Sunday, December 14, 2008

[Maya Magazine] 1 New Entry: အဝေးကပေးစာတစောင်ရေးသူ- ယာတောကသာဗျော

အဝေးကပေးစာတစောင်ရေးသူ- ယာတောကသာဗျော


ကိုဟိုဒင်းရေ-
၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာ ၇ရက်။
၂ဝဝ၈ ခုနှစ် ကုန်ကာနီး လာတာနဲ့အမျှ ဗမာပြည်သာမက နိုင်ငံပေါင်းစုံ၊ ဘာသာ အယူဝါဒပေါင်းစုံတို့နဲ့ သက်ဆိုင်တဲ့ အခါကြီးရက်ကြီးတွေ တခုပြီးတခု ဆက်နေတာ သတိ ထားမိတယ်ဗျာ။ အခုအခါဟာ ဗမာပြည်မှာ စာဆိုတော်လ မဟုတ်လားဗျာ။ ခင်ဗျား မှတ်မိတယ် မဟုတ်လား။ နဂို ဂျပန်ခေတ်၏ စာဆိုတော်နေ့ သတ်မှတ်ကြတုန်းကတော့ နတ္တော်လဆန်း (၁)ရက်နေ့ကိုသာပဲ စာဆိုတော်နေ့ရယ်လို့ သတ်မှတ်ခဲ့တာ၊ နောက်ကျ တော့ စာပေသမားတွေကို မြင်ဖူးချင်၊ သူတို့ ဟောပြောတာတွေကိုကြားချင်လို့ မြို့တကာ နယ်တကာက ဖိတ်တာတွေများလွန်းလာပြီး တနေ့တရက်ထဲနဲ့ မဖြစ်နိုင်တာနဲ့ စာဆိုတော် လလို့ သတ်မှတ်ပြီး တလလုံး လှုပ်ရှားကြတာလေဗျာ။ စာပေသမားတွေဟာ သူတို့ ပြောချင်တာတွေကို ပြဇာတ်တွေ၊ ဟောပြောပွဲတွေလုပ်ပြီး တင်ဆက်ကြ၊ ဟောပြောကြ၊ ပြည်သူလူထုဆီက အသံတွေကို ကိုယ့်နားနဲ့ကိုယ် ဆတ်ဆတ်နားထောင်ကြ၊ အင်မတန် ကျက်သရေမင်္ဂလာရှိတဲ့ အစဉ်အလာတွေပဗျာ။ အခုတော့ နဝတ-နအဖတို့ရဲ့ ဒီမိုကရေစီ အောက်မှာ စာဆိုတော်ပွဲဆိုတာ ဟိုအရင်လို ခြိမ့်ခြိမ့်သဲ မကျင်းပနိုင်ယုံမက ပြိုးပြိုး ပြောက်ပြောက်သာ မသေကောင်းမပျောက်ကောင်း ကျန်တော့တယ်။ ဒါ့အပြင် ဟောပြောရ သူတွေခမျာလည်း "ဓား ဂုတ်ပေါ်မှာဝဲ" ဆိုတဲ့ ငိုချင်းကို ဆိုပြီး ပြောသလို လုပ်နေရတာ။ ဒါ့အပြင် နားထောင်သူတွေကလည်း ကိုယ့်ဘေးကထိုင်နေသူကို ထောက်လှမ်းရေးလားလို့ လှည့်လှည့် ကြည့်နေရသေးတယ်။


ထားပါတော့။ ကျနော် ဒီတခါရေးချင်တာက ဒါအဓိကမဟုတ်ပါဘူး။ ကျနော် ပြောချင်တာက ဒီလိုစာပေသမားများရဲ့ အခါကြီးရက်ကြီးမှာ စာပေသမား၊ မီဒီယာသမား၊ ဘလော့ဂါသမားတွေ မကြားစဖူးထောင်ဒဏ်တွေနဲ့ ထောင်ချခံနေကြရတဲ့အဖြစ်ကိုပါ။ အီးမေးလ်တစောင် ထောင်၁၅နှစ်တဲ့၊ တရားဥပဒေကိုပြက်ရယ်ပြု၊ ဒီမိုကရေစီကို စော်ကား၊ ခေတ်သစ် နည်းပညာအပေါ် အာဃာတတွေ ဖော်ပြနေကြတာ၊ သူတို့ ဘယ်လို လိပ်ပြာ လုံကြပါလိမ့်လို့သာ ကျနော်တော့ မေးလိုက်ချင်တော့တာပဲ။
ဒီရက်ကျော်တော့ ရောက်လာတာက အစ္စလမ်ဘာသာဝင်တွေရဲ့ ဘက္ကရီ အစ်ပွဲတော်ဗျ။ အစ်ကြီးလို့ အလွယ်ခေါ်ကြတဲ့ဟာလေဗျာ။ ဒီနေ့ ဒီရက်မှာ အစ္စလမ် ဘာသာဝင်တွေက လူမျိုးမရွေး၊ ဘာသာမရွေး၊ မိတ်ဆွေတွေ၊ အိမ်နီးနားချင်းတွေကို အမဲသား တွေပေးကြ၊ ဆမ်မိုင်တွေဝေကြ၊ ကုသိုလ်ပြုကြ၊ ပြီးရင် ညနေစောင်းကျရင် ဝတ်ကောင်းစားလှနဲ့ လက်ဆောင်တွေ လက်ဆွဲပြီး တအိမ်သားလုံး ထွက်လည်ကြ၊ ကျနော်ဖြင့် မြင်-မြင်ယောင်သေးတော့ဗျာ။ အဲဒီလို "သူတကာကန်တော့ပွဲတွေနဲ့ ရွာထဲမှာ လူယောင်ပြ" ကြချိန်မှာ ၈၈မျိုးဆက် ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအတွက် ပြောဆို၊ တောင်းဆိုသူတွေဟာ မှောင်မိုက်တဲ့တိုက်ခန်းတွေထဲမှာ ဆွေကွဲမျိုးကွဲ၊ ဘယ်လိုနေကြရှာ မလဲ-နော်ဗျာ။ ထောင်ကျဖူးတဲ့ ကျနော်ကတော့ ကောင်းကောင်း ကိုယ်ချင်းစာမိတယ်ဗျာ။
အစ်ပွဲတော်လွန်ရင် ရောက်လာမှာက နာတာလူးပွဲတော်ပေါ့။ ခရစ္စမတ်ပွဲတော် ဆိုတာ အကြင်နာ၊ သဒ္ဒါတွေကိုကိုယ်စားပြုတဲ့၊ ဖော်ပြတဲ့ ပွဲပါ။ မိသားစုအတွင်း နွေးထွေးမှု၊ ချစ်ခင်ကြင်နာမှုတွေ ဖော်ပြကြ၊ လက်ဆောင်တွေပေးကြ၊ အင်မတန်သိမ်မွေ့တဲ့ ရက်မြတ် ပါပဲ။ နာတာလူးပွဲအကြို ညမှာ မိသားစုအတူတူ ခရစ္စမတ် ညစာစားကြတာကရော၊ ဘယ့်ကလောက် နွေးထွေးပြီး ကြည်နူးစရာကောင်း လိုက်လဲဗျာ။ ဒါပေမဲ့ အကြင်နာ သဒ္ဒါဆိုတာ ချို(ဂျို)နဲ့လားလို့ မေးရမယ့် နအဖ စစ်ဗိုလ်ချုပ်တွေကတော့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် စာနာမှုတံခါးကိုပိတ်၊ ထောင်တံခါးတွေကိုဖွင့်လို့ ဝေးလံသီခေါင်၊ ချမ်းအေးခိုက်တုံတဲ့ နေရာတွေဆီကို ဒလေဟောပို့ပစ်ကြတယ်။ မိသားစုတွင်း မေတ္တာမျှဝေမှု၊ စည်းလုံးညီညွတ်မှုကို သင်္ကေတပြတဲ့ ရက်မြတ်ကာလမှာ ဒီစစ် အာဏာရှင်တွေဟာ တိုင်းပြည်အတွင်းမှာ ဆယ်စုနှစ်နဲ့ချီတဲ့ သွေးကွဲမှုနဲ့ ရန်ညှိုးတွေ ဖန်တီးနေကြတယ်။ နာတာလူးပွဲတော်လို ကာလမှာ မဲဇာထက်အများကြီးပိုဝေး၊ ပိုအေးတဲ့ အရပ်တွေကို ပို့ပစ်ကြတယ်။ တကယ်တော့ အပို့ခံရသူတွေလည်း ဒီလိုအခါမှာ "ရွှေလည်ဆွဲချင်ရှာလိမ့်ပေမပေါ့ဗျာ။" ဒါကို နအဖက သံခြေချင်းတွေ ဆွဲပေးနေကြတယ် လေ။
ဇန်နဝါရီလ တတိယအပါတ်ကို ရောက်ရင်တော့ တရုတ်နှစ်သစ်ကူးရောက်ပြီ။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတပုံနီးပါးရှိတဲ့ လူတွေရဲ့ အမွန်မြတ်ဆုံး ရိုးရာပွဲတော်ပေါ့။ သူတို့ တရုတ်တွေဟာ ဒီနေ့ဒီရက်ကို ရောက်ပတဲ့ဆိုရင် ရောက်ရာအရပ်ကနေ ကိုယ့်အိမ် ကိုယ်ပြန် ကြရတယ်။ ပြီးရင် အိမ်သားတွေစုပြီး ထမင်းအတူစားကြတယ်။ ဒါဟာအဓိကပဲ။ အခေါ်အဝေါ်ကိုက မိသားစုစုစည်းတဲ့ပွဲတဲ့။ ဒါကြောင့် အဲဒီ ထမင်းစားပွဲ မစမီ ပသ သင့်တာတွေ ပသ ရသေးတယ်။ ပြီးတော့မှ "သားမြေးငယ်မာချာ ဘယ်ညာထွေး တော့သည်၊ အလုပ်ကယ် ဧရာ ငုံ့ကာလွေးတော့သည်" ဆိုသလို အပြတ်တွယ်ကြတာပဲဗျို့။ အဲ- နောက်တနေ့ရောက်တော့ ဒီနေ့ဒီရက်အတွက် တမင် တင်ကြိုဝယ်ထားတဲ့ အဝတ် အစားအသစ်တွေ ဝတ်ပြီး လည်စရာ ပတ်စရာ နေရာတွေကို သွားလည်ကြတယ်။ တချို့များဆိုရင် အဖိုးအဖွားကနေ မြေးအထိ မျိုးဆက်သုံးခု၊ ကျောပိုးတန်သူကိုပိုး၊ လက်တွဲတန်သူကို လက်တွဲပြီး တောက်တောက်ပြောင်ပြောင် အဝတ်အစားတွေ၊ အရယ်အပြုံးအတွေနဲ့ လမ်းပေါ်ထွက်လာကြတာ၊ တယ်လဲ မင်္ဂလာရှိသကိုးဗျ။ ကလေးတွေ လက်ထဲမှာလည်း စားစရာမျိုးစုံ၊ ပူပေါင်း-ရဟတ်လို ကစားစရာမျိုးစုံနဲ့။ ကျနော်လို အိမ်နဲ့ နှစ်ရှည်လများ ကွဲနေရသူအဖို့ တကယ့်ကိုအားကျစရာ၊ အိမ်လွမ်းစရာကြီးပေါ့ဗျာ။ ဒါပေမဲ့ အသေအချာ ပြန်စဉ်းစားလိုက်တော့ ကိုယ်ကမှ အဲဒီလို လည်ပတ်၊ ပျော်ပါးနေတဲ့လူတွေကို မြင်နေရသေးတယ်၊ အကျဉ်းကျနေတဲ့ သူတို့တတွေဖြင့် နေ့စဉ်နဲ့အမျှ မျက်နှာပုပ်ကြီးတွေနဲ့ ဆဲရေး ငေါက်ငမ်းသံတွေကိုပဲ မြင်နေ၊ ကြားနေကြရမှာ။ သူတို့အတွက် နှစ်သစ် မကူးသေးတာကတော့ အမှန်ပဲဗျာ။
ပြန်ချုပ်ပြောရရင် အထက်မှာရေးခဲ့သလို လူမျိုးပေါင်းစုံ၊ ဘာသာဝင် ပေါင်းစုံတို့ မေတ္တာတွေ၊ မုဒိတာတွေ ပွားများကြတဲ့ မင်္ဂလာ အချိန်ကာလတွေမှာ နအဖကြောင့် ဗမာပြည်သားတွေဟာ အမျက်တွေပွားရ၊ အံကြိတ်ရ၊ လက်သီးဆုပ်ရတွေ ဖြစ်ကုန်ကြရတယ်။ ထမင်းစားရင် ထမင်းလုပ်မျိုမကျ၊ မျက်ရည်ကျရတာတွေ ဖြစ်ကြ ရတယ်။ ဒီလို အိမ်ထောင်တွေကိုတောင် ခွဲပစ်နေတဲ့အစိုးရတရပ်ဟာ အမျိုးသား စည်းလုံးရေး၊ လူမျိုးပေါင်းစုံ သွေးစည်းချစ်ကြည်ရေး စတာတွေကို ဘယ်လိုလုပ်ဆောင် နိုင်ပါ့မလဲ။
ကျနော်တို့ ပြည်သူလူထုတွေကတော့ ဒီလိုနေ့တွေရက်တွေ၊ အခါတော် မင်္ဂလာတွေ ရောက်တိုင်း ထောင်ထဲရောက်နေတဲ့ ဒီပုဂ္ဂိုလ်တွေကို ကိုယ့်အရင်းအချာတွေသဖွယ် သတိရလွမ်းဆွတ်ပြီး သူတို့အတွက် တိုက်ပွဲဝင်ဖို့ သန္နိဋ္ဌာန်တွေချနေမိကြမှာပဲ။ ခရစ္စမတ်တေးတွေ ဆိုရမယ့်အစား "ကမ္ဘာမကြေဘူး" သီချင်းဆိုနေရတာ ကောင်းတော့ မကောင်းဘူးပေါ့ဗျာ။ ဘာတတ်နိုင်မလဲ။

ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော

You received this email because you are subscribed to the real_time feed for http://mayaonlinemagazine.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 1 New Entry: ၁၃ . ၁၂. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

၁၃ . ၁၂. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • အဲန်အယ်လ်ဒီ (လွှတ်မြောက်နယ်မြေ) က နိုင်ငံတကာ လစ်ဘရယ်အဖွဲ့ ၀င်ခွင့်လျှောက် - ဗွီအိုအေ click here
  • နိုဘယ်လ် ထိပ်သီး ညီလာခံ မြန်မာ့အရေး အလေးပေး - ဗွီအိုအေ click here
  • နာဂစ် မုန်တိုင်းဒဏ်ခံဒေသတွင် ကျန်းမာရေးအခြေအနေ စိုးရိမ်စရာရှိနေ - မဇ္ဈိမ click here
  • တခါသုံး GSM ဖုန်းကဒ်များ အရောင်းသွက်နေ - မဇ္ဈိမ click here
  • ကလေးများ ကူးသန်းရောင်းဝယ်မှု တားဆီးရေး အထိမ်းအမှတ်ပြုလုပ် - မဇ္ဈိမ click here
  • ဒေါက်တာ စင်သီယာမောင် နေရှင်းဆုရရှိ - မဇ္ဈိမ click here
  • ယူရိုငွေနှင့်ပဲရောင်းမည့်ကိစ္စ ကုန်သည်များ ယုံကြည်မှုမရှိ - ခေတ်ပြိုင် click here
  • ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ထားသည့်ကိစ္စ အမှုအဖြစ် သတ်မှတ်ပြီဟု ရှေ့နေပြော - ခေတ်ပြိုင် click here
  • ဒီမိုကရေစီရေးဖွင့်ပေးရန် တရုတ်အစိုးရကို ပညာရှင်များ ဖိအားပေး - ခေတ်ပြိုင် click here
  • အိုဘားမားလုပ်ကြံခံရမည့်ကိန်းအပါအ၀င် ၂၀၀၉ စီးပွားရေး၊ နိုင်ငံရေး ဟောကိန်းများထွက် - ခေတ်ပြိုင် click here
    ဦးသန့်ဂုဏ်ပြု တံဆိပ်ခေါင်းထုတ်မည် - ဧရာဝတီ click here
  • မန္တလေးမြို့ နှစ် ၁၅၀ ပြည့် ဓာတ်ပုံပြပွဲကျင်းပ - ဧရာဝတီ click here
  • ကမ္ဘာ့စီးပွားရေးအကြပ်အတည်း မြန်မာကိုထိခိုက်ဟု ဦးတေဇပြောဆို - ဧရာဝတီ် click here
  • လျှပ်စစ်မီးကို အားကိုးနေရသည့် စီးပွားရေးလုပ်ငန်းရှင်များ ဒုက္ခရောက် - ဧရာဝတီ် click here
  • ဆေးတက္ကသိုလ်ဘွဲ့ရများ ဆေးကုသခွင့်လိုင်စင်ရရေးခက်ခဲ - အာရ်အက်ဖ်အေ click here
  • ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အလုပ်လက်မဲ့တိုးပွား - အာရ်အက်ဖ်အေ click here
  • ဒေါ်စန္ဒာဝင်းပြန်လွတ်လာပြီ - မိုးသီးဇွန် click here
  • အလှူရှင် ၁၃၀၀ကျော် ပါဝင်ခဲ့သော မျက်ကြည်လွှာ ... - လျှပ်တစ်ပြက် click here
  • ၆ဝ ပြည့် သရဖူဆောင်းနိုင်သူ - လျှပ်တစ်ပြက် click here
  • ရွှေတိဂုံရင်ပြင်တော်တွင် တင်လှူပူဇော်မည့် စည်တော်ကြီး- လျှပ်တစ်ပြက် click here
  • စိတ်ချမ်းမြေ့မှု အာရုံ - ဘိုင်ဝိကလီးအလယ်ဗင်း click here
  • ကျောက်ခေတ်ပန်းပုလက်ရာများ ရုရှားတွင် တူးဖော်တွေ့ရှိ - ဘိုင်ဝိကလီးအလယ်ဗင်း click here
  • မော်လမြိုင် အမှတ်(၁)ဈေးကြီး၏ မီးကြွင်းမီးကျန်၊ လောင်ကျွမ်းကျန်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားလျက်ရှိ - ၀ိကလီးအလယ်ဗင်း click here
  • မန်မာ့ရုပ်သံနှင့် မြ၀တီရုပ်သံတို့တွင် ပုဂ္ဂလိကမီဒီယာများမှ ရိုက်ကူးတင်ဆက်သော အစီအစဉ်ထုတ်လွှင့်မှု ပိုမိုများပြားလာ - ၀ိကလီးအလယ်ဗင်း click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးလှိုင်ည] 2 New Entries: ရန်ကုန်

