လက်ရှိ အသုံးပြုနေသော ဒုဋ္ဌဝတီမြစ်ကူး တံတားမှာ ၁၉၆၄ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော ဘေလီတံတား အမျိုးအစားဖြစ်ပြီး ခံနိုင်ဝန်အား တန် ၃၀ ရှိသော တစ်လမ်းမောင်း တံတားသာဖြစ်သည်။ ထို့ကြောင့် တန် ၃၀ အထက်ပိုသော ကုန်တင်ယာဉ်များ ဖြတ်သန်းရာတွင် ကုန်များကို ကဲ့ပြောင်းတင်ချ ပြုလုပ်ပြီးမှသာ ၎င်းတံတားဟောင်းပေါ်မှ ဖြတ်သန်းနိုင်သည်ဖြစ်ရာ အချိန်နှင့် ငွေကြေးပိုမို ကုန်ကျခြင်းတို့ ရှိခဲ့သည်။ တိုးတက် ပြောင်းလဲလာသော ခေတ်အခြေအနေများ နှင့်အညီ ပိုမိုမြန်ဆန် ကောင်းမွန်သော ကုန်စည် စီးဆင်းမှုကို အထောက်အကူ ပြုနိုင်စေရန် အတွက် သယ်ယူ ပို့ဆောင်ရေး စနစ်ကို အဆင့် မြှင့်တင်ပေးရန် ရည်ရွယ်၍ ထိုတံတားဟောင်း အနီး၌ပင် ခံနိုင်ဝန်အား တန် ၆၀ ရှိသော သံကူကွန်ကရစ် သံမဏိပေါင် မြစ်ကူး တံတားသစ်ကြီး တစ်စင်းကိုလည်း ယခုနှစ် မေလ ၂ ရက်နေ့မှ စတင်၍ တည်ဆောင်နေပြီဖြစ်ရာ လာမည့် ၂၀၁၀ ခုနှစ်တွင် ပြီးစီးနိုင်လိမ့်မည်ဟု ခန့်မှန်းရပေသည်။
ဤကဲ့သို့ တံတားသစ်ကြီး တည်ဆောက် မပြီးစီးမီ ကြားကာလ၌ ဆိုခဲ့ပါ တန် ၃၀ နှင့်အထက် ကုန်တင် မော်တော်ယာဉ်ကြီးများ ဖြတ်သန်း သွားလာရာတွင် လမ်းခရီး၌ အချိန်ကုန်၊ ငွေကုန်၍ ကြံ့ကြာခြင်းမျိုး မဖြစ်စေဘဲ လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်ပြီး ကုန်စည် စီးဆင်းမှု မြန်ဆန်စေရန် အတွက် တန် ၆၀ ခံနိုင်ဝန်အား ရှိသော ဒုဋ္ဌဝတီ ရေပေါ်မြစ်ကူး (Pontoon bridge) တံတားကြီးကို တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ တံတားသည် ယာယီ တံတားမျှသာ ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ပထမဆုံး တည်ဆောက် အသုံးပြုသော တန် ၆၀ ခံနိုင်ဝန်အားရှိ ရေပေါ်တံတား ဖြစ်ကြောင်းလည်း သိရှိရသည်။
ဤပွန်တွန်းတံတားကို သီပေါမြို့၊ မြစ်အရှေ့ဘက် မြို့ဟောင်း ကျေးရွာနှင့် မြစ်အနောက်ဘက် ဈေးရပ် မဟော်ဂနီ လမ်းထိပ်သို့ ဆက်သွယ် ပေါင်းကူး တည်ဆောက်ထားသည်။ လေ့လာသူများ အကျိုးများစေရန် အတွက် တံတားဆိုင်ရာ အချက်အလက်များ နှင့်တကွ တံတား တည်ဆောက်ပုံ အဆင့်ဆင့်ကိုပါ တဆက်တည်း ရေးသားဖော်ပြပါမည်။
တံတားဆိုင်ရာ အချက်အလက်များ(က) Pontoon (15m x 4 m x 1.5m) အရေအတွက် (၁၈ ခု)
(ခ) တံတားအခန်း (Pontoon ၂ ခုတွဲ၍ တည်ဆောက်ထားခြင်း) (15m x 15m x 1.5m) ၊ အရေအတွက် (၉) ခန်း
(ဂ) Pontoon ၂ ခုကြားအကွာအဝေး ________ ၆ မီတာ
