Friday, October 10, 2008

[နေနတ်နွယ်] 1 New Entry: ၀ါဒနှစ်ပါး

ဝါဒနှစ်ပါး

ကျနော်တို့သည် အဖွဲ့အစည်း တစုံတရာတွင် ပါဝင်ပတ်သက်နေသည်ဟု သတင်းကြားရပါသည်။ ကျနော်တို့ ပါဝင်ပက်သက်မိသည့် အဖွဲ့အစည်းအမည်မျှကိုပင် ကျနော်တို့ မသိရပါ။ ထိုအဖွဲ့အစည်းအကြောင်း ကျနော်တို့ ဘာမျှ မသိပါပဲလျှက် ဘယ်လို ပါဝင် ပက်သက်သွားသည်ကို ကျနော်တို့ စဉ်းစား၍ မရနိုင်သေး။ လူတော်တော်များများကလဲ ကျနော်တို့ ပါဝင်နေသည်ဟု ထင်သည်ဟု သိရပါသည်။ ကျနော်တို့သည် မည်သည့်အဖွဲ့အစည်း၏ အဖွဲ့ဝင်မှ မဟုတ်ပါ။ သက်ဆိုင်မှု တစုံတရာလဲ မရှိပါ။ ကျနော်တို့သည် လွတ်လပ်စွာတွေး၍ လွတ်လပ်စွာရေး ကြသော လူငယ်တွေသာ ဖြစ်သည်။ ဆရာကြီးများလဲ မဟုတ်ပါ။ ကျွမ်းကျင်သူ အမည်ခံတွေလဲ မဟုတ်။ မှားတဲ့ဟာတွေ မှားနိုင်၍ မှန်တဲ့ဟာတွေ မှန်ပေလိမ့်မည်။ အချို့လူများကဲ့သို့လဲ ဒီမိုများဟု မခံယူထား။ အချို့လူများကဲ့သို့ ဘေးလွယ်အိတ်လုပ်နေခြင်းလဲ မဟုတ်။ ကျနော်တို့၏ အမြင်တွေကိုသာ ပွင့်လင်းစွာ ရေးသားသူများဖြစ်သည်။ ယခုလဲ အောက်တွင် အမြင်တခုကို ဆွေးနွေးသွားပါမည်။

ကောင်မလေးတယောက် Blog တွင် အမြင်နှစ်ခုကို ယှဉ်ပြထားသည်ကို ကျနော်တို့တွေ့ရသည်။ ငြိမ်းချမ်းရေး လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်။ ဘယ်ဟာက ပိုကောင်းသလဲ ပေါ့ဗျာ။ ဘယ်ဟာကို လူတွေထောက်ခံ လိုပါသလဲပေါ့။ ထိုကိစ္စမျိုးကို နိုင်ငံရေးအကြောင်း ရေးကြသော Blogger များအကြား Tag သင့်သည်ထင်၏။ နိုင်ငံရေးနှင့် သက်ဆိုင်သော Blogger များအကြား ကစားနေသော Game များမှာ ကိုကောင်းကင်ကိုဆီ၌ ရေးထားတာကို ဖတ်ရသည်မှာ ဒေတာပေးနေသလိုတောင် ဖြစ်နေသေး၏။ အခြား ဒိထက်အကျိုးရှိသော TAG GAME လေးများ တီထွင်ရန် အကြံပြုလိုသည်။

အားယားနေတိုင်း မသေခင် ဆယ်ရက် ဘာလုပ်မလဲဆိုတာ အတော်ကြောင်သော ကိစ္စ ဖြစ်သည်ဟု ထင်သည်။ လူတွေလျှောက်ရေးသွားတာကိုလဲ ရယ်စရာတွေလို လိုက်ဖတ်မိသည်။ ဆေးရုံပေါ်ကတောင် ဆင်းရပါ့မလား မသိသည့် ဆယ်ရက်ကို လုပ်ချင်ရာတွေ လုပ်နေသည်မှာ မနည်းလှ။ ဆင်းရသည်ပဲ ထားပါဦးတော့ မသေခင် ဆယ်ရက်မှာ သောက ဗျာပါဒတွေ ပူဆွေးပြီး ခင်ဗျားတို့ ငိုနေမှာပေါ့။ သိပ်တွေးနေရန် မလိုပါ။ သို့သော် ထိုသူတို့ ရေးထားတာ သိပ်လှကြပါသည်။ ထိုလူတွေ သွားပြနေကြ ဆရာဝန်ကို စည်းရုံး၍ ထို Game အား အမှန်တကယ် ကစားကြည့်လိုပေ၏။ မျက်ရည်လည်ရွှဲ နှပ်တဂှုံ့ဂှုံ့နှင့် ဗုဒ္ဓဘာသာတွေက ဘုန်းကြီးကျောင်း ( ရိပ်သာ ) ၊ ခရစ်ယာန်တွေက church ၊ မူဆင်လင်တွေက ဗလီ ၊ ဟိန္ဒူတွေက ဘုရားကျောင်းပေါ်က မဆင်းတော့မှာ မျက်လုံးထဲ ပြေးမြင်မိသည်။

