ဓားမတိုတချောင်း ရဲ့ ရင်ခုန်သံ
ဓားမတိုတချောင်းရဲ့ ရင်ခုန်သံ
(မင်းဒင် ရေးသည်။)
တွေးလိုက် ၊ ပြောလိုက်မှဖြင့် အဆန်းချည်းပဲ ထင်ချင်လည်း ထင်ကြပေတော့ ဗျာ။ကျုပ်စိတ်ထဲ ပြင်းပြင်းထန်ထန် ယုံကြည်နေတာ တခုရှိနေတယ်။ အဲဒါကတော့ မြန်မာ့တပ်မတော်ကြီး ထဲမှာ လူစိတ်ရှိတဲ့ ၊လူသိက္ခာနဲ့ နေချင်တဲ့  စစ်သားတွေ အများကြီး ရှိတယ် ဆိုတာပဲဗျ။ ဒီလောက်စုတ်ပြတ်နေတဲ့  တိုင်းပြည်ကြီး ကို ကောင်းရာမွန်ရာ ဘဝရောက်စေ့ချင်တဲ့ စစ်သားတွေ ရိုက်သတ်တောင်မကုန်ဘူး လို့ ကျုပ်ယုံနေတယ်။ ရူးတယ်လို့ ဆိုချင်လည်း ဆိုကြပေတော့ ။
အေးလေ။ ကျုပ်ငယ်ငယ်က ရှိုးဝိုင်းမှာ သူများကို ဖဲလိမ်လိမ်ရိုက်တဲ့ တေးထုပ် လို ရုဒ်မက်ဆိုတာကြီးကို ထုတ်ရှိုး ၊ ပြည်သူအများစု ထောက်ခံတဲ့  လူထုခေါင်းဆောင် အမျိုးသမီးကြီးကို အိမ်ထဲ ပိတ်လှောင်၊ တမျိုးသားလုံး ဖွတ်ကျောပြာစု ခရုဆံကျွတ် ဘဝရောက်နေတာတွေ ကို အလိုတူနေတာ စစ်သားတိုင်းတော့ မဟုတ်လောက်ဘူးဗျာ။
ပြီးစလွယ်တွေးပြီးပြောလိုက်တာလို့ တော့ မထင်လေနဲ့ ဗျ။ ကျုပ်ဘဝမှာ ဒုတိယ ဗိုလ်ချုပ်ကြီးလောက်အထိ လက်ပွန်းတတီးနေခဲ့ဘူးလို့ ဗျ။ အော် .. ။စကားမစပ် မကြာခင်ကမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးရသွားတဲ့  လှဌေးဝင်းတောင် ကျနော့်နဲ့  ၁၉၇၆ ခုနှစ် သမိုင်းကောလိပ်က စက်မှုလုပ်အားပေးမှာ ဆုံခဲ့သေးဗျာ။ဖင်ကလေး လိမ်ကျစ်ကျစ်နဲ့  စကားရည်လုပွဲမှာ ဝင်နွှဲတော့  ဘိလပ်ပြန် ဆိုတဲ့ ခေါင်းစဉ်နဲ့  တဝေါဝေါပွဲကျအောင် လုပ်သွားနိုင်လို့ ကျုပ်
တို့  က ဘိလပ်ပြန်လို့ ခေါ်တာ။ သူက ကျုပ်တို့ နဲ့  စာရင် လူတော်နော။ လူရည်ချွန် နှစ်ထပ်ကွမ်း ။ ကျုပ်နဲ့ အဖွဲ့ ကျစဉ်ကတော့ တကယ်ကို တော်တည့်  မှန်ကန်စိတ်ရှိတဲ့  မောင်ဗျ ။
.............................................
နေဦး ။ လွန်ခဲ့တဲ့  နှစ်နှစ်လောက်က ဘန်ကောက်မှာ ၊ လေတပ်ဗိုလ်မှူးဟောင်း တယောက်နဲ့ ဆုံမိတော့ ... ကျုပ်လည်း သိပ်ရင်းနှီးနေ၊ စိတ်ထဲလည်း ခပ်ချဉ်ချဉ် ရှိတာနဲ့ ခင်ဗျားတို့ စစ်သားတွေ ဗျာ ၊ တိုင်းပြည်ဖာဖြစ်နေတာ မသိလေရော့သလား မေးလိုက်မိသဗျာ။ ဒီတော့ ကိုယ်တော်က မျက်ထောက် နီကြီးနဲ့  ကျုပ်ကိုချက်ချင်းပြန်ပက်တယ်။
ထမင်းစားနေတာဗျ။ မစင်စားနေတာ မဟုတ်ဘူး၊ မသိပဲနေပါ့မလား ။ လုပ်လို့ မရလို့  ငြိမ်နေရတာတဲ့ ။ဘာဘဲဖြစ်ဖြစ် ကျုပ်စိတ်ထဲ ဝမ်းသာမိသလို ဖြစ်သွားတာအမှန်ပဲ ဗျာ။
...........................................
