Friday, October 17, 2008

[Nine Nine SaNay] 1 New Entry: ဖူဂျီတောင်အောက်က သရဲအိမ်

ဖူဂျီတောင်အောက်က သရဲအိမ်


စာတွေလာလာဖတ်နေတဲ့ ဗညားက အီးမေးလ်တစ်စောင်ပို့ပြီး "မနိုင်းနိုင်းရေ သူငယ်ချင်းတစ်ယောက် Forward လုပ်ထားတာ။ ဘာရေးထားမှန်း မသိဘူး.. လုပ်ပါအုန်း၊ ပို့စ်အဖြစ် ရေးသင့်တယ်ထင်ရင်တော့ ရေးပေးပါဦးနော်" ဆိုတာနဲ့ သူပို့ထားတဲ့ စာကိုကြည့်လိုက်တယ်။ ဂျပန်က သရဲအိမ်တဲ့။ စာကိုကျော်ဖတ်ပြီး ပုံတွေကို အရင်ကြည့်လိုက်တယ်။ အီး...ဟီး.. ညကြီးဖြစ်နေလို့ သေချာမဖတ်ဖြစ်သေးဘဲ.. "ဂျပန်က နာမည်ကြီး သရဲအိမ်တဲ့ ဗညားရေ.. ဖတ်ချင်ရင် လုပ်ပေးမယ်" ဆိုပြီး စာပြန်လိုက်တယ်။

သူကလည်း "အချိန်ရရင်လုပ်" တဲ့။ ဒါနဲ့ ကမ္ဘာ့နာမည်ကြီး သရဲအိမ်ဆိုလို့ စိတ်ဝင်စားမယ့် သူတွေအတွက် မျှဝေလိုက်ပါတယ်။ ကြိုပြောထားပါရစေ... "အသဲငယ်သူများ၊ ကြောက်လန့်တတ်သူများ၊ ရွံတတ်သူများ လုံးဝ ဆက်ပြီး မဖတ်သင့်ပါ" လို့။ ပုံတစ်ချို့ကို ဘလော့ပေါ် မတင်ဘဲ လင့်နဲ့ပဲ ကျွန်မတင်လိုက်ပါတယ်။ ကြည့်ချင်သူတွေ လင့်ကို ကလစ်လိုက်ပါလို့....

သရဲအိမ်ကို ဂျပန်က Fuji-Q High Land မှာ တည်ထားတာဖြစ်တယ်။ အင်တာနက်မှာ Fuji-Q High Land ကို ရှာကြည့်တော့ The most fantastic amusement park in Japan! လို့ တင်စားထားတာ တွေ့လိုက်တယ်။ ဒီသရဲအိမ်ကို Guinness World စာအုပ်မှာလည်း အကြီးဆုံး၊ ကြောက်စရာ အကောင်းဆုံး သရဲအိမ်လို့ မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။


သရဲအိမ်ကို ပျက်စီးယိုယွင်းနေတဲ့၊ ချောက်ချားစရာကောင်းတဲ့ ဆေးရုံ အဆောက်အဦး တစ်ခုလုံးနဲ့ ဖန်ဆင်းထားတာဖြစ်တယ်။ အထဲ အပြင်အဆင်တွေကလည်း တစ်ခြားသရဲအိမ်နဲ့ မတူပါဘူး။ အထဲမှာ လမ်းကြောင်းတွေကို ညွှန်ပြထားခြင်း မရှိဘဲ လာရောက်လည်ပတ်သူတွေ မိမိစိတ်ကြိုက် လျှောက်သွားနိုင်ပါတယ်။ ဒီဇိုင်းဆွဲ ဆောက်လုပ်ပေးခဲ့တဲ့ ပညာရှင်တွေကလည်း သရဲအိမ်ထဲ ဝင်ရောက်လည်ပတ်သူတွေ အမှန်တကယ် ချောက်ချားတုန်လှုပ်အောင် စေ့စေ့စပ်စပ် လုပ်ခဲ့တာဖြစ်တယ်။

