Sunday, December 14, 2008

[ဆုံဆည်းရာ] 4 New Entries: ကမ္ဘာ့စီးပွားရေး အကြပ်အတည်း မြန်မာကို ထိခိုက်ဟု ဦးတေဇ ပြောဆို

ကမ္ဘာ့စီးပွားရေး အကြပ်အတည်း မြန်မာကို ထိခိုက်ဟု ဦးတေဇ ပြောဆို

ဧရာဝတီ၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၀၈

ကမ္ဘာ့ စီးပွားရေး အကြပ်အတည်းသည် မြန်မာနိုင်ငံကို ထိခိုက်မှု ရှိကြောင်း ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သူ ဦးတေဇက ၎င်း၏ ထူးကုမ္ပဏီ အဆင့်မြင့် အရာရှိများနှင့် ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးပွဲတွင် ပြောကြားသွားကြောင်း သိရသည်။

ထူး ကုမ္ပဏီ၏ မန်နေဂျာများ၊ ဒါရိုက်တာများ ပါဝင်သော ယင်း အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ် လုပ်မှု တန်ဖိုး(GDP) သည် ၂၀၀၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ရှိခဲ့ရာမှ ၂၀၀၈ ခုနှစ် တွင် ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုကြောင့် ဒေါ်လာ ၂.၆ ဘီလီယံ သာရှိခဲ့သည်ဟု ဦးတေဇ က ပြောကြားကြောင်း အစည်း အဝေး တက်ရောက်ခဲ့သူ တဦးက ပြောသည်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) က မြန်မာနိုင်ငံ၏၂၀၀၇ ခုနှစ် GDP မှာ အမေရိကန် ဒေါ်လာ ၁၃.၄၈ ဘီလီယံ ရှိကြောင်း အစိုးရ တရားဝင် ငွေတန်ဖိုးနှင့်အညီ ထုတ်ပြန်ထားသည်။

ဦးတေဇက မြန်မာနိုင်ငံ၏ အဓိက ပြည်ပ၀င်ငွေများအနေနှင့် သဘာဝဓာတ်ငွေ့၊ သစ်တောထွက်ပစ္စည်း၊ တွင်းထွက် ပစ္စည်း၊ ရေထွက် ပစ္စည်းနှင့် စိုက်ပျိုးရေးထွက်ကုန်တို့မှ ရရှိကြောင်း ပြောကြားသည်ဟုလည်း သိရသည်။

၂၀၀၇ ခုနှစ်တွင် သစ်တောထွက်ပစ္စည်းများမှ ပြည်ပ၀င်ငွေအဖြစ် အစိုးရက ဒေါ်လာ ၄ သန်း ခန့် ရရှိကြောင်းနှင့် ထူး ကုမ္ပဏီက က ဒေါ်လာ ၆ သန်းခန့် ရရှိကြောင်း ဦးတေဇက ပြောကြားခဲ့သည်ဟု အထက်ပါ အစည်းအဝေး တက်ရောက်ခဲ့သူက ပြောပြသည်။

အထူးသဖြင့် သစ်ထုတ်လုပ်ငန်းတွင် ပြည်ပမှာယူမှု ကျဆင်းသောကြောင့် ထိခိုက်မှုရှိကြောင်းနှင့် လတ်တလော ထူး ကုမ္ပဏီ၏ ဒေါ်လာ ၈ သန်းဖိုးခန့်ရှိ သစ်များ လက်ကျန်ရှိနေကြောင်း ဦးတေဇ ၏ ပြောကြားချက်ကို ကိုးကား ၍လည်း အစည်းအဝေး တက်ရောက်သူက ပြောသည်။ လွန်ခဲ့သောနှစ်က ထူးကုမ္ပဏီသည် သစ်ထုတ်လုပ်ငန်းမှ ဒေါ်လာ ၆ သန်း ခန့် ၀င်ငွေရရှိခဲ့သည်ဟုလည်း ဆိုသည်။

ထို့အပြင် လွန်ခဲ့သောနှစ်တွင် စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့သည့် သံဃာတော်များ ဦးဆောင်သည့် စက်တင် ဘာ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားမှုကြောင့် ဦးတေဇ ၏ ခရီးသွားလုပ်ငန်း စတင်ထိခိုက်မှုရှိ ခဲ့ကြောင်း ရန်ကုန်မြို့ စီးပွားရေးအသိုင်းအ၀န်းက ပြောဆိုသည်။