သူပြောတာဟုတ်မယ်ဗျ။
ကျုပ်တို့ ခေတ်က ရိုးရိုးစစ်သားတယောက်တောင် ရပ်ကွက်ထဲ လမ်းထဲ ဝင်လာရင် အထင်တကြီး တလေးတစား မျက်လုံးတွေနဲ့ ။ မိန်းခလေးတွေလည်း ငါ့ ရည်းစားက စစ်ဗိုလ်၊ စစ်သား ဆိုပြီး ဂုဏ်ယူနိုင်ခဲ့တဲ့ ခေတ်။ အခုများတော့ဗျာ။ စစ်ဗိုလ်စစ်သား လမ်းမှာတွေ့ ရင် ဘာများဒုက္ခပေးအုံးမလဲ ဆိုပြီး ဝေရာမဏိနေတဲ့ ခေတ်။
ဒါတင်ဘယ်ကမလဲ ။ တပ်ကနားသွားတဲ့  ဘယ်လောက်ကြီးတဲ့  ဗိုလ်ချုပ်ကြီးဖြစ်ဖြစ် လူတောကို တိုးလို့ မရဘူး။ ရိုးရိုးစစ်သားလည်း ထို့ နည်းလည်း ကောင်းပဲ ။ ကျွန်တော်က မြန်မာ့တပ်မတော်က အနားယူခဲ့တာဗျလို့  ရင်ကော့ပြောနိုင်တဲ့  သူရယ်လို့ မတွေ့  သလောက်ပဲ ဗျာ။
သတ္တုတွင်းဝန်ကြီး အဖြစ်ကနေ အနားယူခဲ့ တဲ့  ဒုတိယ ဗိုလ်ချုပ်ကြီးကျော်မင်း တောင် အလုပ်က အနားပေးခံရပြီး စမ်းချောင်းက ကျုပ်အသိ ဆံပင် ညှပ်ဆိုင်ကို ရောက်ရောက်လာ တတ်လို့  တွေ့ မိသေးတယ်။ သူ့ ကြည့်ရတာ တခုခု ကိုစိုးရိမ်ကြောက်လန့် နေတဲ့ ပုံပဲ ။တွေ့  သမျှလူ သူက ပြုံးပြပြီး ဝင်ရောနေပေမဲ့  လူတွေက သိပ်ဟက်ဟက်ပက်ပက် ရှိပုံမရဘူး။ သူ့  နေရာဝင်နေကြည့်တာ သိပ်တော့ မနိပ်လှဘူးဗျာ။
........................................
အခုလက်ရှိ စစ်ဥပဒေရုံးက ကျုပ်မိတ်ဆွေ ဒုတိယ ဗိုလ်မှူးကြီးတယောက်ဆို သူ့ အိမ် ကျုပ်သွားလည် တဲ့ အခါ မြဝတီတို့  မြန်မာ့ ရုပ်မြင်သံကြား တို့ က ပေါ်လစီသီချင်းတွေ ဖွင့်နေတာနဲ့  ကြုံရင် ကျုပ်ကို အားတုံ့  အားနာ မျက်နှာပူတဲ့ ပုံစံနဲ့  ထထ ပိတ်ရှာတယ်ဗျာ။
...........................................