ထို့ပြင် ဘယ်သူကမှ လက်ကျန်ရသော ဆယ်ရက်အတွင်းမှာ ငါသေတော့မည့်တူတူ တိုင်းပြည်အတွက် တခုခု လုပ်သွားမည်ဟု ရေးထားတာ မမြင်မိ။ ( ရေးထားတဲ့လူတွေဆီ မရောက်မိတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။ ) စိတ်ကူးလေး ယဉ်ရသည်ကိုမျှ တိုင်းပြည်အတွက် မပါ။ ဒါနဲ့ တိုင်းပြည်ကို အလွန်ချစ်သော သူတွေဆိုပဲ။ ဟီဟိ။ တိုင်းပြည်ကို ယရစ်ဖြင့် ခြစ်နေသော သူများဟု ကျွန်ုပ်တို့မှ အမည်ပေးလိုက်ပါသည်။

အပေါ်မှုာ ဆွေးနွေးမည်ဟု ဖော်ပြခဲ့သော နှစ်ခုအနက်မှ ငြိမ်းချမ်းရေး လမ်းစဉ်ဆိုသည်မှာ ဂန္ဒီကြီး၏ လမ်းစဉ်ဟုပင် ပြောလို့ရမည်ထင်သည်။ ထိုလမ်းစဉ်ကို လိုက်မည့် လူများအနေနှင့် အခြေအနေတွေကို သေချာ နားလည်သင့်သည်။ ထိုစဉ်က အင်္ဂလိပ် ကိုလိုနီ အစိုးရသည် ကမ္ဘာ့နိုင်ငံ အများအပြားရှေ့တွင် သူတို့၏ သိက္ခာကို စောင့်ထိန်းရပေသည်။ England သာမာန် ပြည်သူ အများစုမှလည်း ကိုလိုနီစနစ်ကို လက်မခံကြဟု မှတ်သားဖူးသည်။ သာမာန်ပြည်သူလို့ရေးတာက ကုန်သည်တွေ မပါလို့ပေါ့နော်။ သူတို့ကတော့ ကိုလိုနီများများရလေ ချမ်းသာလေ မဟုတ်လား။ ထို့ကြောင့် အင်္ဂလိပ် ကိုလိုနီအစိုးရသည် ထင်တိုင်းမပြုမူရဲ။ အပြိုင်အဆိုင် အင်အားကြီး နိုင်ငံတို့ရှေ့တွင် အနည်းဆုံးတော့ သိက္ခာရှိသယောင် ဟန်ဆောင်ရပေသည်။ ထို့ပြင် အင်္ဂလိပ်အစိုးရသည် စစ်ကို မထောက်ခံသော ပြည်သူတို့ကို သေနတ်နဲ့ ချိန်၍ မထောက်ခံရကောင်းလားဟု ပေါ်တာဆွဲ ၊ စစ်တိုက်ခိုင်းသည်ဟု မကြားစဖူး။ ဆွဲချင်လဲ တောရွာများမှ လူများ ၊ အိမ်ခြေရာခြေမဲ့များ ကိုသာ လုပ်ပေလိမ့်မည်။ မြန်မာအစိုးရလို မြို့ဟုသတ်မှတ်ထားသော နေရာတွေတွင် လုပ်ရဲလောက်မည် မထင်။

