ခပ်တိုးတိုးဒဏ်ရာ
သူတည်ငြိမ်အေးဆေးစွာ ခပ်မတ်မတ် ထိုင်နေသည်။ အရက်မူးနေသည်တဲ့...။ ယုံနိုင်စရာမရှိပါ။ ခါတိုင်း အညိုဘက်လုတယ်လို့ ထင်ရတဲ့ သူ့မျက်နှာအသားအရည်က ဒီညနေကျမှ ဖြူသယောင်ယောင်တောင်ဖြစ်ပြီး ရှင်းသန့်လို့နေသည်။ နှုတ်ခမ်းတို့ကလည်း အိနြေ္ဒရစွာ နီစွေးစွေးနဲ့ ခပ်တင်းတင်းစေ့လို့။ "ကိုယ်အရက်မူးနေတယ်" တဲ့... သူခပ်တည်တည်နဲ့ ဘယ်သူကမှ မမေးဘဲ ၀န်ခံသလိုပြောလိုက်ပြီး အေးဆေးစွာပြုံးသည်။ ဒါဆို သူသည် သူမတသက်တွင် နီးကပ်စွာ ပထမဆုံးတွေ့ဖူးသော အရက်မူးနေတဲ့ယောက်ျားလေး ပဲပေါ့။ သူမ ထင်ထားခဲ့သလို ပါးစပ်ထဲတွေ့ကရာပြောပြီး ရစ်တာမျိုးတွေ ရုပ်ပျက်ဆင်းပျက်အပြုအမူတွေလည်း သူ့မှာ ရှိမနေခဲ့ပါ။ ရုပ်ရှင်ထဲက အရက်မူးသမားများကိုသာ ပုံသေအရက်သမားပုံစံ အဖြစ်မြင်ထားပြီး အရက်မူးနေသူတွေကို ကြောက်စရာလို့ မြင်ထားတဲ့ သူမ သူ့ကိုတော့ ကြောက်ဖို့ကိုမေ့ပြီး တအံ့တသြသာ ငေးနေမိသည်။
"တ... တကယ်မူးနေတာလား"
သူ စူးလက်သောမျက်ဝန်းများနဲ့ သူမကို တချက်လှမ်းကြည့်သည်။ မျက်လုံးတွေ... သူမူးတဲ့အခါ မျက်လုံးတွေ ပိုလို့တောင် တောက်ပလာသေးတာပဲ။ သူမ သူ့ကို ဆက်မကြည့်ရဲသလိုဖြစ်လာပြီး သူမတို့ ထိုင်နေရာနဲ့ ခပ်လှမ်းလှမ်းမြစ်ကမ်းပေါ်မှာ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ လူတွေကို လှမ်းငေးနေမိသည်။ သူမမျက်လုံးတွေ သူ့ဆီပြန်ပို့တဲ့အထိ သူက သူမကို စူးစိုက်ကြည့်ဆဲ။ သူမပြောမိပြောရာ ပြောချလိုက်သည်။
"မူးနေမှန်းသိရင် မလာပါဘူး။ အဲလိုသောက်တာ သုရာမေရယကံထိုက်တယ်နော်...။ အရက်ကို တော်တော်ပဲ ကြိုက်လား"
စကားတွေက အဆက်အစပ်မရှိလှ...
"အင်း စိတ်ညစ်ရင် သောက်တယ်"
"အဲဒါ မခိုင်လုံတဲ့အကြောင်းပြချက်ပါ။ ကျွန်မလည်း စိတ်ညစ်ဖူးတာပဲ။ အရက်မသောက်ဘဲ ဖြတ်ကျော်ခဲ့တာပဲ"
သူ ပါးလေးခွက်ဝင်သွားတဲ့အထိ ပြုံးလိုက်သည်။
"အဲဒါ မင်းက တော်လို့ပေါ့..."
"မဟုတ်သေးပါဘူး။ ကဲ ပြော... ပြောစရာရှိလို့ဆို"
"မင်းကို ချစ်တယ်။ နောက်ပြီး... ကိုယ်မနက်ဖြန် တခြားမြို့ကို ပြောင်းရတော့မယ်"
"အို..."
