Friday, October 17, 2008

[ဆုံဆည်းရာ] 2 New Entries: မြန်မာအပေါ် ကုလအရေးယူရေး တောင်းဆိုချက်ကို CSW ကြိုဆို

မြန်မာအပေါ် ကုလအရေးယူရေး တောင်းဆိုချက်ကို CSW ကြိုဆို

ခေတ်ပြိုင်-CSW/ ၁၆ အောက်တိုဘာ ၂၀၀၈။ ။

မြန်မာစစ်အစိုးရအား ကုလသမဂ္ဂမှ မည်သို့ကိုင်တွယ် အရေးယူသင့်သည်ဆိုသည့် အင်္ဂလန်နိုင်ငံ အတိုက်အခံ နိုင်ငံခြားရေးဝန်ကြီး လွှတ်တော်အမတ် David Lidington ၏တောင်းဆိုချက်ကို အင်္ဂလန်အခြေစိုက် လူ့အခွင့် အရေးအဖွဲ့ဖြစ်သည့် ကမ္ဘာတ၀န်း ခရစ်ယာန်ညီညွတ်ရေးအဖွဲ့ (စီအက်စ်ဒဗလျူ) က ကြိုဆိုလိုက်သည်

ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အစိုးရအတွက် ရှင်းလင်းသည့် စည်းကမ်းသတ်မှတ်ချက်ချမှတ်ရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စမှသည် စစ်အစိုးရနှင့်ဆက်ဆံရာတွင် အဖြေမထွက်သည့် သံတမန်ဆက်ဆံရေး နည်းလမ်းများ အဆုံးသတ်ရေးအဆုံး မည်သည့်အချိန် အပြီးဆောင်ရွက်ရမည်ဆိုသည့် လွှတ်တော်အမတ် David Lidington ၏ တောင်းဆိုချက်အပေါ် စီအက်စ်ဒဗလျူက ကြိုဆိုခြင်းဖြစ်သည်။

ဗြိတိန်အောက်လွှတ်တော်အတွင်း ယမန်နေ့ကပြုလုပ်သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမြှင့်တင်ရေး အခြေအတင် ဆွေးနွေးပွဲတွင် David Lidington က "အခုနှစ် အစပိုင်းမှာ မြန်မာစစ်အစိုးရရဲ့ မှတ်တမ်းတွေဟာ ဒီထက်ပိုပြီး နိမ့်ကျသွားမယ်လို့ ကျနော် မထင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီလို ယုံကြည်ခဲ့သူ ကျနော်တို့အားလုံးဟာ ဆိုင်ကလုန်း နာဂစ်ကာလအတွင်းမှာ ဒုက္ခရောက်ပြီး သေခါနီး ဖြစ်နေတဲ့လူတွေဆီ အကူအညီပေးဖို့ရာကို အတားအဆီး အပိတ်ဆို့တွေလုပ်ခဲ့တဲ့ အလွန်ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် တုန်လှုပ်သွားခဲ့ရပါတယ်" ဟု ပြောသည်။

မစ္စတာ Lidington က လာမည့် ဒီဇင်ဘာအတွင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက်မည် ကိုကြို ဆိုလိုက်သည်။ သို့သော် မြန်မာနိုင်ငံ၌ တိုးတက်မှုများဖြစ်ပေါ်စေရန် တိကျရှင်းလင်းသည့် စည်းကမ်းချက်များ သတ်မှတ်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အတွင်းရေးမှူးချုပ်တို့ကို တိုက်တွန်းရန် ဗြိတိန်အစိုးရကို တောင်းဆိုလိုက်သည်။

၎င်းက "ပထမဆုံးအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးတာဖြစ်သင့်တယ်။ အဲဒီဟာကလည်း ပြီးခဲ့တဲ့နှစ် ကတည်းက ကုလလုံခြုံရေးကောင်စီက တောင်းဆိုထားတာဖြစ်တယ်။ မြန်မာစစ်အစိုးရဟာ အဲဒါနဲ့ ပတ်သက်ပြီး အခုထိ အကောင်အထည်မဖော်သေးဘူး" ဟုပြောသည်။

ယခုသီတင်းပတ်အတွင်းပြုလုပ်မည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များအစည်းအဝေးနှင့် ယခုလ (၂၄) ရက် အာရှ-ဥရောပ အစည်းအဝေးတို့တွင် မြန်မာအရေးကို "ထိပ်တန်းဦးစားပေးအဆင့်" ထားရန်ကိုလည်း ၎င်းက ဗြိတိန် အစိုးရအား တောင်း ဆိုလိုက်သည်။