မြန်မာ စစ်အစိုးရသည် ကမ္ဘာ့အလယ်၌ မည်သည့် သိက္ခာမျှ မရှိ။ မရှိသောကြောင့်လဲ ဘာကိုမျှ ဂရုစိုက်မည် မဟုတ်။ ထင်ရာလုပ်နေသည်ကိုလဲ မြန်မာပြည်သူ ၊ ပြည်သားတို့ ခံခဲ့ကြရတာ ကြာပေပြီ။ ပြည်သူ့အသံသည် အမိန့်မဟုတ်။ တဦးတယောက်၏ သေနတ်နှင့် တပ်သည်သာ ဥပဒေဖြစ်သည်။ ညှာတာသနားသော လူသားဆန်မှုဟူသည် မရှိ။ မရှိလို့လဲ ကိုယ်ကိုးကွယ်ရာဖြစ်သော ၊ မြန်မာနိုင်ငံ၏ အထွဋ်အမြတ်ဖြစ်သော သံဃာတို့ကိုပင် သတ်ပြခဲ့ပြီးလေပြီ။ ငါတို့အား သေနတ်နှင့် ပစ်မည် မဟုတ်ဟု ထင်နေလျှင် စစ်တပ်မလိုပါ။ ရဲစခန်းသာ သွား၍ စမ်းကြည့်ပါလေ။ အချုပ်ထဲ ဆွဲသွင်းခံရ၍ အချုပ်ထဲမှ လူမိုက်တို့၏ လက်သံကို မြည်းစမ်းခံရဖို့ သေချာပေသည်။

ထိုကောင်မလေး၏ စာထဲတွင် ရေးထားပါသေးသည်။ သေနတ်နဲ့ ပစ်နေသူကို တယောက်ပြီး တယောက် ပန်းလေးတွေ အသေခံပြီး သွားပေးလျှင် ထိုသူတို့က ငါတို့ကို အန္တရာယ်လဲ မပြု ၊ ပန်းသာ လာပေးနေသည်ဟု ထင်လျှက် တနေ့ပျော့ပြောင်းလာမည်ဟု ထင်သည် ဟူသတတ်။ အင်မတန်လှသော စိတ်ကူယဉ်မှု တခုပေတကား။ ထိုပန်းကို လူမည်မျှ အသေခံ၍ ပေးမည်နည်း။ ဘယ်သူက အလွတ်ကြီး သေမည်ကိုသိလျှက် ပေးမည်နည်း။ ရေးနေသူတွေ ၊ အဲလို ဟောပြောနေသူတွေ လုပ်မည်လား။ လုပ်မည်ဆိုလျှင် လုပ်ပါလေ။ ကိုယ်ကြတော့ တကယ်အသေခံ၍ ပန်းသွားမပေးရဲ ၊ သူတပါးကိုသာ အကြမ်းမဖက် အသေခံရန် တရားဟောနေသူတို့သည် အမှန်စင်စစ်ကား ချွန်နေခြင်းသာ ဖြစ်သည်။ သူတို့ဟာ သူတို့ ဆရာကြီး လုပ်လို၍ သူတထူးအား အချွန်နှင့်မကာ ဆရာကြီးလုပ်နေခြင်း ဖြစ်ပေသည် တကား။ ယုံသည့်ကောင်တွေကလဲ ဂေါက်ကြောင်ကြောင်နှင့် ယုံပေသည်တကား။ ဤနည်းဖြင့် နအဖကို အောင်နိုင်မည်ဟု မည်သူကမျှ အာမခံနိုင်ခြင်း မရှိ။ နအဖသည် လူလိုသိတတ်သူများလဲ မဟုတ်။ မသေချာသည့် ကိစ္စတရပ်အတွက် လူအသေခံခိုင်းနေခြင်းသည် အတော်ဆိုးဝါးသော ကိစ္စတခုဟု ကျွန်ုပ်တို့မှ မြင်၏။