မှတ်မှတ်ရရတခုလည်း ရှိသေးဗျာ။ အခုလက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ဥာဏ်ဝင်း ၊ လွန်ခဲ့ တဲ့  နှစ်နှစ်လောက်က ဥရောပအစည်းအဝေးသွားတက်ပုံကို ဒီဗွီဘီ ရုပ်သံမှာ ကြည့်လိုက် ရတယ်။ သူ့ှခမျာ အစည်းအဝေးသာ တက်ခွင့်ရရှာတာ ၊ လူတော တိုးလို့ မရဘူး ဆိုတာ အထင်အရှားပါပဲ ဗျာ။ နိုင်ငံတကာ ခေါင်းဆောင်တွေက အစည်းအဝေးခန်း ပြင်ပမှာ လွတ်လွတ်လပ်လပ် ဝိုင်းဖွဲ့ ပြီး ရီမောပြောဆိုနေကြတာကို မောင်ဥာဏ်ဝင်းက ခပ်လှမ်းလှမ်း ဝိုင်းအပြင် ကနေ ငေးနေရရှာတယ်။ ကျုပ်တို့ ကလေးဘဝတုန်းက ကစားဝိုင်းထဲ ပါခွင့် မရတဲ့  ကလေးတယောက် ပုံစံနဲ့  တထပ်တည်း ဗျာ။ တမင်များကျဉ်ထားလေသလား ၊ ကိုယ့်မောင်ကပဲ အိမ်ကျယ်မျိုး ဖြစ်လေရော့သလား။ ကျုပ်တော့ သူ့ ကို သနားနေ မိ တော့ တာပဲဗျာ။
.........................................
ကဲ ... ကြည့် ။ ဒီလို ပုံစံမျိုးတွေကြုံနေတွေ့ နေ ခံစားနေရတာကို ဘယ်စစ်သားက ဝမ်မြောက်ဝမ်းသာ ရှိပါ့မလဲ ဗျာ။ သူတို့  လည်း လက်ရှိစစ်တပ်ကို တကယ်ကိုတိုင်းပြည် ချစ်တဲ့ စစ်တပ်ကြီးအဖြစ်ပြောင်းချင်မှာ ၊ အခွင့်အခါကို ချောင်းနေမှာ အသေအချာပဲဗျ။ လောကကြီးမှာဗျာ။ ဘယ်နေရာဘယ်လူမျိုးမဆို အကောင်းအဆိုးဒွန်တွဲနေတာ သဘာဝ ပါ။
ဒီခေတ်ကြီး စစ်ဗိုလ်လာဖြစ်ရတာကို ရှက်ရကောင်းမှန်းသိတဲ့ စစ်ဗိုလ်တွေလည်း ရှိမှာမှ ဒုနဲ့  ဒေး ထင်ပါ့ ။
အဲသလိုမောင်တွေ ခေါင်းထောင်ခွင့်ရတာနဲ့  မြန်မာပြည်အရေးက ဆိုင်းတွေ ဗုံတွေ မပါပဲ ဝုန်းကနဲ ပွဲပြီးမှာ မြင်ယောင်သေးဗျာ။
ဒီအချိန်မှာ လူထုဖက်ကို ရပ်တည်ရဲတဲ့  စစ်ခေါင်းဆောင်များ ပေါ်လာခဲ့ ရင် သူ့  အတွက်တော့  အပါယ်တံခါး ပိတ်ပြီ ဗျာ။ လူသာဓုခေါ် နတ်သာဓု ခေါ် ရုံတင်မက စစ်တပ်ကြီးလည်း သိက္ခာပြန်တက် ၊ မြန်မာတွေလည်း လူ့ ဘဝ ပြန်ရ ။အိုဗျာ.. ။ တွတ် ၊ ဒဲ့  ။ ဒွန် တင်မကဘူး မင်္ဂလာစုံတွဲ အတွဲထောင်ချီ ပေါက်တဲ့  ကိန်း လိုမျိုးကို ဆိုက်မှာဗျ။
ဒီလို စစ်သားမျိုး ပေါ်လာလို့ ကတော့ ကျုပ်က သူ့ ပုံနဲ့ ငွေစက္ကူတချို့  မြန်မာပြည်မှာ ထုတ်ဝေဖို့  အဆိုတင်ဖြစ်အောင်ကို တင်အုံးမှာ ဗျား ။
..................................