ရန်ကုန်

မရောက်ဖူးခင်ကတည်းက

ငါမုန်းနေတဲ့မြို့ဟာရန်ကုန်ပေါ့

ငါအရောက်ဖူးချင်ဆုံးမြို့ဟာလည်း

ရန်ကုန်ပဲဖြစ်ပြီး…

ငါ့အောင်မြင်မှုကို အပြည့်အ၀ရယူနိုင်မယ့်မြို့လို့

ငါယုံကြည်ရာမြို့ဟာလည်း

ရန်ကုန်ပါပဲလေ။


ရန်ကုန်ရေ… မိတ်ဆွေကြီးရေ

မင်းရဲ့မြေဆွဲအားပေါ်မှာ

ငါရပ်တည်ခဲ့ပုံတွေကိုအမှတ်ရစွာနဲ့

ခုလိုရေးမိပါရဲ့။

နီးနီးလေးကို ဝေးဝေးဖြစ်အောင်မောင်းပို့တဲ့

ရန်ကုန်မြို့ကြီးရဲ့ သုံးဘီးသမားတွေဟာ

ငါ့မုန်းတီးမှုကို

စတင်အတည်ပြုပေးလိုက်သလိုပါပဲ


ကုန်တိုက်အောက်မှာ

ခြောက်ကပ်နေတဲ့ လင်းပိုင်အသေကို

ဇောက်ထိုးဆွဲလို့

အထဲက အဆီတွေတစ်စက်ပြီးတစ်စက်ကျ

လင်းပိုင်ဆီထုတ်ပြီးရောင်းချနေပုံဟာ

ငါမုန်းတဲ့

လူအတွေကို လှည့်ဖျားတဲ့

ရန်ကုန်ပါပဲလေ။


ရန်ကုန်ကို ငါမုန်းတယ်

ဘယ်အချိန်ထိ မုန်းခဲ့သလဲဆိုရင်

သူ့ကို မေတ္တာသက်ဝင်မချစ်ခင်အထိပေါ့

ပညာရယ် သြဇာရယ် အသပြာရယ်

တစ်ခုခုမပါရင်

ရန်ကုန်မှာ ကောင်းကောင်းမွန်မွန်ရပ်တည်ဖို့ရာ

မဖြစ်နိုင်ပါဘူး

မင်းနဲ့ပက်သက်ပြီး ဒီလို

ကြားခဲ့ဖူးတယ် ရန်ကုန်ရေ။


ရန်ကုန်ရေ

မင်းဟာမြွေပွေးတွေကိုလက်ခံထားရသလို

ရွှံ့ရုပ်တွေကိုလည်း လက်ခံထားရရဲ့

မင်းဟာဘဏ်တိုက်ကြီးတွေကို လက်ခံထားရသလို

သူတောင်းစားတွေကိုလည်း လက်ခံထားရရဲ့

မင်းဟာ

ရှေးအဖိုးကြီးများကိုလက်ခံထားရသလို

ကမ္ဘာမှာအတော်ဆုံး မော်ဒန်ကဗျာဆရာတွေကိုလည်း လက်ခံထားရပေရဲ့

ညညဆို

မြွေပွေးတွေ နိုက်ကလပ်ကို တရွေ့ရွေ့တွားသွားကြ

ရွှံ့ရုပ်တွေက ပင်လယ်ထဲ ဒိုင်ဗင်ထိုးကြ

နေ့နေ့ဆို

ဘဏ်တိုက်ကြီးတွေ လမ်းလျှောက်ထွက်ကြ

ငရဲပြည်သွားမယ့်လူတွေကြိတ်ကြိတ်တိုးလို့

ကောင်းကင်ဘုံသွားမယ့် ဘတ်စ်ကားကြီးတွေတစ်စင်းပြီးတစ်စင်း

ထိုးဆိုက်လို့

ရှေးအဖိုးကြီးတွေက မော်ဒန်ကဗျာတွေဖတ်ပြီး ပြုံးလို့

အော်- ရန်ကုန်

ညည ဖောင်ပိတ်ချိန်ရောက်ရင်

မဟာဗန္ဒုလလမ်းပေါ် ငါလျှောက်ရင်း

နီယွန်မီးရောင်အောက်က

ရန်ကုန်မြို့ရဲ့လေထုကိုရှုသွင်းရင်း

အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့ဆိုတဲ့

စာသားကို မဆီမဆိုင် သတိရမိပေရဲ့


ညထဲ

အမှိုက်ကားဝင်လာတော့

ကျီးကန်းတွေခုန်ဆင်းလာတဲ့ အချိန်

လမ်းဘေးကဖေးဆိုင်မှာ ငြိမ်ငြိမ်လေးထိုင်လို့

ဒီလိုနဲ့

မင်းကိုငါ အကြောင်းပြချက်မရှိဘဲ

မေတ္တာသက်ဝင်မိတာပါ….။


နေမျိုး


(လူဖြစ်ရတာကောင်းတယ်)ခေတ်ပေါ်ကဗျာစာအုပ်မှ

သေကြောင်း ကြံခြင်း

ပထမဆုံးစလုပ်ရမှာက

ကိုယ့်ကိုယ်ကို ဒေါက်ဖြုတ်ချဖို့ပဲ

သေခြင်းထက်လွတ်လပ်ပေါ့ပါးမယ့်အရာ

တစ်ခုခုလောက်

ငါ့ကိုတွေရှိခွင့်ပေးပါ…။


စီးကရက်ဖင်အစီခံတွေကိုဖြတ်

နီကိုတင်းတွေကို အဆုတ်ထဲတိုက်ရိုက်သွင်းဖူးတယ်

အရက်ပြင်းပြင်းတွေကို

မမြည်းမစမ်းနဲ့ အတွင်းကလီစာတွေလောင်ကျွမ်းသွားအောင်

လည်ချောင်းထဲသွန်လောင်းဖူးတယ်…။


တစ်ကယ်ဆို

ဘ၀ဟာမစွန့်စားသင့်တဲ့စတော့ရှယ်ယာ

မသိမ်းဆည်းထားသင့်တဲ့

ကျိန်စာမိရှေးဟောင်းပစ္စည်း


ဒီနေ့မှာ

ငါဒီလိုငြီးတွားမိပါရဲ့

မနက်ဖြန်

နံရံကငါ့ဓါတ်ပုံကိုဖြုတ်

တစ်ယောက်ယောက်ကခေါင်းထဲထည့်ပိတ်လိမ့်မယ်…။


ကိုယ့်ကိုယ်ကို

သေကြောင်းကြံစီတယ်ဆိုတာလည်း

ပျော်ရွှင်စရာကောင်းတဲ့ ကစားနည်းတစ်မျိုးပေါ့။


မိုးလှိုင်ည

You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[We Fight We Win. -- " More than Media "] 3 New Entries: ဒေါ်စန္ဒာဝင်း ပြန်လွတ်လာပြီ

ဒေါ်စန္ဒာဝင်း ပြန်လွတ်လာပြီ

ကွယ်လွန်သူ အာဏာရှင် ဦးနေ၀င်း ရဲ့ သမီး ဒေါ်စန္ဒာဝင်းဟာ မနေ့ က ပြန်လွတ်လာတယ်လို့ သိရပါတယ်။ သူမနဲ့ အတူ အထိမ်းသိမ်း ခံရတဲ့ ခင်ပွန်း အေးဇော်ဝင်း ၊ သား များဖြစ်တဲ့ ဇွဲနေ၀င်း၊ကျော်နေ၀င်း တို့ ကတော့ ပြန်လည် လွတ်မြောက်ခြင်းမရှိသေးပါဘူး။

ဒေါ်စန္ဒာဝင်းဟာ ၂၀၀၂ခုနစ်မှာ သူဖြစ်သူတွေနဲ့ အတူ အာဏာသိမ်းဖို့ ကြံစည်မှုတွေနဲ့ အထိမ်းသိမ်းခံရသူဖြစ်တယ်။ သူမဟာဦးနေ၀င်းရဲ့ အားကိုးရဆုံး သမီးအဖြစ် လူသိများခဲ့သူ ဖြစ်တယ်။ သူမအဖေနဲ့ စစ်တပ်ကြားမှာ အာဏာဝေခြမ်းရေးလုပ်ငန်းတွေမှာ သူမဟာ ခြေသွက်လက်သွက်လုပ်ပေးခဲ့တယ်။

မဆလခေတ် တလျောက်လုံးမှာတော့ ဒေါ်စန္ဒာဝင်းဟာ ဦးသန်းရွေသမီးလိုပဲ ဟော့ရမ်းမှုတွေနဲ့ လည်း နာမည် ထွက်ခဲ့သူဖြစ်ပါတယ်။ တပ်အတွင်း ဗိုလ်မှုးကြီးရာထူးကို ရရှိခဲ့တယ်လို့ သိရတယ်။ ၈လေးလုံး လူထု အရေး တော်ပုံကြီး ကာလမှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့အတူ အကြမ်းဖက်လုပ်ငန်းတွေ ကိုလုပ်ဆောင်ခဲ့တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူတွေကို ခေါင်းဖြတ်မှုတွေ၊ အစာထဲအဆိပ်ခတ်မှုတွေ ကို မီးရှို့မှု ၊ ဂိုလ်ဒေါင်ဖေါက်မှုနဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွေကို လုပ်ဆောင်ခဲ့တယ်။

သူမကို လူထုမြင်ကွင်းမှာ နောက်ဆုံးမြင်ခဲ့ရတဲ့ပွဲတွေ ကတော့ သူမဖခင် ဦးနေ၀င်း အသက်၉၀ ပြည့်မွေးနေပွဲမှာ သူမကိုတွေ့ ခဲ့ရတယ်။ ဦးနေ၀င်း လူရင်းကြီးတွေ သာတက်ရောက်ခဲ့တယ်။ ဒီိထဲက အဖွားကြီးတယောက်က တော့ ဒီလိုသမီးမျိုး ကတော့ရှားတယ် လို့ ချီးကြူးခဲ့တယ်။ နောက်တခုပွဲကတော့ မက်သဒစ်ကျောင်းသားဟောင်းများစုံစည်းတဲ့ ပွဲတပွဲမှာ သူမဟာ ဖိလစ်ပိုင် တီးဝိုင်း တီးတဲ့ တန်ဂို တီးလုံးများ ကြားမှာ လိပ်ပြာ တကေင် လို ၀ဲကာပျံကာ ကခုန်နေတာကိုတွေ့ ရပါတယ်။ ဦးနေ၀င်း ဇရာထောင်းလာတာနဲ့ အမျှ သူမရဲ့ စစ်တပ်အတွင်း သြဇာလွမ်းမိုးမှု တွေကျဆင်းလာတယ်။ နောက်ဆုံးမှာ နေအိမ်မှာ အကျယ်ချုပ် ခံထိမ်းသိမ်းခဲ့ရ ပါတယ်။

ဘာဖြစ်လို့ နအဖ အနေနဲ့  ဒေါ်စန္ဒာဝင်း ကို ပြန်လွတ်လာတာလဲဆိုတာ မေးခွန်း ရှိနေပါါတယ်။ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်စေချင်တာလား၊ ဦးသန်းရွေက အာဏာကို ထိမ်းသိမ်းထားနိင်တဲ့ အခြေအနေကို ယုံကြည်မှုရှိနေလို့ လား ဆိုတာတွေကတော့ ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေဖြစ်ပါတယ်။ ဖြစ်နိင်ချေ တခုကတော့ ဒေါ်စန္ဒာဝင်း အပါအ၀င် မဆလအဟောင်းများ၊ စစ်တပ်မှာ ဗိုလ်ချုပ်ဟောင်းများ၊တစည များ၊ ယခင်ထောက်လှမ်းရေး များအားလုံးဟာ အားလုံးဟာ အာဏာ စည်းဝိုင်းအပြင်ဖက် ကို ရောက်ရှိနေကြပြီး လူထုအတွင်း၊ ဒီမိုကရေစီအင်အားစုများ နဲ့စစ်တပ်အတွင်းမှာ သြဇာမရှိ သူများဖြစ်နေကြပါတယ်။





Rest of your post

Sim Card တွေ ကို ဒီနေ့ စရောင်း ပြီ။


Sim Card တွေ ဒီနေ့ စရောင်းတယ်။

နှစ်ပေါင်း ၂၀၀၀ ကျော်က လူသားရဲ့  လူဦးဏှောက်ကိုတွေ့ရှိ


-အေပီ-

နှစ်ပေါင်း၂၀၀၀ကျော် သက်တမ်းရှိတဲ့ ရှေးအကျဆုံး လူ့ဦးခေါင်းခွံ့ တခုကို အင်္ဂလန်နိင်ငံမှာ ဗြိတိသျှ ရှေးဟောင်း သုတေသီတွေက ရှာဖွေတွေ့ခဲ့ကြပါတယ်။ ဒီအရိုးခေါင်းထဲက ဦးဏှောက်ကိုပါ အပြည့်အစုံ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါ တယ်။ ဦးခေါင်းခွံ အများစု ကိုတွေ့ရှိတဲ့အခါမှာ ဦးဏှောက်ပါဝင်လေ့ရှိကြတော့ပါဘူး။

ဒီအရိုးခေါင်းခွံဟာ ရိုမန်တွေ အင်္ဂလန်ကို ကျူးကျော်စဉ်ကာလက ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးခေါင်းခွံကို တွေ့ရှိတဲ့ နေရာကတော့ ယော့ခ်တက္ကသိုလ်အနီး ဆောင်းဦးကာလမှာ တူးဖေါ် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သုတေသီ ရစ်ချပ်ဟေလ်က သူတို့ရှာဖွေ့တွေ့ရှိတဲ့ ဦးခေါင်းခွံထဲက ဦးဏှောက်ကို ယောခ့်ဆေးရုံးကို ပေးပို့ပြီး စမ်းသပ်တဲ့ အခါမှာ ဦးဏှောက်တစ်ရူးဖြစ်ကြောင်း အတည်ပြုပေးတယ်လို့ဆိုပါတယ်။

သုတေသနတွေ့ရှိချက်အရ လွန်ခဲ့တဲ့ နစ်ပေါင်း၂ထောင်ကျော်က လူသားရဲ့ ဦးဏှောက်နဲ့ ယနေ့လူသား ဦးဏှောက်ဟာ သိပ်ကွာခြားမှုမရှိဘူး လို့ဆိုတယ်။ ၁၉၈၆ခုနစ်ကလည်း လွန်ခဲ့တဲ့ နစ်ပေါင်း ၈ထောင်ကျော်က ဦးဏှောက်ကို ဖလောရီဒါမှာ ရှာဖွေ့တွေ့ရှိ ခဲ့ဘူးတယ်လို့ဆိုပါတယ်။ ပိုပြီး ထူးဆန်းဖို့ကောင်းတဲ့ သတင်းကတော့ ဦးဏှောက်မရှိတဲ့ ယနေ့ခတ် လူသား တဦးက မြန်မာ့တပ်မတော်ကို အုပ်ချုပ်နေခဲ့တာကို ကြပ်ပြေး နေပြည် တော်မှာ တွေ့ရှိနေခြင်း ဖြစ်ပါတယ်ခင်ဗျား။

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စပ်မိစပ်ရာ] 1 New Entry: စပ်မိစပ်ရာ GN’R

စပ်မိစပ်ရာ GN’R

Guns N' Rosesငယ်စဉ်ကာလ လူပျိုငယ်ဘ၀က ကျနော်တို့သူငယ်ချင်းတစ်သိုက် GN’R (Guns N’ Roses) ကို သိပ်ကြိုက်ကြတာပေါ့။ အင်္ဂလိပ်စာသာ ညံရင်နေမယ် စာသားတွေ ရအောင်ရှာကြ့ အသံသေးအသံကြောင်တွေနဲ့ Axl Rose ပုံစံမျိုးတွေဆိုကြပေါ့။ သင်္ကြန်များကျပြီဟေ့ ဆိုရင် ဂျစ်ကားရှေ့မှာ GN’R စတစ်ကာ ကြီးကို ပလတ်စတစ်လောင်း အရိုးခေါင်း အလံတွေ တကားကားနဲ့ အများ အခေါ်တော့ သရုပ်ပျက် အနောက်တိုင်း ယဉ်ကျေးမူယစ်မှူး ကြသူတွေပေါ့။ ဆံပင်ရှည်ရှည် ကိုယ်ကျပ်ဘောင်းဘီများနဲ့ တွေးမိတိုင်းပြုံးမိပါတယ်။ အဲဒီခေတ်အခါကလည်း GN’R သီချင်းတွေကို တုစုပြုပြီး မြန်မာစာသားများ ထည့်ကြဆိုတော့ အင်္ဂလိပ်အသံမနိုင်ကြတဲ့ (အမှန်တော့ အသံကို မထွက်တတ်တာပါ) ကျနော်တို့တစ်သိုက်မှာ အကြိုက်တွေ တွေ့လို့ပေါ့။ အသဲစွဲ သီချင်းများကတော့ Sweet Child O’ mine, November Rain, Don’t Cry, Welcome to the Jungle.အများကြီး ပါဘဲ။

GN’R ကို ၁၉၈၅မှာ Hollywood Rose ဆိုတဲ့နာမည်နဲ့ Axl Rose ကဦးဆောင်ဖွဲ့ခဲ့တာပါ။ စခါစ တော့ ခွေမထုတ်နိုင်သေးဘဲ ဟိုနားလျှောက်တီးဒီနားလျှောက်တီးပေါ့။ နောက်ဆုံးကျတော့ recording company A&R ကသဘောကျလို့ ခွေထုတ်ပါရစေဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ အဲဒီတော့ Axl ကပိုက်ဆံကြိုယူတဲ့အပြင် A&R executive အမျိုးသမီးက Sunset Strip ခေါ်တဲ့ Hollywood က နာမည်ကြီးတဲ့ လမ်းမှာ ကိုယ်တုံးလုံးနဲ့ လျှောက်ရင် လက်မှတ်ထိုးပေးမယ်လို့ ပြောလိုက်တယ်။ တကယ်လျှောက်လား မလျှောက်လားတော့မသိဘူး။ နောက်ဆုံး သူတို့လက်မှတ်ထိုးလိုက်ကြတယ်။

သီချင်းများက ကောင်းတော့ ခွေထွက်ထွက်ချင်း ပေါက်တာပါဘဲ။ Rock လောကကြီးမှာ GN’R ဟာ ဟုန်းဟုန်းထ အောင်မြင်လာတယ်။ Axl နဲ့ Slash ဟာ လူငယ်တွေရဲ့ အသည်းစွဲ Rock Hero တွေ။ တခြားသော Rock Bands တွေလဲ အောင်မြင်ပါတယ်။ AC/DC, Metallica, Skid Row အစရှိတဲ့ အဖွဲ့တွေလည်း အောင်မြင်ကြပါတယ်။ သို့သော် Axl နဲ့ Slash လို လူသိမများကြဘူး။ Band အနေနဲ့သာ သိကြတယ်။

အောင်မြင်မူရဲ့ဒဏ်ကိုတော့ GN’R လည်းကြာကြာမခံနိုင်ပါဘူး။ မူးယစ် တွေဝေ ပြီးကွဲကြတာ ပါဘဲ။ အဓိကကတော့ Alx နဲ့ Slash ပါဝါပြိုင်ကြတယ်ဘဲဆိုပါတော့။ ၉၃မှာ ကွဲကြတယ်။ ၈နှစ်တာ ကာလအတွင်း စီးရီး ငါးခု ထွက်တယ်။ အားလုံးမှာ နာမည်ကြီးသီချင်းတွေကိုယ်စီနဲ့။ ကွဲပြီးတဲ့အချိန်ကစပြီး Axl ဟာစီးရီးတခုကို သူဘာသာထုတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး ၁၅နှစ်ကြာပြီးမှာ Chinese Democracy ဆိုပြီးထွက်လာတယ်။

GN’R Chinese Democracy ထွက်မယ်လို့ကြားတာ ၂၀၀၀ခု လောက် ကတည်းက။ Axl ဟိုနားမှာ အမြည်းလေးဆိုပြလိုက်။ အင်တာနက်မှာ ခွေကြမ်းလေးထွက်လိုက်နဲ့။ ငယ်ငယ်က လို အရူးအမူးကြီးမဟုတ်တော့ သိပ်အရေးမထားခဲ့ဘူး။ တခါတလေ ကြုံရင်တော့ သူတို့ဆိုက်မှာ သတင်းလေးဘာလေးဖတ်ပေါ့။ ဒီဇင်ဘာလဆန်းမှာ Chinese Democracy ထွက်လာတော့ အလုပ်တွေများနေတာနဲ့ နားမထောင်ဖြစ်ဘူး။ နောက်ဆုံးကြမှာ နားထောင်ဖြစ်တယ်။ ကောင်းလိုက်တာဗျာ။ ဟိုးတုန်းက အတိုင်း
ကောင်းမြဲကောင်းတုန်း။

ပြောချင်တာက အခုမှလာပြီ။ ရှေ့က စကားတွေခင်းခဲ့တာ။ အခုခေတ်မှာ ၈၀၊၉၀ က နာမည်ကြီးပြီးကွဲခဲ့တဲ့ တီးဝိုင်းတွေဟာ ဘော်ချက်တဲ့အနေနဲ့ ပြန်စုကြ စီးရီးတွေ အသစ်အဟောင်းရောပြန်ထုတ်ကြ။ တချို့လည်း စင်ပေါ်ပြန်ရောက် တချို့လည်း ဒုံရင်းက ဒုံရင်းဘဲ။ အဓိက ကတော့ သူတို့ကို ကြိုက်ခဲ့တဲ့သူတို့ရဲ့ ပရိတ်သတ်ဘဲ။ အသက်တွေကြီးကုန် ပြီလေ။ အရင်တုန်းကလို crazy မဟုတ်တော့ဘူး။ ၃၀-၄၀ တန်းတွေဖြစ်နေပြီ။ အတွေးခေါ်တွေ ပြောင်းကုန်ပြီ။ ငယ်ငယ်တုန်းကလို ရှေ့ဆုံးတန်းမှာ ခေါင်းတွေလက်တွေရမ်းပြီး လိုက်မဆိုတော့ဘူး။ တီးဝိုင်းတွေလည်း ပရိသတ်နဲ့အတူ ပြောင်းလဲဖို့လိုတယ်။ ဘော်ချက်များကတော့ ပရိသတ်ကြီးကို ကလေးတွေလိုဘဲထင်တုန်း။ ခပ်ပေါပေါ ပုံစံတွေလုပ်တုန်း။

GN’R ကတော့ အဲလိုမဟုတ်ဘူး။ ရင့်ကျက်လာတယ်။ စာသားများကတော့ ဟိုးတုန်းကလို ပြောင်မြောက်စေဘဲ။ Axl မမူးတော့ဘူး။ စာသားများဟာ လေးနက်တယ်။ နိုင်ငံရေးအတွေးခေါ်တွေပါတယ်။ သူ့ဘ၀ အကြောင်းတွေပါတယ်။ သူ့ သူငယ်ချင်း Slash အပေါ် မကျေနပ်တာတွေပါတယ်။ အစိုးရကို အစာမကြေတာတွေပါတယ်။ သီချင်းအဆူတွေပါတယ်။် သီချင်းအငြိမ့်တွေပါတယ်။ နားထောင်ပြီးတော့ အတော်ကြီးကျေနပ်တယ်။ စောင့်ရကြိုးနပ်တယ်လို့။

ဒီရောက်ခါစ က ကျနော်တို့မြို့မှာ GNR live show ကြုံတယ်။ ကြည့်ချင်လိုက်တာ ပိုက်ဆံမရှိလို့ မကြည့်ခဲ့ရဘူး။ ဒီတခေါက်တော့ သူတို့များပြန်လာခဲ့ရင် ရှိတာပေါင်နှံပြီး သွားကို ကြည့်အုန်းမယ်။ :)

မြန်မာပြည်မှာတော့ နားထောင်လို့တောင်ရပါမလားမသိဘူး။ Chinese ရယ် Democracy ရယ် ပါတော့ ပြီးပြီးပေါ့။ နားထောင်ချင်တယ် စာသားတွေဖတ်ချင်ရင်တော့
နားထောင်ရန် http://www.deezer.com/#music/album/255900
စာသားဖတ်ရန် http://chinesedemocracylyricsgnr.blogspot.com

GN’R ရှင်သန်ပါစေ။

—ကျော်မိုးဥာဏ်—

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.

[တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်] 1 New Entry: ရင်သို့ထွင်းဖောက် ၀င်ရောက်ခဲ့သောကဗျာများ

ရင်သို့ထွင်းဖောက် ၀င်ရောက်ခဲ့သောကဗျာများ

ထက်ကောင်းကင် အာကာတခွင်၌ တိမ်မြူခိုးတို့ ကင်းစင်၍ လင်းချင်တိုင်း လင်းနေသော တနင်္ဂနွေ တစ်နေ့ဖြစ်သည့် အားလျော်စွာ ကျွန်ုပ်သည်လည်း အလုပ်အားရက်၏ အရသာကို ဆက်ရက်မင်းတစ်ကောင်၏ စည်းစိမ်မျိုးဖြင့် ယစ်မူးကာ အရသာခံနေလေတော့၏ ။ ယခင့် ယခင်ရုံးပိတ်ရက်များတွင် ကျွန်ုပ်သည် တစ်နေရာမဟုတ် တစ်နေရာ သွားတတ်သည် မှန်သော်လည်း ယနေ့တွင်မူ အပြင်ထွက်ရမှာ ပျင်းသည်က တစ်ကြောင်း၊ အားလပ်ရက်တွင် အိမ်၌ စာအုပ်ဖတ်ကာ စည်းစိမ်ယူလိုလှသည်က တစ်ကြောင်း ၊ လကုန်ရက် ရောက်ခါနီးသည်နှင့်အမျှ အိတ်ကပ်မှ ငွေအသပြာတို့မှာလည်း ပါးသည်ကတစ်ကြောင်း အိမ်၌ပင်နေကာ ပက်လက်ကုလားထိုင်တစ်လုံး ကော်ဖီတစ်ခွက် စာအုပ်တစ်အုပ်နှင့် ကျွန်ုပ်လွန်စွာမှပင် ကြိုက်နှစ်သက်လှသဖြင့် သွားလေရာ နေရာတိုင်းလိုလို၌ ပါတတ်သော လန်ဒန်ဟု ခေါ်တွင်သည့် စီးကရက်တဗူးကို ဘေး၌ချ၍ စာအုပ်ကိုဖတ်ရင်း လောက၏ အရသာကို ကောင်းမွန်စွာ ခံစားနေလေတော့သည်။ ထိုသို့ စည်းစိမ်ခံစားနေချိန်၌ပင် ကိုလင်းဒီပတစ်ယောက် အိမ်ရှေ့မှ ငိုက်စိုက်ငိုက်စိုက်ဖြင့် တက်လာသည် ကိုလှမ်းမြင်မိလေသည်။ ကျွန်ုပ်လည်း ကိုဒီပကိုမြင်သော် ယင်းဝင်သာအောင် တံခါးထဖွင့်ပေးရင်း နှုတ်ဆက်စကားဆိုလိုက်လေ၏ ။

" ဗျို့ကိုဒီပ မတွေ့တာတောင် အတော် ကြာနေပါပေါ့လား အခုကော ဘယ်လေတိုက်လို့ ရောက်လာပါသလဲဗျာ "

" ဟား ဟား မုတ်သုန်လေ မြောက်ပြန်တိုက်လို့ စိတ်၏စေရာအတိုင်းလိုက် လိုက်တာ မိုးမြင့်တိမ်တိုက်ဆီ ရောက်လာတာပါဘဲဗျာ "

" ကိုဒီပတို့ကတော့ လုပ်ပြီ စာချိုးလေးနဲ့ ပြောလိုက်ရမှပေါ့လေ။ ကိုဒီပနှယ် ဒီလို ပျော်ပျော်နေတတ်လို့ စိတ်ပျို ကိုယ်နု ဖြစ်နေသလား မသိဘူးဗျို့ "

" ကဲ စကားကောင်းနေလိုက်တာ ဧည့်သည်ကို ဧည့်ခံဘို့တောင် မေ့နေတယ် အပူလား အအေးလား ကိုဒီပ "

"ရပါတယ်ဗျာ အပင်ပန်းခံမနေပါနဲ့ နေပါစေ "

" ဘယ်ဟုတ်ပါ့မလဲ ကိုဒီပရဲ့ ကျွန်တော့်ဆီကို ရောက်တုန်းလေးတော့ ဧည့်ဝတ်ကလေး ကျေချင် စမ်းပါဘိနှယ်... ကဲ ခဏစောင့် ကော်ဖီသွားဖျော်လိုက်မယ်"

ကျွန်ုပ်လည်း ထိုသို့ပြောပြီးနောက် ကိုဒီပ သောက်ရန်အလို့ငှာ နောက်ဖေးသို့သွား၍ ကော်ဖီဖျော် ယူလာပြီးလျှင် ကိုဒီပအား ကော်ဖီကမ်းပေးရင်း လှမ်းပြောမိလိုက်၏ ။

" ကဲ ကိုဒီပရေ ကော်ဖီသောက်ရင်း လာရင်းအကြောင်းလေးဆိုပါဦးဗျ "

" ထွေထွေထူးထူးတော့ မရှိပါဘူးဗျာ ကိုမိုးမြင့်ဆီလည်း မရောက်တာကြာ စာအကြောင်း ပေအကြောင်းလေးလဲ ပြောရအောင် လာတာဗျ။ အခုတလော ကိုယ့်ဆရာလည်း ကဗျာရေးတွေ ကြဲနေပါလား"

" ကြဲဆို ဒီလိုကိုဒီပရဲ့ ။ ကျွန်တော်နှစ်သက်တဲ့ ကဗျာလေးတွေကို ပြန်လိုက်ရှာပြီးစုစည်းနေတာနဲ့ ကဗျာရေးတာ ခဏရပ်ထားတာ "

" ဟာ ဟုတ်လားဗျ။လုပ်စမ်းပါဦး ကိုမိုးမြင့်ကြိုက်တဲ့ ကဗျာလေးတွေက ဘယ်လိုကဗျာတွေလည်း ကျွန်တော့်ကိုလည်း ပြောပြပါဦး "

" အင်း ကြိုက်တဲ့ကဗျာတွေ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။ ဒီထဲက ကျွန်တော်ကြိုက်တဲ့ ပထမဆုံးကဗျာ ကိုပြောရမယ်ဆိုရင်တော့ ရှင်မဟာရဌသာရ ဆုံးမစာ လကာင်္ ပေါ့ဗျာ။ ဒီလကာင်္က ဆရာတော်ကကျွန်တော်တို့ နောင်လာ နောက်သားတွေကို ဆိုဆုံးမထားတဲ့ ကဗျာပေါ့ဗျာ။ ကျွန်တော်တို့ ကျောင်းတုန်းကလည်း သင်ခဲ့ကြရဘူးပါတယ်။ ဒီလကာင်္လေးမှာ မိခင်ဖခင်နဲ့ လူကြီးသူမ ဆရာသမားတွေ အပေါ်မှာ ဘယ်လိုဘယ်ပုံ ရိုသေကိုင်းရှိုင်းရမယ် ၊ လူကြီးမိဘ ဆရာသမားတွေရဲ့ ဆိုဆုံးမစကားကို ဘယ်လိုနာခံရမယ် ၊ ကိုယ့်ထက်အကြီး အကိုအမ တွေကို ဘယ်လိုသဘောထားရမယ် ၊ ဘယ်လိုစည်းလုံးရမယ် ၊ ဘယ်သူမျိုးကိုပေါင်းရမယ် ၊သတ္တ၀ါတွေအပေါ် ဘယ်လိုကြင်နာရမယ် ဆိုတဲ့ အသိတွေ အကျင့်တွေ ဆောင်ရွက်လိုက်နာဖွယ်ရာတွေကို ဆိုဆုံးမထားတဲ့လကာင်္လေးပေါ့ဗျာ။ တန်ဘိုးရှိသလို မှတ်သားလိုက်နာသင့်တဲ့ လကာင်္မို့လို့ ကျွန်တော်မှတ်ထားတယ်ဗျ။ ဒီမှာ"

ရွင္မဟာရဌသာရ ဆံုးမစာ လကာၤ

၁။ လက်သစ်တောင်သာ၊ ယူဇနာပေါင်းတာပြန်လောင်းသော် ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သည့်
တောင်မြင့်မိုရ်ရှိ၊ ဂုဏ်ကြီးဘိသည့်၊ မွေးမိဖခင်၊ ကျေးဇူးရှင်နှင့်၊ထို့ပြင်တခြား၊ ဘိုးနှင့်ဘွားကို၊ ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်၊ စိတ်ထင်ကလျက်၊ ဦးတင်လက်ထား၊ အစားအ၀တ်၊ မလွတ်ရစေ၊ ရေပူရေအေး၊ လိုရာပေး၍၊ ကျွေးမွေးကြလေ။တထွေမှတ်သား၊ အခါးအချို၊ သူတို့ဆိုလည်း၊ ဘိုးဘွားမိဘ၊ ဆရာစကား၊ ပြသဆိုထွေ၊ မျိုတတ်စေ။
(မိဘ၊ ဘိုးဘွား၊ ဆရာစကား ချိုချို ခါးခါးနာယူရသည်။)

၂။ အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနုတ်ထွက်၊ ဆက်၍မဆို၊ ရိုသေကြစေ၊ ကိုကြီး အစ်မ၊ သည်နှစ်ဝကို မိဘကဲ့သို့ မှတ်ကြလေ။

၃။ သေသူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါတယ်လည်း၊ မဖယ်မသွေ၊ ညီညာ ကုန်း၍၊ ရုန်းကြလေ။

၎။ သူတော်ကောင်းနှင့်၊ ပေါင်းဖက်ယှဉ်တွဲ၊ သူမိုက်မဲကို၊ ရှောင်လွဲပါလေ။ ဤသူအမြတ်၊ ဤသူလတ်ဟု၊ညစ်ပတ် ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို၊ သိတတ်စေ။

၅။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကိုလည်း၊ ချစ်ပါလေ။

" ဟုတ်ပါတယ် ကိုမိုးမြင့်ရေ။ တကယ်ကို မှတ်သားသင့်တဲ့ လကာင်္လေးပါ။ ကျွန်တော်လည်း ဖတ်ဘူး ၊ သင်ဘူးတယ် "

" ဟုတ်တယ်ကိုဒီပရေ။ ဆရာတော်ရေးခဲ့တဲ့ ကဗျာ၊ လကာင်္ ၊ ရတု တွေအများကြီးပါဘဲ။ ဒီထဲမှာ ကျွန်တော်ကြိုက်တဲ့ ဆရာတော်ရေးတဲ့ ရတုတစ်ပုဒ်ရှိတယ်ဗျ "

" ဟုတ်လား ဘယ်လိုရတုလည်းဗျ "

" ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု တဲ့ဗျ။ ကိုဒီပ နားထောင်ချင်ရင် ကျွန်တော်ရွတ်ပြမယ်"

"ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု"

(ပ) ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ် လက်သင်၊ ထုံးစတွင်နှိုက်၊
သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမ လည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေ ဂဟေ၊ မစပ်လေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျန်းဂန်သိမြောက်၊ ပဉ္စင်ရောက်က၊ ထပ်လှောက်ကြင်ဘွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးရှာ လေတော့မည်။ … ။

(ဒု) လူ့မြေတိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချ စေ့ရေ၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောက်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းရှက်၊ မွေးမယ်ရက်သည်၊ အသက်တို့က၊ ဆက်လှာရသား၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်တိတသွား၊ တဆံဖျားမျှ၊ မမှားအာရုံ၊ ကာမဂုဏ်ကို၊ မမြုံရချေ၊ ဖြတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်မချွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သံသာရှည်ခဲ့၊ စက်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ်ဒုက္ခ၊ အနိစ္စဟူ၊ နှလုံးမူစွ၊ ပေးလှူစွန့်ကြ၊ ဤဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊ ရွက်ဟုံကြွေကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသ မြှေးထူ၊ ရံမက်မြူကို၊ ဘယ်သူနှိုးရှာ လေတော့မည်။ …. ။

(တ) ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည် သများ၊ မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုးနှိုက်၊ ပုဆိုးကြာညွန့်၊ ပိတ်လှပ် တွန့်ကို၊ ဖြန့်၍တတည်၊ ရစ်ဖွဲ့ချည်မျှ၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမျှနှင့်၊ ခက်မ တထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုဘူးပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊ သနားဘွယ်တိ၊ ရှေးနှယ် ကျိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်၊ သက်ကြီး ဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူးလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည် ထပ်ဆင့်၊ ဖူးချိန်သင့်ကို။ မျှော်လင့် ခိုးရှာလေတော့သည်။ … ။
( ဆရာတော်၏ အထ္ထုပတ္တိအကျဉ်းနှင့် မူရင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည် )

" တော်တော်ကောင်းတဲ့ ရတုဘဲဗျ ကိုမိုးမြင့် "

" ဟုတ်တယ် ကိုဒီပ "

" နောက်တစ်ပုဒ် ကျွန်တော်ကြိုက်တာကတော့ ဆရာဇော်ဂျီရေးတဲ့ မင့်အိမ် ဆိုတဲ့ ကဗျာလေးဘဲ " "ဒီကဗျာလေးက ဘယ်အရာမဆို ကိုယ်တိုင် ကြိုးကုတ်အားထုတ်ပြီး ကိုယ်တိုင်ကြိုးစားမှာသာ ရနိုင်ဖြစ်နိုင်မယ်ဆိုတာကို ဖော်ကြူးထားတဲ့ ကဗျာလေးပေါ့။ တခြားသူ အောင်မြင်နေတာကို ငေးကြည့်ပြီး အားကျနေမဲ့အစား ကိုယ်ကိုယ်တိုင် သူတပါးလို အောင်မြင်အောင် ကြိုးစားအားထုတ်ရမယ် ဆိုတာကို ဖော်ပြထားတာဘဲ ကိုဒီပရေ။ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတိုင်း ပြန်ပြန်သတိရမိတဲ့ ကဗျာလေးတစ်ပုဒ်ပါဘဲ။ ဒီမှာလေ ကိုဒီပ ဖတ်ကြည့်လိုက်ပါဦး "


မင့်အိမ်

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်က မင့်အိမ် ၊ လွန်သေးသိမ်ဟု
မငြိမ်မသက် ၊ စိတ်စက်မကောင်း
စိတ်ထောင်း ကိုယ်ကြေ ၊ တခွေခွေသည်
နေထိကြွေမည့် ပန်းယဉ်အိ။

လှိုင် အိအယောင်
ဆောင်ပြိုင် သာမော ၊ သူ့အိမ်ချောသို့
စကြောသပ်ရပ် စံပယ်ထပ်နှင့်
ပန်း ထပ် ပန်း ကြွ ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း ၊ မင်းရော်ရမ်းသည်
ပန်း အိ နေထိ ကြွေတော့မည်။

မကောင်း မင့်အိမ် ၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို ၊ အမိုးယိုသော်
မငြိုသင့်ပါ ၊ မင့် တက်ဖာပေါ့
အကာ အနင်း ၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင် ၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့ ၊ အရွှဲ့ အစောင်း
မကောင်း မပြေ ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ ၊ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း ။ ။

ကျွန်ုပ်လည်း ကိုဒီပလက်ထဲသို့ ဆရာဇော်ဂျီ၏ ညီသစ်ဆင်း ကဗျာစာစုများ ဆိုသည့် ကဗျာစာအုပ်အား လှမ်းပေးကာ ကိုဒီပ ကဗျာဖတ်နေသော အချိန်အတွင်း၌ကျွန်ုပ်လွန်စွာမှပင် ကြိုက်နှစ်သက်သည့် ပရီးမီးယားဟု ခေါ်တွင်သည့် ကော်ဖီအားတစ်ငုံခန့်မျှ သောက်၍ လန်ဒန်စီးကရက်အား မီးညှိဖွာရှိုက် လိုက်လေသည်။ ထို့နောက် ကိုဒီပအား

" ဘယ်လိုလဲ ကိုဒီပ ဆရာဇော်ဂျီရေးထားတာ "

" ကောင်းတယ်ဗျာ လူတစ်ယောက်မှာ ရှိသင့်၊ထားသင့်တဲ့ စိတ်ဓါတ်ကို အိမ်နဲ့ ဥပမာ ပေးစပ်ဆိုသွားတာ တကယ့်ကို ကောင်းပြီး တန်ဘိုးရှိတဲ့ ကဗျာတစ်ပုဒ်ပါဘဲဗျာ "

" ဟုတ်တယ်ကိုဒီပရဲ့"

" ဒါနဲ့ ကိုမိုးမြင့် ဒီနေ့ခေတ်ထဲမှာ မော်ဒန်ကဗျာတွေ ခေတ်စားလာတယ်ဗျ။ အဲဒီထဲံမှာ ကော ကိုမိုးမြင့်ကြိုက်တဲ့ ကဗျာရှိလား "

" ရှိတာပေါ့ ကိုဒီပရယ် ကဗျာဆရာဆိုတာ ကိုယ့်ရင်ထဲမှာ ရှိတဲ့ အကြောင်းအရာ ကိုယ်ကနေ ကဗျာဖတ်သူတွေကို ပေးချင်တဲ့ အကြောင်းအရာ တွေကို ရေးနည်းရေးဟန်အမျိုးမျိုးနဲ့ ပေးနေကြတာလေ။ ဒါကြောင့်မို့ ကဗျာတိုင်းကို ကျွန်တော် နှစ်သက်တယ်။ ကဗျာဆရာတိုင်းကို ကျွန်တော် လေးစား တန်ဘိုးထားတယ်ဗျ။ ဒီနေ့ခေတ်ထဲမှာလည်း ကျွန်တော်ကြိုက်တဲ့ ကဗျာဆရာတွေ ကဗျာတွေ အများကြီးရှိတယ် ကိုဒီပ။ အဲဒီထဲကနေ ကျွန်တော်ကြိုက်တဲ့ ကဗျာတစ်ပုဒ် ကိုဒီပကို ပြမယ်။အဲဒီကဗျာက တာရာမင်းဝေ ရေးထားတဲ့ နှင်းလူဆိုတဲ့ ကဗျာဘဲ ကိုဒီပ။ ကျွန်တော်လည်း ဆောင်းရာသီနဲ့ ပတ်သက်နေတဲ့ ကဗျာလေးဆိုတော့ မှတ်မိပြီး ကြိုက်နေတာဗျ "

နှင်းလူ

နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ၀ါးစားရင်း
နေ နဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်။

ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့။

သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကို ရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်။

အဲဒီလိုနဲ့
နွေဦးပေါက် များစွာကို လွန်လေပြီးမှ
ပြန်လည် နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်။

ပြီးတော့
သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ်၊ ခါးထောက်ရပ်လိုက်တယ်။

ငါ..(သို့မဟုတ်)
နှင်းလူကလေးရဲ့ မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ
သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ့။

" ကောင်းလိုက်တာ ကိုမိုးမြင့် ၊ ဖတ်ရတာ အရသာ ရှိတယ်ဗျာ "

" ဟုတ်တယ်ကိုဒီက ကျွန်တော်လည်း ဒီကဗျာလေးကို တော်တော်ကြိုက်တယ်ဗျ "

" နောက်ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ ကျွန်တော်ကြိုက်တဲ့ ကဗျာတစ်ပုဒ်ရှိသေးတယ်။ အဲဒီကဗျာကတော့ ကျွန်တော့်အကိုကြီး ဆိုလည်းဟုတ် ကျွန်တော်ဂျီကျပြီး မေးသမျှကိုလည်း အိပ်ရေးပျက်ခံပြီး မညဉ်းမညူ စဉ်းစားပေးတွေးတောပေး သင်ပြပေးတဲ့ ဆရာဆိုလည်းဟုတ် ကျွန်တော်ရေးတဲ့ကဗျာတွေကို အချိန်ကုန်ခံပြီး စိစစ်အကြံပေးတတ်တဲ့ မိတ်ဆွေဆိုလည်းဟုတ်တဲ့ အကို မင်းသုခရေးပြီး ကျွန်တော့်ကို လက်ဆောင်ပေးထားတဲ့ ကဗျာပေါ့။ ကဗျာနာမည်က ဒီဇင်ဘာလျော်ကြေး တဲ့ ။ ကဗျာကိုတပ်မက်ခုံမင်လွန်းတဲ့ သားနဲ့ သားအပေါ်မှာ မိဘမေတ္တာစိတ်အပြည့်နဲ့ ဖြစ်စေချင်လွန်း အောင်မြင်စေချင်လွန်းတဲ့ အဖေတစ်ယောက်ရဲ့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးကို ရေးဖွဲ့ထားတဲ့ ကဗျာလေးပေါ့ ။ ကျွန်တော်တော်တော်ကို နှစ်ခြိုက်မိတဲ့ ကဗျာလေးလေ။ ကျွန်တော်ရွတ်ပြမယ် နားထောင်ကြည့် ကိုဒီပ "