အကြမ်းဖက်ခြင်းဟူသည်မှာ လူကြားမကောင်းပါ။ တန်ပြန် အကြမ်းဖက်နှိမ်နင်းရေးဟု သုံးလျှင် ပိုသင့်တော်မည် ထင်သည်။ ကျွန်ုပ်တို့သည် ယခု ကိုယ့်ဟာကိုယ် နေနေကြခြင်းသာ ဖြစ်သည်။ မြန်မာပြည်သူ ၊ ပြည်သားတို့သည် အကြမ်းဖက်ခံနေရခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့ မည်သူ့ကိုမျှ အကြမ်းမဖက်။ အကြမ်းဖက်ခံနေရခြင်းကြောင့် အကြမ်းဖက်ခြင်းမှ ချုပ်ငြိမ်းစေရန် တန်ပြန် တိုက်စစ်ဆင်ခြင်းသာ ဖြစ်သည်။ အကြမ်းဖက်ခြင်းဟု မခေါ်ဆိုနိုင်။ တိုက်ပွဲ ဖြစ်လျှင် လူသေမည်။ အကြမ်းမဖက်လဲ လူသေမည်။ ဘာတွေ ကွာခြားနေသလဲ ကျနော်တို့လဲ မသိနိုင်။ ပြည်သူတွေ စားရမဲ့ သောက်ရမဲ့ ဖြစ်မည်။ ယခုလဲ စားရမဲ့ သောက်ရမဲ့ ဖြစ်နေသည်သာ ဖြစ်သည်။ ရှေ့ဆက်သွားလျှင် ဆန်လုံးတီးနှင့် ဆားတောင် မစားရပဲ ငတ်သေသူ များလာဦးမည်။ ယနေ့လဲ ငတ်သေနေသူတွေ မြန်မာပြည်တွင် ရှိနေသည်။ စစ်တိုက်လို့ လူတသန်း သေလျှင် သေမည်။ စီးပွားရေး ကျမည်။ တိုင်းပြည်အတွင်း ပြိုပျက်သွားမည့် အရာများစွာတို့ရှိသည်။ စစ်မတိုက်လဲ လူတသန်း ငတ်၍ သေမည်။ စီးပွားရေးကား အစဉ်အဆက် ကျနေခြင်းသာ ဖြစ်သည်။ တိုင်းပြည်အတွင်း စစ်တပ်ကလွဲ၍ အကုန်ပြိုပျက်နေသည်သာ ဖြစ်သည်။ ဆက်သွားလျှင် ဆက်ဖြစ်ဖို့သာ ရှိသည်။

တကယ်တော့ စစ်တိုက်ခြင်းသည်လဲ အလုံးစုံ ကောင်းမွန်သော အဖြေတခု မဟုတ်ဟု ကျနော်တို့ ထင်သည်။ ရှင်းရှင်းပြောရလျှင် စစ်တပ်သည် ပြည်သူကို ကြောက်ရွံ့နေ၏။ သူတို့ မကောင်းမှုများ ပြုခဲ့သည်အတွက် ကာကွယ်ပေးနိုင်သည်မှာ နအဖသာ ဖြစ်သည်ဟု သူတို့ထင်ကြသည်။ အချို့လူတို့သည် စစ်တပ်မုန်းတီးရေး ၀ါဒကို အတင်းလက်ကိုင်ပြု၍ လှော်ခတ်လိုသည်။ စစ်သားမှန်ရင် သေထိုက်သည်ဟု ထင်သည်။ သူတို့မကောင်းသဖြင့် လူတွေ ဒုက္ခရောက်ကြရသည်ဟု မြင်သည်။ ထိုသို့ဆိုလျှင် ထိုလူတွေသည် မြန်မာပြည်တွင်း ဌာနဆိုင်ရာ တခုတွင် အလုပ်သွားဝင်လုပ်ပြီး ထိုစကားကို ပြောကြည့်သင့်လှသည်။ သူတို့သည် စားဝတ်နေရေးအတွက် အလုပ်လုပ်နေရခြင်းဖြစ်သည်။ တခြားအလုပ်လုပ်ပါလားကွာဟု ပြောလာမည်။ ဒါကလွဲလို့ ကျနော် မလုပ်တတ်လို့ပါဗျာလို့ ပြန်ပြောရင်ကော သူတို့ကို အငတ်ခံလိုက်လို့ ခင်ဗျားတို့ ပြောမည်လား။