ထို့အပြင် မြန်မာ့အရေးအပေါ် မြန်မာအိမ်နီးချင်းနိုင်ငံများ၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်း ၎င်းက "ဒီကိစ္စဟာ တရုတ်နဲ့ အိန္ဒိယသာမက မလေးရှား၊ အင်ဒိုနီးရှားအပါအ၀င် မြန်မာစစ်အစိုးရရဲ့ ရပ်တည်ရေးနဲ့ စိတ်ပြောင်းလဲလာဖို့ အပေါ် သြဇာညောင်းနိုင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင်နိုင်ငံတွေအားလုံး လုပ်ဆောင်ရမှာဖြစ်တယ်။ ဒီဆွေးနွေးချက်တွေအပေါ် အီးယူအဖွဲ့က ဘယ်လိုကိုင်တွယ်ရမလဲ ဆုံးဖြတ်နိုင်ဖို့အတွက် ဗြိတိန်နိုင်ငံကလည်း သံတမန်ရေးသြဇာတိက္ကမ မှန်သမျှ အသုံးချပြီး မြန်မာနိုင်ငံသားတွေရဲ့ လွတ်မြောက်မှုအတွက် ကျနော်တို့ရဲ့ အာရှမိတ်ဆွေတွေအပေါ် အမြင့်ဆုံးဖိအားတွေ ပေးသွားမယ်လို့ ကျနော်မျှော်လင့်ပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ စီအက်စ်ဒဗလျူ ပေါ်လစီစည်းရုံးရေးအရာရှိ Benedict Rogers ကလည်း "ဗြိတိန်အတိုက်အခံပါတီရဲ့ အခုလို တိကျတဲ့ တောင်းဆိုမှုတွေလုပ်တာကို ကြိုဆိုပါတယ်။ ပြီးတော့လည်း ဗြိတိန်အစိုးရအနေနဲ့ ဒါကို အသိမှတ်ပြုပြီး မြန်မာအရေးတိုးတက်မှုတွေရဖို့ တိကျတဲ့ လုပ်ဆောင်ချက်တွေ၊ နောက်ဆုံးထားသတ်မှတ်ချိန်တွေကို ကုလလုံခြုံရေး ကောင်စီကနေ ချမှတ်နိုင်အောင် တွန်းအားပေးမယ်လို့ မျှော်လင့်ပါတယ်။ ပထမဆုံးခြေလှမ်းဟာလည်း ဘန်ကီမွန်း ဒီဇင်ဘာလထဲ မြန်မာနိုင်ငံကို သွားတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းပဲဖြစ်ရပါမယ်" ဟုပြော သည်။

အန်အယ်လ်ဒီ လူငယ် တရာကျော်နှုတ်ထွက်

ဧရာဝတီ-ကိုသက် | အောက်တိုဘာ ၁၆၊ ၂၀၀၈

အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးအောင်ရွှေ စိတ်တိုင်းကျဖွဲ့စည်းလိုက်သည့် လူငယ်အဖွဲ့သစ်ကို သဘောမတူကြသဖြင့် ရန်ကုန် တိုင်းမှ လူငယ် တရာကျော်မှာ ပါတီမှ ယနေ့နှုတ်ထွက်ကြကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီက လူငယ်အဖွဲ့ပြန်လည်ဖွဲ့စည်းကြောင်းကို လူငယ်တာဝန်ခံများအမည်၊ လူငယ်အကြံပေး ပုဂ္ဂိုလ်များ၏ အမည်နှင့်တကွ ဥက္ကဌ ဦးအောင်ရွှေလက်မှတ်ဖြင့် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

နှုတ်ထွက်ကြသည့် လူငယ်အများစုသည် ရန်ကုန်တိုင်းမှဖြစ်ကြသည်ဟု နှုတ်ထွက်သူတဦးဖြစ်သည့် ကိုနေခြည်ဝင်းက ပြောသည်။

