Friday, October 10, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 1 New Entry: ဂျစ်တူး နှင့် စိတ်ကြိုက်မုန့်ပဲသရေစာများ

ဂျစ်တူး နှင့် စိတ်ကြိုက်မုန့်ပဲသရေစာများ

ငယ်ငယ်လေးတည်းက ကျွန်မက ထမင်းစားရတာထက် မုန့်ပဲသရေစာစားရတာကို ပိုအားသန်တယ် ။ မုန့်စားဖို့ဆိုရင် နှစ်ခါမခေါ်ရဖူး ။ ကျွန်မ ငယ်ငယ်တုန်းက ကျန်းမာရေးချူချာတော့ ဖေဖေက ကျွန်မကို အပြင်စာမုန့်တွေ မကျွေးဘူး ။ အိမ်မှာ မေမေရယ် ၊ ကျွန်မကို ထိန်းတဲ့အဒေါ်ကြီးရယ်ကိုလည်း ၀ယ်မကျွေးဖို့ မှာထားတယ် ။ ကျောင်းသွားရင်လည်း မုန့်ဖိုးမပေးဘဲ ၊ အိမ်ကပဲ မုန့်ထည့်ပေးလေ့ရှိတယ် ။ ဒါပေမယ့် ကြာလာတော့ အိမ်က ထည့်ပေးလေ့ရှိတဲ့ မုန့်တွေကို (အများအားဖြင့် ဘီစကစ်တို့ ကိတ်မုန့်တို့ ပေါင်မုန့်တို့ ထင်တယ်) မုန်းလာရော ။ တခါတလေ သူငယ်ချင်းတွေရဲ့ ဇီးထုတ် အချဉ်ထုတ်နဲ့ ကိုယ့်အိမ်ကပါလာတဲ့မုန့်နဲ့ လဲစားတယ် ။ ကျောင်းမှာ တုံ - - တုံ -- တုံ ဆို မောင်းကြီးထုပြီး လာလာရောင်းတဲ့ သရက်သီးနွယ်ချို ၊ ဒန်အိုးလို အကြီးကြီးထဲမှာ အချိုရောင် အနှစ်တွေကို ဒုတ်တချောင်းပေါ် ပတ်ပတ်ပြီး တင်တဲ့ဟာ (အဲဒါ နာမည်မေ့နေပြီ) ၊ အင်္ဂလိပ်လို candy floss လို့ ခေါ်တဲ့ ၊ မြန်မာလိုတော့ အာတာပူစီ ဆိုလား (နာမည်အမှတ်မှားချင်မှားမယ်) ၊ နောက် ထန်းပင်မြစ်ဖုတ် (စားပြီးရင် အထဲက အူတိုင်နဲ့ အရုပ်လေးတွေ လုပ်ကြတယ်) ... အဲဒါတွေကို ကြိုက်ခဲ့တာ ခုထိ အမှတ်ရနေတယ် ။ မုန့်ဖိုးမရတော့ တခါတလေ မေမေ့ကို ဆံပင်ဖြူနှုတ်ပေးခကရတဲ့ ပိုက်ဆံလေးတွေကို ဆုထားပြီး ကျောင်းကျရင် ကြိုက်တဲ့ဟာလေးတွေ ၀ယ်စားဖြစ်တယ် ။ တခါတလေလည်း ထိန်းတဲ့အဒေါ်ကြီးက မုန့်ဖိုးခိုးပေးတယ် ။ အဲလိုဆိုလည်း ယူပြီး ၀မ်းသာအားရ မုန့်ဝယ်စားတယ်ပေါ့ ။

