဆိုသူများရဲ့ မိဘညီအကိုမောင်ဘွားတွေ ဒီနေရာမျိုးမှာ မရှိခဲ့ဖူးပါဘူးဆိုတာ အသေအချာပါပဲ။ အဲဒီလို ပညာရေးစနစ်ကောင်းတွေကို မသင်နိုင်ခဲ့တော့ မနာလိုစိတ်တွေဖြစ်ပြီး တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို အညွန့်ချိုးခဲ့ရခြင်းဖြစ်ပါတယ်။

လေလုံးထွားနေသူလေးများသို့


ဘလော့တွေကို အလည်သွားကြည့်ရင်းနဲ့ ရေးချင်စိတ်ဖြစ်လာလို့ ရေးမိပါတယ်။ အထူးသဖြင့်တော့ "ငါတို့ကစစ်သား ငါ့နိုင်ငံတော်အတွက် ဘာဖြစ်တယ် ညာဖြစ်တယ်"နဲ့ လေတွေထွားနေသူလေးတွေ သိစေဖို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။
ပထမပုံကိုကြည့်ကြရအောင် ...


ဘယ်ဖက်ကစစ်သားပုံက အမေရိကန်ကစစ်သားပုံပါ။ ညာဖက်ကတော့ ဗမာပြည်က စစ်သားလေးတွေပုံပါ။ စစ်သားလေးတွေလို့ဆိုရပေမယ့် DSA ကျောင်းဆင်း အရာရှိတွေဖြစ်မယ့် အရာရှိလောင်းလျာလေးတွေပေါ့။ ကြံ့ခိုင်မှု မာကျောမှုချင်းမယှဉ်ပါနဲ့ဦး ကလေးစစ်သားနဲ့ လူကြီးစစ်သားလိုကွာပါတယ်။ ဒါပေမယ့် အထက်ကအမိန့်ဆိုရင်တော့ ကိုယ့်နိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ သံဃာတော်တွေကိုတောင် သတ်ဖြတ်ညှင်းဆဲဝန့်တဲ့ သတ္တိတွေတော့ ပိုင်ဆိုင်အောင် DSA က သင်ပေးလိုက်နိုင်ပါတယ်။

ကဲကောင်းပြီ နောက်တပုံကိုကြည့်ရအောင် . . .


ဒီပုံအတွက်ကတော့ နှိုင်းယှဉ်စရာ ဗမာပြည်တွင်းကပုံမရှိတော့ အမေရိကန်က စစ်ကျောင်းဆင်းတဲ့ ပုံကိုပဲ တင်လိုက်နိုင်ပါတယ်။ တချိန်က တော်လှန်ရေးမယ်တွေ ဒေါင်ဒေါင်မြည်မွေးထုတ်ပေးခဲ့တဲ့ ဗမာပြည်ဟာ အခုအချိန်မှာတော့ အမျိုးသမီးတွေကို ချိုးနှိမ်ထားလို့ စစ်ဗိုလ်မယားအဖြစ်နဲ့ပဲ နောက်မှာနေရာပေးထားပါတယ်။ အခုပုံမှာလို ယောက်ျားတွေနဲ့ တန်းတူ ကျောင်းဆင်းအရာရှိလောင်းအဖြစ် မြင်ဖူးချင်ရင်တော့ နောင်လာမယ့် ဒီမိုကရေစီနိုင်ငံတော်ကျမှသာ မျှော်ပါလို့ ပြောပါရစေ...

နောက်ဆုံးတပုံကို ထပ်ကြည့်လိုက်ရအောင်...


ဗမာပြည်မှာဆိုရင် တိုရှည်ရောင်းတဲ့ ကုလားမလေးအဆင့်လောက် ရုပ်ရည်မျိုးသာ ပိုင်ဆိုင်တဲ့သူလေးပါ။ ဒါပေမယ့် လူကို လူလိုသိတဲ့တိုင်းပြည်မှာ မွေးဖွားလာခဲ့တော့ လူ့အခွင့်အရေးတွေနဲ့အတူ သူဘ၀အာမခံချက်နဲ့ ဂုဏ်သိက္ခာကိုပါ တပါတည်း ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ဘာသာခြားတာတွေ လူမျိုးခြားတာတွေ အသားအရောင်ခြားတာတွေကို ထည့်မပြောပါနဲ့ဦး ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေအတွက်တောင် အခွင့်အရေးဆိုတာ ဝေးနေဆဲပါ။ မဟာဗမာဆိုတဲ့ သောက်တလွဲအလုပ်ကို လုပ်နေသမျှတော့ ကမ္ဘာမှာ မျက်နှာမွဲနေဦးမှာပါပဲ။
အခု ဒီပို့စ်ကိုရေးတဲ့ ကျွန်တော်က ဗမာလူမျိုးစစ်စစ်၊ ဗုဒ္ဓဘာသာဝင်တဦးပါ။
ကျေးဇူးတင်ပါတယ်

မင်းရဲကျော်စွာ

တော်ဝင်စစ်သည်တော်များရဲ့ ညနေခင်းစကားဝိုင်း (၁)


ကျွန်တော်တို့ ဘလော့ဂ်အသစ်တခု လွှင့်တင်ခွင့်ရတဲ့အတွက် ၀မ်းသာမိသလို၊ အားလုံးဖတ်စေချင်ပေမယ့်လည်း "သတ္တိမဲ့သော မီဒီယာကို အလွန်ကြောက်သော အာဏာရူးစစ်အုပ်စုတစု" ကြောင့် ပြည်တွင်းက လူတွေကတော့ အင်တာနက် စာမျက်နှာတွေကို လွတ်လွတ်လပ်လပ် ဖတ်ခွင့်မရကြတဲ့အကြောင်း ကျွန်တော်တို့ ကြားသိရတဲ့ အတွက်တော့ စိတ်မကောင်းပါခင်ဗျား။
အဲဒီတော့လည်း ပြည်တွင်းကလူတွေ ဖတ်ခွင့်မရပေမယ့်လည်း ပြည်ပက ချစ်မိတ်ဆွေတွေနဲ့ ရုရှားအပါအ၀င် အာဏာရှင်နဲ့ အလွမ်းသင့်တဲ့ နိုင်ငံတချို့မှာ စာသွားသင်နေကြတဲ့ မသိနားမလည်တဲ့ ညီငယ်စစ်ဗိုလ်လေးတွေရော၊ သိနားလည်ပြီးမှ အာဏာရှင်ကို အလုပ်အကျွေးပြုနေတဲ့ အာဏာရူး လက်သစ်လေးတွေရော သိစေဖို့ ဒီအခန်းကဏ္ဍလေးကို ဖွင့်လှစ်ဖြစ်ပါတယ်။ ဒီမိုကရေစီကို လူလိုနားလည်ပြီး နိုင်ငံရေးစနစ်ကို အဆင့်မြင့်မြင့်သိရှိထားသူတွေအဖို့ ကျွန်တော်တို့ ပေါ့ပေါ့ပါးပါးဆွေးနွေးဖြစ်တဲ့ စကားဝိုင်းအပေါ် စိတ်မကွက်မိစေဖို့ ကြိုတင်တောင်းပန်လိုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့တွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို အမျိုးမျိုး အပုပ်ချ နေတဲ့သူတွေကို လူပိန်းအဆင့်လောက်ပဲ သိသွားအောင် စိတ်အညောင်းပြေ ဆွေးနွေးပြောဆိုခြင်းမျိုးပါပဲ။
တနေ့က မိတ်ဆွေဘလော့ဂ်တွေကို အလည်သွားရင်း Ultimate Fighters ဆိုတဲ့ ဘလော့ဂ်ထဲ့မှာ ဆောင်းပါးရှင် ကိုဂျွန်ရေးထားတဲ့ "ကလေးလူငယ်တွေအတွက် စာပေ လိုအပ်ချက်" ဆိုတဲ့ ဆောင်းပါးတပုဒ်ကို သတိပြုဖတ်မိပါတယ်။
(ဖတ်ချင်ရင် http://ultimateburmafighter.blogspot.com/ )
အဲဒီထဲမှာ ပညာရေးစနစ်နိမ့်ပါးလာတာနဲ့ ပတ်သက်ပြီး လူထုအုံကြွမှုအထိ ဖြစ်လာရတာကို သူကပြောပြသွားပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ အသက် (၃၀) ကျော် အရွယ်တွေ ကတော့ မဆလခေတ်ကို ကောင်းကောင်းမီပြီး ပညာရေး လူမှုရေးတွေ နိမ့်ပါးဆုံးရှုံးရတာကို ကောင်းကောင်း သတိထားမိခဲ့ကြမှာပါ။ ဒီနေ့ အသက် (၂၀) ကျော် အရွယ်တွေကတော့ နီးစပ်သူတွေထဲကပဲပြောပြမှ အဲဒီအကြောင်းတွေကို သိရမှာပါ။ ထား ပါ . . . ကျွန်တော်ဆိုလိုချင်တာက အဲဒီတုန်းက လူငယ်တွေက သတ္တိကောင်းကောင်းနဲ့ မှားရင်မှားတယ်၊ မှန်ရင်မှန်တယ်လို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့ကြပြီး အာဏာရှင် တပါတီစနစ် ကို တွန်းလှန်ခဲ့ကြတာပါ။ ပါလီမန်ခေတ် ပညာရေးစနစ်ကောင်းချိန်က ပညာတတ် နောင် တော် အမတော်တွေနဲ့ ပညာရေးနိုင်ငံရေး ကောင်းမွန်သစ်လွင်မှုကို လိုလားကြတဲ့ ညီငယ် နှမငယ်တွေပူးပေါင်းပြီး တွန်းလှန်ခဲ့ကြလို့ တကမ္ဘာလုံး သိခဲ့ပြီး အောင်မြင်မှုတွေရခဲ့တဲ့ ၈၈၈၈ လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာပါ။
အခုဘာတွေ ကွာသွားပြီလဲ …
ဒီမေးခွန်းကို ကျွန်တော်ဖြေပါ့မယ်။
လက်နက်နဲ့ ဖိနှိပ်လို့ အသက်တွေဆုံးရ၊ ထောင်ထဲမှာနှိပ်စက်ခံရပေမယ့်လည်း လူထုတွေရဲ့ သတ္တိကိုတော့ ဘယ်တော့မှ ချိုးနှိမ်လို့ မရတော့ပါဘူး။
ပထမဆုံး ကျောင်းသားတွေ စတောင်းတာက ပညာရေးစနစ်ကောင်းဖို့ပါ။ အဲဒီလို တောင်းရကောင်းလားဆိုပြီး ကျောင်းသားအခွင့်အရေးတွေကို ချိုးနှိမ်လာလို့ တဆင့်တိုးပြီး ပြည်သူတွေပါ ပါဝင်လာတဲ့ ပြည်သူ့အရေးတော်ပုံကြီး ဖြစ်လာခဲ့ရတာပါ။
ကျောင်းသားဘ၀ကနေမှ နိုင်ငံခေါင်းဆောင်ဆိုတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို တိုးတက်ဖို့ စဉ်းစားတွေးခေါ် လုပ်ကိုင်ဆောင်ရွက်တာကလည်း ကျောင်းသားတွေထဲက ပါပဲ။ အထင်ရှားဆုံး ဥပမာက ဗိုလ်ချုပ်အောင်ဆန်းပါ။ နိုင်ငံခေါင်းဆောင်ဖြစ်ဖို့ ဆိုတာကလည်း ကျောင်းသားဘ၀ ကတည်းက ခေါင်းဆောင်ဖြစ်ဖူးမှပါ။ ကျောင်းသား ဘ၀မှာ ထားရာနေ စေရာသွား ခိုင်းတဲ့ စာကိုအလွတ်ကျက် ခပ်ကုပ်ကုပ်နဲ့ ဘယ်သူနဲ့မှ လည်း အပေါင်းအသင်းမလုပ်နိုင်ဘဲ နေတဲ့သူမျိုးဟာ ဘယ်နည်းနဲ့မှ ခေါင်းဆောင်မဖြစ် ထိုက်ပါဘူး။ အဲဒီလိုမျိုးတွေမဖြစ်ရ အောင် ကျောင်းသားသမဂ္ဂဆိုတာ ပေါ်လာတာဖြစ်ပါ တယ်။ အဲဒီကမှ ကျောင်းသားနဲ့ဆိုင်တဲ့ အရေးကိစ္စတွေဆွေးနွေးကြ၊ ပညာရေးနဲ့ဆိုင်တာ တွေ ဆွေးနွေးကြနဲ့ အင်မတန်မှ ပျော်စရာလည်းကောင်း အကျိုးကျေးဇူးလည်း ရှိလှပါ တယ်။ ဒါပေမယ့် ကျောင်းဆိုတာနဲ့ အင်မတန်ဝေးလှတဲ့ ဦးနေ၀င်းဟာ ၁၉၆၂ ခုနှစ်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုချဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက်တော့ ဗမာပြည် ပညာရေးလည်း အ၀ီစိကိုဆိုက်တော့ တာပါပဲ။ ဒီနေရာမှာ ကျွန်တော့်ကို ကန့်ကွက် လာစရာအကြောင်းရှိပါတယ်။ တော်တဲ့ တတ်တဲ့သူ တယောက်တလေကို လက်ညှိုးထိုးပြီး ကျွန်တော့်ကို ပြောဆိုလာခဲ့ရင်၊ ဗမာပြည်တွင်းမှာရှိတဲ့ တက္ကသိုလ်တွေကို လက်ညှိုးထိုး ပြခဲ့ရင်... "ပညာရေးဆိုတာ ဗမာတပြည်လုံးမှာရှိတဲ့ ကျောင်းသားအရွယ်တွေ အားလုံးတတ်ဖို့အတွက်၊ တော်ဖို့အတွက်လို့ ဆိုချင်တာပါပဲ၊ ကျောင်းသား (၁၀၀၀) ရှိတဲ့အတန်းမှာ ကျောင်းသား (၁) ယောက်ထဲပဲ စာကိုသိနေတာမျိုးတွေ၊ ကျောင်းသား (၁၀၀၀) ရှိတဲ့အတန်းမှာ ကျောင်းသား (၁၀၀၀) လုံး စာမတတ်ဘဲ စာမေးပွဲအောင်နေတာ မျိုးတွေဟာ ပညာရေးကောင်းတယ်လို့ လုံးဝမဆိုနိုင်ပါဘူး"။ အဲလိုပဲ တက္ကသိုလ်တွေ ဖောင်းပွနေတာကိုလည်း ပညာရေးကို အလေးပေးတယ်လို့မဆိုနိုင်ပါဘူး။ အဓိကက ဗမာတပြည်လုံးမှာရှိတဲ့ ကျောင်းသားတိုင်းက ပညာတတ်ရမယ်လို့ ဆိုလိုတာပါ။
အဲဒီလို အားလုံးပညာတတ်ဖို့ဖိုရင် ဘာလိုမလဲ။ အဖြေက ဒီမိုကရေစီစနစ်ပါ။ ဒီမိုကရေစီစနစ်ကသာ ကျွန်တော်တို့ လိုချင်တာတွေကို ဖြည့်ဆည်းပေးမှာပါ။ ခုနက ကျွန်တော်ပြောသလို ကျောင်းသားဘ၀မှာ ခေါင်းဆောင်မဖြစ်ခဲ့သူဟာ နိုင်ငံ့ခေါင်းဆောင် ဖြစ်ထိုက်ခွင့်မရှိပါဘူး။ နောက်တခုက ကြောက်တတ်တဲ့ မိဘက မွေးလာတဲ့ သူတွေ ကလည်း သတ္တိနည်းတဲ့အတွက် အဲလိုလူမျိုးတွေက ဘယ်နေရာမှာပဲဖြစ်ဖြစ် သူရဲဘော ကြောင်ပါတယ်။
ဥပမာ - ရုရှားမှာ စာသင်နေတဲ့ထဲက (အားလုံးမပါဝင်ပါ) စစ်ဗိုလ်လေးတချို့ ဆိုပါတော့။ သူတို့ရဲ့ ဘလော့ဂ်ကပြောစကားအရဆိုရင် နိုင်ငံတော်ကလွှတ်တဲ့ နောင် တခေတ်ရဲ့ အောင် စစ်သည်များဆိုတော့ နိုင်ငံ့ခေါင်းဆောင်ပိုင်းကို တနေ့နေ့တချိန်ချိန်မှာ တာဝန်ယူမည့် သူများလို့ဆိုနိုင်ပါတယ်။ ကောင်းပြီ သူငယ်စဉ်က ဘယ်လိုကျောင်း တက်ခဲ့သလဲ။ သေချာတာကတော့ သူ့အရွယ် ၂၃၊ ၂၄၊ ၂၅ ဆိုရင် ၈၈၈၈ အရေးတော် ပုံကြီးတုန်းက သူ့အသက် ၂နှစ် ၃ နှစ်ပေါ့။ သူ့ကို သူ့မိဘက ပထမဆုံးသွန်သင်လိမ့်မယ် "သား စာကိုပဲသင်၊ ကျောင်းမှာ ဘာလုပ်လုပ် မပါနဲ့၊ DSA ၀င်အောင်လုပ်"။ "နိုင်ငံရေးနဲ့ ပတ်သက်ရင် အဖမ်းခံရမယ်၊ ကျောင်းထုတ်ခံရမယ်" စသည်ဖြင့်ပေါ့။ ကျွန်တော်ကြားဖူးတဲ့ မိဘတယောက်ရဲ့ ပြောစကားက အဲဒီထက်တောင်များပါတယ်။ ဒါပေမယ့် အနှစ်ချုပ် ကတော့ "သူတို့ကြောက်တတ်သည်" ဆိုတာပါပဲ။ နိုင်ငံရေးဆိုတာ ကိုယ့်အမျိုးသားအရေး ကိုယ့်နိုင်ငံအရေးဆိုတာကို မသိနားမလည်ဘဲ နိုင်ငံရေး ညီမျှခြင်း အန္တရာယ်လို့ လုပ်လိုက် တော့ "အာဏာရူးလက်တဆုပ်စာ၏ခါးပိုက်ဆောင်တပ်သားများ ညီမျှခြင်း သူရဲဘော ကြောင်သူများ" လို့ အဖြေကတန်းထွက်သွားတာပါပဲ။
စစ်ဗိုလ်ဘာလို့ဖြစ်ချင်ရတာလဲ။ ရှင်းပါတယ် အရပ်က ၀ိုင်းငေးရလောက်အောင် ပေါ့။ စစ်ဗိုလ်ဖြစ်ရင် အခွင့်အရေးရမယ်။ အာဏာရှိမယ်။ လုပ်ချင်တာလုပ်ရမယ်။ ၁၈ နှစ် ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေနဲ့အတူ ဒီမိုကရေစီနိုင်ငံသာဖြစ်ခဲ့ရင် စစ်ဗိုလ်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကချေသည်၊ ဆိုက်ကားသမား၊ မန်နေဂျာ၊ ရုံးဝန်ထမ်း၊ အရောင်း မြှင့်တင်ရေးသမား၊ ရုပ်ရှင်မင်းသား အားလုံးအတူတူပဲဖြစ်သွားပြီး ကိုယ့်နိုင်ငံအကျိုးကို ညီညီညွတ်ညွတ်ဆောင်ရွက်ကြမှာပါပဲ။ စစ်သားဘ၀ကြိုက်ရင် စစ်သားဆက်လုပ်ပေါ့၊ မကြိုက်ရင် စစ်မှုထမ်းသက်ပြည့်တော့ထွက်ပေါ့။ ဒီဥပဒေကို ဦးနေ၀င်းကိုယ်တိုင် ဖျက်ဆီးခဲ့တာပါပဲ။ အားလုံးစစ်တိုက်တတ်ရင် စစ်သားဆိုတဲ့စိတ်ရှိရင် အာဏာရှင် ဆိုတဲ့စိတ် အာဏာရူးတဲ့စိတ် ဖြစ်လာမှာ မဟုတ်ပါဘူး။ အထင်ရှားဆုံးထဲက အမေရိကန် နိုင်ငံဟာ စစ်မှုမထမ်းမနေရနိုင်ငံပါ။ တခါတလေ လူ့သဘာဝအရ ဖောက်ပြန်ဖြစ်ပေါ် လာတဲ့ သတ်ဖြတ်ပစ်ခတ်မှုကလွဲလို့ ဆန္ဒပြလူအုပ်ကြီးကိုတော့ စစ်တပ်ကအကြမ်းဖက် ဖြိုခွဲတယ်ဆိုတာ မရှိခဲ့ပါဘူး။ တလောဆီတုန်းက ကိုရီးယားမင်းသားတွေ စစ်မှုထမ်းတဲ့ အကြောင်း သတင်းတွေထဲမှာပါလာတော့ ညီငယ်လေးတဦးက "ကျွန်တော်တို့လည်း ကိုယ့်နိုင်ငံအတွက် လူတိုင်းစစ်သားဖြစ်ရင်သိပ်ကောင်းမှာပဲ" လို့ ပြောပြခဲ့ဖူးပါတယ်။ ကျွန်တော်က "မင်းစိတ်ကို ခေတ်ကောင်းတဲ့အချိန်ထိမွေးထား" လို့ပဲ ပြောနိုင်ခဲ့ပါတယ်။
အဲဒီတော့ ကြောက်တတ်တဲ့ မိဘတွေကလည်း မွေးဖွားလာတယ်၊ ပညာသင်ခဲ့စဉ် ကလည်း နိုင်ငံတကာကိုမပြောနဲ့ နောင်တော်အမတွေ လက်ထက်ကလို ဝေဖန်အကြံပြု ဆွေးနွေးငြင်းခုန်ပြီး စာသင်ခဲ့တာလည်းမဟုတ်၊ ကိုယ့်ဘ၀စာသင်ချိန်မှာ "ကျောင်း အားကစား၊ ကြဘမ်းစကားပြောပြိုင်ပွဲ၊ ကျောင်းနံရံကပ်စာစောင်၊ ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားဘ၀တီထွင်ဖန်တီးမှု" စတာတွေနဲ့ ကြီးပြင်းခဲ့ရတာမဟုတ်တဲ့ ညီငယ်လေး တချို့အဖို့ ခေါင်းဆောင်ကောင်းဘ၀နဲ့တော့ ဒီတသက်ဝေးနေမှာအမှန်ပါပဲ။ အဲဒီကြား ထဲကမှ မှန်တာပြောရင် နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ရန်တွေ့တတ်တော့ နောင်ကျရင် အမှားကို အမှန်ထင်ပြီး ပြောနေမှာစိုးလို့နဲ့ ကိုယ့်ဘ၀မှန်ကို သိစေဖို့အတွက် ရေးသား လိုက်ရခြင်းပါ။ အသက် ၂၅ တင်မဟုတ်ပါဘူး အသက်သေခါနီးအထိ အမှားကို အမှားမှန်း သိရင် ပြင်ဆင်ချိန်အများကြီးရပါတယ်။ အာဏာရှင်ကို အာဏာရှင်မှန်းမသိလို့ ကိုးကွယ် ဆည်းကပ်မိတာကို အချိန်မီပြင်ဆင်နိုင်ရင် ပြည်သူတွေဖက်က အမြဲတမ်း လက်ကမ်း ကြိုဖို့အသင့်ပါပဲ။ ကောင်းတာကတော့ ကိုယ့်မှာ ကြောက်လွန်းလို့ အကာအကွယ်ရအောင် စစ်ထဲဝင်လာပြီးမှ နည်းနည်းလေးလည်း ပါဝါလေးရှိလာရော ပတ်ဝန်းကျင်ကို စော်ကား မော်ကားလုပ်တာမျိုးကိုတော့ လုံးလုံးကြီး မရှောင်နိုင်သေးရင်တောင် နည်းနည်းချင်း ရှောင် ကြည့်ပါ။ အကျိုးရှိလာပါလိမ့်မယ်။

(အားလုံးကို အရွယ် သုံးပါးမသိစွာဖြင့် စော်ကားနေသော opposite eye မှ ညီငယ်လေး တချို့သို့)