(ဃ) ယာဉ်သွားလမ်းအကျယ် _____________ ၇ မီတာ
(င) ယာဉ်သွားလမ်းခင်း သံပြားအထူ ________ ၈ မီတာ
(စ) နှစ်ဘက်ထိပ်ခင်းမည့် သံပြားအထူ _______ ၄ မီတာ
(ဆ) ဘေးကာသံပြားအထူ ______________ ၈ မီတာ
(ဇ) အောက်ခင်းသံပြားအထူ _____________ ၅ မီတာ
(ဈ) ဘေးကာတန်း ___________________ (၅ × ၁၅၀/၆ × ၅၀ ) မီလီမီတာ
(ည) အတွင်းဒေါက်တိုင်များ ______________ Φ ၇၆ မမ × ၎
ရေပေါ်တံတား တည်ဆောက်ခြင်း လုပ်ငန်းအဆင့်များတံတားတည်ဆောက်ခြင်း လုပ်ငန်းအဆင့်ဆင့်ကို အောက်ပါအတိုင်းဖြစ်သည်-
(က)Pontoon များတပ်ဆင်ခြင်းနှင့် ရေချခြင်း(၁) Pontoon များ တပ်ဆင်ရာတွင် အရွယ်အစား ကြီးမားသောကြောင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ အပိုင်းလိုက်ဖြတ်၍ သီပေါမြို့သို့ သယ်ဆောင်ပြီး ယခုတံတား တည်ဆောက်ထားသော နေရာ၏အထက် ရေမိုင် ၂ မိုင်ခန့်အကွာ (မူဆယ်-လားရှိုး-သီပေါ) ကားလမ်းဘေးနှင့် ဒုဋ္ဌ၀တီမြစ်ကမ်း အကြားတွင် တံတား အစိတ်အပိုင်းများ ပြန်လည် တပ်ဆင်ရန်အတွက် လုပ်ငန်းဧရိယာ ရွေးချယ်ခဲ့သည်။ ထိုနေရာတွင် Pontoon များကို ပြန်လည် တပ်ဆင်ခြင်း ပြုလုပ်ပါသည်။ တံတားခန်းဖွင့် တစ်ခုစီအတွက် Pontoon နှစ်ခုကို အသုံးပြုပြီး ၄င်းတို့အပေါ်တွင် မော်တော်ကားလမ်းနှင့် လူသွားလမ်းတို့ကို တပ်ဆင်သည်။ တံတားတပ်ဆင်ပုံများကို အောက်တွင် ဖော်ပြထားပါသည်။
Pontoon များကို အပိုင်းလိုက် တပ်ဆင်နေပုံများ
(၂) အသင့်ပြုလုပ်ပြီးသော တံတား အစိတ်အပိုင်းများအလိုက် လေအိတ်များကို အသုံးပြု၍ ရေချခြင်းပြုလုပ်ပြီး စက်လှေများ၊ ၀ါးဖောင်များဖြင့် ဆိုင်းကာ တံတား တည်ဆောက်မည့် နေရာသို့ သယ်ဆောင်သည်။
(ခ) တံတားတည်ငြိမ်မှုရှိစေရန် ကြိုးဆိုင်းများချိတ်ဆွဲခြင်း(၁) တံတားအခန်းတိုင်းအား (၂ မီတာ × ၂ မီတာ × ၂ မီတာ) (၁၄-၁/၂ တန်) ရှိ ကွန်ကရစ်တုံးများကို ရေစီးလမ်းကြောင်းအပေါ်တွင် တံတားမှ ၅၀ မီတာ အကွာအဝေး၌ ချထားပြီး သံကြိုးဖြင့် ချိတ်ဆွဲ ရပ်တန့်စေသည်။
(၂) ကမ်းဘက်ရှိတံတား ၂ ခုတွင် ရေစီးလမ်းကြောင်း အပေါ်ဘက် ချိတ်ဆွဲထားမှုအပြင် တံတား လမ်းကြောင်းနှင့်အပြိုင် သံကြိုး ၂ ချောင်းစီဖြင့် ချိတ်ဆွဲမှုလည်း ပြုလုပ်ထားသည်။
(၃) တံတား တည်ငြိမ်မှုရှိစေရန် စုစုပေါင်း သံမဏိကြိုး ၁၃ ချောင်းဖြင့် ချိတ်ဆွဲထားပါသည်။ အသင့်ပြုလုပ်ပြီးသော Pontoon များကို မြစ်ရေပြင်အတွင်း တည်ငြိမ်မှုရှိစေရန် ၈ ကုဗမီတာရှိသော ကွန်ကရစ်တုံးများကို မြစ်ရေပြင် အတွင်းသို့ချ၍ Pontoon များကို သံမဏိကြိုးများဖြင့် ဆိုင်းထားသည်။