အလိုတော်ရိ လုပ်နေသူများကို ဆိုလိုနေသည် မဟုတ်ပါ။ ထိုသူတို့သည် သူလျှိုဖြစ်သည့် အားလျှော်စွာ သူလျှိုတို့ သွားရာလမ်းအတိုင်းသာ သွားသင့်ပေသည်။ အလိုတော်ရိတို့ကို ပို့သော လမ်းအတိုင်းသာ ပို့သင့်ပေသည်။ သို့သော် စားဝတ်နေရေးအတွက် မလွှဲမရှောင်သာ၍ လုပ်နေရသူတို့ကို တင်းမာသော သဘောထား မထားထိုက်။ မှားယွင်းစွာ သင်တန်းပေးခံထားရ၍ ၊ ဤခေတ်ပျက်ထဲမှာ မွေးဖွားလာ၍ မှားယွင်းမိသူတို့ကို အပြစ်ပေးခြင်းသည် မထိုက်။ ထိုသို့ သဘောထားမည်ဆိုလျှင် ထိုသူတို့သည် နောင်အစိုးရလက်ထက်၌ သေလူသာ ဖြစ်သောကြောင့် သေမည့်ဘေးကို သူတို့အားရှိသလောက် ကာကွယ်သွားရန် အကြောင်းသာ ရှိတော့သည်။ ကျနော်တို့ ကိုယ်တိုင်လဲ ငယ်စဉ်က အာဏာ ၊ ပိုက်ဆံ အရှိန်အ၀ါဖြင့် မှောက်မှားစွာ မတရား ပြုကျင့်ခဲ့ဘူးသည်များ ရှိသည်။ ထိုအပြစ်တွေ အတွက် နောင်တက်မည့် အစိုးရရှေ့မှောက်တွင် တရားပြန်စွဲခံရမည်ဆိုလျှင် ကျနော်တို့ ဒီစာတွေကို ရေးရန် အတော် စဉ်းစားရပေလိမ့်မည်။ :D ထို့ကြောင့် မလိုသည်များကို ခြစ်ပစ်လိုက်ပါ။ အဓိက အရင်းအမြစ်ကိုသာ သတ်ပစ်ရန် ကြိုးစားထိုက်ပါသည်။ အခက်တွေ လိုက်ချိုင်နေလျှင် ထပ်၍ ဝေဆာလာရန် ကြိုးစားပေးသလိုသာ ဖြစ်ပေလိမ့်မည်။

စစ်တိုက်ခြင်းအားဖြင့် စစ်သား သိန်းဂဏန်းဖြင့် ရင်ဆိုင်ရမည်။ ထိုလူတွေ သေလျှင် သူတို့ မိသားစုတွေ ဒုက္ခရောက်မည်။ အဲလောက် မသေကြေပဲ ၊ ပျက်စီး ယိုယွင်းမှုတွေ မဖြစ်ပဲ ကိစ္စမပြီးနိုင်ဘူးလားဟု မေးစရာ ရှိလာသည်။ ရှိပါသည်။ ခွင့်လွှတ်ခြင်းဟူသော အဖိုးထိုက်တန်သည့် ပန်းကို ပေးလိုက်ပါ။ ထိုသူတို့ လုပ်ခဲ့သည်မှာ သန်းရွှေတို့လောက် မဆိုးသေး။ ပန်းပေးထိုက်သူကို ပန်းပေး၍ သေနတ်နဲ့ သင့်သူကို သေနတ်သာ ပေးရပေလိမ့်မည်။ တင်းမာသော သဘောထားနှင့် စစ်သားမှန်သမျှ သတ်ရမည်ဆိုတာကို ကျွန်ုပ်တို့ လက်မခံပါ။ တိုင်းပြည် ပျက်ရခြင်းသည် စစ်သား ( စစ်တပ်ကြောင့် မဟုတ် ) ။ နအဖကြောင့်သာ ဖြစ်သည်။ တပ်တွင်းမှာ မတရားမှုကို မလိုလားသော စစ်သည်တွေ၊ မတရားဖိနှိပ်ခံနေရသော စစ်သည်တွေ ၊ စစ်အစိုးရကို မုန်းတီးနေသော စစ်သည်ပေါင်း မြောက်များစွာ ရှိနေသည်။ စစ်ဗိုလ် ၊ စစ်သားသာ မကျေနပ်သည် မဟုတ်။ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်တွေလောက်အထိ မကျေနပ်သူတွေ ရှိသည်။ မလိုလားသူတွေရှိသည်။ သို့သော် စစ်သားတယောက်သည် နအဖလက်ထဲတွင် မိသားစုကို ထားခဲ့ပြီး စစ်လာကူတိုက်ပေးရန်ဆိုသည်မှာ အိပ်မက်ထဲတွင်တောင် ထည့်မမက်စကောင်း။ သူတို့ ပါဝင်နိုင်စေရန် အလို့ငှာ တခုသော အခြေအနေ တခုကို ဖန်တီးပေးရပေလိမ့်မည်။ ထိုသို့ မလုပ်ပေးပဲ မပါရကောင်းလားဟု အပြစ်တင်ရန် မရှိ။ သို့ဆိုလျှင် ယနေ့ ဒီမိုဟု ခေါ်ဆိုသော ကြီးကျယ်သော ခေါင်းဆောင်ကြီးများ၏ ညံ့ဖျင်းမှုသာ ဖြစ်ပေလိမ့်မည်။

