Friday, October 10, 2008

[ရွှေရောင်ကောင်းကင်] 1 New Entry: အနှိုင်းမဲ့ ရင်ခွင်

အနှိုင်းမဲ့ ရင်ခွင်

အပိုင်း (၁)

"ဟောဒီဘက်က ကောက်ညှင်းပေါင်း..... ကောက်ညှင်းပေါင်းပူပူလေး "

မနက်ခင်းတစ်ခုရဲ့ရောင်ခြည်မပျိုးခင်မှာ သူမရဲ့အော်သံက တိတ်ဆိတ်လှတဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုကို လှုပ်နိုးလိုက်တယ် ။အော်လိုက်တဲ့သူမ အသံထဲမှာ လောကကြီးကို စိန်ခေါ်လိုက်တဲ့အားအင်တွေပါတယ် ၊ပြီးတော့သူမရဲ့အနာဂါတ်တွေလည်းပါနေပြန်တယ်။ သူမရဲ့အော်သံ အဆုံးမှာတော့ သူမရောင်းတဲ့ ကောက်ညှင်းပေါင်းကိုနံနက်ခင်းစာအတွက် အိမ်ရှင်မတွေက လက်ယပ်ခေါ်သူက ခေါ် ၊လာပါဦးလို့ အိမ်ထဲကခေါ်သူကခေါ်နဲ့ သူမရဲ့စိတ်တွေကဈေးရောင်းတဲ့ ပေါ်မှာပဲ ကျရောက်သွားလေတော့တယ် ။ တဖြည်းဖြည်းနဲ့ ပူပြင်းလာတဲ့နေရောင်ခြည်က သူမရဲ့နောက်ကျောကို ထိုးလို့နေပေပြီ ။ သူမလည်း ရောင်းတဲ့ကောက်ညှင်းပေါင်းတွေကုန်ပြီမို့ လမ်းဘေးက သူမရဲ့မိတ်ဆွေ အကြော်ဆိုင်မှာ ရေနွေးပူပူ လေးသောက်ပြီး အမောဖြေလိုက်တယ် ။

"မကြာဖြူ နင့်သားလေးက အခုဘယ်နှတန်းရောက်ပြီတုန်း " အကြော်ရောင်းတဲ့ မအေးမာရဲ့မေးသံ
"သားလေးက ၃ တန်းရောက်နေပြီ အစ်မရဲ့ ၊သားလေးက မအေကိုလည်း အလိုက်သိတယ် ကျောင်းမှာလည်း စာတော်တယ် အစ်မရဲ့ "

သူမရဲ့ မောပန်းနေတဲ့ မျက်နှာမှာသူ့သားအကြောင်းပြောလိုက်ရုံမျှဖြင့် ပီတိအပြုံးတွေနဲ့ ဖုံးလွှမ်းသွားနေတော့တယ် ။တကယ်တော့ ကျွန်မရဲ့ဘ၀မှာ ကျွန်မရဲ့သားကြောင့် ဆက်လက်ရပ်တည်နေခဲ့တာပါ။ကျွန်မတစ်နေကုန် ဘယ်လိုပဲ ဈေးရောင်းရ ၊ရောင်းရ ဘယ်လောက်ပဲပင်ပန်း ၊ပင်ပန်း ကျွန်မသားလေးရဲ့မျက်နှာကိုမြင်လိုက်ရင် အမောတွေအကုန်ပြေပျောက်သွားတော့တာပါပဲ။ ကျွန်မရဲ့ ခင်ပွန်းကိုလှရွှေ ဆုံးပါးပြီးကတည်းက ရာသီပေါ်အစား အစာတွေကိုရောင်းတဲ့ အလုပ်ကိုပဲ လုပ်ကိုင်ခဲ့တယ်။ ကျွန်မရဲ့မိဘတွေရှိစဉ်က ပညာကိုကြိုးစားမသင်ယူခဲ့တဲ့ကျွန်မဟာ ခင်ပွန်းဆုံးပါးသွားချိန်မှာတော့ ဘာမှကိုမလုပ်တတ်မကိုင်တတ်ဖြစ်ခဲ့ရတယ် ။ ဒါကြောင့် ကျွန်မစိတ်ပိုင်းဖြတ်ခဲ့တယ် ။ ပစ္စည်းဥစ္စာ ဘာမှမရှိတဲ့ ကျွန်မမှာ ကျွန်မရဲ့တစ်ဦးတည်းသောသားလေးကို ပညာအမွေပေးဖို့ဆုံးဖြတ်ခဲ့တယ် ။