ကျွန်မငယ်ငယ်တုန်းက ဖေဖေရော မေမေရော အလုပ်လုပ်ကြလို့ ထိန်းတဲ့အဒေါ်ကြီးလက်ပေါ် ကြီးခဲ့ရပြီး ၊ အိမ်မှာလည်း နွေကျောင်းပိတ်ရက်တွေဆို သူရယ် ၊ ကျွန်မရယ် ၊ မောင်လေးရယ်ပဲ ကျန်ခဲ့လေ့ရှိတယ် ။ တခါတော့ ကျွန်မတို့ နေတဲ့အိမ်ရဲ့ မလှမ်းမကမ်းမှာ ရေခဲချောင်းစက်ရုံအသေးလေးလာဖွင့်တယ် ။ အရောင်မျိုးစုံ ၊ ဆိုဒ်မျိုးစုံ (ရှည်လမျောလေးတွေ ၊ ခပ်ပြားပြား ထူထူတွေ စသဖြင့်) ဖြစ်နေတဲ့ ရေခဲချောင်းကို ကျွန်မက သိပ်ကြိုက်တယ် ။ နောက် နွေရာသီ ပူအိုက်တဲ့နေ့တွေမှာ ရေခဲချောင်းအေးအေးလေး စားလိုက်ရတဲ့အရသာက ဘာနဲ့မှ မလဲနိုင်သလိုပဲ ။ ဒါနဲ့ ထိန်းတဲ့အဒေါ်ကြီးက ကျွန်မစားချင်မှန်းသိလို့ ပိုက်ဆံထုတ်ပေးပြီး ဖေဖေ့ကို ပြန်မပြောဖို့မှာတယ် ။ ကျွန်မကလည်း ကလေးပီပီ စိတ်ထဲရှိတာမှန်သမျှ ပြောတတ်ပေမယ့် အဲဒါမျိုးကျ ပြန်မပြောဘူး ။

ရေခဲချောင်းသွားဝယ်တာ တစ်ချောင်း နှစ်ချောင်း မဟုတ်ဘူးနော် ။ အိမ်က ရေဖလားကို ဆေးပြီး ၊ သွားဝယ်တာမျိုး ။ ဘာလို့လဲဆိုတော့ အဲဒီစက်ရုံမှာလုပ်တဲ့ အလုပ်သမားတချို့ က မေမေသင်တဲ့ကျောင်းမှာ ကျောင်းသားဖြစ်ဖူးတော့ ဆရာမသမီးလေး ဆိုပြီး ကျွန်မကို သိနေတယ် ။ နောက်ပြီး ဂါဝန်လေးဝတ်ပြီး ရေခဲချောင်းကြိုက်တတ်တဲ့ ကျွန်မကို ချစ်ကြတယ် ထင်ပါရဲ့ ။ ၀ယ်ဖို့ ပေးတဲ့ပိုက်ဆံထက် အများကြီး ပိုပိုထည့်ပေးတော့ ရေဖလားတလုံးနဲ့ အပြည့်နီးပါးလောက်ပဲ ။ အိမ်ရောက်ရင်တော့ မောင်လေးနဲ့ ကျွန်မက အားရပါးရစားကြတာပေါ့ ။ အာသီးရောင်တာ ဘာညာ မဖြစ်လို့ တော်သေးတယ် ။ ဒါပေမယ့် အဲလိုလည်း နေ့တိုင်းတော့ မစားခဲ့ရပါဖူး ။ ထိန်းတဲ့အဒေါ်ကြီးကလည်း နေ့တိုင်း ကျွန်မတို့စားရင် တခုခုဖြစ်မယ်ဆိုတာ သိနေတော့ တခါတလေမှ ၀ယ်ဝယ်ကျွေးတယ် ။

ခုထိလည်း အဲဒီရေခဲချောင်းကို ရေခဲမုန့်ဆိုတာထက် ပိုကြိုက်တယ် ။ ဒီမှာရှိတဲ့ သူငယ်ချင်းတယောက်ကဆို ကျွန်မကို တခုခုချော့ချင်ရင် ရေခဲချောင်းဝယ်ကျွေးမယ်နော် ဆိုပြီး စလာတယ် ။ ရေခဲချောင်းမျက်နှာနဲ့ သူနဲ့ ဆက် ရန်မဖြစ်တော့ဖူးပေါ့လေ ။ ဒါပေမယ့် ရေခဲချောင်းတောင် flavour ပေါ်မူတည်သေးတယ် ။ ကျွန်မ စင်္ကာပူမှာကြိုက်တာကတော့ lime & vanila စပ်ထားတဲ့ ရေခဲချောင်း ချဉ်ချိုလေး ။ နောက် အရောင်စုံလေးတွေပါတဲ့ ရေခဲချောင်းလေးတွေ စားရတာလည်း နှစ်သက်တယ် ။