(ဂ) တံတားခန်းဖွင့် တစ်ခုနှင့်တစ်ခု ဆက်သွယ်ခြင်း(၁) တံတား အခန်း တစ်ခုနှင့်တစ်ခု ထိပ်တိုက် ချိတ်ဆက်ရန် တွဲဆက်မှုအပိုင်း (၈) ခု တပ်ဆင်ထားပြီး Rivet ဖြင့်ချိတ်ဆက်ထားသည်။
(၂) တွဲဆက်မှု အစိတ်အပိုင်းတွင် အပေါ်နှင့်အောက် အပေါက် ၂ ခု ပြုလုပ်ထားပြီး လက်ရှိ အခြေအနေတွင် အပေါ်ပေါက်တွင်သာ Rivet တပ်ဆင်ထားရှိသည်။ ၎င်းအခြေအနေတွင် တန် ၆၀ ကုန်တင်ကား ဖြတ်သန်းစေနိုင်ပြီး အပေါ်နှင့်အောက် ၂ ခုစလုံး တပ်ဆင်ပေးပါက ၁၂၀ တန်ထိ ခံနိုင်ကြောင်း သိရှိရပါသည်။
(၃) အပေါ်ပေါက် တစ်ခုတည်းသာ Rivet တပ်ဆင်ခြင်းသည် တံတားခန်းဖွင့်များ လွယ်ကူစွာ လှုပ်ရှားနိုင်ပြီး ရေရှည် အသုံးပြုနိုင်ကာ အပေါ်နှင့်အောက် အပေါက် (၂) ခုလုံး တပ်ဆင်ခြင်းသည် တံတားအခန်းများ လှုပ်ရှားမှုကို ထိန်းချုပ်ထား သကဲ့သို့ဖြစ်ကာ ရေရှည် အသုံးပြုနိုင်ခြင်းမရှိပေ။ တံတားခန်းဖွင့် တစ်ခုနှင့် တစ်ခု Rivet ချိတ်ဆွဲထားပုံများကို အောက်တွင် ဖော်ပြထားပါသည်။
ပွန်တွန်းတံတား ခန်းဖွင့်တစ်ခုနှင့်တစ်ခုကို rivet များဖြင့် ချိတ်ဆက်ထားရှိပုံ။
တံတားတည်ဆောက်ပြီးနောက်ပိုင်း ကုန်တင်ယာဉ်များ သွားလာမှုအခြေအနေကိုလေ့လာခြင်းတံတားတည်ဆောက်ပြီးနောက် ကုန်တင်ယာဉ်များ သွားလာရာတွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် လှုပ်ရှားမှုများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) မြစ်ရေသည် ရေအနက် ၃ မီတာ နှင့် ရေစီးနှုန်း ၁.၅ မီတာ/စက္ကန့် စီးဆင်းမှုမှ ရေအနက် ၅ မီတာနှင့် ရေစီးနှုန်း ၂.၅ မီတာ/စက္ကန့် စီးဆင်းမှု အနေအထားသို့ ဖြစ်ပေါ်နိုင်သည်။
(ခ) လေ့လာသော အချိန်တွင် ရေအနက် ၃ မီတာ နှင့် စီးဆင်းနှုန်း ၁.၅ မီတာ/စက္ကန့် အခြေအနေ၌ ကားဖြတ်သန်းမှု မရှိစဉ်တွင် Pontoon များ၏ ရေပေါ် ပေါ်နေမှု ပမာဏမှာ ၁ မီတာ ခန့်သာရှိပြီး ကုန်တင်ယာဉ်များ ဖြတ်သန်းသွားသောအခါ ၀.၅ မီတာခန့်သာ ရှိသည်ကို တွေ့ရသည်။