နှုတ်ထွက်သူများထဲမှ ကိုခင်ထွန်းကလည်း "လူငယ်နဲ့ပတ်သက်တဲ့ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေရဲ့သဘော ထားကို ရယူပြီးမှဆောင်ရွက်စေချင်တယ်လို့ ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေကို လူငယ်တွေက မေတ္တာရပ်ခံကြပါတယ်။ လူငယ် တွေရဲ့တောင်းဆိုမှုဟာ သဘာဝကျတယ်၊ တရားမျှတမှုရှိတယ်။ လူငယ်တာဝန်ခံတယောက်အနေနဲ့ ကိုယ့်လူငယ်တွေရဲ့ အဆို၊ တရားမျှတတဲ့စိတ်ဆန္ဒကို ဆောင်ရွက်မပေးနိုင်ရင် လူငယ်တာဝန်ခံလုပ်ရတာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ဒီအချက်တွေပေါ်မူတည်ပြီး လူငယ်တွေနဲ့အတူ ရပ်တည်သင့်တယ်လို့ယုံကြည်တာကြောင့် နှုတ်ထွက်လိုက်တာပါ" ဟု ဧရာဝတီကို ပြောသည်။

ကိုခင်ထွန်းသည် လူငယ်ပြန်လည်ဖွဲ့စည်းရေးအောက်မြန်မာပြည်တာဝန်ခံဖြစ်ပြီး အသစ်ဖွဲ့စည်းလိုက်သည့် လူငယ်အကြံ ပေးအဖွဲ့တွင်လည်း ပါဝင်သည်။ ၎င်းအား သူ၏ဆန္ဒမပါဘဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လူငယ်အကြံပေးပုဂ္ဂုလ်အဖြစ် ထည့်သွင်းရွေးချယ်ခဲ့သည်ဟုလည်း ကိုခင်ထွန်းက ပြောသည်။

လူငယ်အကြံပေးအဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် လူငယ်အဖွဲ့သစ်၏ အုပ်ချုပ်ရေးတာဝန်ခံဖြစ်သည့် ကိုစောမောင်သိန်း တို့လည်း နှုတ်ထွက်သူများတွင်ပါဝင်ကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက လူငယ်တရာကျော်နှုတ်ထွက်သည့်ကိစ္စနှင့်ပတ်သက်၍ ၎င်းအား ပြောဆိုခွင့်မပေးထားကြောင်း ဧရာဝတီကို ပြောသည်။ လူငယ်တာဝန်ခံသစ်များကလည်း ၎င်းကိစ္စအပေါ် တစုံတရာ မှတ်ချက်ပေးခြင်း မရှိပေ။

လွန်ခဲ့သည့်လကတည်းက နှုတ်ထွက်ကြသည့်လူငယ်များသည် ၎င်းတို့၏ဆန္ဒသဘောထားမပါပဲ လူငယ်အဖွဲ့ကို အသစ်ဖွဲ့ စည်းပါက ပါတီဝင်အဖြစ်မှနှုတ်ထွက်မည်ဟု ပြောဆိုခဲ့ကြသည်။

"လူငယ်အဖွဲ့သစ်ဖွဲ့တာကို ဘယ်သူမှစိတ်မ၀င်စားဘူး။ ဒီနေ့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူလူထုစိတ်ဝင်စားနေတာက အဖွဲ့ချုပ် က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုကျော်ဖြတ်မလဲ၊ ၂၀၁၀ မှာ ပြည်သူကိုဘယ်လိုဦးဆောင်မလဲ၊ ပြည်သူ့အတွက် ဘာတွေ ပြင်ဆင်ထားသလဲ … ဒါကိုသိချင်တာ၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှုတွေ များများလုပ်ရမယ်။ လိုအပ်ရင် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ တိုင်းကလူတွေ များများခေါ်တွေ့ပြီး လူထုယုံကြည်ထောက်ခံမှုပြန်လည်ရ ရှိအောင် လုပ်ရမယ့်အချိန်ဖြစ်တယ်လို့ ကျနော်အကြံပြုခဲ့ပါတယ်" ဟု ကိုခင်ထွန်းက ပြောသည်။

ဥပဒေဘောင်အတွင်းမှနေ၍ တနိုင်တပိုင်လုပ်ကိုင်နိုင်သည့် လူထုအကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ပြောသည်။
"လက်ရှိဗဟိုအလုပ်အမှုဆောင် ဘဘတို့ကော နောက်ထပ်ဖြည့်ထားတဲ့ ဘဘဦးဝင်းတင်၊ ဆရာဦးခင်မောင်ဆွေ တို့ကို ပြောချင်တာက အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုတိုင်းမှာ ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံးရဲ့ ညီညွတ်တဲ့ဆုံးဖြတ်ချက်နဲ့ ဦးဆောင်နိုင် အောင်ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ အကြံပြုချင်တာပါ" ဟု ကိုခင်ထွန်းက ဆက်ပြောသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.