ဒီဇင်ဘာ..လျော်ကြေး

အခုလိုဒီဇင်ဘာဆို တောင်နေကြာတွေနဲ့
အနာတရကို ရွှေရောင်ချထားတဲ့မြို့ …
ရာသီနှိပ်စက်လို့ အတိတ်ပျက်ခဲ့တဲ့ ကမ္ဘာကြီးနှလုံးသား
သွေးရောင်တစက်စက်ထနေတဲ့ အပိုင်းအစတွေနဲ့
သန္တေတည်ခဲ့တဲ့မြို့ …
ကောင်းကင်ရောင်တလက်လက်ကြွနေတဲ့ ပုံဆောင်ခဲအစတွေနဲ့
အမြုံဘဝရောက်ခဲ့တဲ့မြို့ …
ဒဏ်ရာအပေါက်အပြဲ အရှက်တကွဲနဲ့
နှင်းတွေမစဲတဲ့မြို့ …
အဲဒီ ရတနာမြေ ဆိုတဲ့ မြို့ သေးသေးလေးမှာ ကြီးပြင်း
ကျွန်တော့် ကဗျာတွေ စစီးဆင်းခဲ့တယ်..၊၊

သူမရဲ့နယ်ရုပ်လေးအဖြစ်
အိပ်မက်တွေချကြွေးပြီး အိပ်စက်ခြင်းတွေသိမ်းပိုက်
ခြွေချခံလိုက်ရတဲ့ကြယ်ဟာ
ကြေကွဲခြင်းကာရံတွေနဲ့ အလွမ်းတွေဖဲ့ဖဲ့ချ
ကောင်းကင်ရဲ့ညတွေ ကဗျာတွေနဲ့တနေခဲ့တယ်…၊၊

ယုံကြည်ခြင်း ကောင်းကင်မှာ
ကျွန်တော် တင်ခဲ့တဲ့လမင်း
တညက်ညက် လင်းတယ်ဆိုရုံလေး
ကဗျာမာန သေးသေးလေးနဲ့
အစွမ်းကုန် မြုပ်နစ် အဖေ့ရင်ကို ကုတ်ခြစ်ခဲ့မိတယ်..။

အဖေ့ရင်မှာ ဖြစ်စေချင်တဲ့ ဗိသုကာဘဝ
ကဗျာတွေနဲ့ ဖြေပြခဲ့တဲ့ ကျွန်တော်
ကျောင်းတော်ကအပြန် အဖေ့ရင်ကွဲသံကိုကျောခိုင်း
တမင်ရိုင်း ခဲ့တာမဟုတ်ဘူး အဖေ..။

ခုံမင်တဲ့ ကဗျာအစလေးတွေနဲ့
တစ်ခါကပေးတဲ့ အိပ်မက်
ဆန်းတက်တဲ့ နေ့ရက်တွေမှာ
မှတ်တမ်းထွက်တဲ့ ပုံနှိပ်စာလုံးတွေက
ကျွန်တော့်ဘ၀အတွက် မမေ့ရက်စရာ
(၇၅) ကျပ်တန် အပျော်တွေပါ..။

မေတ္တာအရောင်တွေ ကြီးစိုး
ကဗျာဆရာဖြစ်မှာ စိုးတဲ့အဖေ
ကျွန်တော့်ကို ရိက္ခာဖြတ်တော့
သပြေနဲ့ ချယ်ရီ ကျွန်တော့်အတွက်တော့ နာရီဖြစ်ခဲ့တယ်..။

ကာရန်နဲ့ကဗျာ ရင်မှာထိုးသိပ်
တရိပ်ရိပ် ရွက်လွှင့်ရင်း
အလင်းစက် တ၀က်တပျက်မိုး
ခြင်တွေရဲ့ ကကြိုးညိလို့
ဒုက္ခနဲ့ အတိပြီးတဲ့ညတွေ
အဆောင်သူတွေ လက်ဖက်နဲ့
အသက်ဆက်ခဲ့တယ်..။

ကဗျာသမားရဲ့ ဘ၀လမ်း
ပျံသန်းရတာ ကြမ်းလွန်းပါတယ်အဖေ..။

ရင်နဲ့ရင်းပြီး အသက်သွင်းခဲ့တဲ့
ကျွန်တော်ရဲ့ အပြစ်မဲ့ကဗျာတွေ
တစ်ခါတစ်လေမှာ မိတ်ကပ်လိမ်းကျံ သိမ်းပိုက်ခံရတဲ့အခါ
ကြေကွဲမှု ချော်ရည်ပူတွေအဖြစ်
ဒေါသတွေ မီးတောင်လိုပေါက်ကွဲပေမယ့်
အံခဲရုံဘဲ တတ်နိုင်ခဲ့တယ်လေ..။

ဥယျာဉ်မှုး ကျွန်တော့်လက်နဲ့ အသက်ဆက်တဲ့ပန်းကလေး
အိပ်ဆေးတွေ ကျွေးခဲ့ကြလေတော့
နာကျည်းချက် အပိုင်းအစနဲ့
ဆောက်တည်ရာမဲ့တဲ့ မုန်တိုင်း
ကျွန်တော့်ရဲ့ ယုံကြည်ချက်တံတိုင်းတွေလည်း
ကျိုးပျက်စေခဲ့ရတယ်..။

အယက်အကန်ခံလို့ အံခဲမယ့်ဗေဒါလို
စိတ်ဓါတ်ကိုအားတင်း ရဲရင့်ခြင်းနဲ့ နေပါလည်း
ကျွန်တော့်ရင်ထဲ မြတ်နိုးတဲ့ ကဗျာပန်းတွေ
ှနွမ်းလျလို့ ကျေခဲ့တယ် အဖေ..။

အဖေ အတန်တန်ရိုက်ချိုးလို့ မကျိုးခဲ့တဲ့ဗီဇ
အဖေ အမျိုးမျိုးနားချ တားမရတဲ့ ကဗျာသည်ဘဝ
ဒဏ်ရာတွေစရခဲ့တာ အဲ..ဒီ့..က..နေ..ပါ အဖေ..။

ကျွန်တော့် မာနမိုးတိမ်တွေ
တစ်ချိန်ချိန်တော့ ရွာချကောင်းပါရဲ့
အဲဒီမျှော်လင့်ချက်
တစ်ရက်ပြီး..တစ်ရက်ရင့်ရော်
တစ်ရွက်ပြီး..တစ်ရွက်ကြွေလွင့်
တစ်ခက်ပြီး..တစ်ခက်ကျိုးကျ
အဖေပျိုးမရခဲ့တဲ့ ကေင်းကင်ဟာ
ပြန်ကျမိုးလေးတစ်စက်မှ
အဖေ့ အတွက် မရွာချနိုင်ခဲ့ဘူးနော်..၊၊

ဒီဇင်ဘာ နောက်ဆုံးရက်
ယုံကြည်ချက်တွေနှုတ်ဆက် ခဲ့တဲ့အဖေ
ထွက်သက်တွေ ကြွေလုဆဲဆဲ
နှင်းသဲသဲမှာ ကျွန်တော့်ကဗျာလေးထဲက
တစ်ပိုင်းတစ်စစာသား အဖေရွတ်ပြသွားခဲ့တာ
အဝေးရောက်နေတဲ့သား ယူကြုံးမရခြင်းခေါင်းစဉ်အောက်မှာ
တောက်ပခွင့် မရှိတဲ့ကြယ်တလုံးလိုဘဲ
ကျရှုံးခဲ့တယ် အဖေ..။

" ဟစ်တလာကို မယူနဲ့ အနုမြူဗုံးကို မမွေးနဲ့ "

တောင်တန်းတွေ ရေတံခွန်အဖြစ်နဲ့
အရောင်မဲ့သွေးတွေ အန်ချနေသမျှ
ကောင်ကင်ကြီး မိုးစက်တွေအဖြစ်
ရှိုက်ကြီးတငင် ငိုကြွေးနေသမျှ
ကဗျာသည်ဘ၀ကို ကာရံစားပြီး
ကြီးပြင်းရပ်တည်ချင်ခဲ့တဲ့ ကျွန်တော်
အဖေ့အပေါ် လုံးလုံးမတရားခဲ့ဘူးနော်..။

အဖေ့အိပ်မက် ရိတ်ဖြတ်ခဲ့တဲ့သား
အဖေလိုချင်တဲ့ပုံစံ ခြေစုံကန်တဲ့သား
အဖေရေးချင်တဲ့သမိုင်း ကျောခိုင်းခဲ့တဲ့သား
အဖေ့မျှော်လင့်ချက် ပျော်လွင့်ပျက်စေတဲ့သား
ယုံကြည်ချက်တစ်ခုနဲ့ ရှေ့တန်းထွက်ခဲ့တဲ့သား
တကယ့်ဇာတ်ဝင်ခန်းတွေမှာတော့
ဖြစ်လျှောက်ခန်းလောက်သာ ပါခဲ့ရတယ် အဖေ..။

အဖေရယ်...
အဖေစီးဆင်းခဲ့တဲ့ မျှော်လင့်ခြင်းမြစ်တွေမှာ
ချောက်တစ်ခုလို ဖြစ်ခဲ့တဲ့ကျွန်တော်
အခုတော့လေ
ပြိုကျစရာမကျန်တော့လောက်တဲ့ ကမ်းပါးတစ်ခုလို
ကျွန်တော့်ကိုယ်ကျွန်တော် ဖြိုချပြီး
ကျွန်တော်မြတ်နိုးခဲ့တဲ့ ကဗျာသည်ဘဝ
ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မွေ့ချပြီး
ကံကြမ္မာကန်းရိုးတန်းပေါ်မှာ မြုပ်နှံခဲ့လိုက်တာ
ကျေနပ်ပါ အဖေ.....။

" ကောင်းလိုက်တဲ့ ကဗျာလေး ကိုမိုးမြင့်ရာ။ ဖတ်ပြီးတော့ ရင်ထဲတစ်မျိုးတစ်မည်ကြီး ခံစားလိုက်ရတယ် "

" ဟုတ်တယ်ကိုဒီပရေ ဒါကြောင့်မို့လည်း ကျွန်တော်ကြိုက်တာပေါ့ "

" ကဲ ကိုဒီပရေ ကျွန်တော် ကြိုက်တဲ့ ကဗျာတွေတော်တော်များများလည်း ပြောပြခဲ့ပြီးပြီ။ ကျွန်တော်ကြိုက်တဲ့ ကဗျာတွေ အကုန်သာပြောရရင် ဒီဘလော့ခ်စာမျက်နှာလောက်ပါ့မလားလို့ စိုးရိမ်မိတယ်ဗျို့ ။အဲဒီတော့ ဒီလောက်နဲ့ဘဲ ရပ်လိုက်မယ်ဗျာ အချိန်လည်း အတော်လင့်နေပြီ။ နောက်တစ်ခါ ကျမှဘဲ ထပ်ပြောကြတာပေါ့ "

" ဟုတ်တယ် ကိုမိုးမြင့်ရေ ကျွန်တော်လည်း ပြန်ဘို့သင့်ပြီဗျ။ အိမ်ကလည်း မျှော်နေလောက်ပြီ ။နောက်တစ်ခါ ကျတော့မှ ဆက်ပြောကြတာပေါ့ဗျာ။ အခုတော့ ကျွန်တော်လည်း ပြန်လိုက်ဦးမယ် ကိုမိုးမြင့်ရေ ။ အခုလို ကဗျာကောင်းတွေဖတ်ရတာ ကျေးဇူးတင်သဗျာ။ ကဲသွားပြီဗျို့ "

ကျွန်ုပ်လည်းပြောပြောဆိုဆိုနှင့် နှုတ်ဆက်ကာ ဆင်းသွားသော ကိုဒီပ၏ ကျောပြင်ကို ငေးကြည့်ကာ ဒီဇင်ဘာ လျော်ကြေး ဆိုသော ကဗျာလေးအား ဒုတိယအကြိမ် ပြန်ဖတ်မိ လိုက်လေတော့သည်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

( ကိုလင်းဒီပရေ ရေးလိုက်ပါပြီဗျာ။ ရေးပေးတာနောက်ကျတဲ့ အတွက်ခွင့်လွှတ်စေလိုပါသည်ခင်ဗျာ )

ပထမတော့ မတက်ခ်တော့ဘူးလို့ နေမလို့။ ဒါပေမယ့် စိတ်ကူးပြောင်းပြီး တက်ခ်ပါမည်။ တက်မည့်သူကတော့ တူများရဲ့ အရှင်ဘုရင်ကြီး ကိုဖိုးမောင်(Happy Cloud) ပါ။ နောက်တစ်ယောက်ကတော့ ညီမ ရွှန်းမီပါ။ နောက်တစ်ယောက်ကတော့ ညီမ Green Girl ပါ။ အားလုံးဘဲ ခင်တယ်ဆိုရင် ရေးပေးကြပါနော်။

You received this email because you are subscribed to the real_time feed for http://moemyinttane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

["Education for Myanmar Youths"] 1 New Entry: နိုင်ငံပြု ပညာ

နိုင်ငံပြု ပညာ

စံပယ်ဖြူ မဂ္ဂဇင်းမှ စာရေးဆရာ မိုးသန် ဘာသာပြန်ထားတဲ့ နိုင်ငံပြုပညာ ဆောင်းပါးကို ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါး ရေးသားဖို့အတွက် ကိုးကားပြုစုတဲ့ ဆောင်းပါးခေါင်းစဉ်များကတော့ Geoff An drews နဲ့ Michael Saward ရေးသားတဲ့ Living Political Ideal's၊ Richard Hudelson ရေးသားထားတဲ့ Modern Political Philiosophy နဲ့ Encarta Reference 2007 တို့ ဖြစ်ကြပါတယ်။ စာရေးဆရာ မိုးသန် အနေနဲ့ ပြည်တွင်း တင်းကျပ်မှု ကြားထဲမှ ရေးသားတင်ပြရလို့ နားလည်ပေးစေလိုပြီး ယနေ့ မြန်မာနိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်ဖို့ စဉ်းစားသုံးသပ်နိုင်တဲ့ အချက်အလက်များ၊ အတွေးအခေါ် အယူအဆများ အစရှိသဖြင့် စိတ်ဝင်စားစရာ နိုင်ငံရေးသိပံ္ပ ပညာရပ်များနဲ့ ဆက်စပ်နေတဲ့ အချက်အလက်များ၊ အကြောင်းအရာများကို ထုတ်ဖော်ရေးသား တင်ပြထားပါတယ်။ နိုင်ငံပြုပညာဖြစ်တဲ့ နိုင်ငံရေးသိပံ္ပ ပညာရပ်ဟာ နိုင်ငံတခုမှာ မရှိမဖြစ် လိုအပ်တဲ့အပြင် နိုင်ငံတော်တခုကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်တဲ့ ပညာရပ်တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အနာဂါတ် မြန်မာနိုင်ငံတော်အတွက် လူငယ်လူရွယ်များ ဗဟုသုတ အသိပညာ ကြွယ်ဝဖို့ ဒီဆောင်းကို ဖတ်သင့်တယ်ဆိုတာ တိုက်တွန်းလိုပါတယ်။

ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်တည်ရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေးရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ် ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်း တစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤ စာစုတွင် နိုင်ငံရေး သိပံ္ပပညာရပ်များ၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အကောက်အယူ များကို တင်ပြသွားမည် ဖြစ်သည်။

လူတို့သည် ပုရွက်ဆိတ်များ၊ ပျားများကဲ့သို့ အစုအပေါင်း အသိုက်အမြုံနှင့် နေတတ်သော သတ္တ၀ါ ဖြစ်သည်။ မိမိတို့၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဦးပေါ် တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုရင်း စနစ်ကျသည့် ဆက်ဆံရေး ပုံစံအောက်တွင် ပေါင်းစုနေထိုင်းခြင်း၊ အရည်အသွေးပေါ် မူတည်၍ တာဝန်အမျိုးမျိုး၊ တာဝန်ယူမှု အမျိုးမျိုးတို့ကို ခွဲဝေထမ်းဆောင်ကြခြင်းဖြင့် ကိုယ့် အစုအဝေး အသိုက်အမြုံအတွင်း ရှင်သန် လှုပ်ရှားနေကြသည်။ သို့ရာတွင် လူသားနှင့်ပျားများ၊ ပုရွက်ဆိတ်များကဲ့သို့ ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါများကြားတွင် ကြီးမားသော ကွာဟမှု ရှိသည်။ အခြား သတ္တ၀ါများသည် ဗီဇ၏ လွှမ်းမိုးမှု သက်သက်ဖြင့် သူတို့ အသိုက်အမြုံ၏ အစဉ်အလာ ဖွဲ့စည်းမှု စည်းကမ်းများအတိုင်း ရှင်သန်နေကြရခြင်း ဖြစ်သည်။ သူတို့၏ ပုဂ္ဂလိက ဘ၀သည် အရွှေ့အပြောင်းမရှိ၊ ရွေးချယ်ရန် အခွင့်အလမ်း မရှိကြချေ။ လူသားတို့မှာကား ထိုသို့မဟုတ်ပေ။ ရှေ့ မျိုးဆက်မှ အတွေ့အကြုံများ၊ အသိတရားများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်း တတ်သည့် အသိဥာဏ်ပိုင်ရှင် ဖြစ်သည်။ အသိဥာဏ် မြင့်မားသည့် အတွေးအခေါ် ပညာရှင်ကြီးများသည် သူတို့ ဖြတ်သန်းခဲ့ရသော သမိုင်းခေတ်၏ နောက်ခံကားပေါ်တွင် အကောင်းဆုံး လူမှု ဖွဲ့စည်းပုံစံများ၊ လူမှု ဆက်ဆံရေးပုံစံများ၊ စံပြနိုင်ငံတော် ပုံစံအမျိုးမျိုးတို့ကို မတူညီသော ရှုထောင့်အသီးသီးမှ တွေးခေါ်ကြံဆ ဖော်ထုတ်ခဲ့ကြသည်။ ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်ခံရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေ့ ရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ်ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီး တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤဆောင်းပါးတွင် နိုင်ငံရေး သိပံ္ပပညာရပ်၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အယူအဆများကို တင်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေး သိပံ္ပပညာရပ်သည် နိုင်ငံရေးကို စနစ်တကျ လေ့လာခြင်း သို့မဟုတ် နိုင်ငံရေး၏ရောင်ပြန်ဟပ်မှုများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေးဟူသည် လူများ၊ အဖွဲ့အစည်းများ၏ ပါဝါ အသုံးပြုမှုနှင့် ပါဝါအတွက် ရုန်းကန်လှုပ်ရှားမှုများပင် ဖြစ်သည်။ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် အများအားဖြင့် နိုင်ငံရေး ပါဝါများကို အစိုးရများက မည်သို့မည်ပုံ အသုံးချသည်တို့ကို လေ့လာလေ့ရှိသည်။ အခြား တစ်ဖက်တွင်လည်း စီးပွားရေးအပေါ် နိုင်ငံရေး၏ အကျိုးသက်ရောက်ပုံများ၊ သာမန်အရပ်သူ အရပ်သားတို့၏ နိုင်ငံရေးအပေါ် သဘောထားအမြင်များ၊ အရပ်ဖက် အဖွဲ့အစည်းတို့အပေါ် နိုင်ငံရေး၏ သြဇာသက်ရောက်ပုံများ စသည်တို့ကို လေ့လာသည်။ အစိုးရများ၏ သဘောသဘာဝနှင့် ပါဝါကျင့်သုံးပုံများကို အလေးပေးလေ့လာခြင်းသည် အခြားသော လူမှုသိပံ္ပပညာရပ်များနှင့် နိုင်ငံရေးသိပံ္ပတို့ကို ခြားနားစေသော အချက်ဖြစ်သည်။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် အစိုးရများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်စပ်ပုံကို လေ့လာနိုင်ရန် စီးပွားရေး ပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှု ရှိသည်။ ထို့အတူ လူမှု အဆောက်အအုံနှင့် နိုင်ငံရေး အဆောက်အအုံ တို့အကြား ဆက်နွယ်နေမှုကို သိရှိနားလည်စေရန် လူမှုပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှုများလည်း ရှိသည်။

နိုင်ငံရေး သိပံ္ပ၏ အရေးပါမှု

နိုင်ငံရေး သိပံ္ပသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။ ၂၀ ရာစုအတွင်း သန်းပေါင်းများစွာသော လူသားတို့သည် မတူညီသော နိုင်ငံရေးအယူအဆများကို ယုံကြည်စွဲကိုင်ကြသော အပြိုင်နိုင်ငံရေး အုပ်စုများ၊ အုပ်စိုးသူများ၊ အာဏာရှင်များ၏ ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ လူသားတို့၏ ဘ၀သည် သူတို့နေထိုင်ရာ နိုင်ငံ အစိုးရများ၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုတွေကို ခံနေကြရပြီး သူတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း၏ လူမှု အဆောက်အအုံအပေါ် မူတည်၍ တာဝန်နှင့် ရပိုင်ခွင့်များ မတူညီကြပေ။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံသားများကို ပညာပေးခြင်း၊ နိုင်ငံ့ခေါင်းဆောင်များကို အကြံပေးခြင်း၊ ဦးဆောင်လမ်းပြခြင်း၊ နိုင်ငံရေး အတွေးအမြင် မျိုးစုံ ပေါ်ပေါက်ရှင်သန်လာစေရန် သုတေသန ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ နိုင်ငံရေး တည်ငြိမ်မှုနဲ့ တော်လှန်ရေး၊ ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခြင်း၊ ညီမျှမှုနှင့် မညီမျှမှု၊ စစ်နှင့် ငြိမ်းချမ်းရေးစသည့် နိုင်ငံရေးဆိုင်ရာ အကြောင်းခြင်းရာတို့၏ ရင်းမြစ်များနှင့် အကျိုးဆက်များကို နားလည်နိုင်စေရန်၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေး သိပံ္ပပညာ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။