ခွင့်လွှတ်ခြင်းဟူသော ပန်းကို ပန်လျှက် ကြောက်ရွံ့မှုဆိုသော နအဖ စနစ်ဆိုးကြီးကို ဖယ်ရှားရန် လက်၌ သေနတ်ကိုင်ဆောင်ရပေလိမ့်မည်။ စစ်တိုက်သောလမ်းနဲ့ချည်း မအောင်မြင်နိုင်။ နအဖ၏ စစ်သားပေါင်းများစွာကို ရင်ဆိုင်သတ်ပစ်ရန် မဖြစ်နိုင်။ ထိုသို့ သတ်သင့်သည် ပြောနေသူတွေသည် superman နှင့် super girl စပ်ကျထားသော လူများဆိုလျှင်တော့ မပြောတတ်။ ဖြစ်နိုင်သည့်တိုင်အောင်လဲ မသတ်ထိုက်။ လူ့အသက်ဟူသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်သည်။ ပန်းပေးသောနည်းနှင့်ချည်းလည်း မအောင်မြင်နိုင်။ လူစိတ်မရှိသော ဘီလူးတို့ကို ပန်းသွားပေးလျှင် ပေးသူသာ အစားခံလိုက်ရမည် ဖြစ်သည်။

အစဉ်အဆက် ရာဇ၀င်တွင် ဘီလူးတို့ ပြည်ရွာရှိခဲ့ဘူးသည်ဆို၏။ မြန်မာတွင် ဝေသာလီ ဘီလူးပြည်၊ ဂရိတွင် မျက်စိတလုံးထဲရှိသော Cyclops ၊ အိန္ဒိယတွင် မြွေနဂါး ၊ အင်္ဂလိပ်တွင် Roc အစရှိသည်ဖြင့် ရှိခဲ့သည်။ ဒဏ္ဍာရီပေါင်း စုံတွင် ရှိခဲ့ဘူးသော ဘီလူးတို့ကို လူတို့သည် ပန်းပေး၍ အောင်မြင်လာဘူးသည်ဟု ပုံပြင်အဖြစ်တောင် မကြားစဖူး။ လူသားကို အစာအဖြစ်စား၍ အသက်ရှင်ရသူကို "မစားပါနဲ့လားဟင် ... ရော့ .. အင့် .. ရွှေပန်းလေးယူသွား" ဟု သွားပြောလျှင် သင်သာ အစားခံလိုက်ရရုံရှိမည်။ ( ရွှေပန်းပေးမရလို့ ခရေပွင့် သွားပေးမယ်လဲ တွေးမနေနဲ့ဦးနော် ကိုကိုတို့။ :P အသက်နဲ့တောင် အကြမ်းမဖက် တိုက်ပွဲဝင်မယ် ဆိုလို့ပါ။ ဟိုက အသက်တော့ မလိုချင်ဘူး။ ခရေပဲ ခြွေမယ်ဆို မျိုးတွေကန်းနေဦးမယ်။ သတိ ကြပ်ကြပ်ထား။ နအဖတပ်က ဂျယ်ပေါပါဘိသနဲ့။ ဟီးဟီး) ဒဏ္ဍာရီမဆန်ချင်လျှင် ကမ္ဘာဦး အသားစား သတ္တ၀ါကြီးများကို ဥပမာ ယူလို့ရပါသည်။ ရှေးကလူတို့ မေတ္တာထား၍ မွေးမြူလို့ ရခဲ့လျှင် ယနေ့တိုင် ကျွန်ုပ်တို့ မြင်နိုင်မည် ဖြစ်သည်။