အော်.. ။ ကျုပ်က ဒါမျိုး ကို ထိုင်မျှော်နေတာတော့ ဘယ်ဟုတ်မလဲဗျာ။ ဒီလောက် လူမဆန်အောင် မိုက်ရိုင်းယုတ်မာနေတာ၊ လူမိုက်ငှားချောင်းရိုက်၊ မတော်မတရား ထောင်ဒဏ်တွေ ချ ၊ မတရားတာမှန်သမျှ ကန်ထရိုက် ဆွဲထားတဲ့  အစိုးရမင်းများ သူ့  ဖာသာ ပွဲပြီးသွားလိမ့်မယ်လို့  ထိုင်တွေးနေ လောက်အောင်တော့  ကျုပ်မရူးဘူး ဗျ။
ဘယ်လိုများလုပ်ရင် မြန်မာပြည် ဒီဘဝက လွတ်ပါ့မလဲ ၊ နေ့ တိုင်းတွေး၊နေ့ တိုင်းကြံပေါ့ ။ နည်းမျိုးစုံ ကြံဆို တိဘက်တွေ လုပ်သလို တိုက်မြင့်မြင့်၊ ကျောက်တိုင်မြင့်ပေါ် တက်ပြီး အသေခံခုန်ချဘို့ ၊ မီးဖိုချောင်ထဲက ဓားမတိုလေးကို မျက်စခဲပြီး ၊ လက်လှမ်းမှီတဲ့ ဒင်းတို့  ဆွေမျိုးသားချင်းတွေကို လက်စတုံးဘို့  အထိတောင် အစွန်းရောက်မိတဲ့ အထိ ပါဗျာ။ဥာဏ်မပါတဲ့ တဇောက်ကမ်းနည်းတွေမို့  ဘေးချိတ်ထားရသဗျာ ။
......................................
ကြံနေ၊ တွေးနေ ခံစားနေကြတာတော့  ကျုပ်တယောက်တည်း မဟုတ်ဘူး ဗျ။ မြန်မာတိုင်း တယောက်တမျိုး ပုံစံအမျိုးမျိုးနဲ့  ဝေဒနာသည်းနေကြတာ ပါပဲဗျာ။
ဂျာမဏီမှာနေတဲ့  မိတ်ဆွေကတော့
ကျုပ်တို့  မြန်မာလူမျိုးတွေ သောက်သုံးကို မကျဘူး။ ဒီလို ပုံစံနဲ့ ဘယ်တော့မှ ဒီမိုကရေစီ ဆိုတာ မရဘူး။ နောက်ထပ် အနှစ်နှစ်ဆယ် လည်း မရဘူး။ ကျနော့် တသက် ဘယ်တော့မှ မရဘူး ဆိုတာ ဘယ်လိုလောင်းကြေးမျိုးမဆို ထပ်လိုက်ချင်တယ်။ ဘန်ကီမွန်းတောင် စိတ်ပျက်နေပြီ။ အတိုက်အခံ ဆိုတဲ့ ကောင်တွေကလည်း ဘာမှ သောက်သုံးကျတဲ့ ကောင်တွေ မဟုတ်ဘူး .... တဲ့ ။
.........................................
ဒိန်းမတ်က မိတ်ဆွေတယောက်ကတော့ တပုံစံဗျ။
..... ကျနော့် မိသားစုနောင်ရေး ကျနော့် နောင်ရေး စိတ်အေး ရပြီ။ကျနော်တို့  နိုင်ငံလွတ်မြောက်ရေးဘက်ဆီ ဦးတည်ရအုံးမယ် ။မလေးရှားလို နိုင်ငံမျိုး ကိုသွားပြီး ဒုက္ခဆင်းရဲမျိုးစုံကြုံနေတဲ့  မြန်မာအလုပ်သမားတွေအခွင့်အရေး တောင်းဆိုတိုက်ပွဲ ဝင်အုံးမယ် .... ဆိုပဲ ။
.....................................
လီဆိုသိုက မိတ်ဆွေကလည်း တဘာသာဗျာ။
သူက ကျုပ်ရေးခဲ့ဘူးတဲ့  ခေတ်ဆန်းချိန်ရောက်လုနီးပြီ ဖတ်ပြီးကတည်းက နှစ်ရက်ခြား ဆိုသလို ...
ဘယ်နှယ့်လဲ ဗျ။ ခင်ဗျား ခေတ်က မဆန်းသေးဘူးလား ဆိုပြီး မအီသံလေးနဲ့ လှမ်းလှမ်း မေးသဗျာ။ မအီသံဆိုတာ ကျနော့်အမေပြောဘူးတဲ့ အညာစကားဗျ။ ငေါ့တော့တော့ သံလို့  ဆိုနိုင်ထင်ပါ့။ .....
..........................................
