Saturday, December 27, 2008

[dawnmanhon(ဒေါင်းမာန်ဟုန်)] 1 New Entry: ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ရန် ကုလအထွေထွေညီလာခံက တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ရန် ကုလအထွေထွေညီလာခံက တောင်းဆို

NEJ / ၂၆ ဒီဇင်ဘာ ၂၀၀၈

ယခုလ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖောက်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟု ရှုတ်ချဖော်ပြလိုက်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

အဆိုပါတောင်းဆိုချက်ကို အမေရိကန်၊ အစ္စရေးတို့ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ (၈၀) ၊ ကန့်ကွက် (၂၅) နှင့် ကြားနေ (၄၅) မဲအသီးသီးဖြင့် ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ အခွင့်အာဏာ ပိုရှိသည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မဟုတ်သော်လည်း အထွေထွေညီလာခံဖြစ်သောကြောင့် ကုလအဖွဲ့ဝင် (၁၉၂) နိုင်ငံ၏ အမြင်များကို ကိုယ်စားပြုနိုင်သဖြင့် ခိုင်မာသည့် အင်အားတခုပင်ဖြစ်သည်။

မြန်မာအာဏာပိုင်များကမူ အဆိုပါ ဆုံးဖြတ်ချက်သည် "မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ၀င်ရောက် စွက်ဖက်ခြင်း" သာဖြစ်ပြီး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကြောင့် ၎င်းတို့၏ အစီအစဉ်များ ရပ်တန့်သွားမည်မဟုတ် ကြောင်း ပြောသည်။ ထို့အပြင် ကုလညီလာခံတက်ရောက်လာသည့် မြန်မာကိုယ်စားလှယ်တဦးကလည်း မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲ အစီအစဉ်အပါအ၀င် ချမှတ်ထားသည့် နိုင်ငံရေး အစီစဉ် (၇) ဆင့်အရ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ချောမွေ့စွာပြောင်းလဲနေပြီဖြစ်သည်ဟု ညီလာခံသို့ ပြောသည်။

သို့သော် ကုလဆုံးဖြတ်ချက်အတွင်း၌မှု မြန်မာဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်သည် ရှုပ်ထွေးနေပြီး အန်အယ်လ်ဒီပါတီဝင်များအပါအ၀င် အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများ စသည့် သက်ဆိုင်သူ များ အားလုံးပါဝင်မှုမရှိခြင်းတို့ကြောင့် လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်း ထောက်ပြထားသည်။ ထို့အပြင် ဖွဲ့စည်းပုံအသစ်အား နိုင်ငံတကာစံနှုန်းများနှင့်အညီမဟုတ်ဘဲ နာဂစ်ကာလအတွင်းက အလျင်အမြန် အတည်ပြုခဲ့သောကြောင့် အထူးစိုးရိမ်ကြောင်းလည်း ဖော်ပြသည်။

ယခင်နှစ် သြဂုတ်-စက်တင်ဘာလ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသားဦးရေသည် အရေအတွက် (၂) ဆခန့် တိုးလာကာ လက်ရှိတွင် (၂,၁၀၀) ဦးကျော်ရှိကြောင်း ကုလကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းကြသည်။

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.