ယနေ့မြန်မာ စစ်တပ်သည် လူနှင့် ဘီလူး ရောစပ်ထားသော အဖွဲ့အစည်းဖြစ်သည်။ ကိုယ်တွင်း၌ လူစိတ်များသူတို့ကို မေတ္တာပန်းပေး၍ ဘီလူးစိတ်များသူတို့အား သုတ်သင်ပစ်ရန်သာ ရှိသည်။ ၀ါဒ နှစ်ခု အကြား အငြင်းပွားနေရန်မလို။ နှစ်ခုလုံးသည် တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည်သာ ဖြစ်သည်။ ၀ါဒမတူ၍ မပေါင်းစည်းနိုင်ဟု ဆိုလာလျှင်လည်း ကိုယ့်သေတွင်း ကိုယ်တူးတာ နည်းနည်းတော်ပေလိမ့်ဦးမည်။ ကိုယ့်အတ္တကြောင့် ပြည်သူတို့ သေမည်မြင်လျှက် တွင်းတူး မိုက်နေခြင်းသည် နအဖကဲ့သို့ လူမဆန်သော လုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။

ယနေ့ ဒီမိုကရေစီရေး ကြိုးပမ်း၍ သူရဲကောင်း အမည်ခံများ ၊ အဖွဲ့အစည်းများတွင် တိကျသော ဦးတည်ချက်နှင့် လုပ်ငန်းစဉ်ကို မတွေ့ရ။ သင့်လျှင် သင့်သလိုပဲဟူသော ကားပွဲစား အလုပ်နှင့် တူပေသည်။ "ခင်ဗျားတို့က ဘာကောင်တွေမို့ ကျုပ်တို့ လုပ်ငန်းစဉ်တွေကို ချပြရမှာလဲ" ဟု ကျနော်တို့အား ကက်ကက်လန်အောင် ရန်တွေ့မည်ကို ကြိုမြင်နေသည်။ ကျွန်ုပ်တို့ကို ချပြန်ရန်မလိုပါ။ သို့သော် အဖွဲ့အစည်းတခုထဲမှာ ရှိနေသူတို့အား အဖွဲ့အစည်း၏ ယေဘူယျ လုပ်ငန်းစဉ်ကို ချပြသင့်သည်။ (ယေဘူယျလို့ ပြောရတာက စပိုင်အားပေးလား မေးခံရမှာ စိုးလို့ပါ။ ခုချိန်ထိ တွေ့ဖူးသမျှ တိတိကျကျ ဖြေနိုင်သည် မရှိသေး။ ဖြေလျှင်လဲ ကျနော်တို့၏ တိကျ၍ စပ်စုလှသော အသေးစိပ် မေးခွန်းများအောက်တွင် ကိစ္စများသွားသည်သာ များသည်။ ဒီတော့ လျှို့ဝှက် ကိစ္စလိုလို .. ဘာလိုလို လုပ်သွားတတ်သည်မှာ ရိုးလှပြီ ဖြစ်၏။ အမှန်တော့ ကျနော်တို့ကလဲ အတွင်းရေးတွေ လိုက်မမေးပါ။ သိတာများလျှင် ဆွဲစိခံရမည် စိုးသောကြောင့်တည်း။ ဟီးဟီး။ မသိတော့ ကျနော်တို့အားဖမ်းလဲ ဘာမှ ရမည် မဟုတ်တော့ ဖမ်းမည်မဟုတ်။ ဖမ်းပြီး နားရင်းရိုက်ရုံမှလွဲ၍ ဘာမျှမရနိုင်သော လူအား ထောက်လှမ်းရေးမှ အလုပ်ဂှုပ်ခံ၍ သက်သက်ကြီးကို ဖမ်းပြီး ၀ါသနာပါလှစွာဖြင့် နားရင်းခေါ်ရိုက်မည် မထင်ပါ။ သူတို့၌ တနေ့ တနေ့ လုပ်စရာ များလှ၏။ [ဟီးဟီး .. အကြံဥာဏ် ကြီးတယ်နော်။] အားနေလို့ အသလွတ် ဖမ်းပြီး ပါးခေါ်ရိုက်နေသည်ဟု တခါမျှ ထောက်လှမ်းရေး အသိုင်းအ၀ိုင်းမှ မကြားစဖူး။ [ ဖားတာ။ ဖမ်းမှာစိုးလို့။ ဟီဟိ :P ] )