အမယ်.. ။ ဖူးခက်မြို့ က ရွေ့ ပြောင်းအလုပ်သမား တယောက်ကလည်း တလိုင်းဗျ။
.. ဆရာ .။ နယ်စပ်က ကျောင်းသားတွေဆီမှာ သေနတ်တွေ ရှိတယ်ဆို ။ ကျနော်တို့  တက်ပစ်ချင်တယ် ။ဘယ်လိုဆက်သွယ်ရမလဲ ဆရာ ။ ဘာလဲဗျာ။ ဂန်ဘာရီဆိုတဲ့  လူက ဒေါ်စုခြံရှေ့ လက်ကိုင်စပီကာနဲ့  အလှူခံအော်သလို သွားအော်တာ ကို အဟုတ်မှတ် နေကြတယ် ၊ ဘန်တွေ ဂန်တွေ မျှော်ကိုမျှော် မနေနဲ့ ဆိုပဲ ဗျ။
......................................
ကျုပ်ဘယ်သူ့ ကိုမှ အပြစ်ပြောစရာတော့ မရှိပါဘူးဗျာ။ သို့ သော်ညည်းချင်းချနေတဲ့ သူတွေ တော့ ကျုပ်သဘောသိပ်မတွေ့ လှဘူးဗျ။ ညည်းတာညည်းပါ ၊ ကျုပ်လည်း ဘာသားနဲ့  ထုထားတာမှတ်လို့  ညည်းတာပါပဲ ။ ငတ်နေတဲ့ သူတွေကို မင်းတို့ တော့ ငတ်ပြီ။ ကိုယ်ကျိုးနည်းပြီး ။ လဲသာသေကြ၊ တွင်းသာနက်နက် ကြိုတူးကြပေတော့ .. ဆိုတာမျိုး အားပေးသလို မဖြစ်အောင်တော့  ကျုပ်မြဲမြဲ သတိချပ်သဗျာ။ ကိုယ်တိုင်နှာစေးချောင်းဆိုးဖြစ်ပြီး စိတ်ဓာတ်ကျနေရင်းလည်း တခြား မြန်မာတွေ ကို မကူးစက်အောင် ပုဝါလေးနဲ့  တဟွတ်ဟွတ်လုပ်သင့်တယ်ထင်
လို့ ဗျ ။
.........................................
အစိုးရမင်းများ ကို လားပင်စင်ပေးဘို့ ဆိုတာ ထင်သလောက်တော့ ဘယ်လွယ်ပါ့ မလဲ ဗျာ။
နိုင်ငံသစ်တခု ထူထောင်တာမပြောနဲ့  ၊ ကျုပ်ရဲ့ ခြံထဲမှာ ဒုတိယမြောက်ဘူးစင်ထူထောင်တာ တောင် အခက်အခဲတွေ မျိုးစုံနဲ့ ။
ကြုံတုန်း ပြောလိုက်ရအုံးမယ်။ ပထမ ဘူးစင်က အချိန်တန်လို့ နိဂုံးချုပ်သွားတော့ ဒုတိယ ဘူးစင်အတွက် လုံးပန်းရပြန်ရော ဗျာ။ မလုံးပန်းလို့ မဖြစ်ဘူး ဗျ။ ဘူးပင်တုံးသွားတော့ ပေသုံးဆယ် ဆယ့်ငါးပေလောက် ရှိတဲ့ ဘူးစင်ကြီးက အိမ်ရှေ့ မှာ မဏ္ဍပ်ကြီးလိုဖြစ်ကျန် ခဲ့တာလေ၊ အေးပေါ့ဗျာ။ ဘူးပင်ရှိတုန်း ဘူးစင်ကြီးက မသိသာပေမဲ့  ဘာပင်မှဘာနွယ်မှ မရှိတဲ့  ဝါးတိုင်ဝါးရိုး အပြိုင်းပြိုင်းနဲ့ စင်ထီးထီးကြီးဟာ ကျုပ်ကို ဒုက္ခပေးတော့ တာပဲ ။ ဘူးသီး ဘူးစင် ဘူးနွယ် ဘူးညွှန့် နဲ့  စိုပြေနေတာကို မတွေ့ ဘူးသူတွေက ကျုပ်အိမ်ရှေ့  ရောက်တိုင်း ကျုပ်ကို ခပ်ကြောင်ကြောင် အကြည့်နဲ့ ကြည့် သွားတတ်ကြဖန် များတာနဲ့  ဒုတိယမြောက် ဘူးစင်ထူထောင်ခန်းကို စရတော့တာပဲဗျာ။
မျက်နှာပူတာကော၊ မခံချင်စိတ်ကော ပါတယ် ထင်ပါ့ဗျာ ။
..................................