ဖျောက်... ဖျောက်... ဖျောက် ..
"ဟယ်...သားရေ အမေတို့ခြင်ထောင်ပေါ်ကိုမိုးတွေယိုနေပြီ သားရဲ့ .. ထ ထ သား"

မနှစ်တုန်းကမှ မိုးထားတဲ့ကျွန်မတို့အိမ်ရဲ့ ဓနိမိုးကတော့ ဒီနှစ်မိုးတွင်းမှာ မခံနိုင်တော့ဘူးထင်ရဲ့ ။ မိုးတွေကလည်း အပြင်မှာ သဲကြီး ၊မဲကြီးရွာလို့ ။ကျွန်မတို့ ခေါင်မိုးမလုံတော့တဲ့ အိမ်အမိုးလေးမှာလည်း ဟိုတစ်ပေါက် ၊ဒီတစ်ပေါက်နဲ့ ။အဲဒီ မိုးယိုနေတဲ့ နေရာတွေမှာ ခွက်တွေပလုံးတွေလိုက်ခံရင် သားအမိနှစ်ယောက် အလုပ်ကိုရူပ်သွားတော့တာပါပဲ ။ မိုးတွေယိုပြီး ခွက်တွေအပေါ်ကျတဲ့ အသံတွေက တကယ့်ကိုသံစုံတီးဝိုင်းတစ်ခုလိုပါပဲ ။ အိမ်လေးရဲ့ နေရာတော်တော်များများမှာလည်း ရေတွေစိုနေတာမို့ ကျွန်မတို့ သားအမိလည်း မိုးလွတ်ရာမှာပဲ ထိုင်နေရတယ်။ သားလေးကိုတော့ ကျွန်မရဲ့ ရင်ခွင်ထဲမှာပဲ ထားပြီးအိပ်စက်စေခဲ့ရတယ် ။

ဒီလိုညတွေ ဘယ်လောက်များများရင်ဆိုင်ရဦးမှာလဲ ၊မျက်နှာသာမပေးတဲ့ လောကဓံတရား ၊ ကံဆိုးလိုက်တဲ့ကျွန်မတို့ သားအမိ လို့လည်း ဘယ်သူ့ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ပါဘူး ။ ဘာပဲ ဖြစ်လာ ဖြစ်လာ ၊ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ မှတ်ယူရတော့မှာပေါ့ ။ ဘယ်လိုပဲဖြစ်လာဖြစ်လာ ၊အကောင်းဆုံးကိုရွေးချယ်ပြီး လုပ်တက်ဖို့ ၊ခိုင်မာတဲ့ စိတ်ဓာတ်တွေကို အမြဲမွေးမြူဖို့ ဘာဆိုဘာမှမသိသေးတဲ့ ကျွန်မရဲ့သားလေးကို သင်ပေးရပေဦးမည် ။စဉ်းစားရင်း ၊တွေးတောရင်းနဲ့ အချိန်တွေဘယ်လောက်ကြာသွားပြီလဲ မသိ ၊သားလေးကတော့ကျွန်မရဲ့ ရင်ခွင်ထဲမှာအိပ်မောကျလို့နေပေပြီ။
ပြီးနောက် နံနက်ခင်းတစ်ခုသို့ ရောက်ရှိဦးမည်။

