♠ Navana07
မနေ့က ပို့စ်အသစ်တင်မယ်ခဲထားပြီး အခန်းသန့်ရှင်းရေး လုပ်တာနဲ့ ပွဲသိမ်းသွားတယ်။ ဒါပေမဲ့ သန့်ရှင်းရေး လုပ်ရခြင်း အကြောင်းရင်းက ဘလော့ဂ်နဲ့ ပတ်သက်နေလို့ ရေးဖြစ်အောင်တော့ ရေးလိုက်ပါအုံးမယ်လေ။ အမှန်တိုင်း ဝန်ခံရရင် မြန်မာပြည်အလယ်ပိုင်းက ဆမိတ်ခုံလို့ဖတ်ပြီး ဆီမီးခုံလို့ရေးတဲ့ ရွာကလေးက ကိုနဗနဆိုသူ အစ်ကိုကြီးတစ်ယောက် သူ့ငယ်စဉ်တောင်ကျေး ဘဝဇာတ်လမ်းတွေကို စီကာပတ်ကုံး ရေးထားတဲ့ "ကြုံခဲ့ရ နဗနဘဝ" ဘလော့ဂ်လေးကြောင့် ကျနော် အခန်းသန့်ရှင်းရေး လုပ်ရတာပါ။
အဲဒီအကြောင်း ဆက်မရှင်းပြသေးခင် ကျနော့် ရန်ကုန်မှာကျန်ခဲ့တဲ့ ညီတစ်ယောက်အကြောင်း ရေးပါမယ်၊ သူကတော့ ကျနော်ရေးခဲ့ဖူးတဲ့ ရွှေသွေး၊ တို့ကျောင်းသား က စလို့ သုတစွယ်စုံ၊ စွယ်စုံကျမ်း စတာတွေ ထွက်တိုင်းဝယ်ပြီး သစ်သားပုံးကြီးထဲ စုပြုံထည့်ထားတဲ့ စာဖတ်ဝါသနာအိုး ဦးလေးတော်သူရဲ့ သားတော်မောင်ပါ။ ဆိုတော့ သူလည်း ဖခင်ဆီက ဓာတ်ကူးပြီး စာဖတ်ဝါသနာ ထုံလှပါတယ် (ကဲ၊ ထုံတိုင်းမကောင်းဘူးလို့ ပြောချင်သေးလား)။ ကျနော် နိုင်ဂံဂျားထွက်ပြီး နောက်ပိုင်း သူ့ဆီက လူကြုံနဲ့ထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို ရံဖန်ရံခါ လက်ခံရတတ်တယ်၊ အချဉ်ထုပ်ကြိုက်တဲ့ သူက ကျနော့်ကိုလည်း အချဉ်ထုပ် တော်တော် စားစေချင်ပုံရတယ်၊ အခေါက်တိုင်းလိုလို အချဉ်ထုပ်တော့ ပါတတ်တယ်၊ ကျနော့်စားပွဲပေါ်က အင်ဗန်ထရီထဲမှာ အချဉ်ထုပ်လက်ကျန်တောင် ရှိနေသေးတယ်၊ ယောက်ျားတွေမို့သာ တော်သေးတာပေါ့။ အဲဒါအပြင် မြန်မာစာအုပ်တွေ နည်းနည်းပါးပါး ပို့ပေးဖူးတယ်။ ကျနော်ဆိုတဲ့ကောင်ကလည်း ဖတ်သာဖတ်တယ်၊ ကလောင်ရှင်တို့ စာအုပ်နာမည်တို့ ဘာတို့ညာတို့ သိပ်မှတ်မထားတော့ ပို့ပေးဖူးသမျှ စာအုပ်စာရင်းကို ဒီမှာချရေးပြဖို့ ခက်နေတယ်၊ ဒါပေမဲ့ အဲဒီအထဲက ကျနော်ပြောချင်တဲ့ စာအုပ်လေးကတော့ လွယ်လွယ်ကူကူ ရှာတွေ့လို့ ရေးဖို့အဆင်ပြေသွားတယ်။ အဲဒါကတော့ စာရေးဆရာမြင့်သန်းရဲ့ ရွာ၏အခြားတစ်ဖက်ရှိချောင်းမှ ရေနောက်ကျိရသည့်အကြောင်း ဆိုတဲ့ မုံရွေးစာအုပ်တိုက်ထွက် စာအုပ်လေးပါ။