နိုင်ငံရေး သိပံ္ပ၏ ပညာရပ်ဆိုင်ရာ နယ်ပယ်များ

(၁) နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု (Comparative Politics)

မတူညီသော နိုင်ငံများ၏ နိုင်ငံ့ရေးရာများကို နှိုင်းယှဉ်လေ့လာခြင်း ဖြစ်သည်။ အချို့ သော ပညာရှင်များသည် နိုင်ငံတစ်ခု၏ အခြေအနေများကို မတူညီသော အချိန်သတ်မှတ်ချက် နှစ်ခု ပိုင်းခြား၍ နှိုင်းယှဉ် လေ့လာကြသလို ယဉ်ကျေးမှုခြင်း ဆင်တူသည့် နိုင်ငံအုပ်စုများ (ဥပမာ - အရှေ့ တောင် အာရှ နိုင်ငံများ) ကို နှိုင်းယှဉ်လေ့လာကြသည်။ ထိုပညာရှင်တို့သည် လေ့လာနေသော နိုင်ငံ (သို့မဟုတ်) နိုင်ငံအုပ်စုများ၏ ဘာသာစကား၊ သမိုင်း နောက်ခံ အခြေအနေ၊ ယဉ်ကျေးမှုရေးရာတို့ကို ကျွမ်းကျင်ကြသူများ ဖြစ်သည်။ အချို့ပညာရှင်များသည် ယဉ်ကျေးမှုခြင်း မတူညီသော နိုင်ငံများကို လေ့လာကြပြီး ထိုနိုင်ငံတို့၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကြသည်။ ထိုသို့ လေ့လာခြင်းဖြင့် ရရှိလာသော တွေ့ရှိချက်များသည် သမိုင်း သင်ခန်းစာအဖြစ် ပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံရေး စနစ် အပြောင်းအလဲ လုပ်လိုသော နိုင်ငံများအတွက် ရင်ဆိုင်ရနိုင်သော အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်နိုင်သလို၊ လိုအပ်ချက်များ ရှိနေပါကလည်း ကြိုတင်ဖြည့်ဆည်းနိုင်သည့်အတွက် များစွာအကျိုးရှိပေသည်။

(၂) နိုင်ငံတကာ ဆက်ဆံရေး (International Relation)

နိုင်ငံတကာ ဆက်ဆံရေးပညာသည် နိုင်ငံအချင်းချင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံစုံကျော် ကော်ပိုရေးရှင်းကြီးများ၏ အပြန်အလှန် ဆက်ဆံမှု ပုံစံများ၊ အကျိုးသက်ရောက်မှုများကို လေ့လာသည်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံရေး ပညာရှင်များ အသုံးပြုသော အစဉ်အလာ ချဉ်းကပ်နည်း နှစ်ခုမှာ Realism နှင့် Liberalism တို့ ဖြစ်သည်။ Realism အစဉ်အလာအရ နိုင်ငံတကာစနစ် (International Order) ၏ တည်ငြိမ်မှုကို ထိန်းထားနိုင်ရန် အင်အားညှိရေး (Balance of Power) အယူအဆကို အသုံးပြုသည်။ Liberalism အစဉ်အလာအရ ကြည့်မြင် သုံးသပ်မည် ဆိုလျှင်မူ နိုင်ငံအချင်းချင်းကြား ပေါ်ပေါက်လာသော ပဋိပက္ခများ၊ တင်းမာမှုများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုကို အားပေးသည်။ ဥပမာ ကုလသမဂ္ဂ၊ အီးယူ မဟာမိတ်အဖွဲ့အစည်းများက ၀င်ရောက် ညှိနှိုင်းပေးရသည့် သာဓက ရှိပါသည်။ ဤသို့ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် နိုင်ငံတကာ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

(၃) နိုင်ငံရေး သီအိုရီများ (Political Theories)

နိုင်ငံရေး သိပံ္ပပညာရပ် စတင်ထွန်းကားခဲ့ရာ ဂရိခေတ်မှ စတင်၍ ယခုအချိန်ထိ ပေါ်ပေါက်ခဲ့သော နိုင်ငံရေး သီအိုရီများကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများတွင် တရားမျှတမှု၊ ညီမျှမှု၊ လွတ်လပ်မှု၊ မှန်ကန်မှု၊ နိုင်ငံသားဖြစ်မှု စသည့် နိုင်ငံရေး၏ အရေးပါသော အခြေခံ အယူအဆများကို ဝေဖန်ဆန်းစစ်မှုများ ပါဝင်သည်။ ထို့ပြင် နိုင်ငံရေး သိပံ္ပကို လေ့လာရာတွင် လိုအပ်သော ယုတ္တိဗေဒဆိုင်ရာ အချက်အလက်များကိုလည်း နိုင်ငံရေး သီအိုရီများတွင် တွေ့မြင်နိုင်သည်။ နိုင်ငံရေး သီအိုရီများသည် ဥပဒေနယ်ပယ်၊ ဒဿနိက နယ်ပယ်တို့နှင့် ဆက်နွယ်လျက်ရှိသည်။

ယေဘုယျအားဖြင့် နိုင်ငံရေး သီအိုရီပိုင်ရှင်များသည် လူသားနှင့် လူ့အဖွဲ့အစည်းတို့အတွက် အကောင်းဆုံးသော စံပြဖွဲ့စည်းပုံများကို တင်ပြကြသလို၊ အုပ်စိုးသူနှင့် အုပ်စိုးခံသူများကြား ပဋိညာဉ်ပြုမှု စသည်တို့ကို လေးနက်စွာ စဉ်းစားဖော်ထုတ်ကြခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများကို ဓမ္မဓိဌာန် စံနှုန်းများအတိုင်း စဉ်းစားတွေးခေါ် တည်ဆောက်ထားသော Normative Theories များ၊ လူသား၏ သဘာဝကို အခြေပြုစဉ်းစားသော Prudential Theories များနှင့် လူသားတို့၏ လွတ်လပ်မှု အခြေခံမှ စဉ်းစားသော Constructive Theories များဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ Normative Theories များသည် နိုင်ငံသားတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနှင့် နိုင်ငံတော်၏ ဥပဒေကို လိုက်နာမှုတို့တွင် မည်သည့်အတွက် ထိုသို့လုပ်သင့်ခြင်း ဖြစ်သည်တို့ကို ကိုယ်ကျင့်တရား ရှုထောင့်၊ ဓမ္မဓိဋ္ဌာန်ရှုထောင့်တို့မှ ဆန်းစစ်ပြုခြင်း ဖြစ်သည်။ Prudential Theories များမှာမူ ကိုယ်ကျင့်တရား၊ ဆင်ခြင်တုံတရားတို့ထက် လူသား၏ မိမိအကျိုးစီးပွားရှိမှုကို လိုလားသော သဘာဝကို အခြေပြုပြီး ဆန်းစစ်ထားသော နိုင်ငံရေး သဘောတရားများ ဖြစ်သည်။ Constructive Theories ပညာရှင်များသည် နိုင်ငံသားတို့ မည်သည့်အတွက် နိုင်ငံတော် အပေါ် သစ္စာစောင့်သိကြသည်ဆိုသည်ထက် လိုအပ်မှုအရ နိုင်ငံတော်က အကောင်အထည် ဖော်နေသော စနစ်တို့အပေါ်တွင် မည်သို့မည်ပုံ ပါဝင်ပတ်သက်သင့်သည် ဆိုသည်တို့ကို ရှင်းလင်းပြခြင်းများ ဖြစ်သည်။ တစ်နည်းအားဖြင့် ရှိနှင့်ပြီးသား အဆောက်အအုံတို့၏ လွှမ်းမိုးမှုထက်၊ ကိုယ်ပိုင်လွတ်လပ်မှုကို အသုံးချပြီး လိုအပ်ပါက အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မည်သို့ ဆောင်ရွက်သင့်သည်တို့ကို ဝေဖန်ပိုင်းဆစ် ပြခြင်းများ ဖြစ်သည်။

(၄) လူထုအုပ်ချုပ်ရေး (Public Administration)

နိုင်ငံရေး သိပံ္ပပညာရှင်အချို့ သည် လူထုအုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အခြားသော အစိုးရ ဌာနများ၏ ဆက်နွယ်မှုကို လေ့လာကြသည်။ ထိုအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်ပုံကို လေ့လာခြင်းဖြင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ကာ နိုင်ငံရေး သိပံ္ပပညာရှင်များသည် ပိုမိုတိုးတက် ကောင်းမွန်သော လူထုဖွံ့ဖြိုးရေး စနစ်များကို ရှာဖွေဖော်ထုတ်ပေးနိုင်ပေသည်။

(၅) ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒများ (Public Policies)

ကျန်းမာရေး စောင့်ရှောက်မှု၊ လေထု ညစ်ညမ်းမှု၊ စီးပွားရေး အခြေအနေ စသည့် လူထုနှင့်တိုက်ရိုက် သက်ဆိုင်သော အရေးအရာများကို လေ့လာကာ မည်သို့မည်ပုံ ပေါ်လစီများ ချမှတ်ဖြေရှင်းရမည်ဆိုသည်ကို စဉ်းစားဝေဖန်ခြင်း ဖြစ်သည်။ ဤပညာရပ်သည် ပြည်သူ့ပေါ်လစီဆိုင်ရာ အယူအဆများကို နှိုင်းယှဉ် လေ့လာမှုများ ရှိသလို၊ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော် လုံခြုံရေး မူဝါဒများအတွက် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှ အချက်အလက်များကို အသုံးပြု လေ့လာသည်။ ပေါ်လစီများ ချမှတ်ရာတွင် လိုအပ်သော ကျင့်ဝတ်များကိုမူ နိုင်ငံရေးသီအိုရီများမှ ထုတ်ယူ အသုံးပြုသည်။

(၆) နိုင်ငံရေးဆိုင်ရာ အပြုအမူ (Political Behavior)

ပြည်သူတို့၏ နိုင်ငံရေးဖြစ်စဉ်များ၊ လှုပ်ရှားမှုများတွင် ပါဝင်မှု စသည့် နိုင်ငံရေးဆိုင်ရာ အပြုအမူတို့ကို လေ့လာသော ပညာရပ် ဖြစ်သည်။ ထိုပညာရပ်သည် လူထု၏ မဲဆန္ဒပေးရာတွင် အခြားသော လူမှုရေး ဖိအားတို့၏ လွှမ်းမိုးမှု ကင်း မကင်း၊ လူတို့၏ စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းများ (ဥပမာ - ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ)၊ နိုင်ငံရေးဖြစ်စဉ်များ ပါဝင်ရာတွင် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ၊ အကျိုးစီးပွားအမြင်များ စသည်တို့ကို လေ့လာသည်။ လေ့လာတွေ့ရှိချက်များသည် ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များနှင့် ပါတီတို့၏ မူဝါဒ ရေးဆွဲရေးမှုများအပေါ် များစွာ အကျိုးပြုသည်။

နိုင်ငံရေး သိပံ္ပပညာရှင်တို့၏ ချဉ်းကပ်မှု ဗျူဟာများ

နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ် ဖြစ်ရပ်များကို စနစ်တကျ ရှင်းပြနိုင်ရန်အတွက် ရှုထောင့်သုံးမျိုးမှ ချဉ်းကပ်လေ့ ရှိသည်။

ပထမဦးဆုံး ပုံစံမှာ လူ့သဘာဝကို အခြေခံသော ဆင်ခြေရွေးချယ်မှု ပုံစံ (Relational Choice Model) ဖြစ်သည်။ ထိုရှုထောင့်မှ လေ့လာမည်ဆိုလျှင် လူသားတို့သည် ယေဘုယျအားဖြင့် မိမိတို့၏ အကျိုးစီးပွားကို ရှေးရှုတတ်သူများ ဖြစ်သည့် အားလျော်စွာ မည်သည့် အခြေအနေတွင်မဆို မိမိတို့အတွက် အကျိုးဖြစ်ထွန်း နိုင်ဆုံးလမ်းကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။ နိုင်ငံရေးရာ ကိစ္စရပ်များတွင်လည်း မိမိတို့အတွက် အကျိုးပြုနိုင်ဆုံး နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ အစိုးရများကိုသာ ထောက်ခံကြမည် ဖြစ်သည်။

ဒုတိယ ချဉ်းကပ်မှု ပုံစံမှာ စနစ်ပိုင်းဆိုင်ရာ လိုအပ်မှုကို အခြေခံသော ပုံစံ (Function Model) ဖြစ်သည်။ လည်ပတ်လျက်ရှိသော စနစ်တစ်ခုသည် လူသားတို့၏ လိုအပ်မှုကို အပြည့်အ၀ ဖြည့်ဆည်း မပေးနိုင်တော့သည့် အချိန်တွင် ထိုစနစ်၏ အားနည်းချက်များကို ရှာဖွေဆန်းစစ်မှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုလှုပ်ရှား ဆောင်ရွက်မှုများသည် သမိုင်းဆိုင်ရာ တိုးတက်မှုအတွက် အရေးပါသည့် ညွှန်ပြမှတ်များ ဖြစ်လာသည်။

တတိယ ချဉ်းကပ်မှု ပုံစံမှာ လူသားတို့၏ တန်ဖိုးထားမှုများ၊ လောကအမြင်များကို အခြေခံသော လေ့လာမှုပုံစံ (Interpretive Model) ဖြစ်သည်။ ထိုရှုထောင့်အရ နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာရာတွင် ထိုဖြစ်စဉ်များတွင် ပါဝင်သူတို့၏ ယုံကြည်မှုများ၊ တန်ဖိုးထားမှုများကို နားလည်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် ထိုဖြစ်ရပ်များ၏ အကြောင်းအရာများနှင့် အကျိုးဆက်များကို ခန့်မှန်းတွက်ချက်ရာတွင် များစွာ အထောက်အကူ ပြုသည်။

နိုင်ငံရေး သိပံ္ပပညာရပ်၏ သုတေသန လုပ်နည်းလုပ်ဟန်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။ အချို့သော နိုင်ငံရေး သုတေသီတို့သည် ကိန်းဂဏာန်းပမာဏ အခြေပြုနည်းနာ (Quantitative Method) ကို အသုံးပြု၍ နမူနာ အုပ်စုငယ်များ အတွင်း လေ့လာတွေ့ရှိမှုများကို အခြေခံပြုကာ စည်းမျဉ်းဥပဒေသများ၊ သီအိုရီများကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြသည်။ သို့ရာတွင် လူသားတို့၏ စိတ်သည် အစဉ်အမြဲ ပြောင်းလဲတတ်သည့် အလျောက် နမူနာပုံစံငယ်များအတွင်း လေ့လာရရှိသော အချက်အလက် ရလဒ်များသည် ပိုမိုကျယ်ပြန့်သော လက်တွေ့အခြေအနေများတွင် အံဝင်ခွင်ကျ မဖြစ်နိုင်သည်များ ရှိနိုင်ပေသည်။ ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသော လူတို့၏ အပြုအမူများကို ဖော်မျူလာ သဘောများဖြင့် ချဉ်းကပ်၍ မရနိုင်သည်များ ရှိပေသည်။ ဥပမာ မည်သည့် နိုင်ငံရေးသိပံ္ပ ပညာရှင်ကမျှ ၁၉၈၉ခုနှစ် ဆိုဗီယက် ယူနီယံ ပြိုကွဲမှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အချို့ သော ပညာရှင်တို့က ဖြစ်ရပ်တခုတည်းကို သီးသန့်လေ့လာမှု (Case Study) များပြုလုပ်ခြင်းဖြင့်သာ ထိုလေ့လာနေသော ဖြစ်ရပ်၏ လက်တွေ့ ပြဿနာများနှင့် ပြဿနာ ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု ယူဆကြသည်။

ကိန်းဂဏာန်း ပမာဏ အခြေပြု နည်းပညာ (Quantitative Method)

ထို သုတေသန နည်းနာတွင် လူထု သဘောထား စစ်တမ်း ကောက်ယူမှုနှင့် လေ့လာနေသော အုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းအပေါ် ယေဘုယျ ဆန်းစစ်ချက်များ ပြုလုပ်မှုတို့ ပါဝင်သည်။ သဘောထား စစ်တမ်းကောက်ယူမှု ပုံစံတွင်မူ မဲဆန္ဒနယ် တခု (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း လူထု၏ ဘ၀ရပ်တည်မှု အခြေအနေ၊ စာတတ်မြောက်မှုနှုန်း၊ ပျမ်းမျှသက်တမ်း စသည့် လူမှုရေးဆိုင်ရာ အခြေအနေတို့ကို စနစ်တကျ မှတ်တမ်းတင်၍ လေ့လာသော ပုံစံဖြစ်သည်။ ထိုသို့ လေ့လာခြင်းဖြင့် ထိုဒေသ (သို့မဟုတ်) နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော နိုင်ငံရေး စနစ်နှင့် လက်တွေ့ အခြေအနေကြား ကွာဟမှု ရှိ မရှိ လေ့လာ သိရှိနိုင်သည်။

ဖြစ်ရပ်တစ်ခုချင်း သီးသန့် လေ့လာခြင်း

ထို သုတေသန နည်းနာအရ ထူးခြားသော နိုင်ငံရေး ဖြစ်စဉ်များ (ဥပမာ တော်လှန်ရေး ဖြစ်ပွားမှု၊ စစ်ဖြစ်ပွားမှု၊ နိုင်ငံ စီးပွားရေး တိုးတက်လာမှု) စသည်တို့ကို ခွဲခြမ်းစိတ်ဖြာ၍ အကြောင်းရင်းများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ ဤသို့ လေ့လာရာတွင် အစဉ်အလာ သီအိုရီများ၊ စည်းမျဉ်းဥပဒေသများကို အသုံးပြုခြင်းထက် လေ့လာနေသော ဖြစ်ရပ်၏ ထူးခြားသော ပြဿနာများကို စနစ်တကျ နားလည်နိုင်ရန် ကြိုးပမ်းခြင်းနှင့် ထိုပြဿနာများအတွက် လိုအပ်သော ဖြေရှင်းမှုများကို ဦးစားပေး ရှာဖွေရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။ အသစ်သစ်သော တိုးတက်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ချဉ်းကပ်ရာတွင် ဤနည်းလမ်းသည် များစွာ အသုံးဝင်ပေသည်။

အခြား နည်းလမ်းများ (The Other Methods)

အထက်ပါ နည်းလမ်း (၂) ခု အပြင် အခြေအနေ၏ လိုအပ်မှုအပေါ် မူတည်၍ အခြားပညာရပ်များတွင် အသုံးပြုလေ့ရှိသော လက်တွေ့စမ်းသပ်မှုများအတိုင်း သုတေသန ပြုလုပ်မှုများလည်း ရှိသည်။ ဥပမာ - ပေါ်လစီတစ်ခုကို ကာလအတိုင်းအတာ တစ်ခု သတ်မှတ်၍ လက်တွေ့စမ်းသပ် ကျင့်သုံးကြည့်ကာ အကျိုးဆက်ကို လေ့လာခြင်း၊ ပေါ်လစီ တစ်ခုကို မတူညီသော နေရာနှစ်ခုတွင် စမ်းသပ်ကျင့်သုံးစေပြီး ထွက်ပေါ်လာသော ရလဒ်များကို နှိုင်းယှဉ်လေ့လာကြည့်ခြင်းတို့ ဖြစ်သည်။

(ဤ ဆောင်းပါးသည် အပြောကျယ်လှသော ပညာသမုဒ်ပြင်ကျယ်ကြီးထဲမှ ရေစက်ကလေး တစ်စက်သဖွယ်သာ ဖြစ်ပါသည်။ နိုင်ငံရေး သိပံ္ပ၏ လေ့လာမှု နယ်ပယ်များနှင့် သဘောသဘာဝကို ခြုံငုံမိစေရန် မိတ်ဆက်သဘောဖြင့် အကျဉ်းမျှ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။)

ရည်ညွှန်း -

''Living Political Ideal's'' : by Geoff An drews and Michael Saward
''Modern Political Philiosophy" : by Richard Hudelson
Encarta Reference 2007

You received this email because you are subscribed to the real_time feed for http://educationinmyanmar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[May Nyane] 2 New Entries: မြသီလာအလွမ်းပြေ(၂၃)

မြသီလာအလွမ်းပြေ(၂၃)