ဘုရင့်နောင်

မတရားမှုအတွက် တရားမျှတမှု အပိုင်း (၂)


သူမနက်မိုးလင်းတော့ ညက အိပ်ရေးအနည်းငယ်ပျက်ပေမယ့် လန်းဆန်းနေ တယ်။ ရေချိုးခန်းထဲမှာ ခင်မောင်တိုးရဲ့ "လွန်ခဲ့သောနေ့" သီချင်းကို ဆိုရင်း ရေချိုးလိုက် တယ်။
"တီ တီ တီ . . . " ဆိုတဲ့ သူ့ လက်ကိုင်းဖုန်းမြည်သံကြောင့် ရေကိုအမြန်ချိုးပြီး ရေချိုးခန်းထဲက ထွက်လိုက်ပေမယ့် ဖုန်းကို ကိုင်လိုက်တော့ ဖုန်းကျသွားပြီ။ Miss Call ပဲ မြင်ရတော့တယ်။ ဒါနဲ့ သူ miss call ကိုဖွင့်ကြည့်လိုက်တော့ စိန်အောင် ဆိုတဲ့ နာမည်ကို သွားတွေ့တယ်။ ခဏနေ ဖုန်းပြန်မြည်လာတော့ သူကိုင်လိုက်တယ်။ စိန်အောင်ပြန်ဆက် တာပါ။
"ကိုရဲလား …"
စိန်အောင့်ဆီက ကုလားသံဝဲဝဲနဲ့ မိတ်ဆက်စကားသံကိုကြားရတယ်။
"ဟုတ်တယ် ကိုစိန် ပြော . . ."
"ဒီနေ့ ကိုရဲ အခန်းသွားကြည့်မယ်ဆို ကျွန်တော် လာခေါ်ရမလား၊ ကိုရဲလာခဲ့ မလား"
"ကျွန်တော်လာခဲ့လိုက်မယ်၊ ကိုစိန် စောင့်နေလိုက်"
"အဲဒါဆို ၃၈ လမ်းထိပ်ကပဲ စောင့်မယ်"
"အိုကေ၊ ကျွန်တော် နောက် ၁၅ မိနစ်ဆိုရောက်ပြီ"
"ဟုတ်ကဲ့ ကိုရဲ" လို့ ပြောပြီး စိန်အောင်ဖုန်းချသွားတယ်။
အခန်းသွားကြည့်မယ်ဆိုတာက သူတို့ရဲ့ အချိန်းအချက်စကား။
စိန်အောင်က သူတို့ အဖွဲ့ထဲက ရဲဘော် အမှတ် (၁၃)၊ ကံမကောင်းတဲ့ နံပါတ်ကိုယူ ထားပေမယ့် ကံကတော့ အခုအချိန်အထိကောင်းနေဆဲပဲ။ သူက မူဆလင်ဘာသာဝင် တယောက်၊ အိမ်ပွဲစားအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်ပြီး သစ္စာရှိသူတယောက်၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး တခြားဘာသာတရားတွေကိုလည်း အပြန်အလှန် လေးစားတတ်သူတယောက်။ အတန်းပညာကို ၁၀ တန်းအထိပဲ သင်ဖူးပေမယ့် ပြင်ပဗဟုသုတတွေနဲ့ လုပ်ငန်းမှာ ပေါင်းသင်းရသူတွေဆီက လေ့လာလိုက်စားသင်ယူ တတ်မှုကြောင့် ပညာတတ်တဦးလို ပြောဆိုဆက်ဆံလုပ်ကိုင်တတ်ပြီး ပတ်ဝန်းကျင်နဲ့ လည်း အဆင်ပြေတဲ့သူတယောက်ဖြစ်တယ်။ သူ့ရဲ့ တဦးတည်းသော ညီမလေး မြစ်ကြီးနားကအမျိုးတွေအိမ်ကို မရောက်ခင် လမ်းမှာအသတ်ခံလိုက်ရတယ်။ လုံလုံခြုံခြုံ သပ်သပ်ရပ်ရပ်ဝတ်စားတတ်ပြီး ရန်ကုန်တက္ကသိုလ်မှာ ဒုတိယနှစ် ရူပဗေဒအဓိကနဲ့ ပညာ သင်ယူနေဆဲ အိန္ဒိယချော ချောမော လှပသူလေးတဦးဖြစ်တယ်။
မြန်မာပြည်ရဲ့ထုံးစံအတိုင်း စစ်ဆေးရေးဂိတ်တွေကအများသားလေ။ မြို့အ၀င်စစ် ဆေးရေးဂိတ်မှာ မသင်္ကာလို့ဆိုပြီး သူ့တယောက်ထဲကိုမှ ကားပေါ်ကဆွဲချသွားခဲ့တယ်။ တာဝန်ကျအရာရှိဖြစ်တဲ့ ဗိုလ်ကြီးသန်းဇော်ဆိုသူက "မ"ဖက်မှာ ဒိတ်ဒိတ်ကြဲဖြစ်မှန်း အားလုံးအသိ၊ လက်အောက်ငယ်သားတွေကလည်း ဖိန့်ဖိန်တုန်အောင် ကြောက်ကြရသူ။ ဒါပေမယ့် သတ်ပစ်လောက်အောင်အထိတော့ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ မိဘူး။ ရန်ကုန်ကမိသားစုတွေက မြစ်ကြီးနားအိမ်ကို ဖုန်းလှမ်းဆက်တော့မှ မရောက် သေးဘူးဆိုပြီး လိုက်ရှာကြတော့ နောက်တရက် အဲဒီတပ်နဲ့ ခပ်လှမ်းလှမ်းက တောစပ်မှာ လည်ပင်းက အညိုအမဲဒဏ်ရာတွေနဲ့ တွေ့ကြရတယ်။ ဆရာဝန်ရဲ့ ဆေးစစ်ချက်မှာ မတရားပြုကျင့်ထားတဲ့ အကြိမ်ပေါင်း (၆) ကြိမ်ထက်မနည်းရှိမယ်လို့ ခန့်မှန်းထားပြီး ဘယ်ဖက်အဆုတ်ကွဲထားတယ်။ လည်ပင်းကို ညှစ်ထားတဲ့ဒဏ်ရာကြောင့် သေဆုံးရခြင်း ဖြစ်တယ်လို့ ဆေးစာမှာရေးထားတယ်။ လချီကြာတဲ့အထိ တရားခံရှာမတွေ့ဘူးဆိုပြီး ရဲစခန်းကလည်း လုပ်ထားတယ်။ တပ်ထဲက သန်းဇော်ကို ကြည့်မရတဲ့ အောက်ခြေပိုင်းက စစ်သားတွေဆီကတဆင့် သန်းဇော် မတော်မတရားကျင့်ပြီး သတ်လိုက်တာမှန်း တဖြည်း ဖြည်းပေါ်လာပေမယ့် မြန်မာပြည်ရဲ့ တရားဥပဒေက အဲဒီစစ်ဗိုလ်အတွက် လုံခြုံတဲ့ တံတိုင်း တခုလို အကာအကွယ်ပေးခဲ့ပြီး အဲဒီအနီးတ၀ိုက်က ရွာသားတချို့ မဆီမဆိုင်နဲ့ အဖမ်းခံခဲ့ရ တယ်။ နောက်ဆုံးမတတ်သာတော့မှ သူမကြည်တဲ့ တပ်ကြပ်ကြီးတယောက်ကို အတင်း အကြပ်ဖိအားပေးပြီး စစ်ကြောရေးလုပ်ဝန်ခံခိုင်းပြီး ထောင်ထဲကိုထည့်လိုက်တယ်။ တပ်ကြပ်ကြီးလည်း ရှေးဘ၀က၀ဋ်ကြွေးတွေ ကြောင့် ထောင်ဒဏ်အနှစ် (၂၀) ကျသွားပြီး ရဲဘက်စခန်းမှာ ငှက်ဖျားနဲ့ ဆုံးသွားခဲ့ရရှာတယ်။ ဒါတွေအားလုံး သန်းဇော်လက်ချက်ဆို တာသိပေမယ့် ဘယ်သူမှ မပြောရဲကြဘူး။
အဲဒီစစ်ဗိုလ်ရဲ့ မတရားမှုကို ဥပဒေပြင်ပကနေ ဖြေရှင်းဖို့အတွက် စိန်အောင် မန္တလေးကို ရထားစီးပြီးလာစဉ်မှာပဲ သူနဲ့ ဆုံတွေ့ခဲ့ကြတာဖြစ်တယ်။ စိန်အောင်ရဲ့ ညှိုးငယ်နေပြီး နာကျည်းမှုတွေပေါ်လွင်နေတဲ့ မျက်နှာကို သူသတိထားမိတယ်။ အိန္ဒိယ ကားထဲက မင်းသားတယောက်နီးပါး ချောမောခန့်ညားပေမယ့် သူ့ညီမလေးစိတ်နဲ့ သူ့ရုပ်က ကျနေတာကို သတိထားမိတယ်။ ပျဉ်းမနားဘူတာကျော်တဲ့အထိ တဦးနဲ့တဦး အသိ အမှတ်ပြုမှုရှိပေမယ့် ဟက်ဟက်ပက်ပက်မရှိလှတဲ့ စိန်အောင့်ကို သူက စကားတွေ ပြောကြည့်ရင်းနဲ့ အဖြေရှာလိုက်တဲ့အခါကျမှ ခုနက အဖြစ်မှန်တွေကိုသိခဲ့ရတာဖြစ်တယ်။
စိန်အောင့်ကို မြစ်ကြီးနားမသွားခင် တရက်အလိုမှာ နန်းရှေ့ရေနီမြောင်းဘေးနားက စားသောက်ဆိုင်တခုမှာချိန်းပြီး စည်းရုံးနိုင်ခဲ့တယ်။ သူတို့အဖွဲ့ရဲ့ (၁၃) ယောက်မြောက် ရဲဘော်ဖြစ်လာခဲ့တယ်။ စိန်အောင့်ရဲ့အရည်အချင်းကို ဘာမှမဟုတ်တဲ့ စစ်ဗိုလ်တကောင် ကြောင့် ဒုက္ခမရောက်စေချင်ဘူးလေ။ သူတွေးတာမှန်ပါတယ်။ ညီမလေးအတွက် သောက တွေနဲ့ ထင်ရာစိုင်းဖြစ်တော့မယ့် စိန်အောင်ဟာ လမ်းကြောင်းမှန်ပေါ်မှာ သူတို့အတွက် အထောက်အကူအများကြီးဖြစ်ခဲ့ပါတယ်။ အခု သူတို့ ရွေးချယ်ထားတဲ့ပစ်မှတ်အတွက် ပစ်ကွင်းကောင်းဖို့ အခင်းအကျင်းဟာ စိန်အောင့်အပေါ်မှာ အများကြီး မူတည်နေပြီး အဓိကတာဝန်ယူရမယ့် သူ့အတွက် စိန်အောင့်ရဲ့ ဖောက်ခွဲရေးပစ္စည်း ဖန်တီးမှုတာဝန်ဟာ အရေးပါလို့နေတယ်။ သင်လိုက်တဲ့ အရာတိုင်းကို ခဏနဲ့ တတ်လွယ်တဲ့ စိန်အောင့်ကို သူ တော်တော် သဘောကျမိတယ်။
သူ့အတွေးစတွေ ခဏဖြတ်ထားပြီး အိမ်ခန်းတံခါးကို သော့ခတ်လိုက်တယ်။
"ကိုရဲ သွားပြီလား"
ဘေးခန်းက ရပ်ကွက်အတွင်းရေးမှူးရဲ့အသံကြောင့်
"ဟုတ်ကဲ့၊ အကိုရော ရုံးသွားပြီလား" လို့ အပြန်အလှန်နှုတ်ဆက်လိုက်တယ်။
သူက ခေါင်းဆတ်ပြပြီး၊ သူ့ကို အရင်ဆင်းပါဆိုတဲ့သဘော လက်ဟန်ပြလိုက်တော့ သူ လှေကားကနေ မပြေးရုံတမယ် ခပ်သွက်သွက်ဆင်းခဲ့တယ်။
၃၈ လမ်းထိပ်ရောက်တော့
"ကိုရဲ လက်ဖက်ရည်သောက်ဦးမလား" လို့ စိန်အောင်ကမေးတော့
"အင်း ကောင်းသားပဲ ဘယ်မှာသောက်မလဲ"
"ကရားကြီးသွားရအောင်လေ" လို့ သူပြန်ပြောလိုက်တယ်။
"ကိုစိန် ဘယ်သွားမလို့လဲ" ဆိုတဲ့ လမ်းထိပ်က ပွဲစားမတယောက်ကလှမ်းမေး လိုက်သံကို စိန်အောင်က . . .
"ကိုရဲကို အခန်းပြမလို့" ဆိုပြီး ခပ်ပြတ်ပြတ်ဖြေလိုက်တယ်။
"ကျွန်မတို့ဆီမှာရှိတယ်" လို့ပြန်ဖြေတော့
"ငါမှာရှိပြီးသား နင်တို့ကိုအဆင်ပြေခဲ့ရင် မုန့်ဖိုးပြန်ပေးမယ်" လို့ စိန်အောင်ပြန်ဖြေ တော့ သူတို့ လည်း အတွန့်ထပ်မတက်တော့ဘူး။
အားလုံး စီးပွားရေးမပြေလည်ကြချိန်မှာ ရတာရှိရင် ခွဲဝေပေးတတ်တဲ့ စိန်အောင့် အကျင့်ကြောင့် ပွဲစားထုံးစံအတိုင်း လုပ်လေ့လုပ်ထရှိတဲ့ ဇွတ်ပွဲခလိုက်တောင်းတာမျိုး၊ ရုပ်ပျက်ဆင်းပျက် လိုက်လာတာမျိုးတွေကို စိန်အောင့်အပေါ်မှာတော့ ဘယ်သူမှ မလုပ်ကြ ဘူးဆိုတာ သူအသိဆုံး။
ဘိုကလေးဈေးလမ်းထိပ်က ကရားကြီးဆီကို သူတို့နှစ်ဦးလုံး ဦးတည်လိုက်ကြ တယ်။ ကရားကြီးမှာ လက်ဖက်ရည် ၂ ခွက်နဲ့ ပလာတာ တယောက် တခုစီစားကြပြီး သူ ပိုက်ဆံရှင်းလိုက်တယ်။ မိုးလင်းစပဲရှိသေးတယ် တောင်းတဲ့ကလေးတွေနဲ့ ပလပ်စတစ် ကောက်တဲ့ ကလေးငယ်လေးတွေက ဗန္ဓုလလမ်းပေါ်မှာ တယောက်စ နှစ်ယောက်စ မြင်နေရပြီ။ သူတို့တွေရဲ့ အနာဂတ်တွေကို ဆက်မတွေးရဲစရာပဲလို့ သူတွေးမိတယ်။ စိန်အောင် အငှားကားသမားနဲ့ အပြန်အလှန်ဈေးဆစ်နေသံကြားမှ သူ့အတွေးစ ပြန်ပြတ် သွားပြန်တယ်။ ထုံးစံအတိုင်း ဆီဈေးတွေက ဘယ်၍ဘယ်မျှဖြစ်လို့ ကားမောင်းနေရတာ မကိုက်တဲ့အကြောင်းတွေကို ဖောင်နေလောက်အောင်ပြောတဲ့ ကားမောင်းသူရဲ့ ဖျော်ဖြေတဲ့ အသံကို နားဆင်ရင်း ရေစက်မှတ်တိုင်မှာ ဆင်းလိုက်ကြတယ်။ ပြီးတော့ အင်ကြင်းမြိုင် လမ်းထဲက ရုပ်ရှင်သမားတွေအများဆုံးလာတတ်တဲ့ ခြံအနီးက ခြံဝင်းတခုထဲကိုဝင် လိုက်တယ်။
"ကိုရန်ရှင်းရှိလား" လို့ ခြံစောင့်ကိုမေးလိုက်ပြီး သူတို့ ခြံဝမှာရပ်စောင့်နေ လိုက်တယ်။ စိန်အောင့်ကို မျက်မှန်းတန်းမိသူဖြစ်လို့ ခြံစောင့်လည်း ချက်ခြင်းပဲ ဖွင့်ပေးလိုက်တယ်။ ခြံလမ်းလေးအတိုင်း နှင်းဆီပန်းခင်းလေးကိုဖြတ်ပြီး ပေါ်တီကို အောက်အထိ လျှောက်ခဲ့ကြတယ်။
"လာ ကိုရဲနဲ့ ကိုစိန်အောင်" လို့ အသံသြသြ၊ အသားဖြူဖြူ တရုတ်သွေးပါသူ ကိုရန်ရှင်းဆိုသူက အိမ်ထဲကနေဖိတ်ခေါ်လိုက်တယ်။ ဧည့်ခန်းကိုဖြတ်ပြီး ကိုရန်ရှင်းရဲ့ စာကြည့်ခန်းဆီကို ဆက်သွားခဲ့ကြတယ်။ ကိုရန်ရှင်းရဲ့ စာကြည့်ခန်းထဲမှာ စာအုပ်တွေ ပြည့်နှက်နေပြီး အထူးသဖြင့် ဓာတ်ပုံပညာနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေက ပိုများ တယ်။ ကိုရန်ရှင်းက ဓာတ်ပုံသမားတယောက်ဖြစ်ပြီး သူတို့ အဖွဲ့ရဲ့ အဖွဲ့ဝင်အမှတ် (၅) ဖြစ် တယ်။ ကိုရန်ရှင်းရဲ့ဇနီးကတော့ ယုဇနပလာဇာမှာ အထည်ဆိုင်ဖွင့်ထားတယ်။ အထူး သဖြင့် သူ့အမျိုးသမီးဆိုင်ကို စစ်ဗိုလ်ကတော်တွေအများဆုံး လာဝယ်လေ့ရှိတယ်။ ဒါပေ မယ့် သူတို့အဖွဲ့ဝင်ဖြစ်တဲ့အကြောင်းကိုတော့ သူ့အမျိုးသမီးကိုတောင် နည်းနည်းမှ အသိမပေးတဲ့အထိ နှုတ်လုံသူဖြစ်တယ်။ မိဘအစဉ်အဆက်ချမ်းသာသူဖြစ်ပြီး သုဝဏ္ဏက အခုနေနေတဲ့ အိမ်ကတော့ သူ့အမျိုးသမီးပိုင်တဲ့ အိမ်ဖြစ်တယ်။ သူနေရခြင်းရဲ့ ရည်ရွယ် ချက်က စစ်ဗိုလ်ချုပ်တွေ အများဆုံးနေတဲ့ နေရာတခုဖြစ်တာကြောင့် သူတို့ လုပ်မယ့် လုပ်ငန်းတွေအတွက် အသုံးတည့်အောင် နေထိုင်နေခြင်းပဲဖြစ်တယ်။
တတ်နိုင်သမျှ အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ ၀င်ဆံ့အောင်ပေါင်းခဲ့တာ အခုဆိုရင် ကိုရန်ရှင်းနဲ့ ညနေတိုင်းဂေါက်ရိုက်ဖော်ဟာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ အာဏာရှင် တဦးဖြစ်နေတယ်။
သူ့စာကြည့်စားပွဲမှာ ၁၉ လက်မအရွယ် မော်နီတာနဲ့ ကွန်ပျူတာတလုံးကို မြင်နေ ရပေမယ့်၊ ဘီရိုထဲကနေ လက်ဆွဲကွန်ပျူတာကလေးကို ထုတ်ပြီးဖွင့်လိုက်တယ်။ လုပ် ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို သူတို့ (၂) ဦးကိုဖတ်စေပြီး၊ စာကိုဖျက်ပစ်လိုက်တယ်။ မနေ့က သူ့အတွက် သီးသန့်ညွှန်ကြားချက်နဲ့ ဘာမှ မကွာပေမယ့် သူသွားရမယ့် အခုဟာက ပစ်မှတ်ရဲ့ အိမ်အခင်း အကျင်းကို 3D နဲ့ ဆွဲထားပြီး အချိန်အတိုင်းအတာနဲ့ လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်တွေကိုလည်းဖော်ပြထားတယ်။ နောက်တခုက google earth ကနေ ပစ်မှတ်အိမ်ရဲ့ ကောင်းကင်မြေပုံကိုလည်း ဖော်ပြထားတယ်။ အခု သူပြတဲ့ ရည်ရွယ်ချက်က အိမ်ခြံဝင်းတွင်း အပြင်အဆင်ကို အလွတ်မှတ်ဖို့ဖြစ်ပြီး၊ စိန်အောင်နဲ့အတူ ပစ်မှတ်ရဲ့ အိမ်အပြင်ဖက် အခင်းအကျင်းတွေကို လမ်းလျှောက်ပြီး သွားလေ့လာရမှာ ဖြစ်တယ်။ ကိုရန်ရှင်း နေအိမ်နဲ့ ပစ်မှတ်အကွာအဝေးက မီတာ ၃၀၀ လောက်ရှိမယ်လို့ သူခန့်မှန်းမိတယ်။ ကိုရန်ရှင်းရဲ့ နေအိမ်နဲ့ကပ်လျှက် ကျောကပ်တိုက်ကနေ မျက်နှာချင်း ဆိုင်လောက်မှာ သူတို့ရဲ့ပစ်မှတ်ရှိတယ်။ ကြားထဲမှာ ကွင်းပြင်တခုခြားနေတယ်။ သူမှတ် စရာရှိတာကိုမှတ်ပြီး ကိုရန်ရှင်းရဲ့ နေအိမ်ကနေ ထွက်လာခဲ့ကြတယ်။ ပစ်မှတ်နဲ့ ၂ အိမ် ကျော်လောက်အရောက်မှာ သူက လက်ကိုင်ဖုန်းကို ထုတ်လိုက်တယ်။ ဖုန်းပြော ဟန် ဆောင်ပြီး တလျှောက်လုံး သူ့ဖုန်းကင်မရာနဲ့ ဗီဒီယိုမှတ်တမ်းတင်လိုက်တယ်။ ဒါဆိုရင် သူတို့ (၂) ဦးအတွက် အားလုံးပြည့်စုံသွားပြီ။ မနက်ဖြန်တရက်ပဲ အချိန်ရှိတော့တယ်။ ဒီလူယုတ်မာ အာဏာရှင်တဦးအတွက် လူ့ပြည်မှာနေခွင့်လည်း တရက်ပဲ ကျန်တော့ တယ်လို့ သူတွေးပြီး ပြုံးမိတယ်။
စိန်အောင်က သူ့ဆီမှာရောက်နေပြီဖြစ်တဲ့ ယမ်းပျော့တွေနဲ့ စနစ်တကျ စီရင်ထားတဲ့ သူတို့ရဲ့ လက်လုပ်ဗုံးကို ညနေ (၃) နာရီမှာ လာပေးမယ့်အကြောင်းပြောပြီး သူတို့ (၂) ဦး လမ်းခွဲလိုက်ကြတယ်။ သူက ယုဇနပလာဇာကိုဝင်ပြီး ငွေလွှဲထုတ်ရဦးမယ် လေ။
ဘတ်စ်ကားပေါ်က ဆင်းဆင်းခြင်းပဲ ယုဇနပလာဇာဖက်ကို လမ်းကူးလိုက်တယ်။ ကိုအောင်ဘော့် အမျိုးသမီးဆိုင်ကိုကျော်ပြီး CD တွေ DVD တွေ ရောင်းတဲ့ ဆိုင်တွေဖက် ဦးတည်လိုက်တယ်။ "မျှော်လင့်ခြင်း"လို့ ကဗျာဆန်ဆန်နာမည်ပေးထားပြီး ဘယ်လိုမှ ကဗျာမဆန်တဲ့ အသားမည်းမည်း ကွမ်းဗလဗျစ်လူတယောက်ရှိတဲ့ CD အရောင်းဆိုင်ရှေ့ မှာ သူ့ရဲ့ လမ်းလျှောက်ခြင်းတွေ ရပ်ပြီး သူငွေလာထုတ်တဲ့အကြောင်းပြောလိုက်တယ်။ အဲဒီလူက သူ့ဆီကမှတ်ပုံတင်တောင်းပြီး စာအုပ်တအုပ်မှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးခိုင်းလိုက်တယ်။ မြန်မာငွေ သိန်း (၄ဝ) ကို ကျွတ်ကျွတ်အိတ်ထဲမှာ ပေါ့ပါးစွာကိုင်းရင်း အဲဒီလူကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ ငွေတွေများတာကြောင့် ဘတ်စ်ကားနဲ့ မပြန်ဘဲ အငှားကားနဲ့ပြန်ဖို့ သူဆုံးဖြတ်လိုက်တယ်။
နေ့လည်ပိုင်း အိမ်မှာပဲ အနားယူလိုက်တယ်။ ညနေ စိန်အောင်ယူလာတဲ့ပစ္စည်းကို ပစ်မှတ်မှာ သွားရောက်တပ်ဆင်ရမယ်။ အဲဒီအတွက် အိမ်တွင်းအပြင်အဆင်ကို ကိုရန်ရှင်း ဆီကမှတ်လာတဲ့ မြင်ကွင်းကို ထပ်ပြီးစဉ်းစားလိုက်တယ်။ လုပ်ဆောင်စရာတွေကို ခေါင်း ထဲမှာ အလွတ်မှတ်ထားပြီး နေ့လည်စာစားဖို့ ပြင်ဆင်လိုက်တယ်။ အချိန်က နေ့လည် ၁၂ နာရီတောင် ခွဲနေပြီ။
"တီ တီ တီ . . ." နဲ့ သူ့ လက်ကိုင်ဖုန်းက မြည်လာတာကြောင့်
"ဟဲလို"
"ကိုရဲလား ကျွန်တော် အောင်မြင့်ဦးပါ။ ကျွန်တော် အပြင်ကနေဆက်နေတာ။ မနက်ဖြန် သုဝဏ္ဏမှာ မြန်မာ့လက်ရွေးစင်နဲ့ အာရှလက်ရွေးစင်ဟောင်းများ ချစ်ကြည်ရေး ပွဲရှိတယ်။ အကို လိုက်မယ်ဆိုရင် ကျွန်တော်လာခေါ်မယ်လေ။"
"မင်းကွာ အားအားယားယား . . ."
"အကို ကြိုက်မယ်ထင်လို့ နာကာတာတို့လည်းပါမှာအကိုရ"
ပြီးမှ သူတစုံတခုကို သတိရသွားပြီး
"အေးပါ နာကာတာပါမယ်ဆိုတော့ ငါလည်းကြည့်ချင်သားပဲ။ အလုပ်တွေထားခဲ့ မယ်ကွာ၊ ဘယ်သူတွေပါသေးလဲ"
"ကျွန်တော့် သူငယ်ချင်း စစ်ဗိုလ်ငကြောင်တကောင်တော့ပါမယ်၊ အဲဒါတော့ အကို ခွင့်လွှတ်ပေး၊ ဒီကောင်လည်း မင်္ဂလာဒုံမှာ သင်တန်းလာတက်တုန်း ပိတ်ရက်နဲ့ဆုံတုန်း လေး ကြည့်ချင်တယ်ဆိုလို့"
"အေးပါ ကြည့်ပစေပေါ့"
သူတချက်ပြုံးလိုက်တယ်။ နှုတ်ခမ်းတွန့်ပြီး ပြုံးတယ်ဆိုရုံလေး။
ဖုန်းပြောအပြီး ထမင်းစားလိုက်တယ်။ ပြီးတော့ ညနေအတွက် အားမွေးဖို့ တရေး တမောအိပ်လိုက်တယ်။ ညနေ ၃ နာရီမထိုးခင် ၁၅ မိနစ်လောက်အလိုမှာ သူနိုးလာတယ်။
