အင်္ဂလန် နှင့် ကျွန်မ - ၈
အခုတလော လက်နာတာနဲ့ အလုပ်ရှုပ်တာတွေကြောင့် စာမရေးဖြစ်ပါဘူး။ ဘလော့ကိုလည်း ခေတ္တ နားမလို့လည်း ကြံနေပါတယ်။ ဒါပေမဲ့ ရင်ထဲက ကြည်နူးမှု့လေးတွေကို ဖွင့်အန်လိုက်ချင်လို့ ကျွန်မဆောင်း တယောက် ဘလော့ပေါ်ရောက်လာရပြန်ပါပြီ။
Merrit Wood College လို့ ခေါ်တဲ့ အတတ်ပညာသင် ကောလိပ်ကလေးကို တာဝန်ကျလို့ ရောက်ခဲ့ ရပါတယ်။ ပထမနေ့မှာ ဘတ်စ်ကားစီးပြီး ဆင်းရမဲ့မှတ်တိုင် ကို သတိပေးဖို့ ဒရိုင်ဘာကြီး ကိုပြောတော့ တကားလုံး ကောလိပ်မှာ ဆင်းမဲ့ ကျောင်းသားတွေဘဲလို့ ပြောပါတယ်။ မှတ်တိုင်တစ်ခုမှာ ခရီးသည် အကုန်ဆင်းတော့ ယောင်တောင် ပေါင်တောင်နဲ့လိုက်ဆင်း ရတာ ပေါ့။ ရှေ့က သွားနေတဲ့ ကျောင်းသူ ကျောင်းသားတွေ နောက် မျက်ခြေမပြတ်အောင် လိုက်ရတယ်။ ကောလိပ် သာ ဆိုတယ် မျက်မဲခေါင်ခေါင် သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေတဲ့ သစ်တောလို့တောင် ထင်ရတယ်။ အ၀င် အုတ်နံရံကျော်တာနဲ့ ရုပ်တရက် တွေ့ရတာက လယ်ကွင်းတွေ ခြံတွေ ဟာ လိုက်ကာဖွင့်လိုက်သလို... တမျှော်တခေါ်ကြီးပါဘဲ။ ခြံတခုမှာ သိုးတွေ အုပ်စုလိုက် မြက်စားနေတော့ သဘောကျပြီး ဖုံးထဲက ကင်မရာနဲ့ရိုက်တာကို သိုးတွေက ကျမကို ခေါင်းထောင်ကြည့် ကြရော...
သိုးတွေကို ဓါတ်ပုံ အကြာကြီးရိုက်ရင် အရှေ့က အုပ်စုကို မျက်ခြေပြတ်မှာစိုးလို့ ကမန်းကတမ်း ကျောင်းသားအုပ်စု နောက်က တကောက်ကောက် လိုက်ရပြန်တယ်။ ကတ္တရာလမ်း တလျောက် ဂိုဒေါင်တွေ ခြံတွေ ဖြတ်ကျော်လို့ စာသင်ခန်းတထပ်တိုက် လေးတွေ တွေ့ရပြန်တယ်။ လမ်းညွှန်ဆိုင်းဘုတ်အရ သွားချင်တဲ့ရုံးက ကျောင်းဝင်းရဲ့ အတွင်းဘက်ကို ထပ်သွားရသေးတယ်။ လမ်းမရဲ့ ဘယ်ရော ညာရော တထပ်တိုက် စာသင်ခန်းလေးတွေရယ် ကျယ်ပြန့်လှတဲ့ မြက်ခင်းစိမ်းစိမ်း ခြံကြီးတွေ အရွက်တွေ ၀ါနေတဲ့ သစ်ပင်ကြီးတွေရယ်နဲ့ လေ... ကြည့်လိုက်ရင် စိတ်ထဲ လွတ်လပ်အေးချမ်းသလို ခံစားရပါတယ်။
ဟိုကွေ့ ဒီကွေ့နဲ့ အားကစားကွင်း စားသောက်ဆိုင်တန်း ကျောင်းဆောင်တွေ ကျော်ဖြတ်ပြီး လမ်းအဆုံးရဲ့ နောက်ဆုံးတိုက်အိုအိုကလေး ကိုရောက်မှ ကိုယ်သွားချင်တဲ့နေရာ မှန်းသိရပါတယ်။ ကောလိပ်သာဆိုပေမဲ့ ဝေါသရင်းဟိုက်ထဲက သူဌေးကြီးနေတဲ့ အုတ်နီကြီးနဲ့ ၂ထပ်တိုက်လေးပုံစံပါ။ ရုံး ဆိုပါတော့။ အဲဒီမှာ တာဝန်ခံနဲ့တွေ့ပြီး လုပ်ရမဲ့ တာဝန်တွေ ရှင်းပြပါတယ်။ အဖွဲ့သားတွေနဲ့လည်း တွေ့ရပါတယ်။
ဒါနဲ့ ကျွန်မတို့လည်း တခန်းဝင်တခန်းထွက်နဲ့ တာဝန်ယူလုပ်ရမဲ့အချက်တွေ ပြုစုရပါတယ်။ နေ့လည် ရောက်တော့ ထမင်းစားဖို့ ရုံးကထုတ်ပေးတဲ့ ၄ပေါင်တန် ကူပွန် နဲ့ ထမင်းစားကြပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာ ရွေးယူနိုင်ပါတယ်။ စုစုပေါင်းကျသင့်ငွေ ၄ပေါင်ထက် နည်းရင် ပြန်မအမ်းပါဘူး။ ၄ပေါင်ထက် များရင် ကိုယ့်ငွေ ထပ်ပေး ရပါတယ်။ ကျွန်မအပါအ၀င် အဖွဲ့သား၎ယောက်စလုံး တဦးကိုတဦး မောင်နှမ တွေလို ရိုင်းပင်းကြပါတယ်။ အကြံဥာဏ်ပေးကြပါတယ်။ အဖွဲ့သားတွေက အင်္ဂလိပ်မလေးရယ် ဂရိတဦးရယ် ပိုလန်တဦးရယ် ဆောင်းရယ်ပေါ့နော်။