ပြည်သာယာ နှစ်ထပ် ဇက်သင်္ဘောက ဘားအံကနေ မနက် ၇နာရီမှာ စထွက်ပါတယ်။ ကလေးတွေက ဆရာမတွေဖို့ အပေါ်ထပ်က အထူးခန်းတွေမှာ လက်မှတ်ဝယ်ပေးထားပေမဲ့ ကျမကတော့ ဘားအံက စထွက်ကတည်းက ကုန်းပတ်ပေါ်မှာပဲ ရပ်ပြီး လိုက်ဖြစ်ခဲ့ပါတယ်။ အဲလို လိုက်ရလောက်အောင်လည်း သံလွင်က လှလွန်းတာကိုး။ ဧရာဝတီကို သင်္ဘောနဲ့ တနံတလျား မသွားဖူးပေမဲ့ ပုဂံညောင်ဦးကမ္ဘားကနေ ငေးဖူးတယ်။ ပြည်ကနေ တဘက်ကမ်းကို ကန့်လန့်ဖြတ် ကူးဖူးတယ်။ ခု သံလွင်မှာတော့ လိုက်ပါစီးမျောဖူးပြီ။ မေလရဲ့ သံလွင်ရေက ကြည်စိမ်းနေတယ်။ အောက်ဘက် တော်တော်နက်နက်ထိတောင် မြင်ရသား။ ပြီးတော့ မဟာဇွဲကပင်ကို ဘေးတိုက်ဖြတ်ချိန်နေမှာ မြင်ကွင်းက ရင်သပ်ရှုမော။ ဘေးတိုက်ကြည့်တော့ ဇွဲကပင်က မြင့်မားရှည်လျားတဲ့ တောင်တန်းကြီး။ မြိုင်ကလေးကနေ လှမ်းမြင်ရတုန်းကလို ထီးတည်းရှိနေတဲ့ ပုံသဏ္ဍန်မျိုးမဟုတ်တော့။ ဆန်းပါတယ်။ တနေရာ ရောက်တော့ ပါဠိဆရာမ မဝေက လှမ်းပြတယ်.. ဇွဲကပင်တောင်ရဲ့ နံရံမှာ ကရင်အမျိုးသားနဲ့ အမျိုးသမီးပုံ.. တဲ့။ လှမ်းကြည့်တော့ တကယ်ပဲ တူလှတာ တွေ့ပါတယ်။ မဝေက ပြောပြတယ်။ အဲဒီ ကရင်မလေးနဲ့ ကရင်ကောင်လေးက ဇွဲကပင်တောင်ပေါ်ကနေ လက်တွဲပြီး ခုန်ချသွားခဲ့တဲ့ ချစ်သူနှစ်ဦးလို့ ပြောစမှတ်ရှိတယ်..တဲ့။ ဘာပဲဖြစ်ဖြစ် လူနှစ်ယောက် ရပ်နေတာနဲ့ တူတာတော့ အမှန်ပါ။


သံလွင်ဝန်းကျင်တလျှောက် အလှဆုံးကတော့ ကျောက်တောင်တွေပါပဲ။ ရေပြာပြာထဲ တလုံးစီ တမင် အလှဆင် စီချထားသလို။ အစိမ်းရောင်.. နီညိုရောင်.. အဖြူဖျော့ဖျော့ ကျောက်တောင်တွေ။ ကျောက်တောင်တွေပေါ်မှာ စေတီဖြူဖြူလေးတွေက ဟိုတဆူ ဒီတဆူ။ ပြီးတော့ မနက်စောစော မြစ်ရေပြင်ပေါ်က မြူထုတန်းတန်း..။ ကောင်းကင်ပြာပြာမှာ ငှက်တွေက အုပ်လိုက်ဖွဲ့ ပျံသန်းနေတာကလည်း.. တိမ်တိုက်တွေနဲ့အတူ မျောနေသလို။ မြစ်ပြင်လေက တဟူးဟူးတိုက်နေတော့ အေးအေးမြမြပေါ့။ ကျမရင်ထဲမှာ ဘာအပူသောကမှ မရှိတော့သလို အေးငြိမ်းနေခဲ့ပါတယ်။ ခင်ဝမ်းရဲ့ ဧရာဝတီကိုတောင် ညည်းနေဖြစ်ခဲ့ပါသေးတယ်။


မနက် ၈နာရီလောက်ကျတော့ ရွာတရွာကို သင်္ဘောကပ်တယ်။ ကုက္ကိုပင်တွေ စိမ်းညို့နေတဲ့ ရွာကလေး။ တကယ်တော့ အိမ်ခြေ လေးထောင်ကျော်ရှိတဲ့ ရွာကြီးပါ။ ဆိပ်ခံဗောတံတား ပေါ်မှာ လူတွေ ခဲလို့။ ဈေးသည်တွေရော.. မော်လမြိုင်လိုက်မယ့် ခရီးသည်တွေရောပေါ့။ ဆိုင်းဘုတ်မှာ ရေးထားတာက ထုံးအိုင်... တဲ့။ ပါဠိဆရာမက ပြောပြတယ်။ အဲဒီတရွာလုံး မွန်လူမျိုးတွေတဲ့။ အဲဒီရွာက ကလေးတွေ ကျောင်းမှာ အများကြီးရှိတယ်တဲ့။ နောက်ဆို လာလည်ကြတာပေါ့..တဲ့။ ဘားအံကနေ ကုန်းလမ်းနဲ့ သွားလည်းရတယ်.. ၁၀မိုင်သာသာပဲ ဝေးတယ်... တဲ့။ (အဲဒီရွာလေးက နောင် ကျမရွာ ဖြစ်လာမှာလို့များ နည်းနည်းမှ မထင်ခဲ့ပါဘူး)။ ကျမတို့တွေ အဲဒီ ရွာကနေ တက်လာပြီး သင်္ဘောပေါ် လိုက်ရောင်းတဲ့ မုန့်ဟင်းခါး ၀ယ်စားကြတယ်။ ဟင်းရည်က ငါးနိုင်းချင်း ကြက်သွန်နိုင်းချင်းနဲ့။ ဆန်းတာက မုန့်ဟင်းခါးထဲမှာ ဂွေးချိုသီးတွေ ပဲပင်ပေါက်တွေ ရှမ်းနံနံတွေ ထည့်စားကြတာပဲ။ ကျမလည်း စမ်းစားကြည့်တော့ စားကောင်းသား။ နောက်တော့ မြေပဲပြုတ်တွေ.. ပြောင်းဖူးပြုတ်တွေ ၀ယ်စားကြ တယ်။ သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ် ထူးထူးကဲကဲ ချိုတဲ့အရသာကို သိသိသာသာ ရတဲ့ အစားအစာတွေ။ ထုံးအိုင်ကိုကျော်တော့လည်း သံလွင်မြစ်ရဲ့ ဟိုဘက် ဒီဘက်မှာ ရွာကလေးတွေ လယ်တွေ ကိုင်းတွေ သာသာယာယာ... မြစ်ရဲ့ အလှနဲ့ ဟာမိုနီဖြစ်လို့။ လွမ်းမောစရာ ခေါင်းဆေးကျွန်းကို ဖြတ်ကျော်လာပြီး ချစ်စရာကောင်းတဲ့ မော်လမြိုင်ဟိုတယ် ပုပြားပြားလေးတွေကို လှမ်းမြင်လိုက်ရပြီး စင်ရော်တွေ ကျမတို့အနား ဥဒဟို ပျံဝဲ ရောက်လာ...။ နောက် မကြာခင်... ၁၁နာရီ ကျော်ကျော်မှာတော့ မော်လမြိုင်ကို ရောက်ပါပြီ။

+++++

မော်လမြိုင်မြို့ထဲကတော့ ဘားအံနဲ့ယှဉ်ရင် နည်းနည်း ပို ဆူပွက် လှုပ်ခတ်တဲ့ မြို့ပါ။ ရုံးစိုက်ရာ မြို့တော်
တခုလည်း ဖြစ်တာကိုး။ တချိန်က မှောင်ခိုပစ္စည်းတွေကြောင့် ကျော်ကြားခဲ့တဲ့ မြို့.. မိုးမိုး(အင်းလျား)ရဲ့ 'ဂျိုး' ၀တ္ထုလေး အခြေတည်တဲ့ မြို့.. ဂျူးက 'မိန်းမတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်'ထဲမှာ ဆွတ်ဆွတ်ပျံ့ပျံ့ ထည့်ရေးခဲ့ရတဲ့ မြို့..။ ကျမအတွက် စိတ်ဝင်စားစရာဆိုရင်တော့ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ပါမောက္ခချုပ် အဖြစ် အုပ်ချုပ်ရာ တက္ကသိုလ်ကျောင်းတော်ကြီး ရှိနေတဲ့ မြို့ပေါ့။ ကျမတို့က အဖွဲ့တောင့်တော့ Taxi ငှားစီးရင် တန်ပါတယ်ဆိုလို့ သဘောတူကြပြီး ပါဠိဆရာမက ဦးဆောင်လို့ ကားငှားပါတယ်။ ကျမတို့ သွားရမှာက တောင်ဝိုင်း ကျောင်းထဲ တဲ့...။

မော်လမြိုင်ကလည်း နဘေးမှာ တောင်ညိုတောင်တန်းတွေ ရှိတာမို့ မြင်ကွင်းက ဘားအံနဲ့ ခပ်ဆင်ဆင်ပါပဲ။ လမ်းတွေကလည်း ကုန်းတက်ကုန်းဆင်းတွေပဲ။ မော်လမြိုင်ရဲ့ ထူးခြားချက်က အဆောက်အဦး တော်တော် များများက မေမြို့ဆန်ဆန် အနောက်ဟန် ပါတာပါပဲ။ ပြီးတော့ မော်လမြိုင်ရဲ့ နေ့လယ်ခင်းက ဘားအံလို ရှင်းလင်း ခြောက်သွေ့မနေပါဘူး... သက်ဝင် ဆူညံပါတယ်။ နောက်တော့.. ကျမတို့ ငေးရင်းမောရင်းမှာပဲ လမ်းမရဲ့ ညာဘက်ခြမ်းမှာ မော်လမြိုင်တက္ကသိုလ် ဆိုတဲ့ ဆိုင်းဘုတ်ကြီး တွေ့လိုက်ရပြီး ကားက ချိုးဝင်လိုက်ပါတယ်။ ဒါက အဓိပတိလမ်းမကြီးပေါ့...။ မျှော်ကြည့်လိုက်တော့ လမ်းမကြီးရဲ့ အဆုံးမှာ ကန့်လန့်ဖြတ် လျက်သား ရှိနေတဲ့ အဖြူရောင် သုံးထပ် အဆောက်အဦးကြီး...။

အဲဒီ အဆောက်အဦးကြီးရဲ့ အပေါ်ဆုံးတတိယထပ်က အဓိပတိလမ်းမကြီးကို ဆီးကြည့်နိုင်တဲ့ မျက်နှာစာ ဘက်ခြမ်းမှာ မြန်မာစာဌာန ရှိနေတာပါ။ ဌာနမှာ ရောက်ကြောင်း သတင်းပို့ပြီး ကျမတို့ တည်းဖို့ ဆရာမများဆောင်က သူငယ်ချင်းတွေဆီမှာ နေရာယူကြပါတယ်။ အိုးး ဆရာမဆောင် တ၀င်းလုံး ရန်ကုန်က ကိုယ့်သူငယ်ချင်းတွေချည်းပဲ...။ ညနေစောင်း ကျောင်းဝင်းထဲ လမ်းလျှောက်တော့မှ တကယ့် သဘာဝနဲ့ နီးစပ်လှတဲ့ မော်လမြိုင်တက္ကသိုလ်ကိုလည်း သဘောကျမိတော့တာ။ သစ်ပင်အုပ်အုပ်တွေ... ပြီးတော့ ကျောင်းရဲ့ ပင်မ အဓိပတိလမ်းမ နဘေးက ရေတဝေါဝေါစီးနေတဲ့ လျှိုကလေး။ တထပ် စာသင်ဆောင် လေးတွေ...။ ခန့်ညားတဲ့ ဓမ္မာရုံကြီး။ တကယ်တော့ တောကျကျ တက္ကသိုလ်တခုပါပဲ..။ ဒါပေမဲ့ ပန်းခင်းအလှလေးတွေနဲ့ တိတ်ဆိတ်အေးချမ်းမှုကို အတိတွေ့နေရတဲ့ ဒေသလေး။ ဥသြသံလေးတောင် ကြားနေရတာ မှတ်မိနေပါသေးတယ်။ နဘေးမှာ တောင်ဝိုင်းတောင်ကြီးက ကာဆီးလို့... အရိပ်ပေးထား သလိုလို။ အင်းးး မြသီလာတော့ မြသီလာပါပဲလေ..။

+++++

ဗုဒ္ဓဟူးနေ့ အစည်းအဝေးပြီး နောက်တနေ့ ကြာသပတေးနေ့လယ် ၁၂နာရီထွက်မယ့် ပြည်သာယာသင်္ဘောနဲ့ ဘားအံပြန်ဖို့ စီစဉ်ပါတယ်။ ကြာသပတေးမနက် ကျောင်းကင်တီးမှာ လဘက်ရည်သောက်ပြီး မြို့ထဲဆင်းမယ်.. ဈေးကြီးဝင်မယ်..လို့ စီစဉ်တော့ ဌာနက မမသင်းက သူ့ဆိုင်မှာ နေ့လယ်စာ ထမင်းစားပါတဲ့။ သူ့ဆိုင်က ဒေါ်ပု ထမင်းဆိုင်..တဲ့။ ကျမတို့ ဝေးကနဲ အော်ကြပါတယ်။ မော်လမြိုင်မှာ နာမည်အကြီးဆုံး ထမင်းဆိုင်ပေါ့.. (ဂျူးဝတ္ထုထဲလည်း ပါဖူးတဲ့ ဆိုင်)။ နာမည်ကြီးလောက်အောင်ပဲ အဲဒီနေ့က စားကောင်းလိုက်တာ..။ (အဲဒီ မမသင်းက နောက်ပိုင်း ကျမ မော်လမြိုင် တက္ကသိုလ်မှာ တာဝန်ယူရတော့ အချစ်ဆုံးသူငယ်ချင်းတအုပ်စုတည်း ဖြစ်သွားတာ)။

ကျမအတွက်တော့ သူငယ်ချင်းတွေနဲ့တူတူ.. အသစ်အဆန်းတွေနဲ့မို့ သားကို လွမ်းတဲ့အလွမ်းကတောင် သက်သောင့်သက်သာ ရှိနေခဲ့သလို။

+++++

သောကြာနေ့မှာတော့ ကျမ ကျောင်းအုပ်ကြီးလုပ်တဲ့ ဌာနမှူးအစည်းဝေး တက်ရမယ်တဲ့..။ ကျမကတော့ အစ်မကြီးကို ရအောင်ခေါ်တာပဲ။ အစ်မကြီးကလည်း လိုက်ခဲ့ရှာပါတယ်။ အဓိက ကတော့ Fresher welcome လုပ်ဖို့ကိစ္စပါ။ ဒီတော့မှ လှိုင်တက္ကသိုလ်နဲ့ မတူတာကို သတိထားမိပါတယ်။ ဘားအံကောလိပ်မှာက မောင်မယ်သစ်လွင်ကြိုဆိုပွဲကို သေချာ အကျအန လုပ်တာတဲ့။ ကျောင်းအနေနဲ့ရော ဌာနအလိုက်ရော လုပ်ရတာတဲ့။ အစည်းဝေးမှာ အစီအစဉ်တွေ အသေးစိတ် ဆွေးနွေးကြ တိုင်ပင်ကြပါတယ်။ ဌာနအလိုက် ကတော့ ကိုယ်အဆင်ပြေသလို လုပ်ကြပါ..တဲ့။

ဒီတော့ အစည်းဝေးလည်းပြီးရော ကျမတို့ သူငယ်ချင်း၃ယောက် ဌာနထဲမှာ ခေါင်းချင်းဆိုင် ကြရပါတော့တယ်။ ကျမက ဌာနမှူး မလုပ်ချင်ဘူး ဆိုတော့ အစ်မကြီးက "မရဘူးလေ.. ညီမလေးကလည်း .. လိုရင် အစ်မကြီး ကူမှာပေါ့" တဲ့။ နောက်ဆုံးတော့ အဆင်ပြေသလို ကြုံသလို လုပ်ကြတာပေါ့လို့ အတည်ပြုလိုက်ကြပါတယ်။ ဒီလိုနဲ့ ကျမတို့ နှစ်ယောက် ပူးတွဲ ဌာနမှူးတွေလို တတွဲတွဲ လုပ်ခဲ့ကြရတာ..။ ပျော်စရာပါပဲ..။

အဲဒီနေ့မှာပဲ မေဂျာတန်း၃တန်းအတွက် အချိန်ဇယားဆွဲတာတွေ.. သင်ရမယ့် ဘာသာရပ်ခွဲတာတွေ.. တတိယနှစ် မေဂျာကျောင်းသား ၇ယောက်၊ ဒုတိယနှစ် မေဂျာကျောင်းသားက ၃ယောက် (ယောက်ျားလေးတယောက်၊ မိန်းကလေး ၂ယောက်)နဲ့ ပထမနှစ် မေဂျာကလေး ၂၃ယောက်တို့အတွက် စာသင်ခန်းသတ်မှတ်ပေးတာတွေ လုပ်ရပါတယ်။ ။ အဲဒီ အတန်းကြီး ကလေး ၁၀ယောက်ကို အစည်းဝေးလေး ခေါ်ရပါတယ်။ မောင်မယ် သစ်လွင်ကြိုဆိုပွဲကိစ္စပေါ့။ အဲဒီနေရာမှာ တတိယနှစ်နဲ့ ဒုတိယနှစ်ကလေးတွေရဲ့ စည်းလုံးညီညွတ်မှု၊ ကျွမ်းကျင် လိမ်မာမှုနဲ့ စေတနာတွေကြောင့် ကျမတို့ဆရာ၃ယောက် ခေါင်းမရှုပ်လိုက်ရဘဲ အစီအစဉ် ဆွဲပြီးသား ဖြစ်သွားပါတော့တယ်။ (လူနည်းပေမဲ့ အင်မတန် အားကိုးရတဲ့ ကလေးတွေပါ)။ ပထမနှစ်ကလေး ၂၃ ယောက်ကို ကြိုဖို့ ပိုက်ဆံစုတာက အစ မုန့်ကျွေးဖို့ စီစဉ်တာ King & Queen ရွေးတဲ့ အစီအစဉ် အထိ။ လာမယ့် တနင်္လာနေ့ မနက် ၁၀နာရီမှာ ကြိုကြမယ်ပေါ့။

+++++

စနေနေ့မနက်မှာတော့ ကျမတို့ ခြံဝင်းလေးရဲ့ နောက်ဘက်လမ်းသွယ်လေးထဲမှာ ရှိတဲ့ ရပ်ကွက်ဈေးကလေးကို သွားကြည့်ကြပါတယ်။ အဲဒီဈေးကလေးကနေပဲ ကျမအိမ်ကလေး အတွက် လိုမယ့် အိုးခွက်ပန်းကန်လေးတွေနဲ့ ဟင်းလျာတွေ ၀ယ်ရပါတယ်။ အသားငါး ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေကို ဈေးချိုချိုနဲ့ ရလို့ ကျမဖြင့် ဈေးဝယ်ရတာမှာ ပျော်နေခဲ့ ပါသေးတယ်။ ပြီးတော့ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူတဲ့ ဘားအံမုန့်ဟင်းခါးကို စားကြည့်ပြီး ကြိုက်သွားခဲ့တာ။ ငါးနိုင်းချင်း.. ကြက်သွန်နီဖတ် နိုင်းချင်းနဲ့။ ငှက်ပျောအူကို တအိုးသပ်သပ် ပြုတ်ထားပြီး လိုချင်မှ ထည့်ပေးတာ။ စားတဲ့အခါကျတော့ ခရမ်းချဉ်သီးနဲ့ ရှမ်းနံနံတွေ ဗမာနံနံတွေ.. ပဲတီပင်ပေါက်တွေ အကြိုက် ထည့်စားကြရတာ။ ကျမ ဘားအံမှာ နေခဲ့ရတဲ့ ၃နှစ်လုံး နေ့တိုင်းနီးပါး စားတာပေါ့။

ဈေးကအပြန်မှာတော့ ကျမရယ်.. အစ်မကြီးရယ်.. မိချိုရယ်... သူငယ်ချင်းဆရာ(သူ့ကို ကျမက ကလေးတွေ ကွယ်ရာမှာဆို ကျောင်းတုန်းကလိုပဲ အသေးလေးလို့ ခေါ်ပါတယ်)ရယ်.. ကျမတို့ ကျောင်းရှေ့ လမ်းမကြီးပေါ်က 'စိန်' လို့ နာမည်ပေးထားတဲ့ လက်ဘက်ရည်ဆိုင် လေးကို သွားထိုင်ကြတယ်။ (ကျမတို့ အိမ်တွေကို ဖုန်းခေါ်လည်း အဲဒီဆိုင်လေးကနေပဲ ခေါ်ရတာပါ)။ နောက်တော့ အဲဒီလက်ဘက်ရည်ဆိုင်ဟာ ကျမတို့ မနက်တိုင်းလိုလို ထိုင်ဖြစ်တဲ့ ဆိုင်ကလေးဖြစ်သွားတာပေါ့။ အဲဒီဆိုင်ကလေးကနေ လှမ်းကြည့်ရင် မနီးမဝေးမှာ ထန်းပင်မြင့်မြင့်တွေ.. ထုံးဖြူစေတီလေးတွေနဲ့ ဘုန်းကြီးကျောင်းကလေးတွေကို ပခုံးပေါ် ထမ်းထားတဲ့ စိမ်းညို့ညို့ ကြာအင်းတောင်ကို ကန့်လန့်ဖြတ်အနေအထားနဲ့ လဲလျောင်း နေတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် အဲဒီဆိုင်လေးရဲ့ အပြင်ဘက်က စားပွဲကို ကျမ ရွေးထိုင်လေ့ရှိပါတယ်။