"တီ တီ တီ …." ဆိုတဲ့ သူ့ဖုန်းသံကို ကြားလိုက်တော့ စိန်အောင့်ဆီကမှန်းသိနေပြီ။
"ကိုရဲ စက်တလုံးပြင်မလို့ လာခဲ့တော့မယ်နော်"
"ဟုတ်ကဲ့ ကျွန်တော်အဆင်သင့်ပဲ" လို့ပြောလိုက်တော့ သူဖုန်းချသွားတယ်။
၁၅ မိနစ် လောက်နေတော့ စိန်အောင်ရောက်လာတယ်။ သူ့ ပခုံးပေါ်မှာ ကွန်ပျူတာ system ပုံးကိုထမ်းလို့။ သူက သူ့အခန်းတံခါးကိုပိတ်လိုက်ပြီး စိန်အောင့်ဆီက system ပုံးကို လှမ်းယူလိုက်တယ်။ ပုံးအဖုံးကို ခွာလိုက်တော့ စနစ်တကျထည့်လာတဲ့ ဗုံးကို တွေ့လိုက်ရတယ်။ အဲဒီဗုံးကို ယူပြီး တခြား system ပုံးထဲကို ပြောင်းထည့်ပြီး ပိတ်လိုက်တယ်။ စိန်အောင်က သူလုပ်ထားတဲ့ ဗုံးရဲ့ စနစ်ကို ပြောပြတယ်။ သူက စိန်အောင့်လက်ထဲကို ငွေ (၁၀) သိန်း ထည့်ပေးလိုက်တယ်။ ညနေ ၄ နာရီ မထိုးခင်မှာ ခုနက system ပုံးကို ထမ်းပြီး သူအိမ်အောက် ကိုဆင်းခဲ့တယ်။
"ကိုရဲတို့များ သူများတွေအလုပ်ပါးချိန်မှာ အလုပ်ကိုဖြစ်နေတာပဲနော်" ဆိုတဲ့ အသံ ကိုကြားတော့ အတွင်းရေးမှူးရဲ့ မိန်းမဖြစ်နေတယ်။
"မဟုတ်ပါဘူး အမရယ် နည်းနည်းပါ" ဆိုပြီး သူအိမ်အောက်ကိုဆင်းခဲ့တယ်။
သူလမ်းထိပ်ကိုရောက်တော့ အငှားကားတစီး အသင့်ရောက်လာတာနဲ့ သုဝဏ္ဏလို့ ပြောပြီး တက်လိုက်ခဲ့တယ်။ ကိုရန်ရှင်းအိမ်ရှေ့မှာရပ်ခိုင်းပြီး ကျသင့်ငွေကိုရှင်းပေးလိုက် တယ်။ ကိုရန်ရှင်းခြံစောင့်က သူ့လက်ထဲက system ပုံကိုလှမ်းယူပြီး အိမ်ထဲကို ၀င်ခဲ့ကြ တယ်။ ကိုရန်ရှင်းအခန်းထဲအထိ ခြံစောင့်က လိုက်ပို့ပြီး ကိုရန်ရှင်းက စာကြည့်ခန်းထဲကနေ ဆီးကြိုနေတယ်။
"ကဲ ကိုရဲ အေးအေးဆေးဆေးလုပ်ပေတော့" လို့ ပြောပြီး စာကြည့်ခန်းတံခါးကို ပိတ်လိုက်တယ်။ သူ့ခြံစောင့်ကိုလည်း
"ဘမောင် ငါဒီနေ့အလုပ်ရှုပ်နေတယ်၊ ဧည့်သည်လာရင်မရှိဘူးပြောလိုက်ကွာ"
"ဆရာ့ကားမြင်နေရင်ကောဘယ်လိုလုပ်မလဲ"
"မင်းမလဲတုံးလိုက်တာ၊ သူများနဲ့ လိုက်သွားတယ်ပြောပေါ့ကွ"
"ဟုတ်ကဲ့ဆရာ" လို့ပြောပြီး ကိုရန်ရှင်းခြံစောင့်ထွက်သွားတာကို သူလှမ်းမြင်လိုက် တယ်။
သူတို့ (၂) ဦး အခန်းထဲမှာ စိန်အောင်ဆင်ပေးလိုက်တဲ့ ဗုံးကို အသေအချာစစ်ဆေး ပြီး နောက်ဆုံးအဆင့် တပ်ဆင်ရမယ့် နေရာနဲ့ ကိုက်ညီမှုရှိမရှိ ကြည့်လိုက်တယ်။ သေချာပြီဆိုတော့ ကိုရန်ရှင်းက သူ့လက်ထဲကို Heavy Duty ဓာတ်ခဲ ၂ လုံး၊ အဝေးထိန်း စနစ်ပါတဲ့ ကိရိယာလေးနဲ့ နိုကီယာဖုန်းနဲ့ပြုလုပ်ထားတဲ့ ဗုံးအတွက် အဝေးထိန်း ခလုပ် ကလေးကို သူ့လက်ထဲအပ်လိုက်တယ်။ အဝေးထိန်းစနစ်ကို စိန်အောင်လုပ်ထားတဲ့ ဗုံး ကိုယ်ထည်မှာချည်နှောင်လိုက်ပြီး အဝေးထိန်းခလုပ်ကလေးကိုတော့ သူ့လက်ဆွဲအိတ်ထဲ ကိုထည့်လိုက်တယ်။ အခုမှ ညနေ ၅ နာရီခွဲပဲရှိသေးတော့ သူတို့ ပစ်မှတ်က ဂေါက်ကွင်း ကတောင် ပြန်မရောက်လောက်သေး ဘူး။ ၆ နာရီလောက်မှာပြန်ရောက်တတ်ပြီး ၇ နာရီ လောက်အထိ မြက်ခင်းပေါ်မှာ အနားယူ တတ်တယ်။ သူအနားယူတဲ့နားမှာ ရေစက်ရှိပြီး ဗုံးကို အဲဒီထဲမှာ ဆင်ထားခဲ့ရမယ်။ သူဆင်တဲ့ဗုံးက တညလုံးနဲ့ တနေ့ခင်းလုံး အနားယူနေပြီး နောက်နေ့ ညနေကျမှ အာဏာ ရှင်တဦးကို လူ့ပြည်ကနေ ငရဲပြည်ကိုပို့ဖို့ တာဝန်ကျေအောင် လုပ် ဆောင်ပေးလိမ့်မယ်။
"ကိုရဲ ခေါင်းအေးအေးထားလုပ်နော်၊ လိုရမယ်ရ လက်အိတ်အထူကိုယူသွား။ ခင်ဗျားခြံစည်းရိုးကိုကျော်တဲ့အခါကျရင် လျှပ်စစ်ဓာတ်မလွှတ်ထားတောင် သံဆူးကြိုးဒဏ် တော့ မခံရဘူးပေါ့။"
"ဟုတ်ကဲ့" လို့ပြောလိုက်ပြီး သူက လက်ဆွဲအိတ်ထဲကနေ ကိုရန်ရှင်းအတွက် (၁၀) သိန်းထုတ်ပေးလိုက်တော့
"ကျွန်တော့်ကို မပေးနဲ့တော့လေ။ ခင်ဗျားပဲယူထားလိုက်တော့။ ခင်ဗျားလုပ်နေရတဲ့ တာဝန်တွေကများတယ်"
"မဟုတ်ဘူးလေ၊ ကိုရန်ရှင်းဖက်က လုပ်ပေးတဲ့သူတွေအတွက်လည်း ကိုရန်ရှင်း အိတ်စိုက်ချည်းပဲ လုပ်မနေနဲ့ဦးလေ၊ ဒီထဲကပဲပေးပေါ့" ဆိုတော့ ကိုရန်ရှင်းလက်ခံလိုက် တာကို သူပြုံးပြလိုက်တယ်။
"ကိုရဲ ညနေစာစားတော့မလား" ဆိုတော့
"ကျွန်တော် ပြန်လာမှ စားမယ်လေ၊ အောင်ပွဲအကြိုပေါ့" ဆိုတော့ ကိုရန်ရှင်းက အသံထွက်အောင်ပြုံးပြပြီး လက်မထောင်ပြတယ်။
၇ နာရီ ၃ဝ မှာတော့ သူက ကိုရန်ရှင်းအိမ်မှာ အဆင်သင့်ထားတဲ့ ရေငုတ်ဝတ်စုံလို အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ၀တ်ဆင်ပြီးနေပြီ။ ဗုံးထည့်ထားတဲ့ သားရေအိတ်ကို ကျောမှာ လွယ်လိုက်ပြီး နောက်ခန်းမလွယ်ပေါက်ကတဆင့် ကားဂိုထောင်ဆီကိုထွက်ခဲ့ တယ်။ ကိုရန်ရှင်းရဲ့ prado ကားနားကနေ ရပ်စောင့်နေချိန်မှာ
"ဟေ့ စာကြည့်ခန်းထဲမှာ ကိုရဲ ကွန်ပျူတာပြင်နေတယ်နော်။ ဘယ်သူမှ အနှောင့် အယှက်သွားမပေးကြနဲ့ ကြားလား" လို့ သူ့အိမ်က မိသားစုတွေကို ပြောဆိုနေသံ ကြားလိုက်ရတယ်။ ခဏနေတော့ သူကားနောက်ခန်းမှာ ဝမ်းလျားမှောက်လျှက် လိုက်လာတယ်။ ကိုရန်ရှင်းက ရှေ့ကမောင်းတယ်။ ၅ မိနစ်တောင်မကြာလိုက်ဘူး ကိုရန်ရှင်းက
"ကိုရဲ အသင့်" လို့ပြောလိုက်တာနဲ့ ကားတံခါးခလုပ်ကို အသာဖွင့်လိုက်တယ်။ ကိုရန်ရှင်း ကားအရှိန်နှေးသွားချိန်မှာ တံခါးကနေ ဂျွမ်းထိုးပြီးလှိမ့်ဆင်းလိုက်တယ်။ နောက်ခြေထောက်နဲ့ ကားတံခါးကို အသာကန်ပြီးပိတ်ပေးလိုက်တယ်။ ဂျူဂျစ်ဆုပညာကို ခါးပတ်အနက် (၃) ဆင့်အထိ သင်ကြားခဲ့တဲ့ သူ့အဖို့ ဖော့ကလေးလို သူ့ ခန္ဓာက မြေပေါ်ရောက်သွားချိန်မှာတော့ ကိုရန်ရှင်းကားတံခါးလည်း ပိတ်ပြီးသားဖြစ်နေပြီ။ သူက နေ့ခင်းတုန်းက ကြည့်ခဲ့တဲ့အတိုင်း အာဏာရှင်အိမ်နဲ့ကပ်ရက် ဆောက်လက်စတိုက်တခုရဲ့ စည်းရိုးအပေါက်ကနေ အသာတိုးဝင်ခဲ့တယ်။ အဲဒီတိုက်ကို စောင့်တဲ့ အစောင့်ရဲ့ ဆေးလိပ်မီးရဲရဲကို မှောင်ထဲကနေလှမ်းမြင်လိုက်တယ်။ သူက အရက်သမားဆိုတာ သိပြီးသားဆိုတော့ သူစိတ်ပေါ့သွားမိတယ်။ အခုဆောက်နေတဲ့တိုက်ကလည်း ဗိုလ်ချုပ် တယောက်ရဲ့တိုက်ပါပဲ။ သေချာတာကတော့ အခုလုပ်ငန်းစဉ်အောင်မြင်သွားခဲ့ရင် အဲဒီဗိုလ်ချုပ်တော့ အိမ်ရောင်းပြီး ဒီနေရာကနေခွာမှာဆိုတာ သေချာနေသလောက်ပဲ။
သူ ခြံစည်းရိုးကိုကပ်ပြီး အမှောင်ရိပ်အကျဆုံးနေရာကိုရွေးလိုက်တယ်။ အဲဒီနေရာ က အုတ်နံရံတက်ပြီးသားဆိုတော့ အစောင့်က လှမ်းမမြင်နိုင်ဘူး။ မြင်လည်း ကိစ္စမရှိဘူး၊ အဲဒီလူ အရက်တော်တော်မူးနေပြီ။ အဲဒီနေရာကနေ အုတ်တံတိုင်းနားမှာ လှေကားအသေး တခုကို အသင့်တွေ့တာနဲ့ ထောင်ပြီး တဖက်ကိုကျော်တက်ဖို့ လုံးပမ်းလိုက်တယ်။ တဖက်က သစ်ပင်အုံ့နေတဲ့နေရာနားအထိ သူလှေကားကို အသာရွှေ့လိုက်တယ်။ သေချာပြီဆိုတော့ သူလှေကားပေါ်ကိုအသာတက်ခဲ့တယ်။ သံဆူးကြိုးနားကိုရောက်တော့ ပါလာတဲ့ tester နဲ့ စမ်းကြည့်လိုက်တော့ သူ ကိုရန်ရှင်းကိုကျေးဇူးအထူးတင်မိတယ်။ ဓာတ်အားတွေလွှတ်ထားတယ်လေ။ သူ့လက်အိတ်က ခံနိုင်ရည်ရှိတာမှန်ပေမယ့် ခြေရာလက်ရာမပျက်ဖို့နဲ့ သူတို့လွှတ်ထားတဲ့ ဓာတ်အားတွေပြတ်မသွားဖို့ လိုအပ်တာ ကြောင့် သူအောက်ကို ခဏပြန်ဆင်းလိုက်တယ်။ အောက်မှာ သစ်သားချောင်း (၁) ပေ လောက်များတွေ့နိုင်မလားဆိုပြီး သူရှာလိုက်တယ်။ နံရံနဲ့ကပ်ပြီး ၄ လက်မ ၂ လက်မ တချောင်း ၁ ပေခွဲလောက်ကိုတွေ့လိုက်တော့ သူတော်တော်ပျော်သွားမိတယ်။ အဲဒါကို သူယူပြီး လှေကားပေါ်ပြန်တက်ခဲ့တယ်။
လှေကားကိုခြေကုပ်ယူပြီး သံဆူးကြိုးကို လူတကိုယ်ဝင်သာရုံ သစ်သားချောင်းနဲ့ ထောက်လိုက်တယ်။ ပြီးမှ ဝမ်းလျားထိုးလျှိုပြီးဝင်လိုက်တယ်။ တဖက်မှာ လှေကားမရှိပေ မယ့် မန်ကျည်းပင်ကိုင်းတခုက လက်တလှမ်းမှာပဲ ရှိနေတယ်။ ကံကောင်းတာက အဲဒီ နေရာကလည်း မှောင်ရိပ်ကျနေတယ်။ သူ သစ်ကိုင်းကိုဆွဲပြီး ခိုလိုက်တယ်။ ပြီးမှ အောက်ကို အသံမကြားအောင် ခြေဖော့ပြီးခုန်ချလိုက်တယ်။ အားလုံးတော့ အဆင် ပြေနေဆဲပါပဲ။ အစောင့် စစ်သားတွေနေတဲ့ အိမ်ဆီကိုလှမ်းကြည့်လိုက်တော့ သူတို့လည်း တဖက်အိမ်က အစောင့်နည်းတူပါပဲ တော်တော်မူးနေကြပြီ။ သူတို့အဘ အိမ်ထဲပြန် ၀င်တုန်း မိနစ် ၃၀ လောက်မှာ နွားငတ်ရေကျသောက်ကြပုံရတယ်။ သူကိုယ်ကိုဝပ်ပြီး ရေစက်ရှိရာကို သတိထားပြီး တွားသွားလိုက်တယ်။ အဲလိုမသွားလို့မဖြစ်ဘူး၊ မီးရောင်တွေက အဲဒီနေရာမှာရှိတယ်။ သူ့အတွက် အကာအကွယ်ဆိုလို့ အလှမြက်ခင်းစိုက်ထားတဲ့ အုတ်ဘောင် ၁ ပေနီးပါးထုပဲရှိတယ်။ ဒါပေမယ့် သူ့ကိုယ်ပေါ်မှာ အနက်ရောင်ဝတ် ထားတာကြောင့် တော်ရုံလူက အမှတ်တမဲ့ဆိုရင် သတိထားမိမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့လှုပ်ရှားမှုကိုတော့ တတ်နိုင်သမျှ သတိထားလိုက်ပြီး ရေစက်နားအရောက်သွားလိုက် တာ နောက်ထပ်ခြေနှစ်လှမ်းစာဆိုရင် ရောက်တော့မယ်။ အစောင့်တွေက သံဆူးကြိုးတွေ ဓာတ်အားလွှတ်ထားတာကိုလည်း အားကိုးထားတဲ့ပုံပါပဲ။ လှုပ်ရှားမှုသိပ်မရှိဘူး။ သူတို့ကို ဒီအိမ်နဲ့ပတ်သက်တဲ့ သတင်းပေးလုပ်တဲ့ တပ်ကြပ်ကြီး ကတော့ ရှေ့တန်းကို သွားရလို့ ဒီမှာမရှိတော့ဘူး။ သူသတိကိုလုံးဝမလွတ်အောင် ထိန်းချုပ်နေရတော့ ထင်သလောက် ခရီးမပေါက်သလိုဖြစ်နေတယ်။ ဒါပေမယ့် အား ကောင်းတဲ့ လက်နှိပ်ဓာတ်မီးတချက် ၀င်းသွားတာကို သတိထားမိတော့ အုတ်ဘောင်နဲ့ ကိုယ်ကို အတတ်နိုင်ဆုံး ပြားကပ်နေလိုက်တယ်။
"ဟေ့ကောင် ဘိုထင် ရေစက်နားမှာ ရိပ်ကနဲမြင်လိုက်တယ်"
"မင်းကလည်းကွာ ဒီခြံထဲကို ဘယ်သူလာနိုင်မှာလဲ၊ သံဆူးကြိုးတွေကိုလည်း ဓာတ် အားတွေလွှတ်ထားတာ"
"ဒါပေမယ့် ငါမြင်လိုက်သလိုပဲ"
"မင်းတော်တော်မူးနေပြီထင်တယ်၊ မင်းက မူးလာပြီဆို ဒီအတိုင်းပဲ၊ ဟိုတခါက လည်း သူရဲဆိုပြီး မင်းအော်တာမှတ်မိသေးလား။ အေး အဲဒီတုန်းက အဘက နေပြည် တော်ရောက်နေလို့၊ အခု ငါတို့ ဆူဆူညံညံလုပ်ရင် အဘသိသွားလိမ့်မယ်၊ အဘခဏ နေအိပ်တော့မယ်၊ ခုနေပြန်ထွက်လာရင် မင်းရောငါရော အလုပ်ပြုတ်သွားမယ် သိလား"
"အေးပါကွာ၊ ငါလည်းစိတ်ထင်လို့ပါ"
"အေးဆေးသောက်ဟေ့ကောင်၊ ဒီခြံထဲကို ခြင်တကောင်တောင် ၀င်နိုင်မှာမဟုတ် ဘူး"
အစောင့်စစ်သားတွေ ပြောနေသံခပ်သဲ့သဲ့ကို သူကြားလိုက်တယ်။ သူရယ်ချင်မိ သွားတယ်။ ဒါပေမယ့် သူမရယ်ရက်ပါဘူး၊ တရားမျှတမှုအတွက် သူကတိုက်ပွဲဝင်နေချိန်မှာ သူအန္တရာယ်ကြီးသလို သူတို့လည်းအန္တရာယ်များပါတယ်။ နောက်ပြီး သူတို့က အာဏာရှင်လို ရက်စက်ယုတ်မာတဲ့ အတိုင်းအတာက ဘယ်လောက်ထိရှိနိုင်မှာလဲ။ သူတို့ဘ၀က ခိုင်းတာလုပ် ထားရာနေ စေရာသွားမဟုတ်လား။ သူတို့တာဝန်ပေါ့လျော့မှုက သူ့အတွက် ကံကောင်းစေပေမယ့် သူတို့အတွက်တော့ ကံမကောင်းပါဘူး။ သူတို့ နောက်ကွယ်က သူတို့ကို မှီခိုနေတဲ့ သူတို့မိသားစုတွေဘ၀ရှေ့ရေး၊ ဒါပေမယ့် သူမတတ်နိုင် ပါဘူး။ သူတို့ ကံကောင်းပါစေလို့ပဲ ဆုတောင်းရမှာပဲ။ အခုလောလောဆယ်တော့ အာဏာ ရှင်တဦး ငရဲပြည်သွားမယ့်ခရီးအတွက် သူတို့ရဲ့ ပေါ့လျော့မှုက ပူးပေါင်းပါဝင်ပေးနေတယ် လို့ပဲ သူယူဆလိုက်တယ်။ သူစဉ်းစားရင်းနဲ့ ရေစက်ရဲ့ နံရံကို ကပ်မိသွားပြီ။ ဘယ်နေရာမှာ ဗုံးကို ကပ်ရမလဲ၊ သူနေရာရွေးလိုက်တယ်။
သူရေစက်နားရောက်ခါမှ ဗြုန်းကနဲဖွင့်လိုက်တဲ့ ဆူညံတဲ့ ရေစက်သံကြောင့် သူ့နား တွေ အူသွားတယ်။ ဒါပေမယ့် ဗုံးဆင်နေချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အသံတွေကို ဒီရေစက် သံက ဖုံးသွားနိုင်တာကြောင့် သူဝမ်းသာသွားတယ်။ အဖွင့်အပိတ်တံခါးမှာတော့ ဗုံးကို တပ်ဆင်ဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် သူ့ကိုယ်ကို ရေစက်ဘေးဖက်ရွှေ့လိုက်တယ်။ အဲဒီနေရာက အိမ်တွေကို တံစက်မြိတ်နေရာဖြစ်ပြီး ၄ လက်မ ၁ လက်မ ပျဉ်ချောင်းတခုနဲ့ ခါးပန်းလို ပြန်ချုပ်ရိုက်ထားတာကြောင့် သူဗုံးဆင်ထားခဲ့ရင် ဘယ်သူမှမြင်နိုင်မှာမဟုတ် ဘူး။ သူဗုံးကိုထုတ်လိုက်ပြီး ရေစက်အမိုးမှာ ပါလာတဲ့ သံနန်းကြိုးနဲ့ စနစ်တကျ ချည်နှောင်တပ်ဆင်လိုက်တယ်။ ပြီးတော့ အဝေးထိန်းကိရိယာကို ဖွင့်လိုက်တယ်။ အဝေးထိန်းကိရိယာဖြစ်တဲ့ နိုကီယာဖုန်းလေးကိုတော့ ပါဝါဖွင့်မထားသေးဘဲ သူ့အိတ်ထဲ ကို အသာပြန်ထည့်ထားလိုက်တယ်။ သေချာမှုရှိမရှိနဲ့ ခြေရာလက်ရာပျက်မပျက် သူ အသေအချာစစ်ဆေးလိုက်ပြီး သူပြန်ထွက်ခွာဖို့ပြင်ဆင်လိုက်တယ်။ အားလုံးသေချာပြီဆို တော့ သူနောက်ပြန်တွားပြီး မူလနေရာကို သွားလိုက်တယ်။ စိတ်ပေါ့ပါးနေလို့လားတော့ မသိဘူး မန်ကျည်းပင်အောက်ခြေကို ခဏနဲ့ ပြန်ရောက်လာတယ်လို့ ထင်မိတယ်။ သစ်ပင် ကို ကြောင်တကောင်လို ပေါ့ပါးသွက်လက်စွာနဲ့ တက်လိုက်ချိန်မှာပဲ အစောင့်စစ်သားတွေ နေတဲ့ဆီက စစ်သားတယောက် သူရှိရာဖက်ကို လာနေတာတွေ့ရတယ်။ သူနံရံကို အမြန်လှမ်းဆွဲပြီး သံဆူးကြိုးအောက်ကို ခုနက တုတ်လျှိုထားတဲ့အတိုင်း လှိမ့်ဝင်လိုက် တယ်။ သူထင်တဲ့အတိုင်းပဲ မန်ကျည်းပင်ကို လက်နှိပ်ဓာတ်မီးနဲ့ လှမ်းထိုးတာကို သူထောင်ထားခဲ့တဲ့ လှေကားပေါ်အရောက် လှမ်းမြင်လိုက်ရတယ်။ သူအောက်ကိုဆင်းပြီး ချိန်မှာပဲ လှေကားကို မူရင်းနေရာအတိုင်း လက်ရာမပျက်အောင်ပြန်ထားလိုက်တယ်။ သူ့ရဲ့ စေ့စပ်သေချာမှုက သူတို့နောက်ကို ဘယ်လိုမှ လိုက်လို့မရအောင်ဖြစ်နေလိမ့်မယ်။ အားလုံးပေါင်း မိနစ် (၂၀) လောက် ကြားသွားတယ်။ နောက်ထက် (၅) မိနစ်ဆိုရင် ကိုရန်ရှင်းကား လာတော့မယ်။ သူခြံရှေ့ကိုပြန်ရောက်ဖို့ အစောင့်ရဲ့အခြေအနေကို လှမ်း ကြည့်လိုက်တယ်။ လာတုန်းကအတိုင်း နံရံကိုကပ်ပြီး တဖြည်းဖြည်းချင်းရှေ့တက်ခဲ့တယ်။ သူခြံရှေ့က ခြုံလေးတခုနားကပ်နေချိန်မှာ သုဝဏ္ဏရဲ့ အထက်တန်းလွှာရပ်ကွက်ကြီး တခုလုံးက ခြောက်ကပ်တိတ်ဆိတ်လို့။ မနက်ဖြန် အခုချိန်လောက်ဆိုရင်တော့ စည်ကားနေမယ်လို့ သူထင်တယ်။ ရဲတွေ စစ်သားတွေနဲ့ပေါ့။ ခဏနေတော့ ကိုရန်ရှင်းကားကို ကွင်းဘေးကနေချိုးလာတာ သူတွေ့လိုက်တယ်။ မီးကို (၃) ချက် အဖွင့်အပိတ်လုပ်ပြလိုက်တော့ သူ ပုန်းနေတဲ့ ခြုံကလေးကနေ အသင့်ပြင်ထားလိုက် တယ်။
ကားပေါ်ရောက်ချိန်မှာတော့ သူ ရင်တွေ မခုန်စဖူးခုန်နေလို့လေ။ ကိုရန်ရှင်းကို သူလက်မထောင်ပြလိုက်တော့ ကိုရန်ရှင်းက ကားမောင်းနေရင်းက လက်မပြန်ထောင်ပြ လိုက်တယ်။
နောက်ဖေးတံခါးကနေသူအသာပြန်ဝင်ပြီး အခန်းထဲမှာ ဟန်မပျက်နေလိုက်တယ်။ ခဏနေတော့ ကိုရန်ရှင်းက
"ကိုရဲ ထမင်းစားရအောင်" လို့ ခေါ်သံနဲ့အတူ အခန်းထဲဝင်လာတာကိုတွေ့ရတယ်။
မရှေးမနှောင်းပဲ ကိုရန်ရှင်းအမျိုးသမီးက
"ကိုရန်ရှင်းက မခေါ်နဲ့ဆိုလို့ ခုနကတောင် ကျွန်မတို့ ထမင်းစားတော့ ကိုရဲကိုလာခေါ်ဖို့ သတိရသေးတယ်"
"ဟုတ်ကဲ့ အမ ကျွန်တော် ကိုရန်ရှင်းနဲ့ အခုစားလိုက်ပါတော့မယ်" လို့ ရင်ခုန်သံ နည်းနည်းပါနေတဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်။ ကိုရန်ရှင်းအမျိုးသမီးကတော့ သူတို့တွေ ဘယ်သွားလိုက်မှန် နည်းနည်းလေးမှ သတိထားမိဟန်မတူဘူး။

