Friday, October 10, 2008

[အောင်သာငယ်] 1 New Entry: အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ














အဖြူရောင် ပန်းတပွင့် ဖြစ်ပြီး
အနက်ရောင် ပန်းတပွင့်လည်း ဖြစ်သည်။

၁ + ၁ = ၁ ဖြစ်သည့် အရာ ဖြစ်ပြီး
၁ + ၁ = ၂ ဖြစ်သည့် အရာလည်း ဖြစ်သည်။

တခါတရံ ၁ + ၁ = ၀ ဖြစ်တတ်သည့် အရာ ဖြစ်ပြီး
တခါတရံ ၁ + ၁ = အဆုံးအစမဲ့ ဖြစ်တတ်သည့် အရာလည်း ဖြစ်သည်။

စီးကရက် မီးခိုးငွေ့တခုလည်း ဖြစ်ပြီး
မီးမညှိရသေးသော စီးကရက် တလိပ်လည်း ဖြစ်သည်။

ကြည့်မှသာ မြင်ရသော လရောင်အပြာ ဖြစ်ပြီး
မကြည့်ဘဲ မြင်နေရသော လရောင် မှုန်မွှားလည်း ဖြစ်သည်။

ညဥ့်အခါကျမှသာ မြင်ရသော ပိုးစုန်းကြူးတကောင် ဖြစ်ပြီး
နေ့အခါတွင် မမြင်ချင်အဆုံးသော ပျံလွှားငှက် တကောင်လည်း ဖြစ်သည်။

အနက်ရှိုင်းဆုံး အရပ်မှလာသော အတိုးတိမ်ဆုံး အသံဖြစ်ပြီး
အနိမ့်ပါးဆုံး အရပ်မှလာသော အပေါက်ကွဲဆုံး မိုးခြိမ်းသံလည်း ဖြစ်သည်။

လေဟာနယ်တကာထက် ပိုမို လစ်ဟာနေသော အရာ ဖြစ်ပြီး
အသိပ်သည်းဆုံးဒြပ်ထုများကို သယ်ဆောင်ထားသည့် တွင်းနက်တလုံးလည်း ဖြစ်သည်။

ကမ္ဘာဦးကျမ်းပါ အမှောင်တကာထက် ပိုမိုမှောင်သော အမှောင် ဖြစ်ပြီး
ဘုရားသခင် ဖန်ဆင်းသော အလင်းထက် ပိုမို တောက်ပသော အလင်းရောင်လည်း ဖြစ်သည်။

ရေသာမက အခြားအရာများကိုပါ ထည့်ယူသယ်ဆောင်နိုင်သော ရေပုံး အလွတ် တပုံး ဖြစ်ပြီး
အခြားအရာများမှလွဲ၍ မည်သည့် ရေကိုမျှ မသယ်ယူနိုင်သော ခြင်းကြားတလုံးလည်း ဖြစ်သည်။

နိုင်ငံတော် အာဏာနှင့် ကောင်းကင်နိုင်ငံတော်ကို သူ့ခြေဖ၀ါးအောက်မှာ နင်းထားသူ ဖြစ်ပြီး
နိုင်ငံတော် အာဏာနှင့် ကောင်းကင်နိုင်ငံတော်ကို အံ့သြဘွယ်ရာ သူ့ ဦးခေါင်းထက်မှာ တင်ထားနိုင်သူလည်း ဖြစ်သည်။

တစုံတရာများဖြင့် ဖြည့်ဆည်း ပြည့်နှက်နိုင်စေသော အခန်းလွတ် တခု ဖြစ်ပြီး
ဖြည့်ဆည်းပြီးသည့်တိုင် အမြဲတစေ လိုအပ်နေတတ်သော ထပ်မံဖြည့်စွက်နေရဦးမည့် ကွက်လပ်တခုလည်း ဖြစ်သည်။

တစုံတရာနှင့် တစုံတဦး အကြား၊ တစုံတဦးနှင့် အခြား တစုံတဦးအကြား ချည်နှောင်ထားသော ကိုယ်ပျောက်ကြိုး တချောင်း ဖြစ်ပြီး
သူ၏ အတိုင်းအဆကို အလျား x အနံ x အမြင့် = ထုထည် ဟူသော ပုံသေနည်းဖြင့် ညီမျှခြင်းချမရသည့် ကြီးမြတ်သော ကြိုးတချောင်းလည်း ဖြစ်သည်။

ဦးနှောက်ဆိုသော အရာမှ ထွက်လာပြီး နှလုံးသားဆိုသောအရာကို ကျဉ်စက်ဖြင့် သွားသွားတို့တတ်သော လျှပ်စစ်လှိုင်းများ ဖြစ်ပြီး
နှလုံးသားဆိုသော အရာမှ ထွက်လာပြီး ဦးနှောက်ဆိုသောအရာကို လက်ထိပ်ခတ်ထားလေ့ရှိသော အလင်းလှိုင်းများလည်း ဖြစ်သည်။

မသိနားမလည်ခြင်းဟူသမျှ၏ ဖခင်ဖြစ်ပြီး
သိနားလည်ခြင်းဟူသမျှ၏ မိခင်လည်းဖြစ်သည်။

အစအားလုံး၏ အဆုံးဖြစ်ပြီး
အဆုံးအားလုံး၏ အစလည်းဖြစ်သည်။

သူကိုယ်တိုင် အာဒမ်ဖြစ်ပြီး
သူကိုယ်တိုင် ဧ၀လည်း ဖြစ်လေသည်။

သူကိုယ်တိုင် တားမြစ်ထားသော ပန်းသီးတလုံးဖြစ်ပြီး
သူကိုယ်တိုင် ဖန်ဆင်းတတ်သော ဘုရားသခင်လည်း ဖြစ်လေသည်။


(အခုရေးမိသမျှကို ကဗျာလို့ပဲ ပြောပြော၊ ခံစားမိသလိုရေးတဲ့စာ လို့ပဲ ပြောပြော၊ ပြောချင်တာပြော အမည်ပေးချင်တာသာ ပေးကြပါ)

ကူးစက် ခံစားနိုင်ကြဖို့ရာ အောက်ပါ မိတ်ဆွေများကို TAG ပါသည်။ အချိန်ရက ရေးကြပါရန်။

mirror၊ တူးတူးသာ၊ ခေါင်ခေါင်၊ လင်း၊ သက်ဝေ၊
တောကျောင်းဆရာ၊(ရေးပြီး) မျက်ဝန်းနက်၊ ဇင်ယော်၊ တူမောင်မျိုး၊
သစ်နက်ဆူး၊ မျိုးဝင်းဇော်၊ လင်းထက်၊(ရေးပြီး) မောင်ဖုန်းမြင့်၊ (ရေးပြီး)

You received this email because you are subscribed to the real_time feed for http://aungthange.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.