နောက် ကျွန်မ သိပ်ကြိုက်တာ ဇီးထုတ် အချဉ်ထုတ် ။ သရက်ပြားအကြီးကြီးတွေကို သရက်ပြားဖြစ်အောင် နေပူမှာလှမ်းရင် ယင်တွေ ဖုန်တွေ ၀င်ပြီး ၊ သိပ်ရွံစရာကောင်း ရောဂါဖြစ်နိုင်တယ်လို့ ဖေဖေက အမြဲပြောနေတာတောင် ကျွန်မက ကြိုက်မိတုန်း ။ ခုထိလည်း ကြိုက်တုန်း ။ ဇီးထုတ်ဆိုရင် တခါကစားတော့ အထဲမှာ ဆေးတုံးကြီးလိုလို အတုံးကြီးတခုပါလာတယ် ။ ဇီးသီးထင်ပြီး စားလိုက်တာ ပါးစပ်တခုလုံး ၀ါထိန်ပြီး ၊ အရသာကလည်း ဆိုး ။ အဲဒါဖြစ်ပြီးနောက်ပိုင်း ဇီးထုတ်စားတာကို ခနစွန့်လွှတ်လိုက်တယ် ။ ခုထိလည်း ဇီးထုတ်ဆိုရင်တော့ သိပ်မစားတော့ဖူး ။ သရက်ချဉ်ထုတ် မရမ်းသီးချဉ်ထုတ် ရှောက်သီးချဉ်ထုတ်တွေ စားတာများတယ် ။ အဲလို အချဉ်ထုတ်တွေဆိုလည်း ခုချိန် ၀ယ်ဝယ်စားရင် ဖေဖေက မကြိုက်ဘူး ။ ငယ်ငယ်ကလို မစားနဲ့လို့ တားမရလို့သာ လွှတ်ထားရတဲ့သဘောပဲ ။

နောက် ကျွန်မသိပ်ကြိုက်တာ နေကြာစေ့ ။ ခုဆို မြန်မာပြည်ကထုတ်တဲ့ ပွိုင့်တံဆိပ် နေကြာစေ့ကို သိပ်ကြိုက်တယ် ။ အဆံကြီးပြီး ကြက်သွန်ဖြူဥလေးတွေကို လှော်ထားတာလည်းပါလို့ ။ ဒါပေမယ့် အဲဒီနေကြာစေ့များများစားပြီးရင် ကျွန်မက မူးလေ့ရှိတယ် ။ ဒီတော့ အိမ်က ကျွန်မ နေကြာစေ့ထုတ်ဖွင့်ပြီဆို နည်းနည်းပဲစားနော်ဆို အမြဲသတိပေးလေ့ရှိတယ် ။ မြန်မာပြည်က အမျိုးတွေဆီ ပစ္စည်းမှာရင် နေကြာစေ့ထုတ် အထုတ် ၂၀ - ၃၀ မှာရင် မေမေတို့က မျက်လုံးပြူးနေပြီ ။ အဲဒီအထုတ်တွေရောက်လာရင် ကျွန်မ တထိုင်တည်းမစားအောင် ဗီရိုတွေထဲ ဖွက် ထားလေ့ရှိတယ် ။ ရယ်တော့ ရယ်ရတယ် ။ တခါတလေလည်း ကျွန်မက မေမေ့ကို မှာပေးဖို့ စာရေးခိုင်းလိုက်ရင် မရေးဘူး ။ နေကြာစေ့ထုတ်ကိုမှာဖို့ တမင် မေ့ထားကြတယ် ။ တကယ်က နေကြာစေ့ထုတ်က စင်္ကာပူမှာလည်း ၀ယ်လို့ရပါတယ် ။ ဒါပေမယ့် ကျွန်မကြိုက်တဲ့ တံဆိပ်ကို ရှာရမှာပျင်းတာရော ၊ နောက် မြန်မာဆိုင်တွေဘက် အမြဲမရောက်ဖြစ်တာရောကြောင့် မြန်မာပြည်ကပဲ တခါတည်း အထုတ်ပေါင်းများစွာ မှာလေ့ရှိတယ် ။

