Friday, October 17, 2008

[ပန်းခရမ်းပြာ] 1 New Entry: သက်ရှိထင်ရှား နတ်မဖုရား

သက်ရှိထင်ရှား နတ်မဖုရား

Living Goddess
သုံးနှစ်အရွယ် သမီးငယ်လေး Matani Shakya ဟာ သက်ရှိထင်ရှား နတ်မဖုရား လေး
တဲ့ ....။ သူ့ကို ကုမာရီ Kumari လို့လဲ ဘွဲ့အမည် ပေးထားတယ်။
နိပေါနိုင်ငံ ဘုရင်ခေတ်က ရှေးဟောင်း ထုံးတမ်းစဉ်လာ တစ်ခုပါ။ ဘုရင်စနစ် ချုပ်ငြိမ်းသွားပေမဲ့ ဒီအစဉ်အလာဟာ ရှိနေတုန်းပါပဲ။ အခု အသစ်ရွေးချယ်လိုက်တဲ့ ကုမာရီကို ဟိန္ဒူ နဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ပုဏ္ဏားများ နှင့်အတူ နိပေါသမ္မတ ကိုယ်တိုင်က သဘောတူ အတည်ပြုတယ်။

အဲဒီ ကုမာရီ အသစ်လေးကို သူ့ရဲ့ နေအိမ်မှ ဘုရားကျောင်းတော်ကို ပင့်ဆောင်သွားကြတယ်။ အဲဒီ ဘုရားကျောင်းတော်ဟာ အလွန်ခန်းနား ကြီးကျယ်ပြီး မြို့တော် ခတ်တမန်ဒူရဲ့ မြို့လယ်ခေါင်မှာ ရှိတယ် ဆိုပဲ။ Matani ရဲ့ ဖခင်ကတော့ သူ့သမီးကို Living Goddess အဖြစ် ရွေးချယ်လိုက်လို့ ၀မ်းသာ ဂုဏ်ယူပါတယ်တဲ့။


နိပေါနိုင်ငံက ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင် တို့က ဒီကလေးငယ်ဟာ တန်ခိုးကြီး ဟိန္ဒူ နတ်သမီး Taleju ၀င်စားတာလို့ ယုံကြည်ကြတယ်လေ။

ကုမာရီလို့ခေါ်ကြတဲ့ နတ်မဖုရား ရွေးချယ်ပုံကလည်း အံ့သြစရာပါ။ ရွေးချယ်ရေး အကဲဖြတ်ဒိုင်တွေက ရှေးဘုရင်ခေတ် ထုံးတမ်းစဉ်လာ မင်းခန်းမင်းနားနဲ့ ဆောင်ရွက်ကြတယ်။ လာရောက်ယှဉ်ပြိုင် အရွေးခံသူတွေရဲ့ မွေးဇာတာခွင်ကို တွက်ချက်စစ်ဆေးပြီး ဇကာတင်တွေထဲက ထပ်ရွေးတယ်။

သတ်မှတ်ချက်တွေကတော့
*အသက် နှစ်နှစ်မှ လေးနှစ် အရွယ် မိန်းကလေး ဖြစ်ရမယ်။
*အလွန့် အလွန်ဆင်းရဲတဲ့ ရွှေပန်းထိမ် ဇာတ်အမျိုးအနွယ် (the impoverished Shakya goldsmith caste)က ပေါက်ဖွားလာသူ ဖြစ်ရမယ်။
*ဆံပင်၊ မျက်လုံး၊ သွားတို့ဟာ အပြစ် အနာအဆာမရှိ လှပကောင်းမွန်ရမယ်။
*အသားအရေ ကောင်းခြင်းနဲ့ ပြည့်စုံရမှာ ဖြစ်ပြီး၊ ဒဏ်ရာ အနာရွတ် လုံးဝ မရှိရဘူး။
*အမှောင်ကို မကြောက်တတ်ရဘူး။ အမှောင်ထဲမှာ တစ်ယောက်တည်း နေရဲသူဖြစ်ရမယ်။