သူမစိတ်ထဲမှာ ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားသည်။ ပထမစိတ်လှုပ်ရှားခြင်း... နောက်ရှက်ခြင်း... နောက်ဆုံးတော့ ဒေါသ...
"သြော်... ကျွန်မက မူးနေတဲ့လူဆီလာပြီး အဲဒီစကား နားထောင်ရတာပေါ့။ မူးမူးနဲ့ ရှေ့ရောက်လာတဲ့သူကို ဒီလိုပဲ ကြုံလို့ရည်းစားစကား ပြောလိုက်တာပဲလား..."
မဟုတ်မှန်းသိသိနဲ့ အဲဒီစကားကို ပြောချလိုက်တဲ့အချိန် သူမစိတ်ထဲမှာ ၀မ်းနည်းမှုတွေသာ တဖွားဖွား ပေါ်လာတော့သည်...
"မင်း ထင်ချင်သလို ထင်ပါတော့။ ကိုယ်ဒီနေ့မင်းကို ပြောမှဖြစ်မယ်... ဒါကြောင့်..."
"သြော် ဒါကြောင့် မူးမူးနဲ့ပြောတဲ့ ရည်းစားစကားကို ကျွန်မက ဒီအထိလာပြီး တလေးတစား နားထောင်ရတယ်ပေါ့"
"အဲဒီလိုမျိုး ဖြစ်သွားပေမယ့်... ကိုယ်မရည်ရွယ်ပါဘူး။ ပြောဖို့ ခုလေးတင်ဆုံးဖြတ်လိုက်တာ"
"မူးမူးရူးရူး ဆုံးဖြတ်ချက်ပေါ့လေ"
"ကျွတ်... မင်းနဲ့ကိုယ်ကြားမှာ အများကြီးရှင်းပြစရာ မလိုလောက်ဘူးလို့ ထင်ခဲ့တာ... မှားသွားတယ်"
"ရှင် အတ္တကြီးလွန်းတယ်"
"လူတိုင်း အတ္တနဲ့မှ မကင်းတာ"
"ရှင့်အတ္တက ပိုကြီးတယ်... ကျွန်မကို အဲဒီစကားတစ်ခွန်းနဲ့ တသက်စာချည်ပစ်ခဲ့ပြီး ရှင်ဟိုမြို့မှာ လက်ထပ်တော့မှာလေ"
"မင်းတွေးတာတွေ များလွန်းနေပြီ။ မင်းကို မချည်ပါဘူး။ မင်းဘက်က သဘောထားကိုတောင် ကိုယ်မေးလို့လား။ ကိုယ့်ခံစားချက်ကို နောက်ဆုံးအနေနဲ့ ပြောချင်လို့ ဖွင့်ပြောခဲ့တာပဲ။ ဟိုမှာ မင်္ဂလာဆောင်မှာလည်း ဟုတ်တယ်။ ကိုယ့်တသက်မှာ လုပ်သင့်တာကို လုပ်ခဲ့တာချည်းပဲ။"
"ဒါဆို ကျွန်မနဲ့ပေါင်းစပ်ဖို့ကတော့ မလုပ်သင့်တာကြီးပေါ့လေ..."
သူ အံ့သြတကြီး ဖျတ်ကနဲကြည့်သည်။
"မင်းကိုယ်နဲ့ ဘယ်တုန်းကမှ လက်မထပ်ချင်ဘူးလို့ ထင်ခဲ့တာ"
သူမ စိတ်ပျက်နာကျင်စွာ သူ့ကိုပြန်ကြည့်ရင်း
"ရှင်ပြောသလိုပဲ... ကျွန်မနဲ့ရှင်နဲ့ကြားမှာ အများကြီးရှင်းပြစရာ မလိုလောက်ဘူးလို့ ကျွန်မလည်း ထင်ခဲ့တယ်။ သိပ်မှားတယ်။ ကျွန်မတို့တွေ သိပ်မှားခဲ့တယ်..."