သရဲအိမ်ထဲက ဝိညာဉ်မီးတွေနဲ့ ချောက်ချားဖွယ်ရာ သွေးထွက်သံယို မြင်ကွင်းတွေက တကယ့်အတိုင်းဖြစ်ပြီး မှောင်မဲမဲ အိမ်ကြီးထဲမှာ ကိုယ်တိုင်တံခါးဖွင့်ဝင်ရတဲ့ အခန်းပေါင်းများစွာ ပါရှိတယ်။ ပညာရှင်တွေ ဖန်ဆင်းထားတဲ့ ကြောက်မက်ဖွယ်ရာအပြင် မိတ်ကပ်အမျိုးမျိုး ခြယ်ထားတဲ့ ဝန်ထမ်းတွေလည်းရှိပြီး ထောင့်ကွယ်ကနေ ပုံစံအမျိုးမျိုးနဲ့ ခြောက်လှန့်တတ်သေးတယ်။ ခြယ်ထားတဲ့ မိတ်ကပ်တွေကလည်း သရဲကားထဲက ပုံစံအတိုင်း လုံးဝအဆင့်မီပါတယ်။

ဆေးရုံဝန်ထမ်း သရဲနပ်စ်မလေးတွေ

ဆေးရုံသမိုင်း

ဖူဂျီတောင်အောက်မှာ အရင်တည်ထားတဲ့ ဆေးရုံ(慈急综合医院)ဟာ ဆေးရုံကြီးတစ်ရုံဖြစ်တယ်။ နာမည်ကြီး သမားတော်တွေ၊ ဆရာဝန်တွေနဲ့ ကောင်းမွန်တဲ့ အပြင်အဆင်၊ ပြုစုမှုတွေပါရှိတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဆေးရုံအုပ်နဲ့ ဝန်ထမ်းတစ်ချို့ ပူးပေါင်းပြီး လူနာတွေကို မသတ်မှတ်ထားတဲ့ ဆေးတွေပေးတယ်။ ပြီးတော့ ခွဲစိတ်နေတုန်း လူနာတွေရဲ့ အတွင်းအင်္ဂါ အစိတ်အပိုင်းတစ်ချို့ကို ခိုးယူတယ်။ ခိုးယူလို့ရတဲ့ အရာတွေကို ဓာတုဆေးရည်စိမ်ပြီး ရောင်းစားခဲ့တယ်။ သေဆုံးသွားတဲ့ လူနာတွေရဲ့ ခန္ဓာကိုယ်ကို သစ်သားစည်ကြီးထဲမှာ ထည့်ထားကြတယ်။

ကိုယ်အင်္ဂါတွေ ခိုးယူခံရပြီး သေသွားတဲ့ လူနာတစ်ချို့က မကျွတ်ဘဲ ဆေးရုံထဲမှာ လျှောက်သွား ခြောက်လှန့်နေတယ်လို့ ဆိုပါတယ်။ နောက်တော့ ဆေးရုံဟာ ဆရာဝန်တွေကို သေကြေအောင် ခြောက်လှန့်ခဲ့တဲ့ သရဲခြောက် ဆေးရုံဖြစ်ခဲ့ရတယ်။ နောက်ဆုံးမှာ လူတွေမနေရဲတဲ့ ဆေးရုံအဖြစ် စွန့်လိုက်ရတယ်လို့ ဆိုထားပါတယ်။ အခု သရဲအိမ်အဖြစ် ပြန်လည်ပြသခဲ့ပေမယ့် လူတစ်ချို့က အရင်သေသွားတဲ့ တကယ့်လူတွေ၊ ဆရာဝန်တွေရဲ့ ဝိညာဉ်တွေကို တွေ့တတ်ကြတယ်လို့လည်း ပြောထားပြန်တယ်။


ဆက်မည်

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.