Friday, October 10, 2008

[Maung Myo's Heartfelt] 1 New Entry: ထာဝရသူငယ်ချင်း

ထာဝရသူငယ်ချင်း



လက်ဖက်ရည်ဆိုင်တူတူထိုင်ဖူးမှ သူငယ်ချင်းလို့ ခေါ်သလား သူနဲ့ ကျနော်က ခြင်းတူတူမခတ်ဖူးသလို ကောင်မလေးတွေအကြောင်းလည်း စကားထိုင်မပြောဖြစ်ဖူးဘူး ဒါပေမယ့် သူကကျနော့် အတွက်တော့ ရင်ဘတ်ထဲက ထာဝရသူငယ်ချင်းပါ။သူ့ ရဲ့ နှလုံးသားနယ်မြေမှာ ကြောင်ကလေးဆိုပြီး နာမည်တွင်ခဲ့တာပေါ့ ကြွက်သွားခုတ်တဲ့အခါတွေရှိသလို ရန်လည်းသွားသွားစဖူးတယ် ။
" ငါလုပ်လိုက်ရနာတော့မယ်" ဆိုပြီး ဘယ်တော့မှာ ဗွေမယူတက်တဲ့သူငယ်ချင်းပါပဲ ။ချိနဲ့ နေတဲ့ ကျနော့်အတောင်ပံတွေကို ဟိုးးး အမြင့်ဆုံးထိ ပျံသန်းဖို့  သူကအမြဲ အားပေးခဲ့တယ် ။ ပြီးတော့လည်းပြီးသွားတာပါပဲ ဘ၀ဆိုတာတိုတိုလေး ပျော်အောင်နေတက်မှ တန်တယ်ဆိုတဲ့ သူ့ ရဲ့ဒဿနတွေကို ကျနော်က အားကျဖူးတယ် ။

မင်းအဆင်မှ ပြေပါ့မလား သူငယ်ချင်းရေ့ အရိပ်ယောင်တွေမတွေ့ တော့ ဒီနေရာလေးကခြောက်ကပ်သွားသလို ၊ တွေ့ ရင် ပဲနို့ ဝယ်တိုက်မယ်ဆိုတဲ့ မင်းရဲ့ စကား ဟုတ် မဟုတ်တော့ တစ်နေ့ တို့ တွေ တွေ့ ကြသေးတာပေါ့ကွာ။ သူ့ စိတ်ဓာတ်က မာကျောတယ် ခတ်ထန်မလိုလိုနဲ့  နုညံ့တာကို အလိုလို ကျနော်ကသိတယ်။ မင်းသိရဲ့လား သူငယ်ချင်းရေ့ မင်းအကြောင်း ငါအမြဲ နားစွင့်နေတယ်ဆိုတာကို ပြီးတော့ မင်းကို အမြဲသတိရနေတယ်ကွ ။ တစ်ယောက်တည်း ရင်ဘတ်ဟောင်းလောင်းကြီးနဲ့  ကိုယ့်ကိုယ်ကို စီရင်ချက် ချနေမလား တစ်လွဲကောင်ရေ့း) ။ ဒါမှမဟုတ် ဗလာနတ္တိ တဆစ်ဆစ်နဲ့  အိမ်လွမ်းနာ ကောဖြစ်နေသေးသလားကွာ...။ အေးစိမ့်တဲ့ နယ်မှာ ဆောင်းရောက်တော့ အေးမယ် သတိထားဝေ့ ပျင်းရင် ကဗျာတွေ ချရေး အရက်တွေ မမြိုချနဲ့  မင်းလဲရင်ထူပေမယ့် သူတွေ မင်းအနားမှာ ရှားတယ် ။သူငယ်ချင်းရေ့ စကားတွေအများကြီးပြောဖို့ မလိုပါဘူး သွက်လှတဲ့ ငါ့လက်တွေက ကီဘုတ်ပေါ်မှာ မင်းအကြောင်းရေးမယ်ဆိုတော့စာသားတွေ မလှပတော့တဲ့ အတွက် နားလည်ပေးမယ်ဟုတ် ။

သူရေးတဲ့ ကဗျာ

ကျွန်တော်ကရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်လေ
တခါတခါ ဖောက်ထွက်တွေးလိုက်တာ
ကျွန်တော်ရင်ဘတ်ကြီး ဖြစ်နေတယ်
တိမ်တွေကို လိုက်မဖမ်းပဲနဲ့ ကျွန်တော်
ကောင်းကင်ပေါ်က ပြုတ်ပြုတ်ကျတယ်
ကမ္ဘာမြေကြီးက ကန်မထုတ်ပဲနဲ့ ကျွန်တော်
လေထဲကို ခဏ၊ခဏ လွှင့်ထွက်သွားတယ်
ပန်းတစ်ပွင့်ကို ရူးရူးမိုက်မိုက်နမ်းရှိုက်ချိန်ကြတော့
ကျွန်တော် အဆိပ်သင့်သွားတယ်

ချစ်ရတဲ့သူတွေက ပြောတယ်
အဲဒါတွေကို မျိုချ၊မျိုချ အဲဒါတွေကို အန်ချ၊အန်ချ
ကြာလာတော့ ကျွန်တော်ကိုယ်တိုင်က မဖြူစင်တော့ဘူး
ခင်ဗျားတို့ကလည်း ကျွန်တော့်ရင်ဘတ်ကို သပ်လျှိုကြတယ်
ကျွန်တော်တို့ မျက်လုံးခြင်းဆုံပြီး ရင်ဘတ်နဲ့စကားပြောမယ်
မေတ္တာတွေ သစ္စာတွေ ကရုဏာတွေ
အလိမ်အညာတွေကိုတော့ စာလုံးပေါင်းမပြကြေး
အားလုံးကိုတော့ဖိတ်ခေါ်မယ် လာသာလာခဲ့ပါ
ဒီနေရာမှာ ခင်ဗျားတို့မုန်းတဲ့အရောင်နဲ့ ကျွန်တော်က
ခင်ဗျားတို့ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတတ်တယ်
ကျွန်တော်ကရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်လေ...။

ငါက မင်းရင်ဘတ်ထဲက သူငယ်ချင်း မဖြစ်ပေမယ့် မင်းက ငါ့ရင်ဘတ်ထဲက သူငယ်ချင်းဖြစ်နေတဲ့ အတွက် ကျေနပ်ပါတယ်ဗျာ ။ ငါ့အတွက် မင်းက ရာထူတွေမပါတဲ့ မောက်မာမှုတွေမရှိတဲ့ အဖြူထည် သူငယ်ချင်းတစ်ယောက်လို့ သတ်မှတ်ထားတယ် ။သူငယ်ချင်းရေ့ သူငယ်ချင်းဆိုတဲ့ စကားရဲ့ အနက်ကို ငါကောင်းကောင်းမသိတာ ခက်တယ်ကွ ။ အဆင်ပြေပါစေလို့  အမြဲပြောတက်တဲ့ ငါချစ်တဲ့သူငယ်ချင်း အဆင်ပြေပါစေလို့  ထပ်ဆင့်ဆုတောင်းရင်း လေတွေတိုက်နေတဲ့အချိန် မင်းအနံ့ သက်တွေကို ရှူရှိုက်ရင်း မင်းကို သတိရနေတဲ့ အကြောင်း လေတွေကြားမှာ အကျယ်ကြီးအော်လိုက်တယ်ကွာ................




"မင်းဟာ ငါ့ရဲ့ထာဝရသူငယ်ချင်းပါ"








You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.