Friday, October 10, 2008

[Nine Nine SaNay] 1 New Entry: ဈာပန

ဈာပန


မောင်လှမျိုး (ချင်းချောင်းခြံ)

ဂုဏ်သိက္ခာ ဆယ်တင်တဲ့
လက်ထပ်ပွဲ တစ်ပွဲအတွက်
အသည်းနှလုံးတစ်ခု
လူမသိ သူမသိ အမြှုပ်နှံ ခံလိုက်ရသလို
လူတစ်ယောက်
တေမိဇာတ်ကို က ခဲ့တယ်။

ရုပ်ရှင်တွေထဲကလို
"အချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာ
ကိုယ်တိုင်ပဲ လာရောက်လို့ နှုတ်ဆက်တယ်".. ဆိုတာမျိုး
သီချင်းဆိုပြီး လက်ဖွဲ့ဖို့ မသင့်လျော်ဘူး။

ချစ်သူကို ပေးအပ်မယ့်
လက်ဖွဲ့ပစ္စည်းတွေ၊ သူ... လက်ခံယူရဲပါ့မလား။
မင်္ဂလာရှိကြောင်း ကျက်သရေထဲမှာ
မျက်ရည်စက်တွေ ကင်းစင်ပါရဲ့လား။

ချစ်သူဟောင်းက နှောင့်ယှက်မှာစိုးလို့
ဖိတ်စာတောင် မပို့လိုက်တော့ဘူးဆို။

မင်းကို လက်ဖွဲ့မယ့် ပစ္စည်းတွေ
ကိုယ့် နောက်ဆုံးခရီးကျမှ
မီး သင်္ဂြိုလ်လိုက်ပါ့မယ်...။

မီးခိုးငွေ့ ဖြစ်သွားမယ့်
ဈာပန ပစ္စည်းတွေထဲမှာ..
စုံတွဲ ဓာတ်ပုံတွေ ပါဝင်ခဲ့ရင်၊
ကောင်းကင်ဘုံကို ရောက်သွားပါရစေ
ဘုရားသခင်...

မောင်လှမျိုး(ချင်းချောင်းခြံ)

တောကျောင်းဆရာ လက်ဆောင်ပေးတဲ့ စာအုပ်တွေထဲက မောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ မီးပြဇာတ် ကဗျာစာအုပ်ထဲက ကူးယူထားတဲ့ ကဗျာလေးပါ။ အဲဒီစာအုပ်ထဲက ကျွန်မကြိုက်တဲ့ ကဗျာတွေကို အလျှင်သင့် တင်သွားပါ့မယ်။

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.