နောက် ကျွန်မကြိုက်တာ ဘိန်းမုန့် ။ အဖြူရော အညိုရော နှစ်ခုလုံးကြိုက်တယ် ။ ဘယ်လောက်တောင်ကြိုက်လဲဆိုရင် မြန်မာပြည်တခေါက်အလည်ပြန်တုန်းက အကိုဝမ်းကွဲက M3 ဆိုတဲ့စားသောက်ဆိုင်မှာ ကျွေးတယ် ။ ဆိုင်ကတော့ တော်တော်လေးကောင်းပါတယ် ။ ဒါပေမယ့် သူတို့ရဲ့ အစားအစာတွေထဲ ကျွန်မကြိုက်တာ တခုပဲ ရှိတယ် - - ဘိန်းမုန့် ။ ဒါနဲ့ အကိုက ခုထိ နောက်တယ် - - ငါ့မှာ ပိုက်ဆံကုန်ခံပြီး စားသောက်ဆိုင်ခေါ်ကျွေးရတာ ၊ သူကြိုက်တာ ဘိန်းမုန့်တခုထဲတဲ့ ။ တခါတလေ မြန်မာပြည်က အမျိုးတွေလာရင်ဖြစ်ဖြစ် ၊ ကိုယ်နဲ့သိပ်ရင်းနီးသူ လာရင်ဖြစ်ဖြစ် ၊ ဘိန်းမုန့်ဝယ်ခဲ့ပါလို့ မှာလေ့ရှိတယ် ။

မနေ့ကတော့ မေမေနဲ့စကားစပ်မိလို့ ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်မှာ အိမ်ရှေ့ လာရောင်းတဲ့အသယ်တွေထဲက ၀ယ်စားဖြစ်တဲ့ မုန့်တွေအကြောင်း ပြောဖြစ်ကြသေး ။ မုန့်စိမ်းပေါင်း ၊ မုန့်ကျွဲသဲ ၊ ထန်းသီးနုအမွှာလေးတွေ ၊ ထန်းသီးမုန့် .... ။ ညပွဲဈေးတန်းတွေဘာတွေသွားဖြစ်ရင် အမြဲစားလေ့ရှိတာ ကောက်ညှင်းကျည်ထောက် ။ တခါ မြန်မာပြည်အလည်ပြန်တုန်း ရွှေတိဂုံဘုရားနားမှာ ပွဲဈေးလိုလိုတွေ့ လို့ အကိုဝမ်းကွဲကို အတင်းပွဲဈေးထဲဆွဲခေါ်ပြီး ကောက်ညှင်းကျည်ထောက်ကို ရှာဝယ်ပြီး အဲဒီညရော နောက်နေ့ရော တ၀တပြဲ စားသေးတယ် ။

မြန်မာပြည်ပြန်တိုင်း ကျွန်မ မလေ့မလျော့စားလေ့ရှိတဲ့အထဲမှာ ရွှေပုဇွန်က ရွှေကြည်ဆနွမ်းမကင်းရယ် ၊ ငှက်ပျောမုန့်ရယ် ၊ ဖာလူဒါရယ် ၊ သရက်သီးပူတင်းရယ်လည်း ပါသေးတယ် ။ သရေစာကြိုက်တဲ့ကျွန်မက မြန်မာပြည်အလည်ပြန်ပြီးတိုင်း ၀မ်းလျှော ပြဿနာ အမြဲဖြစ်တတ်တယ် ။ ဘာလို့လဲဆိုတော့ တွေ့ သမျှ လမ်းဘေးစာလည်းမရှောင် စားတာကိုး ။ အဲလိုက ပြန်လာတိုင်းလည်း ဖေဖေက သံဆေးစားခိုင်းတယ် ။ ဆေးစားရမှာမကြောက်တဲ့ ကျွန်မက စားဖို့ကိုပဲ အဓိကထားတတ်ပြီး နောက်ဆက်တွဲဖြစ်လာတာကို နောင်လာမှ ရှင်း ဆို ထားလေ့ရှိတယ် ။ ခုထိလည်း ကိုယ်ကြိုက်တဲ့ မုန့်ပဲသရေစာဆို အ၀စားမိတုန်းပါပဲ ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.