အဲဒီတုန်းက စိန်လက်ဘက်ရည်ဆိုင်လေးက ကျောင်းနဲ့နီးနီးက အကောင်းစားလို့ ပြောရမယ့် တခုတည်းသော လက်ဘက်ရည်ဆိုင်လေးပေါ့။ ယိုးဒယားဖြစ် မုန့်မျိုးစုံရတယ်.. မနက်စာ ထမင်းကြော်.. စမူဆာ.. ပဲနံပြား.. ကော်ပြန့်ကြော်.. အီကြာကွေး ကောင်းကောင်းရတယ်။ ကျမတို့ ဆရာအုပ်စု ဆိုင်ထဲဝင်လိုက်တာနဲ့ ဆရာ.. ဆရာမဆိုပြီး စကားသံဝဲ၀ဲလေးတွေနဲ့ နှုတ်ဆက်ကြတာ ဆူညံဆူညံကို ဖြစ်သွားတာပါပဲ.. တဆိုင်လုံး ကျောင်းသားကျောင်းသူတွေ ကိုး...။ အဲဒီနေ့က ကျမတို့စားတာ ဘယ်သူတွေ ရှင်းလိုက်တယ် မသိ။ စားသောက်ပြီးလို့ ပိုက်ဆံလည်းရှင်းရော.. ကလေးတွေ ရှင်းသွားပြီတဲ့။ ဒါဟာ နယ်ကောလိပ်လေးရဲ့ ကျမတွေးမထားဖူးတဲ့ နွေးထွေးတဲ့ မိတ်ဆက်မှုတခုပါပဲ။ ဘားအံဟာ ထိုင်းနယ်စပ်နဲ့ နီးတဲ့ မြို့ကလေးမို့ ကျောင်းသူကျောင်းသားတွေဟာ ခေတ်မီတဲ့ အဆင်အပြင်.. သပ်ယပ်တဲ့ အသွင်အပြင်တွေနဲ့အတူ ယဉ်ကျေးတဲ့ အမူအယာတွေ ရှိကြတာတော့ သတိထားမိပါတယ်။

အဲဒီနေ့ကလေးမှာမှပဲ ကျမက ကျမ အနည်းဆုံး ၂နှစ်လောက်နေရမယ်လို့ သိထားတဲ့ ပတ်ဝန်းကျင်ကလေးကို သေချာ လေ့လာရတော့တာပါ။ အဲဒီနေ့မှာပဲပေါ့။ လက်ဘက်ရည် ဆိုင်ကအပြန်.. ကျမ နေ့လယ်စာအတွက် မီးဖိုခန်းထဲမှာ ဟင်းချက်ဖို့ပြင်နေတုန်း အိမ်အပြင်ကနေ အမေရေ့ အမေရေ့.. ဆိုတဲ့ ခေါ်သံတွေ ကြားလိုက်တာ..။ အဲဒီခေါ်သံက အိမ်ဝထိ ရောက်လာမှပဲ ကျမက ငါ့ကိုများခေါ်လေသလားလို့ တွေးမိတာပါ။ ဒါနဲ့ အိမ်ရှေ့ဘက်ထွက်လိုက်တော့မှ အိမ်ဝမှာရပ်နေတဲ့ ရန်ကုန်က ကျမရဲ့ လှိုင်တက္ကသိုလ် Geology(၁၉၉၃-၉၄) က သားတွေကို ဗြုန်းကနဲ တွေ့လိုက်ရတာ။ ကျမ အံ့သြသွားမိပါတယ်။ ဦးဆောင်လာတာက သရဲလို့ ကျမတို့ ချစ်စနိုးခေါ်တဲ့ ကလေး။ သူတို့က ကျောင်းထဲမှာ ကျမနာမည်သွားမေးလို့ ယောက်ျားလေးဆောင်က ကလေးတွေက ကျမဆီအရောက် လိုက်ပို့ပေးတာ။

(ဒီနေရာမှာ သရဲလေးအကြောင်း ပြောပြချင်ပါတယ်။ သူက ကျမကို အမေလို့ ခေါ်တယ်။ ခုသူရှိရင် အသက် ၃၃လောက်ရှိမှာပေါ့။ သူက သီချင်းဆိုချင်တာ.. အဆိုတော်ဖြစ်ချင်တာ.. အဆိုတော်တောင်မှ Rock အဆိုတော်ဖြစ်ချင်တာ။ ဇော်ဝင်းထွဋ်နဲ့ ဟယ်ရီလင်းသီချင်းတွေကို crazy ဖြစ်တဲ့ ကလေး။ သူ့အသံကလည်း ခပ်ကွဲကွဲမို့ သူ့ကို သူ့သူငယ်ချင်းတွေက ဇော်ဝင်းဖွတ်လို့လည်း ချစ်စနိုး ခေါ်ကြတယ်။ ကျောင်းပွဲတွေမှာ သီချင်းဆိုရင် တကယ့် Rocker လို ဟန်ပန်ကောင်းတဲ့ ကလေး။ အဲဒီတုန်းက သူဆိုနေကျ သီချင်းတွေက 'ဘာကြောင့်အချစ်ရေ အသည်းခွဲတာလဲ' နဲ့ 'မောဟစားသူများ'...။ ကျောလယ်လောက် ဆံပင်ရှည်ရှည်ကြီးနဲ့မို့ သရဲလို့ အသမုတ်ခံရပေမဲ့ အင်မတန်ယဉ်ကျေးတဲ့ ကလေးပေါ့။ ကျောင်းအားရက်တွေမှာ Freelance tourist guide လုပ်ပြီး ကျောင်းစရိတ်ရှာတဲ့ ကလေး။ နောက်တော့ တကယ်ပဲ ကျမနဲ့ သားအမိတွေလိုဖြစ်သွားပြီး ကျောင်းမှာ ကျမနဲ့ ကင်တီးထိုင်ဖက်လည်း ဖြစ်သွားတဲ့ ကလေးပါ။

နောက်တော့ ၂၀၀၀ လောက်မှာပဲ ကျမ မော်လမြိုင်တက္ကသိုလ်မှာ ရှိနေတုန်း သရဲကလေး သတင်းကို ကြားရပါတယ်။ မြစ်ကြီးနား မြစ်ဆုံကို နိုင်ငံခြားဧည့်သည်လိုက်ပို့ရင်း ဧည့်သည်က ရေဆင်းကူးတာမှာ ရေနစ်တော့ သူ ဆင်းကယ်ရင်း ရေနစ်ပြီး ကွယ်လွန်သွားတယ်တဲ့။ ကျမ စိတ်ထဲ တော်တော်ကို ထိခိုက်ရပြန်တဲ့ သတင်းပေါ့။ အဲဒီအချိန်မှာ မှတ်မှတ်ရရ ကျမ စိတ်ထိခိုက်စရာ ကျမကလေးတွေရဲ့ နာရေးသတင်းတွေ ကြားခဲ့ရတာ တတိယမြောက် သတင်းပေါ့.. ပထမဆုံးက မိုးသွင်သွင်... နောက် ဥာဏ်မိုးလေး(ဆရာတင်မိုးသား.. ချိုသင်းမောင်လေး).. နောက်ဆုံး အဲဒီအချိန်မှာ သရဲလေးသတင်းပေါ့။ ၃ယောက်လုံးဟာ ကျမ ချစ်တဲ့.. အင်မတန် စိတ်ကောင်းနှလုံးကောင်းရှိကြတဲ့.. ကိုယ်ပိုင်တန်ဖိုး အသီးသီး ရှိကြတဲ့... ကလေးတွေပါ။ မြန်မာနိုင်ငံရဲ့ ခေတ်နောက်ကျမှုကြောင့် သတင်းအားလုံးကို တော်တော် နောက်ကျပြီးမှပဲ ကျမ သိခဲ့ရတာပါ)။
အဲဒီ သရဲလေးက ဦးဆောင်ပြီး အားလုံး ၈ယောက်.. တပြုံကြီး.. ကြည့်ပါဦး.. လိုက်လာကြတာ။ အမေ့ကို စိတ်ပူလို့တဲ့။ သရဲလေးက ပြောသေးတယ်။ ဘားအံဆိုတာ ကျနော်တို့ အမျိုးတွေ နေတာလေ အမေရဲ့.. ဒါကြောင့် ကျနော် အမေ့ကို အပ်ရအောင် လိုက်လာတာတဲ့။ သူက ကရင်လူမျိုးလေ။ ပြီးတော့ တကယ်ပဲ သူတို့ကို ကျမနေတဲ့ အိမ်ကလေးဆီအရောက် လိုက်ပို့ပေးတဲ့ ကလေးတွေကို သူက လူကြီးလုပ်ပြီး ကျမကို အပ်နေတာ။ ကျနော်တို့အမေကို စောင့်ရှောက်ပါနော်.. တဲ့။ ကျမမှာ ရယ်နေရင်းနဲ့ပဲ မျက်ရည်တလည်လည်နဲ့ ဖြစ်နေခဲ့ရ ပါတယ်။

သူတို့ကို ဘယ်မှာ နေရာချရပါ့မလဲလို့ ကျမ ပူနေတုန်းမှာပဲ သူတို့က "အမေကလည်း ပူမနေနဲ့ ကျနော်တို့ သူငယ်ချင်းတွေ အမျိုးတွေ ရှိတယ်.. အဲဒီမှာ တည်းမှာ..၊ အမေ အဆင်ပြေတာ တွေ့ရတော့ စိတ်ချပြီ...... တနင်္လာနေ့ ကျောင်းတက်ရမှာဆိုတော့ နက်ဖန်ပြန်မယ်လေ" တဲ့။ တနေကုန် ကျမဆီ သူတို့နေတော့ သူတို့ကို လိုက်ပို့ပေးတဲ့ ကလေးတွေလည်း ကျမဆီ တနေကုန်..။ အဲဒီ ကလေးတွေကပဲ လိုက်ပို့ပေးလို့ ညနေခင်းမှာတော့ သရဲလေးတို့ကိုလည်း ပို့ရင်း ကျမတို့ရန်ကုန်သူ ဆရာမတစုလည်း မရောက်ရသေးတဲ့ ဘားအံရဲ့ နာမည်ကျော် ကန်သာယာဘက် သွားလည်ကြပါတယ်။ ဇွဲကပင်တောင်နောက်ခံနဲ့ ကန်သာယာဟာ ဘားအံရဲ့ လွမ်းစရာ ကောင်းတဲ့ ဇာတ်ဝင်နေရာလေးတခုပေါ့။ (နော်ရင်မွှေး ရုပ်ရှင်ကားထဲမှာ ဘားအံရဲ့ သဘာဝအလှကို တ၀ကြီးမြင်ရနိုင်ပါတယ်)။

(ကန်သာယာထဲက တံတားကလေး)

အဲဒီညနေမှာမှပဲ ဘားအံကောလိပ်မှာ ကျမနဲ့ ၃နှစ်လုံးလုံးဆုံရမယ့် သားသမီးလို ဖြစ်သွား ရပြန်တဲ့ ကလေးတွေနဲ့ စရင်းနှီးသွားရတာ။ မိန်းကလေး၅ယောက် နဲ့ ယောက်ျားလေး ၃ယောက်။ နောက်ပိုင်း သရဲကလေးတို့ ပြန်အသွားမှာတော့ အဲဒီကလေးတသိုက်ကပဲ ကျမကို တကယ် ကူညီစောင့်ရှောက်ကြတဲ့ အရင်းနှီင်္းဆုံး သားသမီးတွေအဖြစ် ရှိခဲ့ကြတာပါပဲ..။ အားလုံး ကော့ကရိတ်က ကလေးတွေပေါ့..။ (ထူးထူးခြားခြားပြောရရင် ဘားအံမှာ ရှိခဲ့တဲ့တလျှောက် ကျမနဲ့ အရင်းနှီးခဲ့ဆုံး တပည့်တွေကလည်း ကော့ကရိတ်က ကလေးတွေ ပါပဲ)။ အဲဒီကလေးတွေရဲ့ ဘ၀ ဘ၀တွေဟာ ကျမရဲ့ မြသီလာ သက်တမ်းမှာတော့ မှတ်တမ်းမှတ်ရာတွေ ဖြစ်ခဲ့ပါတယ်။

+++++

မြသီလာအလွမ်းပြေ(၂၂)

ဘားအံ.. တဲ့။ ကျမ တခါမှမရောက်ဖူးတဲ့ ဒေသလေး။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘားအံက သာမညဆရာတော်ကြီး ကြောင့် ဂုဏ်သတင်းကျော်စော စည်ကားစပြုနေတဲ့ အချိန်။ အဲသည် ၁၉၉၅မှာတုန်းက ဘားအံကို သွားမယ် ဆိုရင် စော်ဘွားကြီးကုန်း ကားဂိတ်ကနေ မြိုင်ကလေးထိ ကားစီး။ မြိုင်ကလေးရောက်ရင် သံလွင်မြစ်ကို ဇာက်သင်္ဘောတို့ ပဲ့ထောင်တို့နဲ့ ဖြတ်ကူးမှ တဘက်ကမ်းက ဘားအံမြို့ကလေးဆီကို ရောက်ပါတယ်။ အဲဒီ ဘားအံမြို့ကလေးဆီ စလာရတဲ့ နေ့က တနင်္ဂနွေနေ့ပါ။ နက်ဖန် တနင်္လာဆို တာဝန်ကျရာကျောင်းမှာ အလုပ်စ၀င်ပါပြီလို့ Duty report လို့ခေါ်တဲ့ သတင်းပို့စာ တင်ရမှာလေ။ အဲဒီ တနင်္လာနေ့မှာပဲ ၁၉၉၅-၉၆ ပညာသင်နှစ်ရဲ့ အတန်းတွေ စဖွင့်မှာလည်း ဖြစ်ပါတယ်။

တခါမှမရောက်ဖူးတဲ့ဒေသကို လာရတာမို့ သားကို သူ့အဖိုးအဖွား(ယောက္ခမတွေ)နဲ့ ထားခဲ့ရပါတယ်။ သားကို လွမ်းတဲ့ အလွမ်းတွေကို ပွေ့ပိုက်ပြီး ထွက်လာရတဲ့ ခရီးက လွမ်းစရာကောင်းသလို စိတ်အားငယ်စရာလည်း ကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဘ၀ကို တယောက်တည်းရင်ဆိုင်နိုင်ဖို့ ကျမ ကျင့်ယူရတော့မယ့်ခရီးလည်း ဖြစ်တာမို့ အားမွေးနေရတာကိုလည်း ခုထိ သတိရနေပါသေးတယ်။ လမ်းခရီးမှာ အားငယ်စိတ်ပေါ်လာတိုင်း ကျမ ဘားအံကို ပြောင်းရမယ်ဆိုတာ သိရတော့ "အမေတယောက်တည်း ဖြစ်ပါ့မလား.. ကျနော်တို့လိုက်ပို့မယ်" ဆိုတဲ့ ၉၄-၉၅ ဘူမိဗေဒပထမနှစ်က သားတွေကို ခေါ်ခဲ့ရကောင်းသားလို့လည်း တွေးမိတယ်။ ဒါပေမဲ့ အညိုရောင် နယ်မြေဆိုတဲ့ ဒေသကို သူများသားသမီးလေးတွေ မခေါ်သင့်တာနဲ့ တမင် ထားခဲ့ရတာလေ။

အဲဒီနေ့မှာ... ကျမစီးလာတာက မနက် ၈နာရီမှာ စထွက်တဲ့ Hilux အမြန်ကားကို ခေါင်းခန်းက။ လမ်းမှာ ဖြတ်ခဲ့သမျှကတော့ ကျမနဲ့ မစိမ်းတဲ့ ၀န်းကျင်တွေ..။ ကျမက နှစ်တိုင်းလိုလို ကျိုက်ထီးရိုးဘုရား ဖူးနေကျဆိုတော့ ကျိုက်ထိုထိက ကျမသိတဲ့ နေရာတွေ..။ အဲဒီနေ့မှာတော့ ကျိုက်ထိုကို ကျော်ပြီး စသွားဖူးတဲ့ ခရီးပေါ့။ ကျိုက်ထို.. ဘီးလင်း သထုံ...။ သထုံကနေ လမ်းခွဲပြီး ချိုးမှ ဘားအံလမ်းပေါ် ဦးတည်တာ။ လမ်းတလျှောက် သစ်ပင်သစ်ရိပ်တွေ စိမ်းစိမ်းစိုစို.. စပါးခင်းတွေ ၀ါဝါ၀င်းဝင်း..။ အဲလိုနဲ့ တနေရာရောက်တော့ ခပ်ဝေးဝေးမှာ တောင်ကြီး တစ်လုံးကို လှမ်းမြင်လိုက်ရတယ်။ သိပ်ထင်ရှားတဲ့ ရှားရှားပါးပါး ပုံသဏ္ဍန်က ထင်းလို့။ ဘယ်သူမှ လာပြောပြစရာမလိုဘဲ သိနိုင်တဲ့ ဇွဲကပင်တောင်ကြီးပေါ့..။ အဲလိုနဲ့ သိပ်မကြာခင်မှာပဲ မြိုင်ကလေးကိုရောက်ပြီ.. တဲ့။ နာရီကြည့်တော့ ၁၁နာရီခွဲ..။ မြန်လိုက်တာပေါ့။

မြိုင်ကလေးကနေ မြစ်ကူးရမယ်လို့တော့ သိပြီးသားပါ။ ကျမအရင် ဘားအံမှာ တာဝန်ကျတဲ့ ကိုမင်းသိုက်မွန်က သေချာပြောပြပြီးသားလေ။ မြိုင်ကလေးရဲ့ ကမ်းနဖူးမှာ ရပ်ရင်း ဟိုတဘက်ကမ်းဆီမှာရှိတယ်ဆိုတဲ့ ဘားအံမြို့ဆီ လှမ်းကြည့်ကာမှပဲ ကျမက အဲဒီမြင်ကွင်းမှာ မင်သက်သွားတော့တာ။ တောတန်း.. တောင်ကုန်း တောင်တန်း.. မြစ်ကမ်း.. ထန်းပင်မြင့်မြင့်တွေ အစီအရီ...။ သံလွင်မြစ်အနားသတ်နဲ့။ နောက်မှာ ဇွဲကပင် တောင်ကြီးက မားမားကြီး ကာရံအုပ်မိုးလို့။ ရင်သွေးကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ရင်း ငုံ့ကြည့်နေတဲ့ မိခင်လို..။ အဲဒီမြင်ကွင်းဟာ ကျမ ဘယ်တော့မှ မေ့မရတော့တဲ့ ဘားအံပေါ့။

သံလွင်မြစ်ကိုကူးဖို့ မြစ်ကမ်းနဖူးကနေ ဆင်းတဲ့အခါမှာတော့ ရန်ကုန်သူ ကျမ အခက်တွေ့တော့တယ်။ လက်ဆွဲသေတ္တာ တဘက်.. လွယ်တဲ့ အိတ်တဘက်နဲ့။ ဆင်းရမယ့် သောင်ခြေက ရွှံ့သက်သက်။ ဆင်းတဲ့သူတွေက ဖိနပ်တွေ ချွတ်ပြီးဆင်းကြတာ။ ကျမက မရွံပေမဲ့ ချော်လဲမှာကို ကြောက်တယ်။ ဒါပေမဲ့ ဒါ.. ကျမ မဖြစ်မနေ ရင်ဆိုင်ရမယ့် ကိစ္စ။ ကျမလည်း ဖိနပ်ချွတ်ပြီး ရွှံ့ထဲ စွပ်ကနဲ စွပ်ကနဲ နင်းရင်း ရေစပ်ထိ ဆင်းရပါတော့တယ်။ ရေစပ်ရောက်တော့ သံလွင်မြစ်ရေအေးအေးမှာ ခြေထောက်မှာ ကပ်နေတဲ့ ရွှံ့တွေကို ဆေးကြရပါတယ်။ ဟော.. ကျမ သံလွင်နဲ့ မိတ်ဆက်ခဲ့ပြီ။

ဘေးဘီကို အကဲခတ်တော့ ပြောသံကြားပါတယ်။ ခုပဲ ဇာက်က ထွက်သွားတာတဲ့..။ နာရီဝက်ကြာမယ်တဲ့။ စက်လှေနဲ့ ကူးမလားတဲ့။ ကျမက ရေလုံးဝ မကူးတတ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲမသိ.. တဟဲဟဲစီးနေတဲ့ သံလွင်ကို ကျမစိတ်ထဲ နည်းနည်းမှ ကြောက်မနေခဲ့ပါ။ အိုကေ.. သွားမယ်ပေါ့.. စက်လှေနဲ့ပဲ..။ စက်လှေပေါ် လူတွေ တက်တာ အယောက်၂၀ မကဘူး ထင်ပါတယ်။ ကျမကြားဖူးတာ လှေအဆင်း မြင်းအတက်.။ ခက်တယ်ပေါ့.. အန္တရာယ်ရှိတယ်ပေါ့။ ကျမအတွက်ကတော့ လှေအတက်လည်း ခက်တာပါပဲ။ ဘေးနားက လူတွေက ကျမရဲ့ အထုပ်အပိုးတွေ ကူသယ်ပေးတာတောင် ကျမက အယိုင်ယိုင် အထိုးထိုးနဲ့ လှေပေါ်တက်ရပါတယ်။ (နောက်ပိုင်းတော့ အရမ်းကျွမ်းသွားတာ)။ စက်လှေထွက်တော့ ကျမ စိတ်တွေ ပေါ့ပါးသွားလိုက်တာ။ မြင်မြင်ရသမျှ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး လှလိုက်တာ.. လှလိုက်တာနဲ့။ သောင်ပြင်တွေ.. စိုက်ခင်းတွေ.. ငါးဖမ်းလှေတွေ.. ကျောက်တောင်တွေ.. ထုံးဖြူဖွေးဖွေး စေတီလေး တွေ..။ ကျမဖြင့် ရေမကူးတတ်ပါဘဲနဲ့လည်း ကြောက်ဖို့ သတိမရ။ အဲသလို.. ချစ်တဲ့ ဘားအံက ကျမကို သာတောင့်သာယာ ကြိုခဲ့တာပါ။