ဒီလိုနဲ့ အဆင့်ဆင့် ရွေးချယ်လာလိုက်တာ အမြင်ဆုံး Final Test ကိုရောက်လာပြီ။ Living Goddess အဖြစ် အရွေးခံရမဲ့ ကလေးငယ်ကို တစ်ယောက်တည်း အခန်းတစ်ခုမှာ တစ်ညတာ ထားလိုက်တယ်။ အဲဒီ အခန်းထဲမှာ ယဇ်ပူဇော်ထားတဲ့ ဆိတ်၊ ကျွဲတို့ရဲ့ ဦးခေါင်းတွေ အများကြီးရှိတယ်တဲ့။ ကလေးငယ်ဟာ ဒီတစ်ညမှာ လုံးဝကြောက်ရွံ့မှု မရှိလျှင် သူ့ အတွက် အမြင့်ဆုံးစစ်ဆေးချက် Final Test ကို အောင်မြင်သွားပါပြီ။ သူကို Taleju နတ်သမီးဝင်စားတဲ့ သက်ရှိထင်ရှား နတ်မဖုရား အဖြစ် ရွေးချယ်လိုက်ပါတယ်။

နတ်မဖုရားလေးဟာ ကျောင်းတော်မှာ တစ်ဦးတည်း သီးသန့် နေရတယ်။ အနီရောင် ၀တ်စုံ၊ ထိပ်မှာ စုချည်ထားတဲ့ ဆံထုံး၊ တတိယ မျက်လုံးကို နဖူးမှာ ဆေးချယ်၊ ဒါတွေကတော့ သူအမြဲ ဆင်မြန်းရမဲ့ အဆင်တန်ဆာတွေပေါ့။

ကိုးကွယ် ဆည်းကပ်သူတွေက သူ့ကျောင်းတော်ကိုလာ၊ သူ့ရဲ့ ခြေဖျားနဲ့ မိမိတို့ရဲ့ နဖူးထိပြီး ရှိခိုးပူဇော်ကြတယ်။ ဘာသာရေးပွဲတော်တွေမှာ သူ့ကို အဆောင်အယောင်တွေနဲ့ လှည်းပေါ်မှာတင်၊ ကိုးကွယ် ဆည်းကပ်သူတွေက လှည်းကိုဆွဲ မြို့တွင်း လှည့်လည်ကြတယ်။

ဒါပေမဲ့ Living Goddess ရဲ့ သက်တမ်းကတော့ ကြာရှည် မဟုတ်ရပါဘူး။ မိန်းမတို့ သဘာဝ အပျိုဖော်ဝင် ဓမ္မတာ ပထမဆုံး စပေါ်ပြီဆိုတာနဲ့ ကုမာရီ ခေါ် နတ်မဖုရားရဲ့ ဘ၀ကို စွန့်လွှတ်ပြီး မိဘအိမ်ကို ပြန်ရမှာပါ။ အဲဒီအခါ နောက်တစ်ယောက်ကို အသစ်ထပ်မံ ရွေးချယ်ရပါလိမ့်မယ်။

ဝေဖန်ရေး သမားတွေက ပြောကြတယ်။ ဒီရှေးရိုး ထုံးတမ်းစဉ်လာဟာ နိုင်ငံတကာနဲ့ နိပေါနိုင်ငံတို့ရဲ့ ကလေးငယ် အခွင့်အရေး ကာကွယ်ရေး ဥပဒေ Child rights ကို ချိုးဖေါက်တယ်တဲ့။

လူ့ဘ၀ အစမှာ အပူဇော်ခံ မြင့်မြတ်တဲ့ အဆင့်အတန်းမှာ နေခဲ့ရတဲ့ ဒီမိန်းကလေးတွေဟာ မိဘအိမ် ပြန်ရောက်တဲ့ အခါ သာမန် အရပ်သူဘ၀မှာ အသားကျအောင် အတော် ကြိုးစား နေထိုင်ရရှာတယ်။

နိပေါလူမျိုးတွေ အရိုးစွဲနေတဲ့ ယုံကြည်မှုတစ်ခုကလည်း ရှိသေးတယ်။ သက်ရှိထင်ရှား နတ်မဖုရား ဖြစ်ခဲ့ဘူးတဲ့ မိန်းကလေးကို လက်ထပ်တဲ့ ယောင်္ကျုားဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေမယ်တဲ့။ သတ္တိရှိရှိ လက်ထပ်ရဲတဲ့ ယောင်္ကျားတွေ ရှိတော့ ရှိတယ်… ရှားတယ်.. လို့ ဆိုရမှာပါ…။



Nepal appoints 3-year-old as new living goddess By YUVRAJ ACHARYA (Associated Press) ကိုဆီလျော်အောင် ဘာသာပြန်ပါသည်။ (ပန်းခရမ်းပြာ)

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.