အဆိုပါ ဦးတေဇနှင့် ၎င်းကုမ္ပဏီ၏ အရာရှိများ အစည်းအဝေးသည် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် ကြီး သိန်းစိန် ၏ ကမ္ဘာ့စီးပွားရေးအကြပ်အတည်း ဖြစ်မှုသည် မြန်မာနိုင်ငံကို ကြီးကြီးမားမား ထိခိုက်မှု မရှိကြောင်း ပြောကြား ချက်အား အစိုးရ သတင်းစာများတွင် ဖော်ပြပြီင်္းနောက်တရက်တွင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဦးတေဇသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းများစွာကို ချုပ်ကိုင် လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ၎င်း၏ ထူး ကုမ္ပဏီအနေနှင့် သစ်ထုတ်လုပ် ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် မန္တလေး တိုင်း ပြင်ဦးလွင်မြို့ရှိ ရတနာပုံ ဆိုင်ဘာစီးတီးကဲ့သို့သော နည်းပညာဆိုင်ရာ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြောင်း သိရှိရသည်။

နာဂစ် မုန်တိုင်းဒဏ်ခံဒေသတွင် ကျန်းမာရေးအခြေအနေ စိုးရိမ်စရာရှိနေ

မဇ္ဈိမ-မုံပီး၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ) ။ ။ နာဂစ်ဆိုင်ကလုံးဒဏ်သင့်သူများကို အကူအညီပေးရမည့် ငွေကြေးအခြေအနေမှာ မလုံမလောက်ဖြစ်မှု ဆက်လက် ကြုံတွေ့နေပြီး ကျန်းမာရေးကဏ္ဍတွင် ပိုမိုအလေးထားအားထုတ်မှု ပျက်ကွက်လျှင် လုပ်ခဲ့သမျှ သဲထဲရေသွန်သလို ဖြစ်သွားလိမ့်မည်ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအရာရှိက ပြောကြားလိုက်သည်။

ကုလသမဂ္ဂဌာနေဆိုင်ရာ လူသားချင်း စာနာထောက်ထား အကူအညီပေးရေး အရာရှိ ဘီရှိုး ပါရာဂျူးလီက ရန်ကုန်တွင် ကြာသပတေးနေ့က ပြုလုပ်သော အလှူရှင်များ အစည်းအဝေးတွင် သတိပေးပြောကြားရာတွင် " ကျန်းမာရေးစနစ်ကို အထောက်အကူဖြစ်စေဖို့ နောက်ထပ် အားစိုက်မလုပ်ကြရင်ဖြင့် ဒီနေ့ထိ ရင်းထားတာတွေ၊ ရလာပြီးသား ရလာဒ်ကောင်းတွေဟာ စိုးရိမ်ဖွယ်ရာ အန္တရာယ်ရှိနေတယ်" ဟု ပါရှိသည်။

မုန်တိုင်းဒဏ်သင့်သူများကို ကူညီရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံထားသော ပမာဏတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်မှာ ရောက်မလာသေးကြောင်း သူက ပြောသည်။ ကုလအဖွဲ့ကြီးက အမေရိကန်ဒေါ်လာ ၄၈၃ သန်း တောင်းခံထားသော်လည်း ဒေါ်လာ ၃၀၃ သန်းသာ ရသေးသည်။

နယ်စည်းမခြား ဆေးပညာရှင်များ အပါအဝင် အခြားသော အစည်းအဝေး တက်ရောက်သူများက ထောက်ပြပြောဆိုရာတွင် နိုင်ငံရေးအခြေအနေကို ထည့်သွင်းစဉ်းစားချက်သည် နောက်ထပ်အကူအညီများ မရရှိခြင်း၏ အကြောင်းတရပ် ဖြစ်သည်ဟု ဆိုသည်။

"မြန်မာပြည်မှာ ငှက်ဖျား၊ အိတ်ခ်ျအိုင်ဗီ-အေအိုင်ဒီအက်စ် ကာကွယ်ရေးနဲ့ ကုသရေး စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရလာဒ်ကောင်းတွေ ရခဲ့တယ်။ ဒါပေမယ့်လည်း အလှူရှင်အတော်များများက အလှူငွေတွေ တိုးဖို့တော့ လက်တွန့်နေကြတုံးပဲ၊ ကျနော်ထင်တာတော့ နိုင်ငံရေး အခြေအနေကြောင့်လို့ ထင်တယ်။ ဒါကို နိုင်ငံသားတွေ ပေးဆပ်နေကြရတာ" ဟု ဟော်လန်အခြေစိုက် နယ်စည်းမခြား ဆေးပညာရှင်များအသင်းမှ ဖရင့်ခ် စမစ်သူးယစ်က ပြောသည်။