(ဂ) ကုန်တင်ယာဉ်ကြီးများ တံတားပေါ်သို့စတင် တက်ရောက်ရာတွင် ခံဆောင်ရသော ပထမဆုံး Pontoon မှာမူ ကုန်တင်ယာဉ် တံတားပေါ်သို့ စတက်သည်နှင့် Pontoon တစ်ခုလုံး မြုပ်လုနီးပါး အခြေအနေ ဖြစ်ပေါ်သွားသော်လည်း တံတားပေါ်သို့ ကားရောက်သွားသည့် အခါတွင် ၀န်အားကို Pontoon ခန်းဖွင့် တစ်ခုစီမှ ခံဆောင်နိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်သဖြင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းစဉ်တွင် Pontoon များ၏ ရေပေါ်သို့ ပေါ်လောပေါ်နေမှု ပမာဏမှာ ပုံမှန် ရေပေါ်တွင် ပေါ်လောပေါ်မှု အခြေအနေအတိုင်းဖြစ်ပြီး ၀.၅ မီတာခန့်ရှိကြောင်း တွေ့ရှိရပါသည်။ ကုန်တင်ယာဉ်ကြီးများ တံတားပေါ်သို့ ဖြတ်သန်းမှု အခြေအနေကို အောက်တွင် ဖော်ပြထားပါသည်။
ပွန်တွန်းတံတားပေါ်သို့ ကုန်တင်ကားကြီးများ တက်ရောက်ဖြတ်သန်းနေပုံ။
တံတားဆိုင်ရာလေ့လာတွေ့ရှိချက်များတံတားဆိုင်ရာ လေ့လာတွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တံတားဒီဇိုင်း ပုံစံပြုလုပ်ရာတွင် ဖြတ်သန်းသွားလာမည့် မော်တော်ယာဉ်၏ အလေးချိန်၊ တည်ဆောက်မည့် နေရာရှိမြစ်အကျယ်နှင့် ရေစီးနှုန်း၊ ရာသီအလိုက် မြစ်ပြင်၏ ရေအတိမ်အနက် စသည်တို့အပြင် Pontoon များ၏ ကိုယ်ပိုင်အလေးချိန်များကိုပါ ထည့်သွင်း တွက်ချက်ရသည်။
(ခ) တံတားသည် မြစ်ပြင်ကိုဖြတ်၍ ကန့်လန့်တည်ဆောက်ထားသဖြင့် အချိန်ကြာမြင့်စွာ အသုံးပြုမည် ဆိုပါက မြစ်ပြင်အတွင်း လှေ၊ သင်္ဘောသွားလာမှုများ ပြုလုပ်နိုင်မည် မဟုတ်ပေ။ မဖြစ်မနေ သွားလာရန် လိုအပ်ပါက Pontoon များကို အပေါ်သို့ အပိုင်းလိုက် အပေါ်သို့ ဆွဲတင်၍သော် လည်းကောင်း၊ Pontoon အပိုင်းလိုက် ဖြုတ်ပြီး ဖယ်ထုတ်၍သော် လည်းကောင်း ပြုလုပ်ပြီး မြစ်အတွင်း သွားလာမှုကို ပြုလုပ်နိုင်သည်ဟု သိရသည်။
(ဂ) တံတားအား ဖြတ်သန်းသည့်အခါတွင် ယာဉ်မောင်းနှုန်းမှာ ၁၀ ကီလိုမီတာ/နာရီ နှုန်းဖြင့် တစ်သမတ်တည်း မောင်းနှင်သွားရန် လိုအပ်ပါသည်။ Pontoon တံတားများ၏ ခန်းဖွင့်များကို တစ်ခုနှင့် တစ်ခုချိတ်ဆက်ရာတွင် Rivet များဖြင့်သာ ချိတ်ဆက်ထားသောကြောင့် တံတားပေါ်သို့ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းရာတွင် သတ်မှတ်အလေးချိန်နှင့် သတ်မှတ်မိုင်နှုန်းများဖြင့် မောင်းနှင်ရန် လိုအပ်ကြောင်း တွေ့ရှိရသည်။ အကယ်၍ တံတားပေါ်တွင် ရုတ်တရက် ယာဉ်များကို ဆောင့်ရပ်လိုက်မည်ဆိုပါက အဆိုပါ ဆောင့်အားကြောင့် ဖြစ်ပေါ်လာသည့် ယာဉ်များ၏ အလေးချိန်မှာ ရှိရင်းစွဲထက် ပိုမိုလာသဖြင့် တံတား၏ ခံနိုင်ဝန်အားကို ကျော်လွန်ကာ အန္တရာယ်ရှိနိုင်ပေသည်။