………………………………………………………………………………………………………………

မနက်ခင်းကို မနေ့ကလိုပဲ ပေါ့ပါးလန်းဆန်းစွာနဲ့ သူနိုးလာတယ်။ မြို့မငြိမ်းရဲ့ ပြည်တော်ဝင်သီချင်းကို သီဆိုလို့ သူ့မနက်ခင်းကိုကြိုဆိုလိုက်တယ်။ ဒီနေ့မနက်ခင်းတခု လုံးနဲ့ နေ့လည်ပိုင်းတပိုင်းလုံး သူအိမ်မှာပဲ လုပ်စရာရှိတယ်။ ညနေပိုင်းကျမှပဲ သူ့သူငယ်ချင်းတွေနဲ့ ဘောလုံးပွဲကိုသွားရမှာလေ။ အဲဒီကျမှ … … … သူ့အစီအစဉ်ကိုဆက် မတွေးတော့ဘဲ ပြုံးတယ်ဆိုရုံလေး တကိုယ်ထဲ ကြိတ်ပြုံးမိတယ်။ ညနေကျရင်တော့ ပြည်တွင်းက ဂျာနယ်သမားတွေနဲ့ လက်ပွေ့ရောင်းကြတဲ့ ဂျာနယ်အရောင်းသမားလေးတွေ ကို အလုပ်အကျွေးပြုရတော့မယ်လို့လည်း ပီတိဖြစ်မိသေးတယ်။
"တီ တီ တီ …" ဖုန်းသံကြားကတည်းက အောင်မြင့်ဦးမှန်းသိလိုက်တယ်။ ဒီကောင် ၀ီရိယကောင်းလှပါလား။ အခုမှ နေ့လည် ၂ နာရီခွဲပဲရှိသေးတယ်။
"အကိုအိမ်မှာပဲလား"
"အေး၊ လာခဲ့လေ"
"မတက်တော့ဘူးအကို ကျွန်တော်တို့ အောက်ကပဲစောင့်တော့မယ်"
"အခုရောက်နေပြီလား"
"မရောက်သေးဘူးအကို အိမ်နားကဆက်နေတာ"
"အေးရောက်ရင်ပြော"
"ဟုတ်ကဲ့အကို"
အောင်မြင့်ဦးဖုန်းချသွားတော့ သူရေချိုးခန်းကို တခေါက်ပြန်ဝင်လိုက်တယ်။
ရေချိုးအပြီးမှာ ပြောလို့ရတဲ့ဖုန်းကို ခါးမှာချိတ်လိုက်တယ်။ အဝေးထိန်းခလုပ်ပါတဲ့ ဖုန်းကိုတော့ ဘောင်းဘီအိတ်ထဲမှာထည့်လိုက်တယ်။ ဖုန်းမြည်သံပြန်ကြားတော့ အောင်မြင့်ဦး ဖြစ်နေတာနဲ့ ဆင်းခဲ့တော့မယ့်အကြောင်းပြောပြီး ပစ္စည်းတွေကျန်လား စစ်ဆေးပြီး အိမ်တံခါးကို သော့ပိတ်ဆင်းခဲ့တယ်။
အောင်မြင့်ဦးက သူ့သူချင်းစစ်ဗိုလ်ကားပေါ်ကနေလှမ်းခေါ်လို့ သူတို့ကားရပ်ထား တဲ့နေရာကို သူလျှောက်လိုက်တယ်။ ရောက်ရောက်ချင်းပဲ …
"ကိုရဲ ကျွန်တော့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပါရစေ … ဒါ (….) တပ်က ဗိုလ်ကြီး အောင်မျိုးအေးပါ"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ကိုရဲ။ ကျွန်တော်ဗိုလ်ကြီးအောင်မျိုးအေးပါ။ ကျွန်တော်လည်း ဒီနေ့သင်တန်းပိတ်လို့ လာကြည့်နိုင်တာ။ ကျွန်တော့်ကိုလည်း အောင်မြင့်ဦးလိုပဲခင်နိုင်ပါတယ်။"
"ဟုတ်ကဲ့" လို့ပြောပြီး သူကားပေါ်တက်လိုက်တယ်။
"ဘောလုံးပွဲကောင်းကောင်းမကြည့်ရတာကြာပြီအကိုရာ ခုမှပဲကြည့်ရတော့မယ်"
"နာကာတာအပြင်ဘယ်သူတွေပါသေးလဲ"
"အီရန်က အလီဒါယီနဲ့ ကိုရီးယားက ဟောင်မြန်ဘိုတို့ပါတယ်၊ ဂိုးသမားကတော့ ဆော်ဒီကကောင်ပဲ"
"မြန်မာဖက်ကရော …"
"မျိုးလှိုင်ဝင်းကိုတော့ ပြန်ထည့်ထားတယ်ပြောတယ်၊ စိုးမြတ်မင်းကတော့ အသင်း ခေါင်းဆောင်ပဲ"
"အေးဒါဆိုရင်တော့ ပွဲကမဆိုးလောက်ပါဘူး။ ကြည့်ကောင်းမယ်ထင်ပါတယ်။"
သူနဲ့ အောင်မြင့်ဦး စကားတွေ အချီအချပြောနေချိန်မှာ ဗိုလ်ကြီးအောင်မျိုးအေး ကတော့ ကားကို ဂရုတစိုက်မောင်းရင်းနဲ့ သုဝဏ္ဏကွင်းဆီကိုဦးတည်လို့ …
ကွင်းနားကိုမရောက်ခင်ကတည်းက လူအုပ်ကြီးက မည်းသည်းနေတယ်။ ဘောလုံးပွဲကောင်းတွေနဲ့ နာမည်ကျော်ဘောလုံးသမားတွေကို မြန်မာပြည်က ဘောလုံးချစ် တဲ့သူတွေ အရှင်လတ်လတ်ကြည်ချင်ကြပေမပေါ့လို့ သူတွေးလိုက်တယ်။
အထူးတန်းကလက်မှတ်ဝယ်ပြီး သူတို့ကွင်းထဲကိုဝင်ခဲ့ကြတယ်။
"ကိုရဲဘာစားဦးမလဲ" လို့ အောင်မြင့်ဦးကပြောတော့
"မင်းကြိုက်တာသာဝယ်ခဲ့ပါကွာ ရေဗူးတော့မမေ့နဲ့" လို့ သူမှာလိုက်တယ်။
ပိုက်ဆံကိုသူထုတ်မယ်လုပ်တော့ ဗိုလ်ကြီးအောင်မျိုးအေးက သူထုတ်ပါရစေပြော ပြီး အောင်မြင့်ဦးလက်ထဲထည့်လိုက်တယ်။ အောင်မြင့်ဦး မုန့်သွားဝယ်နေတုန်း
"ကိုရဲက တကိုယ်တော်ပဲလား" လို့ အောင်မျိုးအေးမေးတာကို
"တကိုယ်တော်ပါပဲဗျာ၊ ကြိုက်မယ့်သူလဲမရှိပါဘူး" လို့ ရင်းရင်းနှီးနှီးပြန်ပြောလိုက် တယ်။ အောင်မြင့်ဦးပြန်လာတော့ သူတို့ ပွဲကြည့်စင်ပေါ်ကိုတက်ခဲ့ကြတယ်။
ပထမပိုင်းမှာ ချစ်ကြည်ရေးပွဲဖြစ်တာကတကြောင်း ခြေကကွာတာကတကြောင်း ကြောင့် ပွဲကအေးနေတယ်။ ဒါပေမယ့် အာရှလက်ရွေးစင်အသင်းက ၂ ဂိုးသွင်းထားပြီးပြီ။ ပထမပိုင်းမှာ မျိုးလှိုင်ဝင်းကို နည်းပြက ထည့်မသုံးသေးဘူး။ အလီဒါယီနဲ့ နာကာတာတို့က တဂိုးစီသွင်းထားပြီးပြီ။ ပွဲကအေးပေမယ့် သူတို့ (၃) ဦးသားစလုံး ပွဲထဲမှာပဲ စိတ်ရောက်နေ လို့ တယောက်နဲ့တယောက် စကားမပြောမိကြဘူး။ ပရိသတ်ရဲ့ အော်ဟစ်အားပေးသံတွေ ကလည်း ဆူညံနေလို့။
ဒုတိယပိုင်းစချိန်မှာတော့ မြန်မာအသင်းက နည်းနည်းသွက်လာတယ်။ ပွဲကလည်း ပထမပိုင်းထက် ပိုပြီး မြန်လာတယ်။ မြန်မာအသင်းဖက်က မျိုးလှိုင်ဝင်းပါလာပြီ။ သူခြေထောက်ထဲကို ဘောလုံးရောက်သွားတိုင်း ပရိသတ်ကလည်း ၀က်ဝက်ကွဲအားပေး ကြတယ်။ ပွဲကစားချိန် တ၀က်လောက်ရောက်တော့ ဆလိုက်မီးအလင်းရောင်တွေက မြက်ခင်းပေါ်မှာ လင်းနေပြီ။ ပတ်ဝန်းကျင်ကလည်းမှောင်စပျိုးနေပြီ။ သူနာရီကိုကြည့်လိုက် တော့ ၆ နာရီထိုးပြီ။ ပွဲမစခင် စတိတ်ရှိုးအစီအစဉ်ကလည်း ရှိသေးတော့ ပွဲချိန်နောက်ကျ သွားတယ်။ အားကစားဝန်ကြီးရဲ့ အရေမရအဖတ်မရမိန့်ခွန်းကြောင့်လည်း အချိန်ပိုကြာ သွားတယ်။ ဒါပေမယ့် သူဝမ်းသာသွားတယ်။ ပွဲသာစောစောပြီးသွားရင် မလွယ်ဘူး။ အခုအတိုင်းဆိုရင် နောက်ထပ်ပွဲချိန် မိနစ် ၂၀ အကျန်မှာ သူ့လုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ရတော့မယ်။ ကိုရန်ရှင်းဆီက ဖုန်းလာရင်တော့ သူ့ဘောင်းဘီထဲက အဝေးထိန်းစနစ်ပါတဲ့ဖုန်းကို ထုတ်ပြီး အဆင်သင့်ပြင်ရတော့မယ်။
"တီ တီ တီ…" ဆိုပြီး ဆူညံနေတဲ့ကြားထဲက သူ့ဖုန်းသံကို သတိထားမိတယ်။
"ကိုရဲလား၊ ဘယ်ရောက်နေလဲ"
"ကျွန်တော်ဘောလုံးပွဲကြည့်နေတယ်ကိုရန်ရှင်း"
"ခင်ဗျားစက်ကောင်းသွားပြီလား ၀င်းဒိုးတက်ပြီလား"
"၀င်းဒိုးတက်နေပါပြီ၊ ဓာတ်ပုံဖိုင်တွေ ဖွင့်ကြည့်လိုက်ဦးမယ်"
"အိုကေ"
သူနားလည်သွားတယ်။ ပစ်မှတ်ကအိမ်ရောက်နေပါပြီ။ "၀င်းဒိုးတက်နေပါပြီ" ဆိုတာ သူတို့ချင်းဘာသာစကား။ ဒါဆိုရင် သူ့လှုပ်ရှားရတော့မယ်။ ပြောတဲ့ဖုန်းကို ဘောင်းဘီအိတ်ထဲမသိမသာထည့်ပြီး အဝေးထိန်းပါတဲ့ဖုန်းနဲ့ လဲလိုက်တယ်။ ဖုန်းနံပါတ် တွေကို ရှာသလိုလုပ်ပြီး ခလုပ်ကိုဖွင့်လိုက်တယ်။ ပတ်ဝန်းကျင်ကတော့ ဘောလုံးပွဲထဲမှာ မြောနေတယ်။ ပွဲကလည်း ပြီးခါနီးနေပြီ။ မြန်မာအသင်းက ဒီအတိုင်းဆို (၂) ဂိုးပြတ်နဲ့ ရှုံးတော့မယ်။ ဗုံးဖောက်ရမယ့် ခလုပ်ပေါ်ကို လက်တင်ထားလိုက်ပြီး ပွဲကို ဆက်ကြည့် လိုက်တယ်။ မျိုးလှိုင်ဝင်းဆွဲပြေးတာကို ဟောင်မြန်ဘိုဖျက်တာကြမ်းလို့ ဘီးကုတ်စက်ဝိုင်း နားလေးမှာ ပြစ်ဒဏ်ဘောရတယ်။ ဒါကို စိုးမြတ်မင်းသွင်းမယ်။ ပရိသတ်လည်း ခဏတော့ တိတ်ဆိတ်သွားတယ်။ စိုးမြတ်မင်းသွင်းဖို့ အရှိန်ယူ ပြေးနေတုန်းမှာ ပရိတ်သတ်ဆီက အားပေးသံတွေ ပြန်ညံလာတယ်။ သူလည်း နည်းနည်းတော့ ရင်ခုန်လာတယ်။ ပရိတ်သတ်ဆီက "ဂိုး" ဆိုတဲ့ မြည်ဟည်းသံကြီးနဲ့အတူ သူလက်ကခလုပ်ကို မျက်နှာမပျက်နှိပ်လိုက်တယ်။ သူ့စိတ်ထဲမှာ မြေကြီး နည်းနည်းတုန်သွားတယ်လို့ ထင်မိတယ်။ ဂိုးသွင်းပြီး ၇ မိနစ်လောက် ကစားပြီးတော့ ပွဲချိန်က စေ့သွားပါပြီ။ ကစား သမားတွေလည်း ပရိတ်သတ်ကိုနှုတ်ဆက်ပြီး ကွင်းထဲကထွက်သွားကြသလို သူတို့လည်း ပွဲကြည့်စင်ပေါ်ကနေ အောက်ကို ဆင်းခဲ့ကြတယ်။
ကွင်းပြင်ပမှာတော့ ခါတိုင်းနဲ့မတူတဲ့ လုံခြုံရေးတွေကိုတွေ့ရပြီး အခုမှလာကြပုံပါပဲ။ သူကတော့ နားလည်လိုက်ပြီ။ သူတို့ ကားအပ်ထားတဲ့ဆီကနေထွက်လာတော့ လူအုပ်ကြီးနဲ့မို့ ဖြည်းဖြည်းချင်းမောင်းထွက်ခဲ့ရတယ်။ သံသုမာလမ်းပေါ်ရောက်တော့ ရှေ့က ကားတွေပိတ်နေတာနဲ့ သူတို့ကားလည်း အရှိန်ပြန်နှေးသွားပြန်တယ်။
"တာဝန်အရစစ်ပါရစေ" လို့ ရဲအရာရှိဝတ်စုံနဲ့တယောက်ကခွင့်တောင်းတော့
"ဟုတ်ကဲ့စစ်ပါ" လို့ ဗိုလ်ကြီးအောင်မျိုးအေးက ပြန်ပြောလိုက်တယ်။ တဆက် တည်း "ကျွန်တော် ဗိုလ်ကြီးအောင်မျိုးအေးပါ (….) တပ်ကပါ၊ ဘာများဖြစ်လို့လဲ" လို့ဆက်မေးလိုက်တယ်။ ရဲအရာရှိက ချက်ချင်းပဲ အလေးပြုပြီး
"ဟုတ်ကဲ့ဗိုလ်ကြီး သုဝဏ္ဏက ဗိုလ်ချုပ် (…….) အိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပါတယ်။ ဗိုလ်ချုပ် (…….) ကတော့ ဖြစ်တဲ့ နေရာမှာပဲဆုံးသွားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုံခြုံရေးအရ စစ်ဆေးနေတာပါ"
"ဟာ" ဆိုတဲ့ ဗိုလ်ကြီး အောင်မျိုးအေးဆီက အာမေဋိတ်သံနဲ့အတူ အောင်မြင့်ဦး ဆီလည်း ထွက်လာတယ်။
"အဲဒါဆို ကျွန်တော်လည်း ဒီကမိတ်ဆွေတွေကို ပြန်ပို့ပြီး တပ်ကိုပြန်မှဖြစ်မယ်။ နောက်ထပ်ရော ဘယ်သူတွေပါသွားသေးလဲ"
"သူ့သားအကြီး ဗိုလ်မှူး ….. နဲ့ သူ့ လက်ထောက်တယောက်လည်း အခြေအနေ ဆိုးတယ်လို့ပြောတယ်" လို့ပြောအပြီး ရဲအရာရှိလည်း သူ့ကို အလေးပြုလိုက်တယ်။ သူက အလေးပြန်ပြုနှုတ်ဆက်ပြီး ကားကို အဲဒီနေရာကနေမောင်းထွက်ခဲ့တယ်။ ဗိုလ်ကြီး အောင်မျိုးအေးကတော့ သူတို့အကြီးအကဲဖြစ်သူကို ငရဲပြည်ပို့လိုက်တဲ့ ယမမင်းက သူ့ကားပေါ်မှာပါလာတယ်ဆိုတာ သိဟန်မတူပါဘူး။ ဗုံးပေါက်ကွဲတဲ့အကြောင်းရင်းကို သူတို့ ဝေဖန်သုံးသပ်ကြရင်း အောင်မျိုးအေးကလည်း ကားကို သတိထားမောင်းနေတယ်။ သူ့တပ်ကိုမြန်မြန်ပြန်ရောက်ဖို့လည်း စိတ်စောနေဟန်တူပါတယ်။ သူကတော့ ဗုံးတလုံး ထဲနဲ့ သားအဖ ၂ ယောက်လုံးကို ချွေလိုက်ရလို့ ပီတိဖြစ်နေတယ်။
မနက်ဖြန်ဆိုရင် သတင်းတွေထဲမှာ ဝေေ၀ဆာဆာနဲ့ ပါလာတော့မယ်။ သူတို့အာဏာရှင်လောက ကတော့တုန်လှုပ်သွားပြီး အဖိနှိပ်ခံ မြန်မာပြည်သူတွေကတော့ ၀မ်းမြောက် ၀မ်းသာဖြစ်ကုန်ကြလိမ့်မယ်။ စိတ်မကောင်းတာက မဆိုင်တဲ့သူတွေကို ဖမ်းဆီးတော့မှာ သေချာနေတာကိုပါပဲ။ ဒါပေမယ့် အာဏာရှင်တွေ တယောက်ပြီး တယောက် သုတ်သင်နိုင်လေ သူတို့ အာဏာတံတိုင်းကြီး ပြိုလဲဖို့ သေချာလေပဲ မဟုတ်လား။ စစ်ဆေးမှုတွေနေရာတိုင်းတွေ့ရပေမယ့် အောင်မျိုးအေးကျေးဇူးကြောင့် ချောချောမောမောနဲ့ သူအိမ်ပြန်ရောက်ခဲ့တယ်။ ၈း ၁၅ ဘီဘီစီသတင်းမှာတော့ ဗုံးကွဲတဲ့သတင်းကို ဦးဦးဖျားဖျားထုတ်လွှင့်လိုက်တာ ကြားလိုက်ရတယ်။ သူ့နားထဲမှာတော့ အဲဒီအသံဟာ သကာရည်လောင်းထားတဲ့ အသံတခုလို့ ချိုမြိန်တဲ့ အရသာအပြည့်ရှိနေ သလို ခံစားမိလိုက်တယ်။ ဒါပေမယ့် ဒီအာဏာရှင်တယောက် သေသွားရုံနဲ့တော့ သူတို့ တိုက်ပွဲက မပြီးဆုံးသေးဘူး သူတို့ နောက်ထပ် တိုက်ပွဲသစ်တွေအတွက် ဆက်လက် ချီတက်တိုက်ပွဲတွေ ဆက်ရဦးမယ်လေ … … …။
ပြီးပါပြီ
နေပြည်တော်ဘခက်