သြဂုတ်လအတွင်းက ကုလအဖွဲ့ကြီးက ၀န်ခံပြောကြားရာတွင် ဟောင်းနွမ်းနေပြီဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ လဲလှယ်ရေး စနစ်ကြောင့် အလှူငွေ ဒေါ်လာ တသန်းခန့်မှာ မုန်တိုင်းဒဏ်သင့်သူများထံ မရောက်ရှိဘဲ ဖြစ်ခဲ့ရာသည်ဟု ဆိုရာ တကယ်တန်း ဆုံးရှုံးမှု ပမာဏ အဘယ်မျှရှိမည်ကို မေးခွန်းထုတ်မှုများလည်း ပေါ်ပေါက်ခဲ့သည်။

အမေရိကန် သမတကတော် လော်ရာဘုရှ်ကတော့ လူ့အခွင့်အရေး ကြေညာစာတမ်း အနှစ် ၆၀ ပြည့်အခမ်းအနား တခုတွင် ထည့်သွင်း ပြောကြားသွားရာတွင် နာဂစ် မုန်တိုင်းဒဏ်သင့်သူများထံ အလှူငွေ ရောက်ရှိသည့် အထောက်အထား အနည်းငယ်ရှိသည်ဟု ဆိုသည်။

ဓာတ်ပုံများတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ်သင့်သူတို့ နေအိမ်များ ပြန်လည် ဆောက်လုပ်ကြရာ၌ အသုံးပြုသော ဆန်အိတ်ခွံများတွင် အမေရိကန် ကယ်ဆယ်ရေးအဖွဲ့ USAID နှင့် အမေရိကန် အလံများ ပါရှိနေခြင်းက အကုန်လုံး မဟုတ်တောင်မှ ကယ်ဆယ်ရေးပစ္စည်းအချို့ ရောက်ရှိခဲ့ခြင်း၏ သက်သေသာဓက ဖြစ်သည်ဟု သူမက ပြောသည်။

"ဒါကြောင့် ဆိုင်ကလုံးဒေသအတွက် ပို့လိုက်တဲ့ တချို့ ကယ်ဆယ်ရေးတွေ ရောက်ပြီး လူတွေ ရတယ်ဆိုတာ ကျမတို့ သိရတယ်" ဟု သူမက ပြောသည်။

အမေရိကန်အနေဖြင့် မြန်မာမုန်တိုင်းဒဏ် သင့်သူများအတွက် နောက်ထပ် ဒေါ်လာ ၅ သန်း အကူအညီ ပေးသွားမည် ဖြစ်ကြောင်းလည်း လော်ရာဘုရှ်က ကြေညာလိုက်သည်။ ထိုငွေများကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် World Food Programme နှင့် ကလေးများကယ်ဆယ်ရေး Save the Children တို့က တဆင့် ပေးလှူမှာဖြစ်ပြီး ရေသန့်ရရှိရေး၊ လုံလောက်သော အမိုးအကာရရှိရေး၊ အခြေခံ ကျန်းမာရေး ၀န်ဆောင်မှုနှင့် အခြား မရှိမဖြစ် အရေးကြီးသော ပစ္စည်းပစ္စယများ ၀ယ်ယူရေးတွင် အသုံးပြုရမည် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မာက်ခ့် ကန်နင်းက အလှူရှင်များ အစည်းအဝေးကို ပြောကြားရာတွင် ဗြိတိန်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်သင့် ဒေသများသို့ အလှုငွေများ ပိုမို ရရှိစေလိုပါကြောင်းနှင့် ပိုမိုထည့်ဝင်ကြပါရန် ပါရှိသည်။