ဒီစာကို ဖတ်ရသော လူများအနေဖြင့် မိမိတို့ပါဝင် ပက်သက်နေသော အဖွဲ့အစည်း၏ မူဝါဒကို တကယ်နားလည်သလားဆိုတာကို ပြန်ဆင်ခြင်စေလိုသည်။ ဘယ်လမ်းအတိုင်း သွားမည်ကို တိကျစွာ ချမှတ်ထားသလားဆိုတာကို အသေအချာ မေးစေလိုသည်။ ဒီလမ်းကကော ဖြစ်နိုင်သလားဆိုတာကို ကိုယ့်ဟာကိုယ် ဆင်ခြင်စေလိုသည်။ ဒီအဖွဲ့မှာ အမှန်တရားဟာ အဖွဲ့ခေါင်းဆောင်မှားပြောတဲ့ စကားထက် အရာရောက်သလားဆိုသည်ကို ပြန်တွေးစေလိုသည်။ ( ကျနော်တို့ ယခု ဘုမသိ ၊ ဘမသိ နာမည်ကြီးနေသလို ဘာမှန်းမသိသော အဖွဲ့ကြီးထဲ ရောက်နေသည်နှင့် တူမည် စိုးသဖြင့် သတိပေးခြင်းသာ ဖြစ်သည်။ ) ဒီမိုကရေစီရေးအတွက် ဘ၀နှင့်အသက်ကို ရင်းပြီး ကြိုးပမ်းထမ်းရွက်နေသော ( ကြိုးပမ်းလိုသော ) လူငယ်တို့၏ အသက်နှင့်ဘ၀များကို အလဟဿ မဆုံးဂှုံးစေလိုသော စေတနာဖြင့် အကြံပြုခြင်းသာ ဖြစ်ပါသည်။

နအဖသည် ထိုင်ခုံပေါ်မှ မဆင်းချင်ခြင်းဖြစ်သည်။ တချို့ ဒီမိုအမည်ခံ ဆရာကြီးများသည် မရှိသေးသော ထိုင်ခုံကို အာရုံပြုလျှက် နေခြင်းကား နအဖထက်ပင် ဆိုးဝါးသော အာဏာမက်မောမှု ဖြစ်သည်။ သင်ရောက်နေသော နေရာနှင့် သင်စားနေသော အစာသည် အဘယ်ကနေ ဘာအကြောင်းတွေကြောင့် ရခဲ့သည်ကို ပြန်သတိရပါ။ လူထုအတွက်ဟု အမည်ခံလျှက် လူထုအပေါ် ကျေပွန်ရမည့် တာဝန်ကို မကျေပွန်လျှင် လူပေါင်းများစွာကို လိမ်လည်လှည့်ဖျားခြင်းနှင့် အကျိုးမဲ့စေခြင်း ၊ ဒုက္ခရောက်စေခြင်း နှင့် အမှန်မမြင်နိုင်ခြင်းဟူသော မောဟဟိတ်တို့ကြောင့် အပြစ်တော့ သေးမည် မထင်ပါ။

PS: သူများတွေလို အားအားယားယား Tag လိုက်ဦးမည်။ အကြမ်းမဖက် မူဝါဒနှင့် အကြမ်းဖက်ရေး မူဝါဒနှစ်ခုကို သင်ဘယ်လို မြင်ပါသနည်း။ ထောက်ခံလျှင် ထောက်ခံသည့် ၀ါဒအတွက် အဘယ်ကြောင့် ထောက်ခံသနည်း ရေးပေး၍ မထောက်ခံသော ၀ါဒတခုအတွက် အဘယ်ကြောင့် မထောက်ခံသလဲ ရေးပေးစေလိုသည်။

အကုန်လုံးကို Tag ပါသည်။ ဖြေချင်လျှင်ဖြေ၍ မဖြေချင်လျှင် မဖြေပါနှင့်။ Blog မရှိသူများ comment တွေ ရေးသွားနိုင်ပါသည်။ :D

You received this email because you are subscribed to the real_time feed for http://www.naynatnwe.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.