ဒီတခါတော့ မြစ်ကမ်းဘေးက လူတွေကို လှမ်းငေးနေတာ သူဖြစ်နေသည်။ သူ မပီမပြင် တချက်ပြုံးရင်း...
"အရာရာကို ဒီတညနေထဲနဲ့ ဖြေရှင်းအဆုံးသတ်လို့ရမယ်လို့ ကိုယ်ထင်ခဲ့တယ်။ ကိုယ်သိပ်ညံ့တယ်။ မင်းနဲ့ကိုယ့်ရဲ့ကြားက အရာရာကို ကိုယ်လျော့တွက်ခဲ့မိတယ်။"
သူမက ခေါင်းကို သွက်သွက်ခါရင်း...
"ပြီးပြီ... အားလုံးပြီးသွားပြီပဲ။ ကျွန်မ ပြန်တော့မယ်..."
ခုံတစ်လုံးကို ဖရိုဖရဲပိတ်တိုက်ရင်း သူမ ခြေလှမ်းကျဲကျဲနဲ့ ထထွက်လာတော့...
"ကိုယ် အရက်မူးမနေပါဘူး... အဲဒါကိုတော့ မင်းသိစေချင်တယ်။ တကယ်တော့ ကိုယ့်လက်ထဲက ဖန်ခွက်ထဲမှာ..."
အနောက်ကနေ မရမက လှမ်းအော်ပြောနေတဲ့ သူ့အသံက တဖြည်းဖြည်းနဲ့ တိုးတိတ်ဝေးလွင့်ပြီး ကျန်ခဲ့သည်။ အမှောင်လွှမ်းစပြုနေတဲ့ ကောင်းကင်ဆီမော့ပြီး အသက်ကို အားရပါးရရှုဖို့ ကြိုးစားပေမယ့် အသက်ရှုက ဘယ်လိုမှ မ၀။ ဘယ်အချိန်က ကျဖို့ စောင့်နေလဲမသိတဲ့ မျက်ရည်တွေသာ အလုအယက်ကျလာသည်။ သူမူးနေနေ မနေနေ ဘာများထူးဦးမှာ မို့လို့လည်း။ အဲဒီညနေက သူမတို့နှစ်ယောက်လုံး အရှုံးနဲ့အကုသိုလ်တွေ တပွေ့ကြီးရခဲ့ကြပြီပဲ။ တကယ်တော့ သူရော သူမပါ သူမတို့ကြားက အရာအားလုံးကို အထင်တသေးလျော့တွက်ရင်း အပြန်အလှန် နာကျင်စေခဲ့ပြီ။ ပြင်လို့မရတဲ့ အဆုံးသတ်နဲ့ သူမတို့ရဲ့ ဇာတ်လမ်းရယ်လို့ မပီပြင်ခဲ့တဲ့ ဇာတ်လမ်းဆန်ဆန်လေးကလည်း တကယ်ပြီးဆုံးခဲ့ပြီ။
တခါတရံမှာ ထုထည်ကြီးမားခမ်းနားတယ်လို့ ထင်ရတဲ့ တချို့သော အချစ်တွေဟာလည်း ဘယ်သူမှမသိလိုက်ဘဲနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ သေဆုံးသွားတတ်ကြမှန်း သေသေချာချာ နားလည်ချိန်မှာတော့ သူနဲ့သူမတို့ ကိုယ့်ကိုကိုယ် ခွင့်လွှတ်တတ်ဖို့ကိုသာ ကမူးရှုးထိုး ကြိုးစားနေကြတော့သည်...
ရွှေပြည်သူ
(မနက် ၁း၂၉ နာရီ ~ ၂၆.၁၂.၂၀၀၈)
ဝတ္ထုတိုပုံစံလေး အရမ်းရေးချင်စိတ်ပေါက်လာလို့ ချရေးလိုက်မိတာလေးပါ။ အမှန်အတိုင်းပြောရရင် အကြောင်းအရာပိုင်းကို တော်တော်လေး အားမရပါဘူး။ ဖတ်ရှုဝေဖန်ပေးကြပါဦးရှင်...
You received this email because you are subscribed to the real_time feed for http://shwepyithu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.