"ဒါကြောင့် ကျနော်တို့နဲ့ မိတ်ဆွေတွေဟာ တခြား နိုင်ငံတကာ အကူအညီတွေ ပိုရတာ ဖြစ်စေချင်ပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း ကျန်းမာရေးဂဏ္ဍတွေမှာ ပိုမိုငွေသုံးတာ ဖြစ်စေချင်ပါတယ်။ အဲသလိုဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အထောက်အပံ့တွေလည်း ပိုရလာနိုင်ပါတယ်" ဟု ကန်နင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ထားသည့်ကိစ္စ အမှုအဖြစ် သတ်မှတ်ပြီဟု ရှေ့နေပြော

ခေတ်ပြိုင်-ကိုဝိုင်း/ ၁၂ ဒီဇင်ဘာ ၂၀၀၈

အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်၌ အကျယ်ချုပ် ထိန်းသိမ်းထားခြင်းသည် ယခုအခါ အမှုအဖြစ် သတ်မှတ်လိုက်ပြီဟု ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ယနေ့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလ (၈) ရက် သို့မဟုတ် (၁၀) ရက်တွင် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားခြင်းကို ခွင့်မပြုကြောင်း ၎င်းအား ယခုလ (၉) ရက်နေ့တွင် ခေါ်ယူအကြောင်းပြန်ရာ၌ အယူခံလွှာကို အစိုးရကဆောင်ရွက်နေပြီဖြစ်သည်ဟု အာဏာပိုင် များက ပြောဆိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိစ္စသည် အမှုဖြစ်သွားပြီဟု ပြောနိုင်ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြော သည်။

ရှေ့နေကြီးဦးကြည်ဝင်းက "သူတို့ကပြောတာက ကျနော်တို့တင်ထားတဲ့ အယူခံလွှာကိုတဲ့၊ နေပြည်တော်မှာပေါ့ဗျာ ကျနော်တို့တင်တာ နေပြည်တော်မှာကိုး။ တင်ထားတဲ့အယူခံလွှာကို ဆောင်ရွက်နေပါပြီတဲ့ ဒီစကားသုံးတယ်သူက။ ဒါကြောင့်မို့လို့ ဒေါ်စုနဲ့ တွေ့စရာလိုတော့မယ် မဟုတ်ဘူးလို့ ယူဆတယ်တဲ့။ အမှုသဘောတော့ဖြစ်သွားပြီ။ ဆောင်ရွက်နေပြီလို့ပြောတာကိုး။ ဆောင်ရွက်နေတာ ဘယ်အဆင့်ရောက်ပြီလဲတော့ မပြောဘူးဗျ" ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံလွှာကို ယခုနှစ် အောက်တိုဘာ (၉) ရက်နေ့တွင် ရှေ့နေကြီးဦးကြည်ဝင်း၏ လက် ထောက်ရှေ့နေ ဦးလှမျိုးမြင့်က နေပြည်တော်၌ ၀န်ကြီးအဖွဲ့ထံ တင်သွင်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ၀န်ကြီးရုံးက ၀င်စာနံပါတ် ဖြင့်သာ လက်ခံထားခြင်းဖြစ်ပြီး အယူခံသဘော၊ အမှုသဘော သတ်မှတ်ခြင်းရှိမရှိ သေချာစွာမသိရှိခဲ့ရပေ။

ဒု-ရှေ့နေချုပ် ဦးမြင့်နိုင်၊ အက်စ်ဘီ ဒု-တပ်ဖွဲ့မှူး ဦးဝင်းနိုင်ထွန်း၊ ရဲမှူးကြီး သူရစန်းလွင်တို့ (၃) ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပြုကြောင်း အက်စ်ဘီရုံး၌ ရှေ့နေကြီးဦးကြည်ဝင်းအား ခေါ်ယူအကြောင်းပြန်ကြားခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် မလိုကြောင်း ပြောသူမှာ အဆိုပါ (၃) ဦးအဖွဲ့ကို ဦးဆောင်သူ ဒု-ရှေ့နေချုပ် ဦးမြင့်နိုင်ဖြစ်ကြောင်း သိရသည်။