ဒုတိယမြောက်ဘူးစင်က ပြဿနာ မျိုးစုံနဲ့ ဗျ ။ အရင်လိုပဲ အစေ့လေးချစိုက်လိုက်တာ တပါတ်ကျော်အထိ မပေါက်ဘူး။ ဒါနဲ့ နောက်တခါ ထပ်ပြီး ဘူးမျိုးစေ့ ငါးစေ့ခြောက်စေ့ ထပ်ချပြန်တော့ လည်း မပေါက်ဘူး။
မျိုးစေ့တွေ မကောင်းတော့တာလား။ မြေကြောင့်လား။ နေရောင်ပြဿနာလား ။ မိုးအဆက်မပြတ်လို့ လား၊ လားမျိုးစုံနဲ့ နှစ်ပါးသွားပြီး တလနီးပါး ဆက်အားထုတ်မှ အညှောက်ပြူလာသဗျာ။
မတော်တဆ သေများသွားရင် ဒုက္ခဆိုပြီး အရန် ဘူးစေ့တွေကိုလည်း တခြားနေရာမှာ ပျိုးရသေး၊ ဘူးပင်သန်အောင် အပုပ်ရည်တချို့ လောင်းရတယ် ဆိုပြန်လို့  ဖူးခက်ဈေး သားငါးတန်းထဲက ကြက်ခေါင်းငါးခေါင်းတွေ ယူလာပြီး ပုံးထဲထည့် အပုပ်ခံလိုက်တာ ဆိုးလိုက်တဲ့ အနံ့  ၊ ကံကောင်းလို့ ဘေးအိမ် က တရားမစွဲတယ်။ နောက်ဆုံးအပင်တွေ နဲ့  နီးရာမှာ မြေတူးမြှုပ်လိုက်မှ အနံ့ ပျောက်တော့ သဗျာ။ ပြင်လိုက်ရတဲ့ မြေ ၊ ထည့်လိုက်ရတဲ့  မြေသြဇာ မျိုးကို စုံလို့ ။ တသက်လုံးပေါင်းလာတဲ့  မိန်းမကို တောင် ဒီလောက် ဂရုမစိုက်ခဲ့ ဘူးပါဘူးဗျာ။
ဟော .. ။ ခုတော့  ။ ဘူးညွန့် တွေ စင်ပေါ်ပြန်ရောက်နေပြီလေဗျာ။ လူရိုသေ ရှင်ရိုသေ ဘဝ ပြန်ရောက်နေပါပြီ ဗျာ။ အော်.. ။ ထင်သလိုတော့ ဘယ်လွယ် ပါ့မလဲ ဗျ ။
...................................
ဘူးစင်ပေါ်က ဧရာမဘူးရွက်စိမ်းစိမ်းကြီး တွေကို မြင်တိုင်း ကျုပ်တော့ လူလိုနေသည့်  နိုင်ငံတော်သစ်ဆီ သို့  ဆိုတဲ့  ဦးတည်ချက်က ကျုပ်ရင်ကို လာလာဆောင့်သဗျာ ။ မသေခင် လူလိုတော့ နေသွားချင်သေး တယ်ဗျို့ ၊
ကျုပ်လည်း ပထဝီ နိုင်ငံရေးတို့  သချာင်္နိုင်ငံရေးတို့  ဝိဇ္ဇာသိပ္ပံ နိုင်ငံရေးတို့ ဆိုတာတွေ လည်း နားလည်တဲ့ ကောင်မဟုတ်လေတော့ သိသလောက် တတ်သလောက် ၊ ဥာဏ်ပါတဲ့နည်းလေး တွေ ကြံဆနေရတာပဲဗျာ ။
ကျုပ်ကတော့ ငါးသုံးကောင်ပုံပြင်ထဲက အတိုင်းပဲ အခွင့် အခါကောင်းကို တက်ကြွယုံကြည် သော စိတ်နဲ့  အခါမလပ်နေတာကို သဘောကျမိသဗျ ။
ငါးသုံးကောင်ပုံပြင်လား ။ ငယ်ငယ်တုန်းက သင်ခဲ့ရတာတဲ့ ပုံပြင်လေ။
ဂဂါင်္မြစ်ထဲမှာ တံငါသည်တဦးဟာ ငါးသုံးကောင်ကိုဖမ်းမိရောတဲ့ ။ တကောင်သောငါးကတော့  .. ။ ဟ။ ဒုက္ခတော့ ရောက်ပြီ။ မြန်မြန်ရုန်းမှ စိတ်ကူး သတဲ့ ။နောက်တကောင်ကတော့  ဖမ်းမိမှတော့ သေမှာပဲ ။ သေလည်းအေးရော စိတ်ကူးသတဲ့ ။