နှုတ်ခွန်းဆက်

ကျွန်တော်တို့ ဒီမိုကရေစီရရှိရေးအတွက် အဖက်ဖက်ကနေ တိုက်ပွဲဝင်နေကြတဲ့

ရဲဘော်အပေါင်းကို ဦးညွှတ်ဂုဏ်ပြုရင်း ဒီဘလော့ဂ်ကို

ဝမ်းမြောက်ဝမ်းသာစွာနဲ့ လွှင့်တင်လိုက်ပါတယ်။ တိုက်ပွဲဝင်မှုပုံစံတွေ

အမျိုးမျိုးကွဲပြားသွားပေမယ့် ရယူလိုတဲ့ ပန်းတိုင်ကတော့

အဖမြန်မာနိုင်ငံတော်ကြီးအတွက် ဒီမိုကရေစီစနစ် နဲ့အတူ ငြိမ်းချမ်းသာယာခြင်းတွေ

ရရှိဖို့ပါပဲ။ တချို့က လက်နက်ကိုင်ပြီးတိုက်ပွဲဝင်မယ်၊

တချို့ကတော့ လူထုအုံကြွမှုနဲ့တိုက်ပွဲဝင်မယ်၊ တချို့ကတော့ မိမိတို့တတ်ထားတဲ့

အနုပညာအတတ်ပညာတွေကို အသုံးချရင်းတိုက်ပွဲဝင်မယ်။

ဘယ်လိုပဲဖြစ်နေပါစေ အောင်မြင်မှုကို ငတ်မွတ်ဆာလောင်နေတဲ့

ကျွန်တော်တို့အားလုံးအတွက် အပင်ပန်းအဆင်းရဲခံရင်း မဆုတ်မနစ်

ဆက်လက်ချီတက်တိုက်ပွဲဝင်မယ် ဆိုရင် တော့ အမှန်တကယ်ရရှိမှာ မလွဲပါဘူး။

ကျွန်တော်တို့ Royal Worriers တွေကလည်း

ဒီမိုကရေစီတိုက်ပွဲမှာ အညတရနေရာကနေ တိုက်ပွဲဝင်နေသူ သူရဲကောင်းအပေါင်းကို

ဂုဏ်ပြုဖို့အတွက် အနုပညာအခင်းအကျင်းတခုကို

တင်ဆက်လိုက်ခြင်းပါ။ အခုအချိန်အခါမှာ မြန်မာပြည်သား လူငယ်တွေအားလုံးဟာ

ဖိနှိပ်မှုတွေနဲ့ မွန်းကြပ်ရင်းကြောက်စိတ်တွေလွှမ်းမိုးခြင်း ခံနေကြရတယ်။

အဲဒါတွေကို တိုက်ဖျက်ဖို့ စိတ်ခွန်အားတွေပေးမယ့် စာတွေပေါ်ပေါက်လာရေးကို

တွန်းအားပေးတဲ့အနေနဲ့ သတင်းတွေထက် ရသတွေကိုဦးစားပေးပြီး

တင်ဆက်ထားပါတယ်။ နောက်တခုက စိတ်ကူးယဉ်တယ်လို့

ပြောနိုင်ပေမယ့် စိတ်ကူးယဉ်မှု (၁ဝ) ခုပြုလုပ်တိုင်း လက်တွေ့ဖြစ်နိုင်ခြေ

(၁) ခုတော့ ပေါ်ပေါက်လာရမှာပါ။ သိပ္ပံစာရေးဆရာကြီး

အိတ်ခ်ျဂျီဝဲလ်စ်ရဲ့ စိတ်ကူးယဉ်မှုတွေက နောက်တော့ တကယ်ဖြစ်ခဲ့တာပဲ

မဟုတ်လား။ အဲလိုပါပဲ ကျွန်တော်တို့ရဲ့ စိတ်ကူးယဉ်မှုတွေက

နောက်ဆုံးတော့ တကယ့်အဖြစ်အပျက်တွေ ဖြစ်ပျက်လာဖို့ ဆွဲခေါ်နိုင်အောင်

ကျွန်တော်တို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။

အညှီအဟောက်စာပေတွေနဲ့ လူငယ်တွေကိုမှိုင်းတိုက် ဝါဒဖြန့်နေချိန်မှာ

လူငယ်တွေကို အားဖြစ်စေမယ့် လူငယ်တွေအတုယူလောက်တဲ့

စံပြဇာတ်ကောင်တွေမွေးဖွားရင်း ကျွန်တော်တို့ရဲ့ မြန်မာပြည်တွင်းကထွက်ပေါ်လာမယ့်

သူရဲကောင်းလေးတွေကို ကြိုဆိုလိုက်တာအတွက်

ကျွန်တော့်တို့ ဘလော့ဂ်အပေါ်မှာ ကျွန်တော်တို့ စိတ်ဝိညာဉ်တွေက သန့်ရှင်းနေပါတယ်။

ကျွန်တော်တို့ ဘလော့ဂ်ကို အားပေးဖတ်ရှုကြမယ့်

ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်အပေါင်းနဲ့ သူရဲကောင်းလောင်းလျာအပေါင်းကို

ငြိမ်းချမ်းသာယာမှုတွေရရှိပါစေလို့ ဆုမွန်ကောင်းတွေလည်း

တောင်းလိုက်ပါတယ်။

အခုတပတ်အတွက် "နေပြည်တော်ဘခက်ရဲ့ မတရားမှုအတွက် တရားမျှတမှု" ဆိုတဲ့

ရသဝတ္ထုသစ်တပုဒ်ကို တင်ဆက်လိုက်ပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေအားလုံးက

စာရေးဆရာရဲ့ စိတ်ကူးယဉ်မှုသက်သက်သာဖြစ်ပါတယ်။ မည်သူတဦးတယောက်ကိုမှ

နစ်နာစေလိုတဲ့သဘောနဲ့ ရေးဖွဲ့ထားခြင်းမျိုး မဟုတ်ပါဘူး။

အဓိကဇာတ်ကောင် "အောင်ရဲဇော်" လို အမှန်တရားကို ချစ်မြတ်နိုးတတ်ပြီး

စွန့်စားတတ်တဲ့ သူ့ရဲ့သဘာဝကို မြန်မာပြည်တွင်းက လူငယ်လေးတွေ အတုယူစေချင်လို့ပါ။



နေပြည်တော်ဘခက်နှင့် တော်ဝင်စစ်သည်တော်များ

မတရားမှုအတွက် တရားမျှတမှု (အပိုင်း - ၁)

နေပြည်တော်ဘခက်

သူအိမ်ကိုပြန်ရောက်တော့ တော်တော်မှောင်နေပြီ။ မီးပျက်နေလို့ လှေခါးပေါ်ကို မနည်းသတိထားပြီးတက်ခဲ့တယ်။ ခါတိုင်း ခွေးတွေက အခန်းဝမှာ ပစ်ထားတဲ့ စားကြွင်းစား ကျန်တွေစားပြီး အိပ်နေကျလေ။ အခုလိုလူတက်လာပြီဆိုရင် အလန့်တကြားနဲ့ ပြေးဆင်း တတ်တော့ ကိုယ့်ကို မတိုက်မိ မကိုက်မိအောင်လည်း သတိထားရှောင်နေရတယ်။ ဒါပေမယ့် ဒီနေ့ ခွေးတကောင်မှ မရှိလို့ စိတ်အနှောင့်အယှက်မဖြစ်မိဘူး။

ရန်ကုန်တိုက်ခန်းတွေရဲ့ သဘာဝက ကန်ထရိုက်ရဲ့ အလိုတော်ကျအတိုင်း လှေကား ခန်းတွေက ကျဉ်းလွန်းလှတယ်။ ဒီကြားထဲမှာမှ ကွမ်းသွေးတွေ၊ အနံ့အသက်ဆိုးတွေနဲ့ ညစ်ပတ်ပေရေနေတတ်တာကိုက ရန်ကုန်တိုက်ခန်းတွေရဲ့ အမှတ်အသားတခုပါပဲ။ ဒါပေ မယ့် သူရွေးချယ်ထားတဲ့ပတ်ဝန်းကျင်က ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်ရှုပ်ရှက်ရှက်သိပ်မရှိလှ တာကြောင့် ဒီအခန်းကိုတော့ တော်တော်သဘောကျမိတယ်။ ဘေးချင်းကပ်ရက်အခန်းက ရပ်ကွက်ရုံးက အတွင်းရေးမှူးအခန်းဆိုတော့ သူ့ကို ခဏလေးနဲ့ တည့်အောင်ပေါင်းလိုက် ပြီး ဧည့်စာရင်းတွေ ဘာတွေကိုလည်း သူ့ကိုပဲ လုပ်ခိုင်းလိုက်တယ်။ ဧည့်စာရင်းလည်း တခါမှ အစစ်မခံရတော့သလို အိမ်ထဲကိုလည်း ဘာ့အတွက်နဲ့မှ စပ်စပ်စုစုလုပ်တာလည်း မခံရတော့ဘူး။

အဲဒါကိုက သူ့အတွက် အကွက်ကောင်းတခုပါပဲ။ အပြင်ပန်းမှာတော့ သူဟာ ကျွန် ပျူတာပြင်တဲသူ၊ freelance ကျွန်ပျူတာသမားတယောက်ပေါ့။ အလုပ်အပ်တဲ့သူရှိရင် လိုက်ပြင်ပေးတယ်၊ ဒါမှမဟုတ် အချိန်ယူပြီးပြင်ရမှာမျိုးတွေကျရင် အိမ်ကို စက်သယ်လာ ပြီး ပြင်ပေးတယ်။ ပြီးတာနဲ့ သူ့ဖောက်သည်တွေဆီ အိမ်တိုင်ရာရောက် ပို့ပေးလိုက်တာမျိုး ပါ။ တကယ်တော့ သူတို့ရဲ့အလုပ်က နယ်စပ်တနေရာမှာ ခြေကုပ်ယူထားပြီး ဘယ်အဖွဲ့ အစည်း၊ ဘယ်နိုင်ငံနဲ့မှ မပတ်သက်ဘဲ သီးသန့်တည်ထောင်ထားတဲ့ နအဖ စစ်အာဏာရှင် အုပ်စုကို ဆန့်ကျင်တိုက်ခိုက်တဲ့ အဖွဲ့ငယ်လေးတခု။ အခုလောလောဆယ်တော့ ရန်ကုန်မြို့ ၀န်းကျင်အတွက် သူက အဖွဲ့ခေါင်းဆောင်တာဝန်ယူထားရတယ်။

ပထမတော့ သူတို့အဖွဲ့က အာဏာရှင်ကိုဆန့်ကျင်ဖို့အတွက် စာစောင်တွေ စာရွက်စာတမ်းတွေ ထုတ်ဝေတာမျိုးလောက်ပါပဲ။ ဒါပေမယ့် နောက်ပိုင်းတော့ အာဏာရှင်ဆိုတဲ့အတိုင်း အကြမ်းဖက်မှုတွေလုပ်လာခဲ့တဲ့အခါမှာတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တာနဲ့ သူတို့ ဒီလမ်းကိုပဲ ရွေးလိုက်ကြတော့တယ်။ အားလုံးပေါင်းမှ လူဦးရေ (၂၀) ပဲရှိတဲ့ သူတို့အဖွဲ့ဟာ အင်အားအများကြီးသာလွန်လှတဲ့ အာဏာရှင်စစ်အုပ်စုနဲ့ ဘယ်လိုမှ ထိပ်တိုက်တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူတို့မှ သစ္စာတရားရှိတယ်။ ယုံကြည်ချက်တွေရှိတယ်။ သတ္တိတွေရှိတယ်။ ခွန်အားတွေရှိတယ်။ ပြည်သူအတွက် ထားရှိတဲ့ ကောင်းမွန်မှန်ကန်တဲ့ စိတ်ထားတွေရှိတယ်။ တခုတော့ရှိတယ် သူတို့အလုပ်က ပြည်သူကို စည်းရုံးရေးဆင်းလို့မရဘူး။ လျှို့ဝှက်ပြီး လုပ်ရတဲ့အလုပ်လေ။

"တတီတီ . . ." နဲ့ သူ့ရဲ့ လက်ကိုင်ဖုန်းကမြည်လာတာကြောင့် သူကောက်ကိုင် လိုက်တဲ့အခါ သူနဲ့ အတူ ရန်ကုန်မှာရှိနေတဲ့ သူနဲ့ သူရဲဘော် (၄) ဦး အတွက်ပေးလိုက်တဲ့ ငွေတွေရောက်တဲ့အကြောင်းဖြစ်နေတယ်။ မနက်ဖြန် နေ့လည်ပိုင်း မှာ ယုဇနပလာဇာကို လာထုတ်ဖို့ ပြောတာကြောင့် လွယ်လွယ်ကူကူပဲ "ဟုတ်ကဲ့" လုပ်လိုက်တယ်။ သူတို့ အလုပ်က နှုတ်နည်းလေ ကောင်းလေမဟုတ်လား။ ဆိပ်ကမ်းသာ လမ်းထိပ်က၀ယ်လာတဲ့ ကုလားပဲသုတ်အထုပ်ကိုဖြေလိုက်ပြီး မီးမလာပေမယ့် တံခါးပိတ် ထားလို့ အေးနေဆဲ ရေခဲသေတ္တာထဲမှာ မနက်က ချန်ထားတဲ့ ကြက်သားကြော်ကို ထုတ်လိုက်တယ်။ သူ့ အတွက် ညနေစာက ဖွယ်ဖွယ်ရာရာမဟုတ်ဘူး။ အာဟာရပြည့်ရင်ပြီး ရောမဟုတ်လား။

မနက်ဖြန်အပ်ရမယ့် ကျွန်ပျူတာကို ပြင်ဖို့က ည (၁၁) နာရီလောက်မှ မီးက လာမှာမို့ အခုလောလောဆယ်တော့ သူငယ်ချင်းအီးမေးကတဆင့်ကူးလာတဲ့ လုပ်ဆောင်ရ မယ့်အချက်တွေကို pen drive ထဲကနေ သူ့လက်ဆွဲကွန်ပျူတာထဲထည့်ပြီး ဖတ်ဖို့ အရင် လုပ်ဦးမယ်လို့ တွေးမိတယ်။ မနက်ဖြန်မှာ လုပ်ရမယ့် အလုပ်တွေအတွက် ခေါင်းထဲမှာ အစီအစဉ်ချထားဖို့၊ အစီအစဉ်တွေကို အလွတ်ကျက်မှတ်ဖို့က အထူးလိုအပ်တယ်လေ။ မနက်ဖြန်မှာ အဖွဲ့ဝင်အမှတ် (၅) နဲ့တွေ့ရမယ်၊ ပြီးရင် သူတို့ ပစ်မှတ်ထားချေမှုန်းရမယ့် သုဝဏ္ဏက ဗိုလ်ချုပ်တယောက်ရဲ့ အိမ်အခင်းအကျင်းကို သွားလေ့လာရမယ်။ သူ့ရဲ့ အဖွဲ့ ၀င်အမှတ်က (၇) လေ။ ဂျိန်းစ်ဘွန်းလို ၀၀၇ မဟုတ်ပေမယ့် သူတို့အားလုံးထဲမှာ လက် နက်နဲ့ရော လက်နက်မဲ့ရော တိုက်ခိုက်သတ်ပုတ်တတ်ပြီး ပညာအရည်အချင်းကလည်း သမိုင်းအဓိကနဲ့ မဟာဘွဲ့ရထားသူဆိုတော့ သူ့ကို နံပါတ် (၇) တပ်ပေးလိုက်ကြတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲကမင်းသားလိုတော့ ကျော့ကျောမော့မော့လှလှပမဖြစ်ခဲ့ဘူး။ အထူး သဖြင့်တော့ သူ့နှလုံးသားရေးမှာ ဂျိန်းစ်ဘွန်းလို မိန်းမချောလေးတွေနဲ့ တယောက်ပြီး တယောက်တွဲဖို့ထက် ဒီအလုပ်ကို လုပ်မယ်ဆိုကတည်းက သူအချစ်ရဆုံးချစ်သူကို မဆိုင် တဲ့ အကြောင်းပြချက်တခုနဲ့ စွန့်ခဲ့ရတာပါပဲ။ သိပ်ဝမ်းနည်းကြေကွဲဖို့ကောင်းပေမယ့် သူတို့ (၂) ဦးထက် သိပ်ပြီးဝမ်းနည်းဖို့ကောင်းတဲ့ မြန်မာပြည်တွင်းက ပြည်သူလူထု အတွက်က အရေးပိုကြီးတယ်မဟုတ်လား။

မိဘမဲ့နေတဲ့ သူ့ဘ၀အတွက် မြန်မာတပြည်လုံးက သူ့မိဘလို့ခံယူလိုက်တယ်။ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လို့ သူတပါးအသက်သတ်တာ ငါးပါးသီလအရ မသင့်တော် ပေမယ့် သံဃာတော်တွေကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်ပြီး ဘုရားပေါ်တောင် စစ်ဖိနပ်တွေနဲ့ တက်တဲ့ ယုတ်မာရိုင်းစိုင်းလှတဲ့အာဏာရူးတွေကို သုတ်သင်ဖို့ ဒီတလမ်းပဲ ရှိတော့တာမို့ သူ့စိတ်က သန့်ရှင်းစင်ကြယ်နေတယ်။ တကယ်တော့ အကြမ်းဖက်မှုဆိုတာ ကို သူအစဉ်တစိုက် ဆန့်ကျင်လာခဲ့တာပါ။ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ တပည့်မို့ သမိုင်းဘာသာရပ်ကိုပဲ လေ့လာလိုက်စားပြီး ပညာရှင်သီးသန့်ပဲဖြစ်ချင်ခဲ့သူပါ။ "ကျောက္ကာနယ်က ဘုရားပုထိုးတွေရဲ့သမိုင်း" ဆိုတဲ့ကျမ်းနဲ့ မဟာဘွဲ့ရခဲ့ပြီး အဲဒီ ဘုရားတွေ ထဲက ပုဂံခေတ်နဲ့ ခေတ်ပြိုင် နံရံဆေးရေးပန်းချီတွေနဲ့ ပတ်သက်ပြီး အမေရိကန်က တက္က သိုလ်တခုမှာ ပါရဂူဘွဲ့အတွက် သုတေသနစာတမ်းတင်ဖို့ ပြုစုနေတာတောင် အတော်ပြီး နေပါပြီ။ ဒါပေမယ့် အာဏာရူးတွေလက်အောက်မှာတော့ သူဟာ သမိုင်းပညာရှင် ဖြစ်ခွင့် မရခဲ့တော့ဘူး။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်တွေလည်း မရှိမှတော့ အာဏာရှင်ကို လက် တုန့်ပြန် တိုက်ခိုက်တဲ့နည်းက အကောင်းဆုံးပဲလို့ သူရွေးချယ်လိုက်တယ်။ အဲဒါကတော့ အာဏာရှင်အုပ်စုတွေကိုရွေးပြီး လက်စားချေ သတ်ဖြတ်ပစ်ခြင်း ဆိုတာပါပဲ။ အသားလတ် လတ် အရပ်မြင့်မြင့်နဲ့သူ့ပုံစံက ရန်ကုန်သူဖြူဖြူချောချောလေးတွေအတွက် ရင်ခုန်ချင် စရာပါပဲ။ ဒါပေမယ့် သူ့နှလုံးသားကို သံမဏိတံတိုင်း ခတ်ထားတာကြောင့် သူ့နှလုံးသား ထဲမှာ ဆင်းရဲနုံချာလှတဲ့ မြန်မာပြည်သူတွေ၊ ထောင်တွေထဲမှာ အနှိပ်စက်မျိုးစုံခံနေရဆဲ ညီ အကိုမောင်နှမတွေ၊ ကျဆုံးသွားတဲ့ ဒီမိုကရေစီတိုက်ပွဲရဲ့ အာဇာနည်သူရဲကောင်းတွေ အတွက်ပဲ နေရာပေးထားလိုတယ်။ သူ့မှာ ချစ်သူကို ပွေ့ ပိုက်မယ့် နူးညံ့သိမ်မွေ့တဲ့ လက် ချောင်းတွေမရှိတော့ဘူး၊ အကြမ်းဖက်တဲ့ အာဏာရူးတွေကို ရက်ရက်စက်စက် ညှစ်သတ် မယ့် လက်ချောင်းတွေပဲရှိတော့တယ်။