အယူခံလွှာကို နေပြည်တော်၌ တင်ပြီးဖြစ်ကြောင်း သတင်းပို့ရန်၊ ပြင်ဆင်ဖြည့်စွက်လိုပါက ပြင်ဆင်ဖြည့်စွက်နိုင်ရန် ရည်ရွယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် ယခုလ (၃) ရက်နေ့က တင်ပြခဲ့မှုကို အာဏာပိုင်များက ၎င်းတို့ ဆောင်ရွက် နေပါပြီဟုအကြောင်းပြ၍ ခွင့်မပြုခြင်းသည် ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း၊ ခွင့်မပြုသည့်ကိစ္စကို အစိုးရအဖွဲ့ထံတင်ပြရန် စဉ်းစားနေကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီးဦးကြည်ဝင်းအား ယခုနှစ် သြဂုတ်လ (၈) ရက်နေ့က ခေါ်ယူတွေ့ဆုံ၍ ၎င်းအားကန့်သတ် တားဆီးထားသည့် ဥပဒေ၊ တားဆီးချိန်ကာလများနှင့်ပတ်သက်ပြီး ဥပဒေအတိုင်း အကျိုးဆောင်ပေးရန် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

အိုဘားမားလုပ်ကြံခံရမည့်ကိန်းအပါအ၀င် ၂၀၀၉ စီးပွားရေး၊ နိုင်ငံရေး ဟောကိန်းများထွက်

NEJ/ ၁၂ ဒီဇင်ဘာ ၂၀၀၈

၂၀၀၉ နှစ်အတွက် စီးပွားရေး၊ နိုင်ငံရေး အလားအလာများကို ကမ္ဘာ့ဘဏ် ကုလသမဂ္ဂစသည့် အဖွဲ့များက ခန့်မှန်း ထုတ်ပြန်နေချိန်တွင် ကမ္ဘာတလွှားရှိ ဗေဒင်နက္ခတ်ဆရာများကလည်း ၂၀၀၉ အတွက် ဟောကိန်း ထုတ်ကြရာ အမေရိကန် သမ္မတသစ် အိုဘားမား အလုပ်ကြံခံရနိုင်သည်ဆိုသည့်အချက်ကို ဟောကိန်း အတော်များများတွင် ပါဝင်နေကြာင်းတွေ့ရသည်။

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးတိုင်း ပေါ်ပေါက်လာသည့် နှစ်သစ်ကူး ဟောကိန်းများအားလုံး မှန်လေ့မရှိသော်လည်း ၂၀၀၉ ခုနှစ်အတွက် ကမ္ဘာ့ဟောကိန်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။


အမေရိကန်သမ္မတသစ် ဘားရက်အိုဘားမား အလုပ်ကြံခံရမည့်ကိစ္စ မသေချာသော်လည်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုမှာ (၂.၅) ရာနှုန်းမှ ၂၀၀၉ ခုနှစ်တွသ် (၁) ရာနှုန်းထိ ထိုးဆင်းသွားမည်ဟု ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်တို့၏ ၂၀၀၉ ခုနှစ် စီးပွားရေး အလားအလာ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

၂၀၀၉ ခုနှစ်အတွင်း တိုးတက်သည့်နိုင်ငံများ စီးပွားကပ်ကြီးကြီးကျယ်ကျယ် ကြုံဖို့မှန်းထားသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာမူ ၂၀၀၂-၂၀၀၇ ခုနှစ်အတွင်း ရှိခဲ့သည့် စီးပွားတိုးတက်မှုနှင့် ပြောင်းပြန်ဖြစ်နေသည့် အတွက် ဆင်းရဲမှုလျော့ပါးရေး တိုးတက်အောင်လုပ်ဆောင်ချက်ကို သိသိသာသာ အဟန့်အတားဖြစ်စေမည့် လက္ခဏာရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ပြီးခဲ့သည့်နှစ်များအတွင်း စီးပွားရေးအတန်အသင့်ကောင်းခဲ့သည့် LDC ခေါ် အဆင်းရဲဆုံးနိုင်ငံများအခြေအနေမှာ လည်း ရုတ်တရက် ယိုယွင်းလာနေသည်။ ၂၀၀၉ ခုနှစ်အတွင်း ကမ္ဘာ့ပြည်သူများ၏ တဦးချင်းဝင်ငွေ ကျဆင်းမည်ဟု ကုလသမဂ္ဂက မှန်းထားသည်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် ၂၀၀၉ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ခန့်မှန်းချက်တွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုမှာ ဆိုးရွားလာသည်ဟု ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၈ နှောင်းပိုင်းမှစပြီး ငွေကြေးစီးပွားကပ်ကြီးဆိုက်နေသည့်အတွက် တင်းကျပ်သည့် ဘဏ္ဍာရေးစည်းမျဉ်းများ ချမှတ်ရန် တိုက်တွန်းထားသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.