ကိုနဗနဘလော့ဂ် ဖတ်ဖတ်ချင်းပဲ အဲဒီစာအုပ်ကို သတိရမိတယ်၊ မြန်မာပြည် ရွာငယ်လေးတွေရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်ကို ရေးထားတာဖြစ်လို့ မြို့ကြီးသားတံဆိပ်ကပ်ပြီး မွေးလာတာမဟုတ်တဲ့ ကိုယ့်နဲ့ တရင်းတနှီး ရှိလှပါတယ်။ အထူးသဖြင့် ဗိုလ်ကုအကြောင်း ရေးထားတဲ့အခန်းတွေဆို ဆရာမြင့်သန်းရဲ့ ဘုန်းကြီး အသားပေးရေးထားတဲ့ စာတွေနဲ့ တော်တော်နီးစပ်တယ်၊ ဒါကလည်း မြန်မာပြည်ရဲ့ ထူးခြားတဲ့ အုပ်ချုပ်မှုပုံစံ (ဘုန်းတော်ကြီးများက အစိုးရ အုပ်ချုပ်မှုယန္တရားနှင့် ပြည်သူအကြား buffering လုပ်ပေးနေတဲ့ ပုံစံကို ဆိုလိုပါတယ်) ကြောင့်ပဲ ဖြစ်လိမ့်မယ်ထင်တယ်၊ အထူးသဖြင့် မြန်မာလူမျိုးများတဲ့ ကျေးလက်ဒေသတချို့မှာ အုပ်ချုပ်ရေးအပြင် ပညာရေး ကဏ္ဍမှာလည်း ဦးဆောင်နေတာက ဆရာတော်တွေပဲကိုး။ ဩော်၊ ဘယ်ရောက်သွားပါလိမ့်။ ပြောချင်တာက ကျနော့်ညီ အဲသလိုစာမျိုး သဘောကျတော့ ကျနော့်လည်း ဖတ်ရအောင် ဆိုပြီး ဝယ်ပို့ပေးဖူးတယ်။
ကြုံခဲ့ရနဗနဘဝကို ကျနော့်ညီလည်း ကျနော့်လိုကြိုက်မယ်ဆိုတာ သိနေတော့ သူဖတ်စေချင်တဲ့ ဆန္ဒရှိလာတယ်၊ ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားမိတယ်။ တနည်းအားဖြင့် မြန်မာပြည်က လူတစ်ယောက် ရေးထားတဲ့စာကို မြန်မာပြည်က တခြားလူတစ်ယောက် အလွယ်တကူဖတ်နိုင်ဖို့ နိုင်ဂံဂျားကလူက ကြံစည်ရခြင်း ဖြစ်ပါတယ်။ ဟိုမှာ ဘလော့ဂ်တွေ ဘန်းထားတဲ့အတွက် ခုန်ကျော်ဖတ်ရတာက ကွန်ပြူတာ သိပ်မကျွမ်းကျင်တဲ့ ကျနော့်ညီလိုလူအတွက် အခက်အခဲ ဖြစ်စေတာကတပိုင်း၊ သူ့မှာ အချိန်လုပြီး လုပ်စရာအလုပ်တွေ ရှိတယ်ဆိုတော့ ဇိမ်ပြေနပြေ ကွန်ပြူတာရှေ့ ထိုင်ဖတ်ဖို့ သိပ်မဖြစ်နိုင်တာကတပိုင်း၊ ဒါကြောင့် ကျနော် အင်တာနက်ပေါ်က ရှိသမျှစာကို ကော်ပီလုပ်၊ ကိုယ့်စက်ထဲမှာ စာပြန်စီ၊ လှတပတ ဖြစ်သွားတော့မှ ပရင့်ထုတ်ပြီး ရန်ကုန်ပြန်ပို့ဖို့ ဆင်ကြံ ကြံနေတာပါ။ အဲဒါကြောင့် ဟိုးတလောက အစ်မအတွက် စားပွဲတင်ကွန်ပြူတာ ဝယ်ခဲ့တုန်းက လက်ဆောင်ပေးတဲ့ ပရင့်တာကို ပက်ကင်ဖွင့်ပြီး နေရာထိုင်ခင်းပေးဖို့ ဖြစ်လာပါတယ်၊ ဒါကြောင့်လည်း အခန်းထဲက ပရိဘောဂတွေ အပြောင်းအရွှေ့လုပ်ဖို့ ဖြစ်လာပြီး အဲလိုရွှေ့ပြောင်းရေး မလုပ်ခင်မှာ တံမြက်စည်း လှည်းခြင်း၊ ကြမ်းတိုက်ခြင်းစတဲ့ သန့်ရှင်းရေးလုပ်ငန်းကိုလည်း တပါတည်းလုပ်ဖို့ ဆုံးဖြတ်လိုက်မိတယ် ဆိုပါတော့ကွယ်။ (မှတ်ချက် - ပရိဘောဂ ဆိုရာ၌ ခါးလောက် မြင့်သော နှစ်ထပ်ဗီရို ပုသေးသေးတစ်လုံးနှင့် ကုလားထိုင်တစ်လုံး တို့ကို ဆိုလိုသည်၊ ညှင်းညှင်း)
အဟမ်း၊ ဒီမှာလိပ်ပတ်လည်သွားပြီ၊ အသစ်ချက်ချွတ်ပရင့်တာကို ပက်ကင်ဖွင့်ပြီး နေရာတစ်ခုစာ ပေးလိုက်မည်၊ သူနှင့်ပတ်သက်ရာ ကားသမားမဟုတ်သော ဒရိုင်ဗာကို စက်ထဲသွင်းလိုက်မည်၊ ပုံမှန် လည်ပတ်နိုင်ပြီ ဆိုသည်နှင့် ကျနော့်ကော်ပီလုပ်ငန်း စတင်ရတော့မည် ပေါ့ကွယ်။ စာစီပြီးသား ပရင့်ထုတ်ရုံ ဖိုင်လေးကို မျှပါအုံးလို့တော့ မတောင်းကြပါနဲ့၊ ဖတ်ချင်ရင် ကိုနဗနဘလော့ဂ် မှာပဲ သွားဖတ်ကြပါဗျား။ (အလဲ့ ဒါလည်းပို့စ်ဖြစ်တာပဲ)
--
အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပွားစရာတွေ ရှိပါသေးတယ်၊ နောက်မှရေးပါ့မယ်။
--
စကားမစပ်၊ စိုင်းစိုင်းဘွိုက်ဇ်လှိုင် သူ့ဘလော့ဂ်မှာ ကိုနဗနနဲ့ ကျနော့်နဲ့ကို အတူတူထားပြီးညွှန်းခဲ့တာ ဖတ်ခဲ့မိတုန်းက ရေလည်ဝမ်းသာမိတယ်၊ ယင်းလီပါတယ် မစ္စတာဘွိုက်ဇ်။ ယင်းလိပ်ခါခြင်း မဟုတ်ပါ၊ ယင်းလီခါ့သည် ကမ္ဘောဇသားတို့၏ သိုင်းခရုပင် ဖြစ်လေတော့သည်။ (ချစ်စရာ ဘလော့ဂ်ကျော်ကြီး အမ်းမားခင်ဦးမေကို ရည်ညွှန်းပါ၏)

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.