နောက်ဆုံးတကောင်ကတော့ အခွင့်အခါ ကောင်းတာနဲ့  လွတ်အောင်ရုန်းမယ် ကြံသတဲ့  ဗျာ။
မြန်မြန်လွတ်ချင်တဲ့ ငါးက စွတ်ရုန်းတော့  လှော်တက်စာမိပြီး ဦးစွာမာလကီးယားသတဲ့ ။
အခွင့်ကောင်းချောင်းတဲ့ ငါးကတော့  လေအတိုက်လှေအလူးမှာ ဇတ်ကနဲ့  ခုန်ထွက်လိုက် တာ လွတ်သွားသတဲ့ ။ သေလည်းအေးရော အိပ်နေတဲ့ ငါး လည်း တံငါသည်က နောက်တကောင်ထပ်လွတ်သွားရင် ဒုက္ခဆိုပြီး လှော်တက်စာမိသွားတာပဲ တဲ့  ။
ကျုပ်ကတော့ လေအတိုက်လှေအလူး စောင့်တဲ့ ငါးကို သဘောကျတယ် ဗျာ။
.................................................
အော်.. ။လေအတိုက်လှေအလူး ကိုစောင့်နေတာ နှစ်ပေါင်းငါးဆယ်နီးပါးတောင် ကြာပြီကော တွေးမိပြန်တော့ တမျိုးအတုခိုးမိပြန်တယ်ဗျ ။
အဲဒီနည်းက ဆရာကြီး ရွှေဥဒေါင်းရဲ့  ဇော်ဝိတ်နဲ့ တိုင်းလုံးကျော် လက်ဝှေ့ ပွဲ ကနေ ယူတဲ့  နည်းဗျ။ မြို့ တမြို့ မှာ နာမည်ကျော် လူ့ ဘီလူး တိုင်းလုံးကျော် ဆိုတဲ့  လက်ဝှေ့ သမားနဲ့  ဇော်ဝိတ် ဆိုတဲ့ မောင် လက်ဝှေ့ ပွဲတပွဲ ထိုးခဲ့ကြသတဲ့ ဗျာ။
လူတိုင်းက တိုင်းလုံးကျော် နိုင်မယ် ဆိုပြီးလောင်းကြေးတောင် ဆယ်လေးတလေး ရှိသတဲ့ ။ ထူးခြားချက်ကတော့ ဇော်ဝိတ်ဟာ သူမတူတဲ့ ယောက်ျား ကောင်း တယောက်ရဲ့ အသည်းနဲ့  လူ ဆိုပဲဗျ။
ပွဲစတာနဲ့ တိုင်းလုံးကျော် ထိုးချက်တွေနဲ့  ဇော်ဝိတ် ခမျာ မချိမဆန့် ခံရတော့ တာပဲတဲ့ ။
ဇော်ဝိတ်ကတော့  တိုင်းလုံးကျော်ကို အလဲထိုးနိုင်ရမယ် လို့  အခိုင်အမာယုံကြည်ထား သတဲ့ ။
လူသာမာန် ဗလနဲ့  ဇော်ဝိတ်က တိုင်းလုံးကျော် ကို တချက်တည်း အလဲမထိုးနိုင်တော့  အခွင့်ရတိုင်း ရင်ဝကို တချက်ချင်းပစ်ပစ်သွင်းသတဲ့ ။ လူ့ ဘီလူး ရင်ဝကို အညိုအမဲ စွဲအောင် အခွင့်ရတိုင်း ပစ်သွင်းရတာဆိုတော့ ဇော်ဝိတ်ခမျာ မှာလည်း မျက်နှာတခုလုံး ရစရာ မရှိအောင် ယောင်ကိုင်းဖူးရောင် တာ ပါပဲ ။ မျက်နှာတခုလုံး သွေးသံတရဲရဲ ဖြစ်နေလျက်က အခွင့်ရတိုင်း ၊ တိုင်းလုံးကျော် ရင်ဝကို လက်သီးတချက် မမေ့ တမ်း ထိုးသွင်းသတဲ့ ။
ဒီလိုနဲ့  အချက်ပေါင်းများလာတော့  တိုင်းလုံးကျော် အသက်ရှူမမှန်တော့ဘူး တဲ့ ။ နောက်ဆုံး ဇော်ဝိတ်ရဲ့ လက်သီးချက်နဲ့  တိုင်းလုံးကျော် နောက်ကောက်ကျတာပဲတဲ့  ဗျား ။
.......................................................