သူဖတ်နေလေ့လာနေကျ သမိုင်းစာအုပ်စာတမ်းတွေအစား သူ့လုပ်ငန်းတွေ အတွက် သင့်တော်မယ်ထင်တဲ့ ကျွန်ပျူတာပြင်တဲ့အတတ်ကို သူတတ်အောင်လုပ်ခဲ့တယ်။ အဲဒီထက်အထူးပြုပြီးပြောရရင်တော့ ဖောက်ခွဲရေးပညာကို အထူးကျွမ်းကျင်နေအောင် လုပ်လိုက်တယ်။ ကျွန်ပျူတာပြင်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းတွေက ဖောက်ခွဲရေးပစ္စည်းတွေ ပြုလုပ်ဖို့အတွက် အထူးသင့်တော်တယ်လေ။ သူ့ရဲ့ နေထိုင်ပုံ ပေါင်းသင်းဆက်ဆံပုံ ကလည်း ပိရိသေသပ်နေတော့အားလုံး အဆင်ပြေချောမွေ့နေတာ သိပ်တော့လည်း မဆန်းကျယ်လှဘူးလို့ ထင်စရာပါပဲ။ ဒါပေမယ့် ရန်ကုန်မြို့ရဲ့ကြောက်စရာ အကောင်းဆုံး လက်နက်က ပါးစပ်ပေါက်တွေပါပဲ။ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောတတ်ပြီး ပတ်ဝန်းကျင် ကို အားအားယားယား လျှောက်စပ်စုနေတတ်တဲ့မြန်မာလူမျိုးတွေရဲ့ ပင်ကိုဗီဇကို တော် တော်သတိထားနိုင်မှ သင့်တော်မယ်လို့ သူယူဆမိတယ်လေ။ အရင့်အရင်က မအောင်မြင် ခဲ့တဲ့ တော်လှန်ရေးသမိုင်းတွေကို နမူနာယူပြီး တတ်နိုင်သမျှ ပိယိအောင်၊ လုံခြုံအောင် နေ ခဲ့တယ်။

သူ့နာမည်အရင်းက "အောင်ရဲဇော်"

ခင်မင်တဲ့သူငယ်ချင်းမိတ်ဆွေတွေကတော့ "ကိုရဲ" လို့ခေါ်ကြတယ်။

မိခင်နဲ့ ဖခင်ကတော့ သာမာန်ရုံးဝန်ထမ်းတွေပါပဲ။ သားကိုပညာတွေ တတ်အောင် သင်ပေးပြီး မြန်မာပြည်ရဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေကို မျက်မြင်ခံစားရင်း ကောင်း ကျိုးဆိုတာ ဘာမှမခံစားရဘဲ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ရတယ်။ အဲဒီတုန်းက ၈၈၈၈ လူထုအရေးတော်ပုံကြီး ပြီးလို့ (၄) နှစ်အကြာမှာ။ ၈၈၈၈ လူထုအရေးတော်ပုံကြီး တုန်းက ရန်ကုန်ကနေ သူ့ဘွဲ့ယူစာတမ်းပြုစုဖို့အတွက် မုံရွာဖက်က ရှေးဟောင်းဘုရားတွေ ဆီ သူရောက်နေခဲ့တယ်။ အာဏာသိမ်းပြီး ၂ လလောက် ကြာတဲ့အထိ သူမပြန်နိုင်သေး ဘူး။ မုံရွာက သူ့မိတ်ဆွေတယောက်အိမ်မှာ သောင်တင်နေခဲ့တယ်။ သူပြန်ရောက်တော့ ရန်ကုန်မြို့ကြီးက ပြည်သူလူထုရဲ့ သွေးနံ့တွေ ရနေတုန်းပဲ၊ အသုဘအိမ်ကြီးတခုလို ၀မ်း နည်းဖွယ် တိတ်ဆိတ်ခြောက်ခြားလို့။ ညနေ (၆) နာရီထိုးရင် လမ်းပေါ်မှာ လူသူတွေ တင်မကဘူး ခွေးတကောင်ကြောင်တမြီးမှတောင် မတွေ့ရတော့ဘူး။ သူ့ သူငယ် ချင်းတွေ လည်း သေသူသေ၊ ထောင်ကျသူကျ၊ တောထဲရောက်သူရောက်နဲ့ အားလုံး ကွဲပြားကုန်ပြီ။ ပြန်တွေ့တဲ့ သူငယ်ချင်းတချို့ကလည်း သူ့ကို တကိုယ်ကောင်းဆန်တယ်၊ ပြည်သူတရပ်လုံး ပါဝင်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးမှာတောင် ကိုယ့်ပညာရေးကို အပျက်မခံသူအဖြစ် အထင်တွေလွဲလို့ပေါ့။ ဒါပေမယ့် သူ့အတွက် ကံကောင်းတာတခုက အရေးတော်ပုံကာလ ကြီးမှာ လက်တွေ့ပါဝင်ခွင့်ဆုံးရှုံးလိုက်ရလို့ စစ်ထောက်လှမ်းရေးရဲ့ ငရဲခန်းပို့မယ့် စာရင်း ထဲမှာ လွတ်ကင်းခွင့်ရလိုက်တယ်။ ဒါ့ကြောင့်လည်း အခုလို မပြီးဆုံးသေးတဲ့ တော်လှန်ရေး အတွက် တတပ်တအားနဲ့ ပြန်လည်ပါဝင်ခွင့်ရချိန်မှာ သူက လွတ်လွတ်လပ်လပ် လှုပ်ရှား လို့ရနေတာကို သူ တော်တော်ဝမ်းသာပီတိဖြစ်မိတယ်။ သူ့ လက်ဆွဲကွန်ပျူတာထဲမှာ ဘက်ထရီကျန်နေသေးတော့ မီးမလာသေးလည်း ဘာမှမဖြစ်ဘူး၊ ကြည့်လို့တော့ ၂၅ မိနစ် လောက်ရနိုင်သေးတယ်လို့ယူဆပြီး အီးမေးလ်ကတဆင့် သူ့အဖွဲ့ကပေးလိုက်တဲ့ သူတို့ ပစ်မှတ်ထား တိုက်ခိုက်ရမယ့် စစ်အာဏာရှင်ဗိုလ်ချုပ်တယောက်ရဲ့ အချက်အလက်ကို pen drive ထဲကကူးပြီး ဖွင့်ဖတ်လိုက်တယ်။

……………………………………………………………………………………………………………..

ဗိုလ်ချုပ် ……………………..၊ မန္တလေးဇာတိ၊ ငယ်စဉ်က အထက (၁၆) (ယခင် ၀က်စလီ) ကျောင်းတွင်ပညာသင်ယူခဲ့၊ ဇနီး ကျောင်းအုပ်ဆရာမကြီး၊ မန္တလေးတိုင်းမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ၊ သားသုံးဦးနှင့် သမီးနှစ်ဦးရှိ၊ DSA အပတ်စဉ် (…..) ဆင်း၊ သားအကြီး ဗိုလ်မှူး နှင့် သားအလတ် ဗိုလ်ကြီးရာထူးအဆင့်ရှိ၊ သားငယ်မှာ သူတည်ထောင်ထားသော MICT ရှိ ကွန်ပျူတာကုမ္ပဏီတွင် မန်နေးဂျင်းဒါရိုက်တာဖြစ်၊ သမီးများမှာလည်း သူ၏ နောက်ထပ်လုပ်ငန်းများတွင် မန်နေးဂျင်းဒါရိုက်တာများဖြစ်ပြီး အားလုံး အိမ်ထောင်သည်များဖြစ်သည်။ သမီးအကြီး၏ အိမ်ထောင်ဖက်မှာ ထောက်လှမ်း ရေးမှ အရာရှိတဦးဖြစ်သည် ….

သူစာဖတ်လို့မဆုံးခင်မှာပင် သက်ပြင်းတချက်မှုတ်ထုတ်လိုက်မိတယ်။ အာဏာရူး တွေများ အာဏာဆက်ရူးလို့ရအောင်၊ အာဏာဆက်မပြတ်အောင် အစီအစဉ်တကျ လုပ် ထားတာကို သူသဘောကျလို့ မဲ့ပြုံးတချက်ပြုံးရင်း စာကို ဆက်ပြီးပြန်ဖတ်လိုက်တယ်။

…… သုတ်သင်ရမည့်အကြောင်းရင်း

အဲဒီအချက်ကိုတော့ သူတော်တော်စိတ်ဝင်စားသွားတယ်။

…… (၁) အာဏာရှင်ချုပ် သန်းရွှေ၏သမက်ဖြစ်သော တေဇပိုင်ဆိုင်သည့် ကုမ္ပဏီ နှင့်တွဲဖက်ပြီး မြန်မာ့ရတနာကျွန်းသစ်များကို ကချင်ပြည်နယ်ရှိ ကြိုးဝိုင်းတခုအတွင်း တတောလုံးပြုတ်အောင်ခုတ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှု။

(၂) ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မည့် ပြည်သူများအား တန်ပြန်တိုက်ခိုက်ရန်အတွက် ပုံမှားရိုက်တိုက်ခိုက်မှုပုံသဏ္ဍာန်သစ်အား စတင်တည်ထောင်ပေးမှု။ စွမ်းအားရှင်ဟု အမည် တွင်သည့် အရပ်သားအကြမ်းဖက်သမားများအား လက်နက်တပ်ဆင်တိုက်ခိုက်နည်း သင် တန်းများပေးခြင်းများ။

(၃) ဇနီးဖြစ်သူက မိခင်နှင့် ကလေးစောင့်ရှောက်ရေးအမည်ခံပြီး မန္တလေးမြို့ အထင်ကရနေရာကြီးတခုတွင် ကြီးမားသောဟိုတယ်ကြီးတခုဖွင့်ပြီး အရွယ်မရောက်သေး သော ကလေးပြည့်တန်ဆာများထားရှိမှု။ ဟိုတယ်တွင် ဘိန်းဖြူရောင်းချမှု။

နံပါတ် (၃) အချက်ကိုဖတ်ပြီးချိန်မှာတော့ သူတောက်တချက်ကို ခပ်ပြင်းပြင်းခေါက် မိတယ်။ ဒေါသကို ထိန်းချုပ်လိုက်ပြီး စာကိုဆက်ဖတ်လိုက်တယ်။

(၄) တရုတ်ပြည်နှင့် အဓိကဆက်ဆံသူဖြစ်ပြီး စစ်လက်နက်ပစ္စည်းများ ၀ယ်ယူခြင်း နှင့်ဆိုင်သော အဓိကတာဝန်ကို အထူးလျှို့ဝှက်ပြီးယူထားသူဖြစ်ခြင်း။

………. ပစ်မှတ်အား အဓိက ရွေးချယ်ရသည့်အကြောင်းရင်း

(၁) အာဏာရှင်၏ နံပါတ် (၂) အဆင့်ရှိဒေါက်တိုင်ဖြစ်ခြင်း။

(၂) သား ၂ ဦး စစ်အရာရှိဖြစ်နေသဖြင့် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမှုများခြင်း။

(၃) အိမ်တွင်းလုံခြုံမှုအားနည်းခြင်း။ အိမ်တွင်း လုံခြုံရေးရဲဘော်များ ဖြတ်လတ် သွက်လက်မှုအားနည်းပြီး အရက် အလွန်ကြိုက်သူများဖြစ်ပြီး ထိုလုံခြုံရေးရဲဘော်များထဲ တွင် မိမိတို့ထံသို့ လျှို့ဝှက်သတင်း ပေးပို့မှုရှိခြင်း။

(၄) အရပ်သားအ၀င်အထွက်များခြင်း။

(၅) ညနေတိုင်းဂေါက်ရိုက်ပြန်ချိန်တွင် အိမ်ဝင်းအတွင်း မြက်ခင်းပြင်တွင် မှောင် သည်အထိ အနားယူတတ်ခြင်း။

(၆) အိမ်ဝင်းတွင် သံဆူးကြိုးရှိသည်မှအပ မည်သည့် လျှပ်စစ်ဓာတ်ကိုမှ လွှတ် ထားခြင်းမရှိခြင်း။

(၇) သူ့ကို သတ်ဖြတ်ပြီးပါက အာဏာရှင်လောကတွင် တုန်လှုပ်သွားနိုင်ပြီး လက် နက်ဝယ်ယူရေးတွင် များစွာ အနှောင့်အယှက်ဖြစ်နိုင်ခြင်း။

…… သတ်ဖြတ်ရန်အတွက် လက်နက်ညွှန်ကြားချက်

(၁) မည်သည့် လက်နက်ငယ်မျှမသုံးရ။

(၂) လက်လုပ်ဗုံးကို သင်ကြားထားသည့်အတိုင်း အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ သတ်ဖြတ်ရန်။

အာဏာရှင်တွေကျဆုံးပြီး ဒီမိုကရေစီတိုက်ပွဲအောင်မြင်ပါစေ…

သင့်ရဲ့

ရဲဘော် အမှတ် (၁)

သူစာကိုဖတ်ပြီး ဖျက်ပစ်လိုက်တယ်။ မနက်ဖြန် အဲဒီ ဗိုလ်ချုပ်ရဲ့ အိမ်ကိုကြည့်ပြီးရင် (၂) ရက်အတွင်းမှာ လုပ်ငန်းစရတော့မယ်။ အဲဒီအတွက် အစီအစဉ်တွေကို သူ့စိတ်ထဲ ကနေ ဆွဲကြည့်နေမိတယ်။ အောင်မြင်သွားခဲ့ရင် . . . သူ့အတွက် ဒေါ်လာတွေရမှာ မဟုတ်ဘူး၊ ဆုတံဆိပ်တွေရမှာလည်းမဟုတ်ဘူး။ သူရမယ့် ဆုလာဘ်တွေက ပြည်သူ တွေရဲ့ အပြုံးတွေ၊ လွတ်လပ်သွားမယ့် ပြည့်တန်ဆာခန်းထဲက ဆယ်ကျော်သက်လေးတွေ ရဲ့ ရယ်မောသံလေးတွေ၊ ကချင်ပြည်နယ်က ကျွန်းပင် အရိပ်ပျောက်ခဲ့ရတဲ့ တိုင်းရင်းသား ကချင်ညီအကိုမောင်နှမတွေရဲ့ အပြုံးတွေ၊ သတင်းစာထဲမှာ ပါလာမယ့် နာရေးသတင်းက အာဏာရှင်အချင်းချင်းအတွက် သူရဲကောင်းဆန်အောင် ရေးမယ်ဆိုတာ ကြိုသိရပေမယ့် အဖိနှိပ်ခံပြည်သူနဲ့ အာဏာရှင်အကြမ်းဖက်သမားတွေကို ဆန့်ကျင်နေတဲ့ ငြိမ်းချမ်းတဲ့ အမိကမ္ဘာမြေကြီးအတွက်တော့ ကောင်းချီးသြဘာသံတွေ ဘ၀ဂ်ညံသွားစေလိမ့်မယ်လေ။ အဲဒါဟာ သူအမှန်တကယ် ရရှိရမယ့် သူ့အတွက် ဆုလာဘ်တခုပါပဲ။

မီးလာတာနဲ့ သူပြင်ရမယ့်စက်ကို ပြင်လိုက်ပြီး အိပ်ရာဝင်လိုက်တယ်။ အိပ်မက် ထဲမှာတော့ သူ့စွန့်စားခန်းကို သူကိုယ်တိုင်ပဲ ရုပ်ရှင်တခုလိုကြည့်ရင်းနဲ့ သူ့ရဲ့ညကို ကုန်ဆုံး ပစ်လိုက်တယ်။

………………………………………………………………

အပိုင်း (၂) ကို စောင့်မျှော်ဖတ်ရှုပေးပါရန်

You received this email because you are subscribed to the real_time feed for http://royalworriers.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Republic] 1 New Entry: ALL THE SAME

ALL THE SAME

တူညီမှု

ကျွန်တော် ဒီကလစ်လေးကို ကြည့်ပြီး ဒီနေ့အဖို့တော်တော်လေးနေသာ သွားပြီဗျာ ၊၊ မွန်းကျပ်နေတဲ့ စိတ်အတွက်တော့
အဟာရ ပါပဲ ၊၊အားလုံးအတွက်ဝေမျှ ပေးလိုက်ပါတယ် ၊၊ ကြည့်လည်း ပြီးကြမှာပါ ၊၊



လိုအပ်မှုတွေ ပြိုင်ဆိုင်မှုတွေ နဲ့ဘ၀ရဲ့အမောအပန်းတွေကြားမှာ တစ်ခါတစ်ရံ ဟန်ဆောင်မှုတွေခွာချပြီး တစ်ယောက်နဲ့
တစ်ယောက် ရိုးသားပွင့်လင်းစွာ ပွေ့ဖက်နိုင်ကြပါစေဗျာ ၊၊ ၊၊

Clip originally uploaded by "All The Same" by The Sick Puppies

You received this email because you are subscribed to the real_time feed for http://kyawthetlatt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးဦးဝေလွင်] 1 New Entry: အချစ်စစ်

အချစ်စစ်

စွဲလန်းနှောင်တွယ်တိုင်း
အချစ်စစ်မမည်ပေမဲ့
အချစ်စစ်တိုင်းကတော့
ဒီရင်ခွင်မှာ...စွဲလန်းနှောင်ရီလေရဲ့။


စွဲလန်းတယ်ဆိုတာ တခဏ
အချစ်စစ်ရင်ထာဝရ
စွဲအတူ နှစ်ကိုယ်ရင်မှာ
ချစ်အတူ တူယှဉ်မကွာ
ဘေးမပူ ယုံကြည်စွာ
မျှအတူ အချစ်ဝေကာ
မခွဲဘူးလေ တိုင်တည်ကာ
တွဲအတူ ဒီတသက်စာ။


၁၀.၁၀.၀၈ ဖြိုးဝေတိုး
// မမီးလေးကဗျာကိုဖတ်ပြီးရေးမိသွားတာပါ...အားလုံးပဲ အပူအပင်ကင်းမဲ့သော အချစ်ဘဝလေးတည်ဆောက်နိုင်ပါစေလို့//

You received this email because you are subscribed to the real_time feed for http://moeoowailwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sawlinux] 1 New Entry: တိုးတက်သောမြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး

တိုးတက်သောမြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး

10 October 2008

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Htoo Myat] 1 New Entry: စိတ်ကမ္ဘာမှ Blog post.

စိတ်ကမ္ဘာမှ Blog post.

တစ်ချက် ကြိုပြောထား ချင်တာက ကျနော်ဟာ ကျနော့်ရဲ့ တစ်ချိန်လုံး တွေးတောနေတတ်တဲ့ အကျင့်ကနေ ထွက်ပေါ်လာတဲ့ အယူအဆလိုလို၊ ယုံကြည်မှုလိုလို တစ်ခုကို ကျနော် တင်ပြတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော့် ယူဆချက်တွေကို ပေါင်းစပ်ထားတဲ့ အယူအဆကြီးတစ်ခု ဖြစ်ပါတယ်။ လွပ်လပ်စွာ ကွဲလွဲမှုတွေလည်း ရှိကြပါလိမ့်မယ်။


လူသား မျိုးနွယ်တွေရဲ့ တိုးတက်မှု အမြင့်ဆုံး အဆင့်ကို ရောက်ရှိလာ ပြီးတဲ့အခါမှာ လူသားတွေရဲ့ အစေခံများ ဖြစ်ကြတဲ့ စက်ရုပ်တွေရဲ့ တော်လှန် ပုန်ကန်မှုကြီးနဲ့ တိုးပါတယ်။ ပုန်ကန်မှုကြီးမှာ စက်ရုပ်တွေ အနိုင်ယူသွားတဲ့ နောက်ပိုင်းမှာ လက်ကျန် လူသားတစ်ချို့က ကမ္ဘာ့မြေကြီး ထဲမှာ ၀င်ပုန်းနေကြရတဲ့ အခြေအနေအထိ ရောက်သွားပါတယ်။

လူသားတွေ ပြုသွားတဲ့ မီးခိုးငွေ့တွေကြောင့် ကမ္ဘာ့လေထုထဲ မှောင်မှိုင်းနေပြီး နေရောင်ချည် မရနိုင်တော့ဘူး ဖြစ်နေပါပြီ။ အဲဒီအခါ နေရာင်ချည် စွမ်းအင်သုံး စက်ရုပ်တွေဟာ စွမ်းအင် မရနိုင် ဖြစ်လာတဲ့အခါ စွမ်းအင်ကို လူသားထဲကပဲ ပြန်ထုတ်ယူဖို့ ဆုံးဖြတ်ပါတယ်။ နောက် လူသားတွေကို ပြန်ဖမ်းပြီး ဖန်ပေါင်းချောင်တွေထဲ ထည့်ကာ စွမ်းအင် ထုတ်ယူခဲ့ကြပါတယ်။

ဒါပေမဲ့ အဲလို လှုပ်ရှားမှု မရှိတဲ့ လူသားတွေ ဆီကနေ စွမ်းအင် အနည်းငယ်သာ ထုတ်ယူနိုင်တဲ့အတွက် လူသားတွေရဲ့ စိတ်ကို ပုံမှန်အတိုင်း လှုပ်ရှားနေ စေရအောင် Matrix ဆိုတဲ့ Programmed ကမ္ဘာတစ်ခုကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်တွေနဲ့ တိုက်ပွဲ မဖြစ်ခင်၊ မပျက်စီးသေးခင်က ကမ္ဘာ ပုံစံပေါ့။ လူတွေရဲ့ ခန္ဒာကိုယ် အစစ်ဟာ ဖန်ပေါင်းချောင် ထဲမှာပဲ ရှိနေပြီး လူတွေရဲ့ စိတ်ဟာ အဲဒီ Matrix ထဲမှာပဲ ကျင်လည်နေခဲ့တဲ့ နောက်မှာ အဲဒီ သူတို့ နေနေတဲ့ Matrix ကိုပဲ ကမ္ဘာအစစ်လို့ ထင်လာကြပါတော့တယ်။

... ... ...


အခု ကျနော်တို့ နေနေတဲ့ ကမ္ဘာကြီးဟာလည်း အတုလား အစစ်လား?

Matrix ရဲ့ Neo ဆိုတဲ့ ဇာတ်ကောင်နဲ့ သူ့ မိတ်ဆွေတွေဟာ Matrix ဟာ တည်ဆောက်ထားတဲ့ စိတ်ကမ္ဘာ အတုအယောင် ဆိုတာကို နားလည်သွားတဲ့ နောက်မှာ အဲဒီထဲက program သွင်းထားတဲ့ ဘောင်တွေ၊ အတိုင်းအတာတွေကို ချိုးဖောက်လာနိုင် ခဲ့ကြပါတယ်။

ကျနော် စဉ်းစားမိတာက၊ ခများတို့ ကျနော်တို့ရဲ့ သမိုင်းတွေမှာလည်း အဲလို သတ်မှတ် အတိုင်းအတာကို ချိုးဖောက် နိုင်ခဲ့ကြတဲ့ လူသားတွေ အများကြီး ရှိခဲ့ကြပါတယ်။ သူတို့ဟာ Matrix ကို နားလည်သွားကြလို့ များလား..?

ဘာသာပေါင်းစုံက ဘုရားတွေ၊ တမန်တော်တွေ ပြောနေခဲ့ကြတဲ့ လွတ်မြောက်ရာ ကောင်းကင်ဘုံ ဆိုတာဟာ ကျနော်တို့ရဲ့ ပျက်စီးခဲ့ပြီးသော ကမ္ဘာအစစ် မဖြစ်နိုင်ဘူးလား။ ကျနော်တို့ လူ့ဘောင်မှာ ရှိနေသမျှ အရာတွေဟာ အတုအယောင်တွေပဲ လို့ ပြောခဲ့တာဟာ အဲဒီ ဘုရား ကိုယ်တိုင်က လက်ရှိ ကျနော်တို့ နေထိုင်နေသော ကမ္ဘာဟာ စိတ်ကမ္ဘာမှန်း ရှာတွေ့ ခဲ့တယ်လို့ ယူဆနိုင်မယ်။

ရေပေါ် လမ်းလျှောက်တယ်၊ ဈာန်ကြွတယ် စသည်တို့ဟာ အိန္ဒိယမှာ မီးနင်းသလို၊ ဆူးပေါ်မှာ အိပ်ပြသလို တကယ် ဖြစ်နိုင်ခဲ့တဲ့ အရာတွေ ဖြစ်နိုင်ပါလိမ့်မယ်။ သူတို့ဟာ ဒီ စိတ်ကမ္ဘာရဲ့ ဖန်တီးထားတဲ့ အခြေခံ သဘောကို မြင်တွေ့ခဲ့ကြလို့ အဲဒါကို ရိုက်ချိုးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အားနည်းချက် အနေနဲ့က၊ သူတို့သည် ဒါဟာ စိတ်ကမ္ဘာ ဆိုတာကို သဘောပေါက် နားလည်ခဲ့ပြီး ဖြစ်သော်ငြားလည်း ရုပ်ကမ္ဘာကို သေချာ ရှာတွေ့ခဲ့ကြပုံ မပေါ်ဘူးလို့ မှန်းတယ်။

ကျနော်တို့ရဲ့ လက်တွေ့ဘ၀ဟာ ဒီ ရုပ်ရှင်အတိုင်း ဖြစ်ခဲ့တာလို့ ကျနော် မပြောလိုပါဘူး။ ကျနော်တို့ အခုအချိန် အမြင့်ဆုံး တွေ့ရှိနိုင်တာဟာ ကျနော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ တမင်တကာ တည်ဆောက်ထားတဲ့ စိတ်ကမ္ဘာ အတုအယောင် ဆိုတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ကို ဒီစိတ်ကမ္ဘာအတု အယောင်ထဲ ဘယ်သူက ဘာကြောင့် ထည့်ထားရတာလဲ... ကျနော်တို့ ဒီ စိတ်ကမ္ဘာကြီးထဲကနေ ထွက်သွားရင် မှန်းဆထားသလို အပြင်မှာ ရုပ်ကမ္ဘာ တစ်ခုရော ရှိနေပါ့မလား။ ကျနော်တို့ရဲ့ ခန္ဓာကိုယ် အစစ်ရော ရှိနေပါ့မလား... ဒါမှမဟုတ် ဒီကမ္ဘာဟာ ရုပ်ခန္ဒာကို အစစ်နဲ့ ကျင်လည်ရတဲ့ စိတ်ကမ္ဘာကြီးများလား...