(ဃ) ရေအတိမ်အနက် ပြောင်းလဲမှုများကြောင့် ကမ်းကပ်ခုံ Ramp နှင့် မြစ်ကမ်း အကွာအဝေး အနေအထားတို့မှာ ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သဖြင့် လူအားဖြင့် သဲအိတ်များဖို့ခြင်း၊ ကမ်းအနေအထား ပြင်ဆင်ပေးခြင်း၊ ကမ်းကပ်ခုံ Ramp များ၏ အရှည်အား ပြောင်းလဲ ပြုပြင်ပေးခြင်း စသည်တို့ ဆောင်ရွက်ပေးနိုင်သည်။
(င) Pontoon များ ရေလုံမှုရှိမှသာ ၀န်အားကို ခံနိုင်သဖြင့် နေ့စဉ် ၎င်းတို့အား စောင့်ကြည့် စစ်ဆေးခြင်း၊ ရေစီးကြောင်းနှင့်အတူ မျောပါလာသော သစ်ပင်၊ သစ်တုံးများ၊ ၀ါးဖောင်ကြီးများ၊ သစ်ဖောင်များ ရေစီးနှင့်အတူ မျောပါလာခြင်းတို့ကြောင့် Pontoon များ ထိခိုက်မှု မရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေး ဖယ်ရှားပေးခြင်းများ ဆောင်ရွက်ခြင်းကို ပြုလုပ်နေရမည်။
(စ) Pontoon များ၏ ရေဆန်ဘက် ထိပ်ဦးပိုင်းတွင် အချွန်ပုံစံပြုလုပ်ခြင်း မရှိဘဲ ပြင်ညီပုံစံ ပြုလုပ် အသုံးပြု ထားသည်ကို တွေ့ရှိရပါသည်။ သင်္ဘောများတွင် ထိပ်ဦးအချွန်ပုံစံပြုလုပ်၍ ရွေ့လျားမှုကို လျင်မြန်စေပါသည်။ တံတားတွင်မူ ရွေ့လျားမှုကို ဦးစားမပေးသောကြောင့် ပြင်ညီပုံစံထိပ်ဦး ပြုလုပ်ထားခြင်းဖြင့် ဘေးတိုက်လှုပ်ရှားမှုကို ထိန်းချုပ်ပေးနိုင်ပြီး Pontoon ကို ပိုမိုတည်ငြိမ်မှု ရရှိစေပါသည်။ ထို့အပြင် ရေဆန်ဘက် ထိပ်ဦးပိုင်းအောက်ခြေတွင် ဆင်ခြေလျှော (၃း၁) ဖြင့် ပြုလုပ်ထားသောကြောင့် ရေစီးနှင့် အတူမျှောပါလာနိုင်သည့် ဒိုက်များ၊ သစ်တုံးငယ်များ၊ အမှိုက်များကို ၀မ်းဗိုက်အောက်ခြေမှ ရေစီးနှင့်အတူ မျောပါသွားစေနိုင်ပါသည်။
(ဆ) ရေကျချိန်ရောက်၍ ရေအနက်တိမ်သွားသည့်အခါမျိုးတွင် Pontoon ၏၀မ်းဗိုက်ပိုင်းမှာ ရေအောက် ကြမ်းပြင်နှင့် ထိတွေ့မှု ဖြစ်ပေါ်နိုင်သည်။ ထိုအခါမျိုးတွင် ၀မ်းဗိုက်နှင့် ကြမ်းပြင်ကြား၌ သဲအိတ်များ ခံဆောင်ပေးခြင်းဖြင့် Pontoon များအား ကာကွယ် ထိန်းသိမ်းပေးရသည်။
(ဇ) Pontoon တံတားများကို အများအားဖြင့် စစ်ဆင်ရေးတွင် မြစ်ကြောင်းများ ဖြတ်သန်းရာတွင် ပိုမိုအသုံးပြုကြသည်ကို လေ့လာတွေ့ရှိရပါသည်။ စစ်ပွဲများသမိုင်းတွင် အဆိုပါ တံတားများကို ယာယီအသုံးပြုကြပြီး တံတားများကို ဖြတ်သန်း အသုံးပြုပြီးပါက (မိမိရန်သူများ အသုံးမပြုနိုင်ရန်) ဖျက်ဆီးပစ်ခြင်း (သို့မဟုတ်) တစ်ခုစီ ပြန်လည်ဖြုတ်၍ စစ်ချီရာ တလျှောက်ကို သယ်ဆောင်သွားခြင်း စသည်ဖြင့် ပြုလုပ်တတ်ကြသည်ကို တွေ့ရှိရသည်။
(ဈ) တံတားများကို ယခင်က သစ်သားများကို အသုံးပြု၍ လှေပုံစံအဖြစ် အသုံးများခဲ့ကြသည်။ စစ်ပွဲများတွင် အသုံးပြုရာတွင်လည်း စစ်သည်များ ဖြတ်ကူးရန်နှင့် အပေါ့စား လက်နက်တင်ယာဉ်များ အတွက် အသုံးများခဲ့သည်ကို တွေ့ရပါသည်။