+++++

မေလရဲ့ နေ့လယ် မွန်းတည့်နေအောက်မှာ ဘားအံက သိပ်မပူသလိုပဲလို့ ကျမ ခံစားရပါတယ်။ တဘက်ကမ်း ရောက်တော့ ဆိုက်ကားနဲ့ မြင်းလှည်းတွေ ရပ်ထားပါတယ်။ မြင်းလှည်းက ဈေးကြီးတယ်လို့ ဆရာမင်းသိုက်မွန် က မှာလိုက်ပေမဲ့ အင်မတန်စိတ်ကူးယဉ်တဲ့ ရန်ကုန်သူ ကျမက ဒီတခါတော့ မြင်းလှည်းပဲ စီးမယ်လို့ ဆုံးဖြတ်ပါတယ်။ ဟော... လှေအဆင်းပြီး မြင်းအတက်ပေါ့။ ဒါပေမဲ့ လှည်းဆိုတော့ မခက်လှပါဘူး။ ဘားအံကောလိပ်ကို ဘယ်လောက်ပေးခဲ့ရလဲတောင် မမှတ်မိတော့ပါဘူး။ လမ်းတလျှောက် သတိထားမိတာ ကတော့ ကုန်းတက်ကုန်းဆင်း လမ်းကလေးတွေ.. မြို့ပြမဆန်တဲ့ တိုက်တာအိမ်ခြေကလေးတွေနဲ့ မြို့ရဲ့ တစင်းတည်းသော ဗဟိုလမ်းပေါ်မှာ ကုန်အပြည့်တင်လာတဲ့ ကားအမျိုးမျိုး သွားလာနေတာ...။ "သာမည" ဆိုတဲ့ စာတမ်းပါ ဟိုင်းလတ်ကားလေးတွေ ဖြတ်သွားချိန်ကလွဲရင် မြို့ကလေးက လူခြေ တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်သွေ့သွေ့ ရှင်းရှင်း လင်းလင်း ရှိနေတာ။

+++++

ဘားအံကောလိပ်.. တဲ့။ မြင်းလှည်းပေါ်ကအဆင်းမှာပဲ အုံ့အုံ့ဆိုင်းဆိုင်းရှိတဲ့ ကျောင်းဝင်း လေးကို တန်းကနဲ မြင်ရပါတယ်။ ခြံစည်းရိုးက ပုဏ္ဏရိပ်ကြီးနဲ့ စက္ကူပန်းရောင်စုံတွေ..။ ကျောင်းပိတ်ရက်မို့ ကျောင်းဝင်းကလည်း တိတ်ဆိတ်နေပါတယ်။ ဦးဆုံးသွားရမှာက ကျောင်းအုပ်ကြီး 'ဦးစောလောရင့်စ်သော်' ဆီကို..။ အင်မတန် အေးချမ်းနူးညံ့တဲ့ ဆရာကြီးပေါ့။ ဆရာကြီးက ချက်ချင်းပဲ ကျမကို နေဖို့ အိမ်ကလေး စီစဉ်ပေးပါတယ်။ မြန်မာစာဌာနက ဌာနမှူးဆရာတွေ အစဉ်အဆက်နေခဲ့တဲ့ အိမ်..တဲ့။ ဒီတော့မှပဲ ကျမက ဘားအံကောလိပ်မှာ မြန်မာစာဌာနမှူး အနေနဲ့ တာဝန်ယူရမှာလားလို့ မေးရပါတယ်။ ဆရာကြီးက ပြန်ပြောပါတယ်။ Transfer ကျလို့ ရောက်မယ့် ၃ယောက်မှာ ကျမက စီနီယာမို့ ဌာမှူးတာဝန် ယူရမယ်.. တဲ့။

(တကယ်တော့ ကျန်တဲ့ တာဝန်ကျဖော် နှစ်ယောက်ကလည်း အတန်းတူသူငယ်ချင်းတွေပါ..။ လက်ထောက် ကထိက ရာထူးတူ ဆရာမတယောက်နဲ့ နည်းပြဆရာတယောက်.. နောက်ပိုင်း မောင်နှမတွေလို ဖြစ်သွားကြ ရပြီး တက်ညီလက်ညီရှိလှတဲ့ လုပ်ဖော်ကိုင်ဖက်တွေ)။

ကျမ ဒုက္ခပဲ.. လို့ တ-လိုက်မိပါတယ်။ ကျမ လုပ်နိုင်ပါ့မလား။ တခါမှလည်း အုပ်ချုပ်ရေးကို မကိုင်ဖူးတဲ့အပြင် အသက် ၃၀ ဆိုတာကလည်း ဌာနမှူးလုပ်ဖို့အတွက် ငယ်လွန်းပါတယ်။ ဆရာကြီးက တော့ စိတ်မပူပါနဲ့.. အဆင်ပြေမှာပါတဲ့။ ဘားအံကောလိပ်က မော်လမြိုင်တက္ကသိုလ်ရဲ့ လက်အောက်ခံမို့ မော်လမြိုင်တက္ကသိုလ်က ပါမောက္ခရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ရုံပါပဲ..တဲ့။ ပြီးတော့ ဘားအံကောလိပ်မှာ အရင်က ပထမနှစ် ဒုတိယနှစ် ရှိခဲ့ပြီးတော့ ကျောင်းသားအားလုံးပေါင်းမှ တသောင်းကျော်ပဲ ရှိပါတယ်.. တဲ့။ ခုနှစ်မှ တတိယနှစ်တွေကို ဒီမှာပဲ ဆက်တက်ရမှာတဲ့။ ဒါပေမဲ့ ၃နှစ်ပေါင်းတောင် မြန်မာစာမေဂျာကျောင်းသား အယောက် ၃၀မပြည့်ပါဘူးတဲ့...။ ဆရာကြီးတို့လည်း ၀ိုင်းကူမှာပေါ့.. တဲ့။ ဒီလိုနဲ့ပဲ ယောင်တိယောင်ကမ်း နဲ့ မြန်မာစာဌာနမှူး လုပ်ရပါလေရောပေါ့။


(ဌာနမှူးလို့ ပြောတာပဲ)
+++++

အဲဒီနေ့က ကျမနေရမယ့် ကျောင်းရှေ့ အောင်နန်းလမ်းသွယ်ထဲက အိမ်ကလေးဆီကို လာတော့ ကျောင်းက စာရေးတယောက်က လိုက်ပို့ပေးပါတယ်။ ဆရာမတွေနေတဲ့ အိမ်ဝင်းလေးက ခြံတံခါးလေး အသာစေ့လို့။ ခြံဝင်းထဲမှာ ခေါင်နိမ့်နိမ့် အုတ်တိုက်ဝါ၀ါလေးတွေ ၅လုံးတွဲ မျက်နှာချင်းဆိုင် ၂တန်း ရှိနေပါတယ်။ တိုက်ကလေးတွေ ရှေ့မှာ သရက်ထည်ပန်းပင်လေးတွေ.. လေးနာရီပန်းပင်လေးတွေ.. ပန်းအိပင်ပုလေး တွေ..။ တိုက်ခန်းတွဲ နှစ်တန်းကြားက လမ်းကလေးအတိုင်းဝင်သွားတော့ လမ်းအဆုံးမှာ ဂိုဒေါင်ပုံစံ အုတ်တိုက်ရှည်ကြီး တစ်လုံး။ အဲဒီ အုတ်တိုက်ဝမှာတော့ ပြူတစ်ပြူတစ်နဲ့ ကျမကို ချောင်းကြည့်နေတဲ့ မိန်းကလေးတွေ.. ကျောင်းသူလေးတွေပေါ့။ နောင်တော့ ကျမကိုယ်တိုင် မွေးထားတဲ့ သမီးတွေလို ချစ်ရတဲ့ ကလေးတွေ ဖြစ်လာ တာပေါ့။

အဲဒီ အုတ်တိုက်ရှေ့နားရောက်မှပဲ အုတ်တိုက်ရဲ့ညာဘက်မှာ ရှိနေတဲ့ ရေနံချေးဝနေတဲ့ သစ်သားအိမ် နိမ့်နိမ့် စုတ်ချာချာကလေးတစ်လုံးကို သစ်ပင်တွေကြားထဲမှာ တွေ့လိုက်ရတာ။ နဘေးမှာက ငှက်ပျောပင်တွေ သင်္ဘောပင်တွေ.. အိမ်ဝမှာက ရွက်လှကျားကျားနဲ့ ဇော်စိမ်းတွေ..။ အိမ်ရှေ့ မျက်နှာစာမှာက ဂမုန်းတွေ..။ အိမ်နောက်ဘက်မှာက ငှက်ပျောပင်နဲ့ ပေါက်ပန်းဖြူပင်... ပွေးမဲဇလီပင်တွေ..။ ကျမနေရမယ့် အိမ်ကလေးတဲ့..။ အဲဒီ ညစ်ပတ်ရှုပ်ပွနေတဲ့ အိမ်ကလေးကို ဘေးကျောင်းသူဆောင်(နောက်တော့ မြမဉ္ဇူဆောင်လို့ နာမည်ပေးလိုက်ပါတယ်)ထဲက သမီးတွေကပဲ အိမ်ကို ရေတွေဆေးချကြ.. ၀ိုင်းရှင်းလိုက်ကြတာ ခဏလေး။ အဲဒီညနေမှာပဲ တတိယနှစ်မြန်မာစာအဓိကတန်းတက်မယ့် ကျောင်းသား ၃ယောက်က ကျမကို လာတွေ့ပါတယ်။ အင်မတန် လိမ်မာယဉ်ကျေးပြီး သိမ်မွေ့တဲ့ ယောက်ျားလေးတွေပါပဲ။ တတိယနှစ် မေဂျာ ကျောင်းသား ကျောင်းသူက ၇ယောက်တဲ့။ ကျမ ပြုံးမိသွားခဲ့ပါတယ်။ မိန်းကလေး ၂ယောက် ယောက်ျားလေး ၅ယောက်တဲ့။ လာတွေ့တဲ့ ကျောင်းသား၃ယောက်က နယ်ခံ ဘားအံဇာတိတွေ..။ အဲဒီ ကလေးတွေ ကျေးဇူးနဲ့ပဲ ကျမရဲ့ မြန်မာစာဌာန တာဝန်ခံဌာနမှူးဆိုတဲ့ တာဝန်ကို သေသေချာချာ ကျေနိုင်ခဲ့တာလို့ ပြောရမယ့် အဖြစ်လေးတွေ ကိုလည်း ရေးဦးမှာပါ။

+++++

အဲဒီညနေမှာပဲ ကလေးတွေက ကျောင်းဝင်းထဲ လိုက်ပြပါတယ်။ လှိုင်ကလာတဲ့ ကျမအတွက်တော့ ဘားအံကျောင်းဝင်းကို ကြည့်ပြီး ကလေးတွေကို သနားနေမိပါတယ်။ ဘားအံကောလိပ်ဆိုတဲ့ ကျောင်းဝင်းက ရန်ကုန်က အထက်တန်းကျောင်းဝင်း တ၀င်းစာ လောက်တောင် မကျယ်ပါဘူး။ လေးထောင့် စတုရန်းပုံကျကျ မျက်နှာချင်း ဆိုင်ထားတဲ့ အဆောက်အဦးတွေက တန်းလျားဆန်ဆန်..။ အဲဒီ လေးထောင့်တန်းလျားတွေထဲမှာမှ စာသင်ဆောင် နှစ်ဆောင်ပဲ ရှိပြီး စာသင်ခန်းအားလုံးပေါင်း ၇ခန်းပဲ ရှိပါတယ်။ practical ခန်း ၂ခန်းပါမှ ၉ခန်းပါ။ နောက် အဲဒီ တန်းလျားအဖွဲ့အစည်းထဲမှာပဲ အဆောင်နေကလေးတွေအတွက် ကျောင်းသားဆောင် ၃ဆောင်နဲ့ ကျောင်းသူဆောင် တဆောင်ပဲ ရှိတဲ့ ကောလိပ်လေးပါ။ ကျန်တဲ့ အခန်းလေးတွေက ဘာသာရပ်ဆိုင်ရာ ဌာန အခန်းတွေ..။ ဒါတောင် တချို့ ဘာသာကလေးတွေဆို ဌာနပေါင်းပြီး ထိုင်ကြရပါတယ်။ ဥပမာ... ပါဠိ (အရှေ့တိုင်းပညာ) ဆိုရင် မြန်မာစာဌာနမှာ လာပြီး ပေါင်း ထိုင်ရပါတယ်။ ကျမတို့ရဲ့ မြန်မာစာဌာနက ကျောင်းအ၀င် ညာဘက်ခြမ်းလေးမှာ။ ကျောင်းရှေ့ဘက် လမ်းမက ကြည့်ရင် လှမ်းမြင်နေရတဲ့ အခန်းလေးပေါ့။ စားပွဲလေး ၅လုံးနဲ့ မတ်ရပ်ဘီဒိုတလုံးပဲ ရှိတဲ့ ဌာနလေး။ ကျောင်းဝင်းခြံစည်းရိုးအပြင်ဘက်မှာ လှမ်းမြင်နေရတဲ့ လယ်ကွင်းတွေ (စိုက်ပျိုးရေးကျောင်းပိုင်)နဲ့ ကြာအင်းတောင်သွယ်လေးကလွဲလို့ တက္ကသီလာမြကျွန်းသာ ဆိုတဲ့ နာမည်မျိုးနဲ့ လိုက်ဖက်တဲ့ မျက်စေ့အေးစရာ မျက်စေ့ပသာဒ ဖြစ်စရာ ဘယ်လို ရှုမျှော်ခင်းမျိုးမှ ရှိမနေတဲ့ အဲဒီ ကျောင်းဝင်း လေးဟာ ကျမ ခံစားချက်ထဲမှာတော့ သနား ကရုဏာ သက်စရာပါပဲ..။

+++++

ဘားအံကောလိပ်ဝင်းရဲ့ ညာဘက်ကတော့ စိုက်ပျိုးရေးကျောင်းပါ။ ဘယ်ဘက်ခြမ်းကတော့ မြို့ပတ်လမ်းပေါ့။ မြို့ပတ်လမ်းလေးအတိုင်း ၀င်သွားရင် စိုက်ပျိုးရေးဌာနပိုင် စိုက်ခင်းတွေ လယ်ကွင်းတွေ.. ငါးမွေးကန်တွေနဲ့ သဘာဝအတိုင်းဖြစ်နေတဲ့ ကြာကန်တွေ တွေ့မယ်။ အဲဒီကနေ ဆေးရုံကုန်းဘက်ကို ထွက်နိုင်တာပေါ့။ နောက်ပိုင်း ညနေတွေမှာ စိတ်တူကိုယ်တူ သူငယ်ချင်းဆရာမတွေနဲ့ ကျမ မကြာခဏ ထွက်လျှောက်တဲ့ လမ်းလေးပေါ့။ အဲဒီ လမ်းတလျှောက်မှာတော့ ကရင်လူမျိုးတို့ရဲ့ ဓလေ့အတိုင်းဆောက်ထားတဲ့ ခြေတံရှည် အိမ်မြင့်လေးတွေကိုလည်း တွေ့နိုင်ပါတယ်။ အေးချမ်းတဲ့ လမ်းကလေးပေါ့။ အင်မတန် ရိုးစင်းပေမဲ့ ဘားအံဟာ ကျမအတွက်တော့ ရိုးသားရောင့်ရဲခြင်းနဲ့ ဖမ်းစားနိုင်တဲ့ မြို့ကလေးပေါ့။ ဆရာမဘ၀တလျှောက် အင်မတန် ချစ်စရာကောင်းတဲ့... သစ္စာရှိတဲ့.. နောင်ကာလ အကြာကြီးအထိ ကျမကို ချစ်ခဲ့တဲ့ တပည့်လေးတွေနဲ့ တွေ့ခဲ့ ကြုံခဲ့ရတဲ့ မြို့ကလေးလည်း ဖြစ်ပါတယ်။

+++++

တနင်္လာနေ့မှာတော့ ကျမနဲ့အတူ တာဝန်ကျတဲ့ သူငယ်ချင်းနှစ်ယောက် ရောက်လာ ကြပါတယ်။ ဆရာမက ကျမထက် အသက်ကြီးတာမို့ ကျမက "အစ်မ'လို့ ခေါ်ပါတယ်။ နောက်တော့ တကယ့် ညီအမလိုချစ်သွားပြီး သူ့မောင်နှမတွေခေါ်သလို အမကြီးလို့ပဲ ခေါ်တော့တာ။ နောက်တယောက် ဆရာကတော့ တကယ့် ပြောမနာ ဆိုမနာ သူငယ်ချင်း..။ သူကလည်း ကျမထက် အသက် နည်းနည်း ကြီးတယ်။ သူနဲ့ ကျမကတော့ ဆရာ ဆရာမတောင် မခေါ်။ တယောက်နဲ့တယောက် နာမည်ပဲ ခေါ်ကြတာ။ ကျမတို့ ၃ယောက် ဘားအံကောလိပ်မှာ နေခဲ့ကြရတဲ့ ၃နှစ်လုံး တခါမှ စိတ်ဝမ်းမကွဲဘဲ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ချစ်ချစ်ခင်ခင်ရှိခဲ့ကြတာ သိပ် စိတ်ချမ်းသာစရာ ကောင်းတာပါပဲ။ (ခုတော့ သူတို့နှစ်ယောက်လုံး လည်း အလုပ်ထွက်သွားကြရပါပြီ။)

အဲဒီ တနင်္လာနေ့မှာပဲ ကျမတို့ဆီကို မော်လမြိုင်ဌာနချုပ်က စာရောက်လာပါတယ်။ ဗုဒ္ဓဟူးနေ့မှာ လုပ်မယ့် သင်ရိုးညွှန်းတန်းအစည်းအဝေးကို တက်ဖို့ မော်လမြိုင်တက္ကသိုလ်ကို အင်္ဂါနေ့မှာ အရောက်လာပါတဲ့။ ဘုရားရေ.. နက်ဖန်ပဲ အဂါင်္..။ သူငယ်ချင်း၃ယောက် ခေါင်းချင်းဆိုင်ကြ..။ ဘယ်လိုလုပ်ရပါ့ပေါ့..။ တယောက်မှ မော်လမြိုင်ကို မရောက်ဖူး..။ တကယ်တမ်းကျတော့ ကျမတို့ မြန်မာစာဌာနတခုတည်း သင်ရိုးအစည်းဝေးမဟုတ်ဘဲ ဘာသာရပ်ဆိုင်ရာဌာနမှူးတိုင်း သူတို့ ဌာနချုပ်တွေဆီ သွားရတာပါ။ ဒီတော့ ပါဠိဌာနက ဆရာမ မဝေ(အင်မတန် ချစ်စရာကောင်းတဲ့ စိတ်ထားဖြူစင်တဲ့ ကရင်အမျိုးသမီး)က သူနဲ့ တူတူသွားမှာပေါ့.. တဲ့။ မြန်မာစာဌာနအရောက် သူလိုက်ပို့ပေးပါ့မယ်.. တဲ့။ (နောက်တော့မှ အဲလိုပဲ မော်လမြိုင်ကို ခဏခဏ သွားရမယ်ဆိုတာကို သိတာပါ)။ ကျမတို့သာ တဌာနလုံး ၃ယောက်တည်းရှိလို့ ၃ယောက်လုံးကို ခေါ်တာလေ။ အဲဒီ အင်မတန်အားကိုးရတဲ့ မြန်မာစာ တတိယနှစ်က ကလေးများက ကျမတို့ရဲ့ ပထမဆုံး ဘားအံ - မော်လမြိုင် ခရီးစဉ်အတွက် သင်္ဘောလက်မှတ် ၀ယ်တာက အစ သင်္ဘောဆိပ်ဆင်းတဲ့အထိ စီစဉ်ပေးပါတယ်။ ဒါနဲ့ပဲ.. နောက်တနေ့ အင်္ဂါနေ့ရဲ့ မနက်၇နာရီထွက်မယ့် အထူးသင်္ဘောနဲ့ မော်လမြိုင်တက္ကသိုလ်ကို သွားခဲ့ကြရပါတယ်။ ကျမကို ဖမ်းစားခဲ့တဲ့ နောက်ထပ် မြို့ကလေးတမြို့ဆီ..................


(မော်လမြိုင်အသွား ပြည်သာယာ ဇာက်သင်္ဘောပေါ်မှာ)


+++++


You received this email because you are subscribed to the real_time feed for http://maynyane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.