သေချာတာကတော့ ဘုရားဆိုတာဟာ အတွေးအခေါ် ပညာရှင်များကို ကျနော်တို့က ကိုးကွယ်ရာလို့ သတ်မှတ် ခဲ့ကြတယ်လို့ ဆိုနိုင်တယ်။

... ... ...

အရာအားလုံး တကယ်မရှိဘူး၊ program သွင်းထားတယ်လို့ ပြောတာဟာ ကျနော့် ထင်မြင် ယူဆချက်နဲ့ ပြောတာ မဟုတ်ပါဘူး။ အကျယ်တ၀င့် ရှင်းပြပါမယ်။

တကယ်တော့ အခု ဒီစာကို ရေးနေတဲ့ ကျနော်၊ ခများ ဒီစာကို တဆင့် ဖတ်နေတဲ့ ကွန်ပျူတာ နှစ်ခုလုံးဟာ ခများ ထိနိုင်ကိုင်နိုင် ခံစားနိုင်တယ်လို့ ခများ ထင်နေသော်ငြားလည်း တကယ် မတည်ရှိပါဘူး။ ခများ ထိနိုင် ကိုင်နိုင်ပါတယ် ဆိုတာကိုက program ဆွဲထားတာ ဖြစ်ပါတယ်။ ခများ အဲဒါကို ထိနေ ကိုင်နေတဲ့ ခများ လက်ချောင်းတွေအပြင် ခများ ခန္ဓာကိုယ်ကြီး ကိုယ်တိုင်ကိုက၊ ခများ စိတ်ကလွဲရင် အကုန်လုံးဟာ တကယ် တည်ရှိမနေပါဘူး။

Program သွင်းထားတာ မဟုတ်ပဲ တကယ် တည်ရှိတယ်ဆို ခများနဲ့ ကျနော်နဲ့ဟာ အရာဝတ္ထု တစ်ခုကို တစ်မျိုးတည်း မြင်ရမှာ ဖြစ်တယ်။ ကျနော်တို့ တစ်ဦးချင်းစီအတွက် Program သွင်းထားတာ တွေကိုက မတူကြဘူး။ နီညိုရောင် ကျောက်တုံး တစ်တုံးဟာ တကယ် တည်ရှိနေခဲ့မယ်ဆို ကျနော့်ကိုမေးရင် အနီရောင်၊ ခများကို မေးရင် အညိုရောင်လို့ နှစ်မျိုးဖြေစရာ ဘာအကြောင်းမှ မရှိပါဘူး။

အိမ်တစ်အိမ်ကို ကြည့်ရင် ကျနော်က ကြီးတယ်လို့ ဖြေမယ်၊ ခများက သေးတယ်လို့ဖြေတယ်။ ဘာလို့လဲဆိုတော့ အိမ်ဟာ တကယ် မတည်ရှိနေခဲ့ပဲ ကျနော့်အတွက် Program ကို တစ်မျိုး သွင်းပေးထားပြီး ခများအတွက်က တစ်မျိုး သွင်းထားလို့ ကျနော်တို့ ဒီလိုမြင်နေကြတာ ဖြစ်တယ်။ ခများကို ကျနော်ကြည့်ပြီး ကျနော်က ရုပ်ဆိုးတယ်လို့ မြင်ရင်တောင် ခများချစ်သူက ခများကို ကြည့်ကောင်းတယ်လို့ မြင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခများဟာလည်း တကယ် တည်ရှိနေတာ မဟုတ်လို့ပါပဲ။

... ... ...

ထိုနည်းတူပဲ ခများတို့ ကျနော်တို့ကို Program သွင်းရာမှာ အတိုင်းအတာတွေနဲ့ သွင်းထားပါတယ်။ ခများ ခုန်နိုင်တဲ့ အမြင့်ဆုံး ပမာန၊ ပြေးနိုင်တဲ့ အမြန်ဆုံး အရှိန်၊ စသဖြင့်ပေါ့။ ဒါတွေဟာ ခများကိုယ်တိုင် ကိုက Program နဲ့ ကန့်သတ်ထားတာလို့ မမြင်ဘဲ ခများ တတ်နိုင်တဲ့ အမြင့်ဆုံး အတိုင်းအတာတွေလို့ ခများ သတ်မှတ် ယုံကြည်ထားခဲ့တယ်။ Program သွင်းထားတဲ့ လူတွေကတော့ Program ကို ကြောင်သွားအောင် တိုက်ခိုက်တဲ့ နည်းနဲ့ ချိုးဖောက်ခဲ့ကြတယ်။

ဗုဒ္ဓဘာသာ အလိုအရ တရားထိုင်တာဟာ Program ကို ကြောင်သွားအောင် လုပ်တဲ့ နည်းစံနစ် တစ်ခုလို့ မြင်တယ်။ မသိစိတ်နဲ့ အလုပ်လုပ်ဖို့ရာ အခြေခံ Program က ခန့်ခွဲထားတဲ့ အသက်ပုံမှန်ရှုခြင်း စံနစ်ကို အသိစိတ်နဲ့ တမင်တကာ လုပ်လိုက်တယ်။ အဲလို လုပ်နိုင်လိုက်တဲ့ အချိန်မှာ မသိစိတ်နဲ့ သိစိတ်နဲ့ဟာ တစ်ခုတည်းလို ဖြစ်သွားပါတယ်။ အဲလိုနဲ့ လူတွေက မခိုင်းစေနိုင်တဲ့ မသိစိတ်ကိုပါ သိစိတ်ကဲ့သို့ ခိုင်းနိုင်လာပါတယ်။ မသိစိတ်ရဲ့ ကျယ်ပြန့်တဲ့ စွမ်းအား၊ သို့မဟုတ် ပျက်စီးသွားတဲ့ Program ဟာ သာမာန် လူတွေ မလုပ်နိုင်ဘူးဆိုတဲ့ အရာတွေကို လုပ်နိုင်သွား ပါတော့တယ်။

ဒါဟာ နည်းစံနစ် တစ်ခုတည်းပါ။ များသောအားဖြင့် အခု နောက်ပိုင်းမှာတော့ ကိုယ်ပါ အောင်မြင်ပြီး မိုးတွေ ဘာတွေ ပျံတာ မတွေ့ရတော့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ အောင်မြင်ကြတာတွေပဲ တွေ့ရတာ များပါတယ်။ အစွမ်းရှိတဲ့ Program ဟာ တခြားလူပေါင်း များစွာကို Virus တစ်ခု ပြန့်သလို စည်းရုံး လှုံ့ဆော်နိုင်ခဲ့တာတွေ နိုင်ငံ့ခေါင်းဆောင် အချို့မှာ တွေ့နိုင်တယ်။ Program က ကန့်သတ်ထားပြီး ပေးမသိတဲ့ ရှေ့ဖြစ်လာမဲ့ အရာတွေကို ဖောက်ပြီး ကွက်တိ ကြိုသိတာတွေ ရှိခဲ့တယ်။

အရက်သောက်ခြင်းလို အရာမျိုးကလည်း Program ကို အနည်းငယ် ကြောင်အောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အဲလို ကြောင်တာဟာ ခများရဲ့ ခန္ဒာကိုယ် တစ်ခုလုံးက မကြောင်ပဲ စိတ်ပိုင်းဆိုင်ရာပဲ ခေတ္တကြောင်သွားတဲ့ အခါမှာ ဟာသ တစ်ခုထဲကလို... အရက်မူးပြီး တိုက်ခေါင်မိုးပေါ် ကနေ ငါ မိုးပျံပြမယ် ဆိုတာမျိုး လုပ်တာတွေ ဖြစ်လာ ပါတော့တယ်။

... ... ...

သေချာတာက ကျနော်တို့ဟာ အခုမှ ကျနော်တို့ နေနေတဲ့ ကမ္ဘာဟာ ရုပ်ကမ္ဘာ အတုယောင်၊ တကယ် မတည်ရှိတဲ့ စိတ်ကမ္ဘာဆိုတာကို နားလည်ရုံပဲ ရှိနိုင်ကြပါသေးတယ်။ ဒီကမ္ဘာထဲကနေ အမှန်တကယ် ထွက်နိုင်ဖို့ အချိန် တော်တော်ယူပြီး လေ့လာကြရဦးမယ်လို့ ယူဆမိတယ်။ အဲလို မထွက်နိုင်သေးခင် ကာလမှာ ကျနော်တို့ နားလည်ထားပြီး သူတွေဟာ ကိုယ့်ကို အသုံးချဖို့ ဖန်တည်းထားတဲ့ Program ကို ကိုယ့်အတွက် ပြန်အသုံးချ နိုင်ပါတယ်။

ခများရဲ့ Program ကို ချိုးဖျက်ခြင်းနည်းနဲ့ ဒီလောကမှာ အောင်မြင်မှု ရနိုင်ပါတယ်။ Program ကို ချိုးဖျက်နိုင်တဲ့ နည်းတွေမှာ ကျနော် ဗုဒ္ဓဘာသာက နည်းကိုပဲ နည်းနည်း သဘောပေါက်သလို ရှိပါသေးတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အခြားနည်းလမ်းတွေ အများကြီး ရှိပါလိမ့်ဦးမယ်။

ဒီကမ္ဘာပေါ်ကနေ သတင်းအစအန မရပဲ ပျောက်ကွယ်နေတဲ့ လူတွေ ရှိကြပါတယ်။ ကမ္ဘာ အနှံ့အပြားမှာ အများကြီးပါပဲ။ သူတို့ ဘယ်ကိုရောက်နေတယ် ဆိုတဲ့ အကြောင်းအရာဟာလည်း နောက်ပိုင်း စိတ်ကမ္ဘာကို နားလည်လာပြီး လွတ်မြောက်ဖို့ ကြိုးစားကြတဲ့ ခေတ်ဦးမှာ လေ့လာစရာ ဖြစ်လာပါလိမ့်မယ်။ သို့သော်ငြားလည်း လူများစုကတော့ ဒီစိတ်ကမ္ဘာထဲကနေ ထွက်ဖို့ကို စိတ်ပါဝင်စားမှုရှိမယ်မဟုတ်ပါဘူး။

ထူးမြတ်

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 1 New Entry: လက်တွေ့ကျကျ ကောင်းအောင်လုပ်ပြဖို့ အားမွေးထားကြပါ

လက်တွေ့ကျကျ ကောင်းအောင်လုပ်ပြဖို့ အားမွေးထားကြပါ

ကိုဂျူး

( ကိုဂျူးက C box မှာ ပိတောက်မြေဆောင်းပါးတွေလဲ ဒေါ်စုနဲ့ NLDကိုဘဲ သွားခလုတ်နေပါလား။ နအဖ ရွေးကောက်ပွဲကို သိပ်အာရုံ မရှိကြတာ တွေ့ရတယ်ဗျ ဆိုပြီး ပြောထားပါတယ်။ တကယ်တော့ ပိတောက်မြေဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ၊ ဆဲရေးတာတွေ မဟုတ်ရင် အယူအဆ အားလုံးကို ဖော်ပြပေးခဲ့ပါတယ်။ ဆက်ပြီးလည်း ဖော်ပြသွားမှာပါ။ ကိုယ့်အယူအဆနဲ့ တူမှ၊ ထောက်ခံမှ ဖော်ပြမယ်ဆိုတဲ့ မူဝါဒမရှိပါဘူး။ ပိတောက်မြေကို ဝေဖန်တဲ့စာတွေလည်း တင်ပေးတာကို တွေ့နိုင်ပါတယ်။ အခုတော့ ကိုဂျူး ဆောင်းပါး ရောက်လာလို့ တင်ပေး လိုက်ပါတယ်။ ကိုဂျူး ကျေနပ်မယ် ထင်ပါတယ်။ )

နအဖ အဖွဲ့သားတွေ ဒီရက်ထဲ မငြိမ်သက် ဘာတွေများ ဖြစ်နေကြပါလိမ့်၊ တနေ့တနေ့ ရေးလိုက်ရတဲ့ ဆောင်းပါးတွေ မပြီးနိုင်ပါလား၊ ဆောင်းပါး အားလုံးကတော့ နအဖရဲ့ ရို့ဒ်မက်ပ် ပေါ်လစီကို ထောက်ခံပြီး ဒေါ်စုနဲ့ NLD ကို ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်ပြီး နအဖဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေ အတိုင်း ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်ဖို့ ဗြောင်တစ်မျိုး၊ မသိမသာ တမျိုး၊ ချိန်းချောက်လို့ တဖုံ မြှူဆွယ်တဲ့ ဆောင်းပါးတွေပါ။ "အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အနာဂတ် နိုင်ငံရေး" တဲ့ "ဆင်ခြင်ကြည့်၊ မြင်ကြည့်" တဲ့ "လေထဲမှာ တိုက်အိမ် မဆောက်ကြဖို့ တောင်းပန်ခြင်း" "တိုင်းပြည်အတွက် လုပ်သင့်တာ လုပ်ကို လုပ်ရတော့မည်" "လက်တွေ့ ကျကျ စဉ်းစားကြပါ" တဲ့ ခေါင်းစဉ်းတွေ ကြည့်ရင် ဒီမောင်တွေ Desperate ဖြစ်နေတာ မှန်းလို့ရပါတယ်။ ဘယ်နဲ့ NLDကိုသွား ခလုတ်တိုက်နေကြတာလဲ နားမလည်နိုင်ဘူး၊ နှစ်ဘက်လုံး တယောက်ကို တစ်ယောက် ဒုက္ခမပေးဘဲ အေးအေး ဆေးဆေးဖြစ်နေရမဲ့ ခုလို အချိန်မှာ ဘာကြောင့် ကိုယ့်အလုပ် ကိုယ်မလုပ် နိုင်ရတာလဲ။ အမှန်တော့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်လို့ ဆုံးဖြတ်ထားရင် ကိုယ်ဖါသာ ကိုယ် အားမွေး နေရမဲ့အချိန်ပါ။

နအဖအစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကထဲက ရွေးကောက်ပွဲကိုလဲ အသိအမှတ်မပြု တွေ့ဆုံ ဆွေးနွေးရေးလဲ မလုပ်ဘဲ အချိန်ဆွဲပြီး ရွေးကောက်ပွဲနိုင်တဲ့ NLDပါတီကို နည်းမျိုးစုံသုံး ချေမှုံးနှိပ်ကွပ်လာခဲ့တာ အခုမှ ကိုယ့်သဘောနဲ့ကိုယ် အခြေခံဥပဒေသစ်ဆွဲပြီး ရွေးကောက်ပွဲ နောက်တစ်ပွဲ ထပ်လုပ်မယ်လို့ ခတ်တင်းတင်းဆိုလာတော့ NLDက အသိအမှတ်မပြု ကန့်ကွက်ပါတယ်။

NLDက ၂၀၁၀ ရွေးကောက်ပွဲ မ၀င်တာ ကျိုးကြောင်း ခိုင်လုံပါတယ်၊ မဲပေးတဲ့ ပြည်သူအပေါ်မတရားလုပ်တယ်၊ သူတို့ကို မတရားလုပ်တယ် ထင်လို့ သူတို့ပါတီ မူဝါဒနဲ့သူတို့ တုန့်ပြန်တာပါ။ သူတို့သဘောပါ။ မောင်ရင်တို့ သဘောမတူရင် အားမပေးနဲ့ ဂရုမစိုက်နဲ့ပေါ့၊ ကိုယ်ကြိုက်တဲ့သူ အားပေးပေါ့ကွာ၊ ရှင်းနေတာဘဲ။ ကြံ့ဖွတ်ကြိုက်ရင် ကြံ့ဖွတ်နဲ့ပေါင်း၊ အေးလွင်ကြိုက်ရင် အေးလွင်ဆီသွား၊ တစညကြိုက်ရင် တစညအားပေး၊ ဒါမှ မကြေနပ်သေးရင် ကိုယ့်ဖါသာကိုယ် ပါတီထောင် ကိုယ်မူဝါဒနဲ့ကိုယ် ရွေးကောက်ပွဲ ၀င်ကြပါလား၊ ပါတီစုံ ဒီမိုကရေစီလေ၊ သူလဲ လွတ်လပ်တဲ့ နိုင်ငံရေးပါတီ ကိုယ်လဲနိုင်ငံရေးပါတီ၊ တန်းတူညီမျှဘဲ၊ ဘာလို့ NLDကို နအဖဘက်ပါမလား မပါဘူးလားဆိုပြီး အိညှောင့် အိညှောင့် သွားလုပ်နေရတာတုန်း။

ခုလဲ ဆင်တူရိုးမှား နာမည်တွေနဲ့ (၀ံသာနု NLD၊ လူငယ် NLD၊ ၈၈ မျိုးဆက်သစ် မြန်မာနိုင်ငံ) စသည်ဖြင့် လူတွေ ထင်ယောင် ထင်မှားဖြစ်အောင် ထထ လုပ်နေတာဘဲ မဟုတ်လား၊ အရည်အချင်းရှိရင် ၀င်ပြိုင်ကြ၊ ကိုယ့်ကိုပြည်သူ ထောက်ခံမှုရှိတယ်ဆိုရင် ကိုယ့်သဘော၊ NLDကို သိပ်ပါ စေချင်သလား၊ ခါးကြားမှာ ၀ါးရင်းဒုတ်ထိုးပြီး ခတ်တည်တည်နဲ့ တော့ လူမိုက်လုပ် သွားငေါက်မနေနဲ့၊ စေတနာပါရင် ချော့မော့ ပြောကြည့်ပေါ့။

ဘာဖြစ်လို့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်စေ ချင်တာလဲ မေးတော့ တယောက်က မအောင်မြင်လို့တဲ့၊ NLD က ၁၉၉၀ ရွေးကောက်ပွဲနဲ့ မြန်မာပြည်ကို ဒီမိုကရေစီရအောင် လုပ်မယ်ပြောခဲ့တာ အနှစ်နှစ်ဆယ်ရှိပြီ မအောင်မြင်ဘူးတဲ့။ မအောင်မြင်တာ အောင်မြင်တာသူ့အလုပ်ပါ။ ခုမအောင်မြင်လဲ တနေ့အောင်မြင်အောင် လုပ်မှာဘဲဆိုရင်လဲ သူ့သဘောပေါ့။ ဘယ်တော့မှ မအောင်မြင်ရင် သူကွဲလိမ့်မပေါ့၊ မောင်ရင်တို့ အနေသာကြီးပါ၊ ကိုယ်အမြှီးပြတ်တိုင်း NLDကို ဟိုဟာ မလုပ်ရဘူး ဒီဟာလုပ်ရမယ်နဲ့ ဘာလို့ ဆရာကြီး သွားလုပ်နေရတာတုန်း၊ မောင်ရင်တို့ ကိုယ်တိုင်လဲ ဘာမှမဟုတ်၊ သူကွဲသူခံလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံလုပ်မယ် ပြောခဲ့တာ ဂတိတွေပေးခဲ့တာ န၀တ တပ်မတော် ပါ။ NLDမဟုတ်ပါဘူး။ ခုလဲ ၂၀၁၀ ရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပေးမယ် ပြောနေတာ နအဖနဲ့ မောင်ရင်တို့ပါ။ ဒေါင်ဒေါင်မြည် မျိုးဆက်သစ် တပ်မတော်သားတွေ ပြောတုန်းက မိုးလားကဲလားပြောပြီး အာဏာလွှဲရမယ်လဲဆိုရော ဟိုဟာမရှိလို့ ဒီဟာမပါလို့နဲ့ ပြန်ပျော့ကျသွားတာမျိုး မလုပ်နဲ့ဦး။ အောင်မြင်အောင် လုပ်ရမှာ နအဖတာဝန်ပါ။

NLDက တဆုံးတစပြောပြီးပြီ၊ အခြေခံဥပဒေကိုအသိအမှတ်မပြု ရွေးကောက်ပွဲကို ၀င်မပြိုင်ပါဘူးဆိုနေပါမှ "ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုရင် နအဖဘက်က ဘာတွေလိုက်လျောပြီး ပါတီတွေဘက်က ဘာတွေတာဝန် ခံရမည်ကို ဆွေးနွေးသင့်သည်တဲ့၊ မဲဆွယ်ခွင့် ရတာကို အခွင့်ကောင်းယူပြီး ရွေးကောက်ပွဲပျက်အောင်၊ အစိုးရပြုတ်ကျအောင်၊ ၈၉ တုံးကလို မဲဆွယ်ပွဲတွင် မိမိပါတီမူဝါဒမပြောပဲ အစိုးရကို ကလော်တုတ်တာမျိုး၊ ဆူဆူပူပူဖြစ်အောင် မလုပ်ပါဟု တာဝန်ယူရမည်တဲ့" စိတ်ကူးကလဲယဉ်ပါ့ဗျာ။ ဘယ်သူကရွေးကောက်ပွဲ အတင်း လုပ်ခိုင်းနေလို့လဲ၊ ဘာလို့တာဝန်ယူရမှာလဲ၊ နအဖကိုယ်တိုင်တောင် တာဝန်မယူနိုင်တဲ့ကိစ္စတွေ NLDက တာဝန်ယူရမယ်ဆိုပါလား။

ရွေးကောက်ပွဲ လုပ်ပါတယ်ဆိုမှ လက်ရှိအစိုးရ ပြုတ်ကျအောင် မလုပ်ရဘူးနော်တဲ့၊ ဘာတွေလဲ။ ကိုယ်နားလည်သလောက် ၂၀၁၀မှာ နအဖက ရွေးကောက်ပွဲလုပ်ပေးမှာ၊ ၀င်မပြိုင်ဘူး၊ ရွေးကောက်ပွဲနိုင်တဲ့သူကို အစိုးရဖွဲ့ခွင့်ပေးပြီး နအဖကအစိုးရမလုပ်တော့ဘူး ဆင်းသွားမှာ မဟုတ်ဘူးလား? ရွေးကောက်ပွဲပြီးရင် နအဖဆိုတာ မရှိတော့ဘူး၊ ဖျက်ပြစ်ရမှာမဟုတ်လား၊ ဒါဖြင့် ဖျက်ဘဲ ဖျက်ရတော့မဲ့ အစိုးရကို ပြုတ်ကျအောင် မလုပ်ရဘူး တာဝန်ယူရမတဲ့။ တခုခုတော့လွဲနေပြီ၊ ဆရာပိတောက်တို့နားလည်သူတွေ သေချာအောင်လုပ်ကြပါဦး၊ ရွေးကောက်ပွဲပြီးသွားရင် နအဖကဆက်အစိုးရလုပ်နေဦးမှာလား၊ မလုပ်တော့ဘူးလားဆိုတာ သေချာဘယ်သူသိလဲ။ မဲဆွယ်ပွဲမှာအစိုးရ မကောင်းကြောင်းလဲ မပြောရဘူးတဲ့၊ ကိုယ့်ပါတီမူဝါဒဘဲပြောရမတဲ့၊ ကြံကြံဖန်ဖန် ပါတီစုံအထွေထွေ ရွေးကောက်ပွဲပါဆိုမှ ဓမ္မာရုံလို၊ ဆွမ်းကြီးလောင်အသင်းလို ကုတ်ကုတ်လေး ရွေးကောက်ပွဲဝင်စေချင် နေတာလားမသိ။