နောက်ကောက်ဆိုလို့  ဘာမထီခင်အောင် ကို သတိရသဗျာ။ သူက လက်ဝှေ့ လည်း ကိုယ်တိုင်ထိုး စာတွေလည်း ရေးသဗျ။ နိုင်ငံတကာကို လျောက် လှည့်နေတဲ့  နာမည်ကျော် နိုင်ငံခြားနည်းပြတယောက်နဲ့ ဘာမထီခင်အောင် တနေ့  မှာ ဆုံမိကြသတဲ့ ဗျာ။
ဒီတော့ အဲဒီနည်းပြက ဘာမထီ ခင်အောင်ကိုမေးခွန်းတခုမေး သတဲ့ ။ အဲဒီမေးခွန်းကတော့
ပြိုင်ဖက်ဟာ ဘယ်အချိန်မှာ နောက်ကောက်ကျသလဲ တဲ့ ..။
မေးခွန်းမေးတဲ့ မောင်က သူကမ္ဘာလှည့်လာတာ ဒီမေးခွန်းကို ဘယ်ဝှေ့ သမားမှ တိတိကျကျ မဖြေနိုင်ဘူး ဆိုတာလည်း ပါသေးသဗျာ။
ဘာမထီခင်အောင်ကတော့  ရုတ်ခြည်းဆိုသလို...
ပြိုင်ဘက်နောက်ကောက်ကျတဲ့  အချိန်ဟာ ၊ ပြိုင်ဘက် တိုးဝင်လာတဲ့ အချိန်နဲ့ အရှိန် ၊ မိမိထိုးလိုက်တဲ့ အချိန်နဲ့ အရှိန် တထပ်တည်းကျချိန်ပဲ .......... ။
လို့ ဖြေလိုက်တာ ကမ္ဘာလှည့်လာတဲ့  နည်းပြ ပါးစပ်ပိတ်သွားတယ် ဆိုပဲ ဗျ။ တကယ့်ကို မှတ်လောက်သားလောက်စရာပဲဗျာ။ ကျုပ်တို့ လည်း အစိုးရ မင်းများကို ရင်ဆိုင်တဲ့ အခါမှာ ထည့်စဉ်းစားသင့်တဲ့ နည်းလို့ ထင်သဗျာ။
လောကကြီးမှာ အခွင့်အခါကောင်းတွေ အချိန်နဲ့ အမျှ ပေါ်လာတတ်မျိုးမဟုတ်လား။
........................................
ဗျာ ။ ကျုပ်က တောင်ကြံ မြောက်ကြံ ပူပန်နေတဲ့  ကောင် .. ။ ဟုတ်လား ။
ကြံရမယ် ဗျို့ ။ ကျုပ်ဆိုတဲ့ ကောင်ကလည်း အိမ်ရှေ့ မှာ ဘူးစင်ဟောင်း ၊ ဝါးရိုးပြိုင်းပြိုင်း ဖြစ်နေတာတောင် မျက်နှာပူတတ်တဲ့ ကောင်ဆိုတော့ ကြံကို ကြံမှ ဖြစ်မယ်။
တော်ကြာဗျာ။ ကျုပ်တို့ မြန်မာဆိုတဲ့ လူမျိုးဟာ ပြူ၊ ကမ်းယံ၊ သက် တို့ လို စာထဲမှာသာ ကျန်ခဲ့ပြီး ကျုပ်မြေးမြစ်တွေက ကျုပ်ကို .. အန်းကုံး ... နိဟောင်မား .... လာလုပ်နေရင် .. ကျုပ်က ဟောင်တဲ့ ဟောင်တဲ့  ရှဲရှဲမနီ ပဲ .. ကန့် နီနဲ စီပိုင်း လန်ကျောက် ဆိုပြီး ပြန်ဟောက်မိမှာ စိုးလို့ ဗျား ။
You received this email because you are subscribed to the real_time feed for http://mindinn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.