(ည) ကမ္ဘာ့အရှည်ဆုံး Pontoon တံတားမှာ Evergreen Point Floating Bridge ဖြစ်ပြီး အရှည် ၇၅၇၈ ပေ (၂၃၁၀ မီတာ) ရှိကာ ၁၉၆၃ ခုနစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ အမေရိကန်နိုင်ငံ ၀ါရှင်တန် ပြည်နယ်အတွင်း တည်ရှိသည်။
(ဋ) အခြားသော ကမ္ဘာ့ဒေသများတွင်လည်း တွေ့ရှိရပြီး တရုတ်နိုင်ငံ၊ ယန်စီမြစ်ကြောင်းအတွင်း ဤတံတား အမျိုးအစားများကို တွင်ကျယ်စွာ အသုံးပြုနေကြသည်ကို လေ့လာသိရှိရသည်။
(ဌ) မြန်မာနိုင်ငံတွင် ဤတံတား အမျိုးအစားများကို စစ်မြေပြင် အင်ဂျင်နီယာတပ်များတွင် စစ်ဆင်ရေးကာလ အရေးပေါ်လိုအပ်ချက်အရ အသုံးပြုကြသော်လည်း တန်(၆၀) အလေးချိန် ဖြတ်ကူး နိုင်သော တံတားမျိုးများကို အသုံးပြုခြင်း မရှိသေးကြောင်းနှင့် ဤတံတားသည် မြန်မာနိုင်ငံ၏ ပထမဆုံး တန်(၆၀) အလေးချိန် ဖြတ်ကူးနိုင်သော ရေပေါ်တံတားဖြစ်ကြောင်း သိရှိရပါသည်။
(ဍ) မြစ်ကြောင်း၏ ရေပြင်အခြေအနေ ပြောင်းလဲမှုများ တံတားပေါ် ဖြတ်သန်းသွားလာသော ကုန်တင်ယာဉ်များ၊ တံတား၏ချို့ယွင်းချက်များ စသည်တို့ကို နေ့စဉ်မှတ်တမ်း ထားရှိပြီး တံတား၏ ပျက်စီးယိုယွင်းချက်များကို အချိန်မီ ကြိုတင်ပြင်ဆင်ခြင်းဖြင့် တံတားကို ရေရှည်တည်တံ့အောင် အသုံးပြုနိုင်စေရန် ဆောင်ရွက်သွားရမည် ဖြစ်သည်။
ဤရေပေါ်တံတားကို သံကူကွန်ကရစ် သံမဏိဘောင် မြစ်ကူးတံတားကြီး တည်ဆောက် ပြီးစီးသည်အထိသာ အသုံးပြုမည်ဖြစ်ပြီး ခန့်မှန်း အသုံးပြုမည့်ကာလမှာ ၁၈ လခန့် ကြာမြင့်မည်ဟု သိရှိရပါသည်။ တံတားသစ်ကြီး ပြီးစီးသွားပါက ဤရေပေါ်တံတားကို အခြားလိုအပ်သော နေရာများသို့ ရွေ့ပြောင်း အသုံးပြုနိုင်မည် ဖြစ်၍ များစွာအသုံးဝင်ပါကြောင်းနှင့် နောက်ထပ် ရေပေါ်တံတားများ တည်ဆောက်နိုင်ရန် အတွေ့အကြုံကောင်းများ ရရှိခဲ့သည့်အတွက်လည်း များစွာ အကျိုးကျေးဇူးရရှိပါကြောင်း လေ့လာတင်ပြလိုက်ရပေသည်။
ဥမင်နှင့် မီထရိုပိုလီတန် အကြောင်းများ ရေးနေရာကနေ တခြားလိုင်းပြောင်းသွားတာ မဟုတ်ပါ။ ဒီဘလော့ဂ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာမိုးပေါက်တစ်ယောက် ဤတံတား တည်ဆောက်ရေး လုပ်ငန်းခွင်ကို သွားရောက်လေ့လာခွင့်ရခဲ့လို့ စာဖတ်သူများကို ပွန်တွန်းတံတားအကြောင်း မိတ်ဆက် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်ပါကြောင်း။