ခတ်တည်တည်နဲ့ အဆိုအမိန့်တွေကလဲ မြွက်ကြားလိုက်သေးတယ်၊ "နိုင်ငံရေးနှင့် စစ်ရေးတွင် အခွင့်အရေးသည် နှစ်ကြိမ်ပြန်မလာဆိုသည့် စကားရှိသည်" တဲ့၊ ပိုင်လှချည်လား၊ မဟုတ်ကဟုတ်ကဘယ်ကကြားထားလဲမသိ၊ နောက်ပြီး ၉၀ ရွေးကောက်ပွဲအကြောင်းပြောလျှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ၏ နိုင်ငံရေးအမြင်ကျဉ်းမှု၊ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းမှု ကိုလည်းပြောရမည်တဲ့။ လုပ်ပြန်ပြီ၊ ဒါဘဲလာထိခိုက်နေပါလား။ ၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ တပ်မတော်န၀တက တာဝန်ယူလုပ်တဲ့ ရွေးကောက်ပွဲပါ။ ကိုယ့်ကိုကိုယ် လေးစားတဲ့အနေနဲ့ ပြီးမြောက် အောင်မြင်အောင် လုပ်သင့်ပါတယ်။ ဒါမျိုးးအစဉ်အလာ မဖြစ်အောင် နောက်တက်လာတဲ့ နအဖလက်ထက်မှာ ပြင်မလားအောက်မေ့တယ် သူများလက်ထဲကမုန့် ကိုယ်တိုင်ပုတ်ချခဲ့ပြီး လွတ်ကျသွားတဲ့ မုန့်အတွက် ငိုမနေနဲ့အပိုဘဲလို့ ပြောလိုပြော။ ဒေါ်စုနဲ့NLDကို မထိခိုက်ရရင်လဲ စားမ၀င်အိပ်မပျော်တဲ့ ဒုက္ခကလဲကြီးသား။ နောင်လာ နောင်သားတွေအတွက် နမူနာကောင်းတွေ ပြနေတာလား။

ဒီအတိုင်းဆို မင်းတို့နအဖလူတွေဘဲ၊ လက်ကိုင်ဒုတ်တွေဘဲ၊ နအဖအောက်ဆွဲလေးတွေဘဲ ပြောခံရတော့ ရှက်သေးတယ်၊ မကြိုက်ပြန်ဘူး။ အကြောင်းအရာကိုဘဲ ဆွေးနွေးပါတဲ့၊ ပုဂ္ဂိုလ်ရေးမပြောရဘူး၊ သူတို့ကိုဒီလို ခေါင်းစဉ်မတတ်ပါနဲ့တဲ့။ ရော်-ခက်နေပါပြီ။ နိုင်ငံရေးကိုလုပ်မဲ့ ပုဂ္ဂိုလ်လေးတွေ မူမရှိ ၀ါဒမရှိ၊ ကိုယ့်ကိုကိုယ် လေးစားရမှန်းလဲမသိ လုပ်ချင်တာဘဲသိပြီး စွပ်စွပ်မလုပ်ကြပါနဲ့။ ဒီလိုစိတ်ဓါတ်အဆင့်အတန်းမျိုးနဲ့ နိုင်ငံရေးလုပ်လို့မရပါဘူး။ NLDထဲက သင်းကွဲထွက်လာပြီး နအဖသတင်းပေးလိုလို၊ ဒလျှိုလိုလို ဒလံလိုလိုလုပ်နေသူတွေကို ဆရာတင်၊ သူတို့ပြောတာလောက်နဲ့ NLDအကြောင်း ကိုယ့်ကိုကိုယ်သိလှပြီ မမှတ်ကြပါနဲ့ကွာ၊ လေ့လာပါဦး၊ ခုတော့တနေ့တနေ့ ဒေါ်စုနဲ့ NLDကို မော့ကြည့်တံတွေးထွေးတဲ့ အဆင့်က မတက်နိုင်သေးဘူး။

နအဖက ၂၀၀၈အခြေခံဥပဒေနဲ့ ဒီမိုကရေစီသွားမယ်၊ အရမ်းကောင်းတယ် ပြောတယ်၊ NLD က ၂၀၀၈ အခြေခံ ဥပဒေကိုအသိအမှတ်မပြုဘူး မကောင်းဘူပြောတယ်၊ NLD ၀င်မပြိုင်ချင်နေပေါ့ဆိုတော့ NLDက၀င်မပြိုင်ဘူး၊ နအဖတစ်ကိုယ်တော် ၀မ်းမင်းရှိုးမှာ အတိုက်အခံမရှိတော့ဘူး၊ နအဖရဲ့ ၂၀၀၈ဒီမိုကရေစီအခြေခံဥပဒေ ဘယ့်ဂလောက် ကောင်းတယ်ဆိုတာ တိုင်းပြည်ကို လွတ်လွတ်လပ်လပ် ပြလို့ရသွားတာပေါ့။ ဘာလို့ NLDကို အောက်ကျခံ ၀င်ပြိုင်ခိုင်း နေတာလဲ။ ထားလိုက်စမ်းပါ။ နအဖရဲ့ စေတနာ ဘယ်လောက် ကောင်းတယ် ဘယ်လောက် မှန်တယ် ဆိုတာ ၂၀၁၀ကျရင် အားလုံး ကြည့်ရတော့မယ်၊ ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုယ်အကြိုက်ဆုံး ကိုယ်စားလှယ်လောင်းကို မဲထည့်ပေးမယ်။ အစိုးရသာ တိုင်းပြည်ကို လက်တွေ့ကျကျ ကောင်းအောင် အလုပ်လုပ်ပြနိုင်ရင် NLDဟာ အလိုလိုနေရင်း ပျောက်ကွယ်သွားမှာပါ။ ကိုယ့်အလုပ် ကိုယ်လုပ် အားမွေးထားကြစမ်းပါ။ ၂နှစ်ဘဲလိုတော့တယ်။

စေတနာဖြင့်၊

ကိုဂျူး

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[balargout's blogger] 1 New Entry: အစွန်းနှစ်ဘက်ကြားကဘဝ

အစွန်းနှစ်ဘက်ကြားကဘဝ


ဘ၀ကြီးကဆိုးတယ်
ဘ၀ကြီးကကောင်းတယ်

ဘ၀ကချိုမြိန်တယ်
ဘ၀ဟာ ခါးသက်တယ်

ဘ၀ကတည်ငြိမ်တယ်
ဘ၀ဟာ အပြောင်းအလဲမြန်တယ်

ဘ၀ကိုသာယာစွာဟစ်ကြွေးမယ်
ဘ၀ကို ငြင်သာစွာနှုတ်ဆိတ်နေမယ်

ဘ၀ကပျင်းရိဖို့ကောင်းတယ်
ဘ၀ဆိုတာ ပျော်ရွှင်စရာပါဘဲ

ဘ၀ဟာ အဓိပ္ပါယ်ရှိတယ်
ဘ၀ဟာ ဘာမှအဓိပ္ပါယ်မရှိဘူး

ဘ၀ဟာသာယာတယ်
ဘ၀ဟာ ကြမ်းတယ်တယ်

ဘ၀ဆိုတာတန်ဖိုးရှိတယ်
ဘ၀ကအလကားပါဘဲ

ဘ၀ ဟာ  +
ဘ၀ ဟာ  -


You received this email because you are subscribed to the real_time feed for http://zawzaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar] 1 New Entry: နအဖရဲ့ ခလေးစစ်သား

နအဖရဲ့ ခလေးစစ်သား

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 1 New Entry: စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး

စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး

စကာင်္ပူရောက်မြန်မာများ ဘ၀ရှေ့ရေးဆိုလို့ ကိုယ်တိုင်ရေးမယ်ထင်ပြီး မမျှော်လင့်ပါနဲ့ဦး။
ကိုယ့်ရှေ့ရေးတောင် ကိုယ်ဘယ်လိုကြုံမယ်မှန်းမသိသေးလို့။
mandalar.net community မှာ ဒီပို့စ်လေး ရှဲထားတာတွေ့လို့သွားဖတ်မိတာပါ။
စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး

ဆန်းသစ်
အင်္ဂါနေ့၊ ဇွန်လ 24 2008 23:48 - မြန်မာစံတော်ချိန်

စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အတွေ့အကြုံနဲ့ မြန်မာပြည်၊ စင်္ကာပူ၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာသုံးသပ်ပြီး ဒီစာကို ရေးပါတယ်။ ကိုယ့်အမြင်နဲ့ရေးတော့ တဦးချင်းရဲ့ ဘ၀ အဖြစ်အပျက်တွေကို မသိတော့ ကိုယ်နဲ့ သင့်တင့်သလို ဆုံးဖြတ်နိုင်မှုမှာ အထောက်အကူ အနည်းအကျဉ်း ရတယ်သိရရင် ရေးရကျိုးနပ်ပါတယ်။

မြန်မာတွေ စင်္ကာပူ ရောက်လာတာကတော့ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ပါပဲ။ ပိုချမ်းသာ၊ ကြီးပွား၊ ပညာတတ်လာအောင် စင်ကာပူ ထွက်လာသူကတော့ အနည်းအကျဉ်းပဲ ရှိမှာပါ၊ ကိုယ်နိုင်ငံတွင်းမှာ လစာငွေ ကောင်းရင် ၀င်ငွေနဲ့ထွက်ငွေ ဖူလုံလောက်ငရင် ပြည်တွင်းမှာပဲ နေမှာပါ။ ထားပါတော့။

အရင် အပိုင်း (၁) မှာတော့ လက်ရှိ ပေါ်ပင်ဖြစ်ရပ်များကို အခြေခံပြီး ရေးထားပါတယ်။ အခုအပိုင်းကတော့ ဘ၀ကိုမှန်ကန်စွာ ကြိုးစား တိုးတက်ချင်တဲ့ သူများအတွက် အထူးပြုပါမယ်။

အသက်အပိုင်းအခြားအလိုက် သတ်မှတ်ရရင်

၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်
၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး စသဖြင့် ၃ ဆင့် ခွဲခြားချင်ပါတယ်။

-------------------
-------------------
(ကျမကတော့ ဒီအဆင့်(၂) ကိုပဲရွေးပီး ဖတ်လိုက်တယ်လေ။)
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်

ဒီလူငယ်ကတော့ အိမ်ထောင်ကျပြီးသူ ဖြစ်ဖို့များပါတယ်။ အိမ်တောင်ကျပြီးသူ အများစုဟာ မြန်မာပြည်ကနေ စင်္ကာပူကို ပြောင်းရွှေ့လုပ်ကိုင်ပြီး အခြေကျနေသူ များပါတယ်။ စင်္ကာပူကနေ အမေရိကားကို ရွေ့တော့ ရွေ့ချင်ပေမယ့် နေ့စဉ် လုပ်ငန်းတွေ၊ အပျော်အပါးတွေနဲ့ အလုပ်များနေတာကြောင့် ထပ်မံ ရွေ့ပြောင်းဖို့ မလုပ်နိုင်ပါဘူး။

စင်္ကာပူရောက် မြန်မာများ နိုင်ငံခုန်ရန် ကြိုးစားနေတဲ့ အထဲမှာ နံပါတ် (၁) နိုင်ငံကတော့ သြစတြေးလျား ဖြစ်ပါတယ်ဆိုရင် လက်တွေ့နဲ့ ပိုကိုက်ညီပါတယ်။ အမေရိကားရောက် မြန်မာများက သိန်းဂဏန်းလောက် ရောက်နေပေမယ့် စင်္ကာပူကတဆင့် ရောက်သူတွေ အတော်နည်းပါတယ်။ သြစတြေးလျားက စင်္ကာပူရဲ့ ဘွဲ့နဲ့ လုပ်ငန်းအတွေ့အကြုံ (Singapore Certificates and Experience) ကို အသိအမှတ် ပြုပါတယ်။ သြစတြေးလျားရဲ့ Permanent Resident လျှောက်တဲ့ ပေါ်လစီအရ စင်္ကာပူမှာ ဘွဲ့တခုရပြီး ၃ နှစ်အထက် လုပ်သက်ရှိရင် အသက် ၄၅ နှစ်အောက်ကို အလွယ်တကူပဲ PR ပေးလိုက်ပါတယ်။ အေးဂျင့်ကတဆင့် လျှောက်ရရင် ပိုက်ဆံ ထောင်နဲ့ချီပြီး တော်တော်ကုန်တော့ ငွေအရင်းအနှီး မရှိသူတွေ Australia PR မလျှောက်ဖြစ်ဘူး။ လျှောက်ရင်လည်း တနှစ်အထက် ကြာတတ်ပါတယ်။ တချို့လည်း သြစတြေးလျားမှာ အလုပ်ရအောင်ရှာပြီး Work Permit ရမှ သွားတယ်။ ဟိုမှာနေပြီးမှ PR ဆက်လျှောက်တယ်။

သြစတြေးလျား ဗီဇာကလည်း စင်္ကာပူက ထုတ်ပေးထားတဲ့ PR ဆိုရင် ၁ နာရီအတွင်းမှာပဲ ထုတ်ပေးလိုက်တော့ PR ရရှိထားသူတွေ အလည်အပတ် ခရီးထွက်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာများ Touch and Go အနေနဲ့ သြစတြေလျားကို Tourist Visa eg. 3 days, 4 night စတဲ့ Tour Package နဲ့ ခရီးသွားပြီး ပြန်လာသူ များပါတယ်။ နောက်ပြီး သြစတြေလျား နိုင်ငံမှာလည်း မြန်မာတွေကို Work Permit လက်ခံနေပါတယ်။ အင်တာနက်မှာလည်း ပညာရေးအကြောင်း အများကြီး ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ - http://www.mingalaronline.net/education/ သြစတြေလျားကို ပြောင်းရွှေ့ဖို့ အခြေခံ အကြောင်းတွေကိုလည်း အစိုးရ အင်တာနက် ၀ဘ်ဆိုဒ်မှာ ရေးထားပါတယ်။ စင်္ကာပူမှာလည်း သြစတြေလျား အလုပ်ပွဲစား အများကြီး ရှိပါတယ်။

ထုံးစံအတိုင်း အကြံပေးချင်တာကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ သြစတြေးလျား ရောက်နှင့်သူ မိတ်ဆွေတွေကို ဖုန်းဆက် မေးမြန်းပါ၊ တတ်နိုင်ရင် Tourist Visa ယူပြီး သွားရောက်လည်ပတ် မေးမြန်းပါ။

ကနေဒါ၊ အင်္ဂလန်၊ နယူးဇီလန်၊ နော်ဝေး စတဲ့ နိုင်ငံတွေကို စင်္ကာပူကတဆင့် ပြောင်းရွှေ့သွားသူတွေ တော်တော်ရှိပေမယ့် သူတို့ အကြောင်းထက် အမေရိကန်၊ သြစကြေးလျား အကြောင်းက ပိုစိတ်ဝင်စားစရာ၊ လက်တွေ့ ပိုကျတယ်လို့ ထင်ပါတယ်။

အမေရိကန်ကို လာအလုပ်လုပ်ဖို့ကတော့ တော်တော် ကြိုးစားရပါမယ်။ ဒါကြောင့် ကျောင်းအရင်တက်တာကို တိုက်တွန်းပါတယ်။ အနည်းအကျဉ်း မြန်မာတွေ H1 Visa ရရှိပါတယ်။ ကံ၊ ဥာဏ်၊၀ီရိယ ကောင်းသူများ H1 Visa ရရှိသွားပါတယ်။ ကံကို နံပါတ် (၁) မှာ ရေးထားပါတယ်။ ကံတရား (သို့မဟုတ်) ဘုရားကောင်းချီးပေးခြင်း ဆိုတာ အင်မတန် ထူးဆန်းပေမယ့် ၀ိရိယ မရှိသူတွေဟာ ကံမကောင်းသူတွေ ဖြစ်သွားလေ့ ရှိပါတယ်။ အဆင်ပြေနေသူတွေ ဘ၀ကို သေချာကြည့်ရင် ထင်သလို မိဘချမ်းသာလို့ ဘာမှမလုပ်ပဲ သုံးဖြုန်းနေသူ မဟုတ်ပါဘူး။ ဘုရင့်သားဆိုတိုင်း ဘုရင်မဖြစ်နိုင်ပါဘူး။ မှားသွားရင် ဘုရင့်သား အချင်းချင်း သုတ်သင်တဲ့ဘ၀ထဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ၀ိရိယ ရှိရင် ဥာဏ်နဲ့ ကံ တွေလည်း ကောင်းလာလေ့ ရှိပါတယ်။

အပိုင်း (၁) တုန်းက ရေးပြီးသားကို ပြန်ထည့်ပေးလိုက်ပါတယ်။

အလုပ်ရှာချင်တဲ့ လူငယ်တွေအတွက် H1 Visa အကြောင်း နည်းနည်းပဲ ရေးပါမယ်။ အလုပ်ဗီဇာ H1 ကို မြန်မာပတ်စ်ပို့ ကိုင်သူတွေအတွက် ရနိုင်လမ်း တော်တော်နည်းပါတယ်။ စင်္ကာပူ Passport ကိုင်တဲ့ မြန်မာတွေအတွက်တော့ အိုကေပေမယ့် ၂၀၀၈ ပတ်ဝန်းကျင်မှာ အမေရိကန် စီးပွားရေးကပ် ဆိုက်နေတော့ စင်္ကာပူ လူငယ်တွေက လစာ ပိုကောင်းနေသလိုပါပဲ။ အမေရိကန် ဒေါ်လာဈေးကလည်း သမ္မတ ဂျော့ဘွတ်ခ်ျ မတက်ခင် US$1 = S$1.8 ကနေ ကျဆင်းသွားလိုက်တာ အခုဆို US$1 = S$1.3 လောက် ဖြစ်သွားတော့ စင်္ကာပူမှာ တလ ဒေါ်လာ ၃၀၀၀ လောက်ရသူ အမေရိကားမှာ သွားလုပ်ရင် ဒီလောက်လစာ များများရဖို့ နဲနဲခက်တယ်။ ရရင်လည်း လစာ ၅၀၀၀ အထက် ရမယ်။ မရရင်လည်း ဆူရှိလိပ်ပြီး တလ ၂၀၀၀ လောက်နဲ့ ကျေနပ်နေရမယ် ဆိုတော့ စင်္ကာပူက မြန်မာများ အမေရိကား အလုပ်လာရှာဖို့ သိပ်မသင့်တော်တဲ့ အချိန်ကာလပါ။ အမြဲတမ်း အခြေချဘို့ ဆိုရင်တော့ တမျိုးပေါ့။

ဘာပဲဖြစ်ဖြစ် H1 Visa ရချင်ရင် အနည်းဆုံး ၆ လ ကနေ တနှစ်လောက်ကြာမယ်။ စင်္ကာပူလို အခု အီးပီ၊ အက်စ်ပတ်စ်၊ Work Permit တင်ပြီး တပတ်၊ နှစ်ပါတ်နဲ့ အဖြေသိရတဲ့ နိုင်ငံမဟုတ်ဘူး။ Paper Work လုပ်တဲ့နေရာမှာ Lawyer, Insurance တွေနဲ့ ရှုပ်ယှက်ခတ်နေတာ တိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ သဘောသဘာဝပါပဲ။ ပြီးတော့ အမေရိကားမှာ H1 Visa ဆိုရင် အစိုးရ သတ်မှတ်ထားတဲ့ လစာက တနှစ်ကို US$65K အထက် ပေးရမယ်ဆိုတော့ ပွဲစားကုမ္မဏီတွေ အကြိုက်ပေါ့။ ကုမ္မဏီတွေနဲ့ ပေါင်းပြီး တနှစ်ကို Us$30K လောက်ပဲပေးပြီး ပွဲစားနဲ့ အလုပ်လုပ်သူ နားလည်မှု ယူလိုက်တယ်။ စင်္ကာပူမှာလည်း ဒီလို ကလိန်ကကျစ် လုပ်နည်းတွေ ရှိတယ်။ လစာကိုတော့ အမှန်အတိုင်း ဘဏ်ထဲ ထည့်ပေးပြီး ပွဲစားကို လစဉ် Cash ပြန်ပေးရတဲ့ သဘောပါပဲ။ အမေရိကား အရင် ရောက်နှင့်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပင်း၊ ဗီယက်နမ်၊ ကိုးရီးယားနဲ့ မက္ကဆီကို၊ အမေရိက အလယ်ပိုင်းနိုင်ငံများ နိုင်ငံတွေက လူတွေ လုပ်စားလာတာ ကြာပြီပဲ။ မြန်မာလူလည်တွေ ကော်ပီ လိုက်လုပ်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် အမေရိကားလာပြီး အမှန်အကန် H1 Visa လာရှာမယ်ဆိုရင် ခန့်မယ့် ကုမ္မဏီအသင့်ရှိတောင် ၆ လ ကြာဦးမယ်။ ၂၀၀၈ အတွက် H1 Visa ကိုတာ ကုန်သွားပြီလို့ သိရတယ်။ အဲ - H1 Visa ရတိုင်း ဂရင်းကဒ် မရနိုင်ဘူး ဆိုတာလည်း သိထားရမယ်။
-------------------
-------------------
-------------------
-------------------

စဉ်းစားကြပါ မိတ်ဆွေတို့။ သြစတြေးလျားကို ချောင်းနေသူတွေလည်း ကောင်းပါတယ်။ ဆက်လုပ်ကြပါ။ လူဆိုတာ ရောက်နေတဲ့ အရပ်ကနေ တခါ စွန့်စားပြောင်းလဲဖို့ရာ အင်မတန် ၀န်လေးပါတယ်။ ကြောက်တတ် ရန်ကင်း၊ သေမဲ့ကျား တောပြောင်း စကားပုံတွေကို ယူထားတဲ့သူတွေက စင်္ကာပူ ပီအာတယောက် တခြားနိုင်ငံကို မိုင်ဂရိတ်လုပ်ဖို့ဆိုတာ ကန်ထုတ်လောက်တဲ့အထိ အခြေအနေ ဖြစ်နေမှ စင်္ကာပူက ထွက်မှာပါ။

ဘယ်သူမှ ကိုယ့်နေရင်းနေရာကနေ တခြားပြည်ကို Migrate မလုပ်ချင်ပါဘူး။ လုပ်သူတွေကိုတော့ နှစ်မျိုး ခွဲခြားချင်ပါတယ်။

၁။ ကိုယ်ဘ၀ တိုးတက်ရေးအတွက် စွန့်စားချင်သူ
၂။ လက်ရှိ နိုင်ငံမှာ နေလို့မရနိုင်တဲ့အထိ ဖြစ်လာလို့ စွန့်စားရသူ

ဒီစာကိုဖတ်သူ မိတ်ဆွေကတော့ အဲဒီ ၂ မျိုးထဲ ပါမယ် မထင်ပါဘူး။ ဒါပေမဲ့ အဲဒီအဆင့် ရောက်နေတဲ့ မိတ်ဆွေတွေကို ကူညီပြောပြပေးနိုင်ရင် ဒီစာ ရေးရကျိုးနပ်ပါတယ်။


ဆန်းသစ်

အစအဆုံးဖတ်ချင်ရင်တော့ aungsayarpyi.blogspot.com မှာလဲ ဖတ်လို့ရပါတယ်။

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.