xxxxxxxxxxxxxx

န၀မတန်းတွင်ပညာသင်ကြားနေသော သော်ဇင်---

"ဟာ... သော်ဇင် မင်းပုဆိုးမှာ ဗွတ်တွေပေလို့ပါလား ။ ဘယ်လိုဖြစ်တာလဲ ? လာဟိုဆိုင်မှာ ငါတို့သူငယ်ချင်းတွေရှိတယ် ။ "
အသုတ်ဆိုင်မှာ ၀င်ထိုင်မယ် ကြံတုန်း ပပ က...
"ဟဲ့.. ဗွက်တွေပေလို့ပါလား ?? ဘယ်လိုဖြစ်လာတာလဲ ပြောပါဦး ..။ "ဤအချိန်တွင် သော်ဇင့် မျက်နှာမှာစပ်ဖြီးဖြီးနှင့် ..။
"ဒီလိုဟ ကားတစ်စီးကဟာ လမ်းမှာကားပြိုင်ပွဲလုပ်သလို မောင်းလာတာ ။အဲဒါနဲ့ ငါ့ဘေးမှာ ရှိတဲ့ ဗွက်ကိုကားက ဖြတ်ပြီး စင်ကုန်တာ "
"အဲဒါမင်းက က ဘာမှမပြောဘူးလား ? အဲဒီကားပိုင်ရှင်ကို ..". မင်းမြတ်သူ ရဲ့မေးသံ

"ပြောလိုက်တာပေါ့ .. ငါလည်း ဒေါသဖြစ်ဖြစ်နဲ့ ဒီကားသောက်ရမ်းမောင်းတာပဲလို့ ... အဲဒါနဲ့ ကားပိုင်ရှင်က ကြားသွားတယ်နဲ့တူတယ် ကားကိုရပ်ပြီးဆင်းလာတယ်ကွ သူ့လက်ထဲမှာလည်း ဒုတ်တစ်ချောင်းနဲ့ အဲဒီကားမောင်းတဲ့သူက ဗလ တော်တော်တောင့်တယ်ကွ ၊ အဲဒါနဲ့သူက ငါ့ရှေ့လာရပ်ပြီးမေးတယ် ဟကောင်လေးကားသောက်ရမ်းမောင်းတော့ ဘာဖြစ်လဲကွာ ... သူ့ကိုကြည့်ပြီးငါလည်း လန့်သွားတယ် .. တကယ်လုပ်မဲ့ပုံစံကြီး .. အဲဒါ နဲ့ ငါလည်း ပြန်ဖြေလိုက်တယ် .. ဟို .. ဟို သောက်ရမ်းမောင်းတော့သောက်ရမ်းမြန်တာပေါ့လို့ ..ပြောမလို့ပါ -ဟဲ... ဟဲ လို့ "

ကျွန်တော့်ရဲ့ စကားအဆုံးမှာတော့ ကျွန်တော်တို့ထိုင်နေတဲ့ သူငယ်ချင်းအားလုံး ခွက်ထိုး ခွက်လှန်ကို ရယ်ကြတော့တာပဲ ။ ဒီလိုလည်း မှတ်ချက်ပေးကြတယ် ။ ငကြောက် ၊နင်က တော်တော်ပေါလိုက်တာ လို့ ။ အဲဒီအချိန်မှာ စပ်ဖြီးဖြီးနဲ့ နူတ်ပိတ်နေသူကတော့ ကျွန်တော်ပါပဲ ။ သူငယ်ချင်းတွေကိုလည်း ဘာမှမပြောချင်တော့ပါဘူး ကျွန်တော်လူမှန်း သိတတ်စကတည်းက ပျော်ပျော်ပဲနေခဲ့တယ် ၊ဘာလို့ပျော်ပျော်နေလဲလို့မေးရင် အရာရာဆင်းရဲချို့တဲ့ တဲ့ကျွန်တော်တို့ သားအမိမှာဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတယ် ။ ဒုက္ခနဲ့ကြုံတွေ့ရတိုင်း အမေ ပြောတဲ့ စကားကိုသတိရတယ် ။ဘာလဲဆိုရင် "ဒုက္ခနဲ့ကြုံတွေ့တိုင်း ဒုက္ခကိုမမှုတဲ့ပုံစံမျိုးနဲ့နေနိုင်ရမယ် ၊အဲလိုနေနိုင်အောင် ကိုယ့်စိတ်ကို ပျော်အောင်ထားဖို့လို့အပ်တယ် "လို့ပြောပြထားလို့ပါပဲ ။ အခုဆို ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ပြုံးနေတတ်ပြီ ။အဲဒါကို လူတွေက ပေါတယ်လို့ ပြောကြတယ် ။ကျွန်တော်ကိုပတ်ဝန်းကျင်က ပြောတာလက်ခံနိုင်ပါတယ် ။ကျွန်တော် ပေါတယ်။

You received this email because you are subscribed to the real_time feed for http://shweyaungkaungkin.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.