ဆောင်းတာဝန်ကျတဲ့ စာသင်ခန်းတွေက တိရိစ္ဆာန်ထိန်းသိမ်းရေးသင်တန်းနဲ့ ကွန်ပျူတာ စက်ခန်း ဆိုပါတော့။ အထူးပရောဂျက်အတွက် ဆောင်းတို့က စာသင်ခန်းတွေ လိုက်စစ်ပေးရပါတယ်။ တနာရီတခါ စာသင်ခန်း တွေ လှည့်ပြီး စစ်ဆေး ရတာ ကျောင်းသူ ကျောင်းသားတွေအတွက် တော့ နဲနဲ ထူးဆန်း နေမှာပေါ့။ ဘာလိုလိုနဲ့ တာဝန်ထမ်းဆောင်ပြီး ၃ရက်လည်းပြည့်ရော ဆောင်းရောက်လာရင် အတန်းထဲက ကလေးတွေ က လက်ဝှေ့ရမ်းပြီး နှတ်ဆက်တယ်ရှင့် အဟင်းဟင်း ကိုယ့်ကို နောက်တာဘဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ပုံစံက ရယ်စရာ ဖြစ်နေလို့ဘဲ ဖြစ်ဖြစ်၊ မတတ်နိုင်ဘူး ရယ်ကျဲကျဲနဲ့ ပြန်ပြုံးပြီး ရှက်ရှက်နဲ့ လစ်ရတာပေါ့။
ဒီလိုနဲ့ နောက်ဆုံးနေ့ ဒီနေ့ကို ရောက်လာတဲ့အခါမှာ နောက်ဆုံးတာဝန်ထမ်းဆောင်ရမဲ့နေ့ ဆိုတဲ့စိတ်နဲ့ နဲနဲတော့ ဒီကောလိပ်လေးကို သံယောဇဉ်ဖြစ်မိတာပေါ့ရှင်။ အလုပ်ချိန်ရောက်တော့ တာဝန်အရ စာသင်ခန်းထဲအသွား စာသောက်ဆိုင်ဘေးက အဖြတ်... မမျှော်လင့်တဲ့ နုတ်ဆက်မှု့လေးကြောင့် တကယ် ပီတိဖြစ်ရပါတယ်။ ကျောင်းသူလေး ၄ယောက် ဆောင်းကို လက်ဝှေ့ရမ်းပြီး ဟေး .. ဟေး ... နဲ့ နှတ်ဆက်တာ ကိုယ်လည်း ကလေးတွေနဲ့ရောပြီး ကြည်နူးမိ သွားတယ်။ ဒီနေ့ ကိုယ့်အလုပ်ဟာ နောက်ဆုံးနေ့ပါ လို့ပြောတော့ သူတို့လေးတွေ က စိတ်မကောင်းတဲ့မျက်နှာနဲ့ ဘယ်တော့ ပြန်လာအုန်းမလဲတဲ့ .... ကျွန်မရဲ့ ရင်ထဲ မှာလေ....
ဒါနဲ့ သူတို့လေးတွေနဲ့ အမှတ်တရ ဓါတ်ပုံရိုက်လိုက်တယ်။ မမျှော်လင့်တဲ့ ကလေးတွေရဲ့ မေတ္တာရလိုက်တော့ ကြည်နူးမိတယ်။ သူတို့လေးတွေကို နုတ်ဆက်ပြီး ကွန်ပျူတာ အဆောင်ဘက် သွားစစ်ပါတယ်။ ပြီးတော့ တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနက စာသင်ခန်းတွေ လိုက်စစ်ဖို့အရောက် စာသင်ခန်းထဲက တတန်းလုံးနီးပါး ဆောင်းကို လက်ဝှေ့ရမ်းပြီး ဟေး .. ဟေး... ဟေး.. နဲ့ ပြုံးပြီး နုတ်ဆက်တာလေ... စာသင်တဲ့ဆရာမတောင် ကြောင်သွားတယ်။ ကိုယ်ကလည်း အခန်းအပြင် မှန်ပြူတင်းပေါက်ကနေ ပြုံးပြီး လက်ဝှေ့နုတ်ဆက် လိုက်တာပေါ့။ ထားပါလေ.. ဒီအခန်းထဲမှာ ခနက တွဲရိုက်ခဲ့တဲ့ ကောင်မလေးတွေ ပါနေမှာပါ။
နောက်ကပ်ရက်က စာသင်ခန်းကို ခြေဦးလှည့်တော့လည်း တခန်းလုံးနီးပါး လက်ဝှေ့ရမ်းပြီး ပြုံးနုတ်ဆက် ပြန်ရော စာသင်တဲ့ဆရာမကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ .. ကိုယ်လည်း ရှက်တာရော ၀မ်းသာတာရော အမှားမှား အယွင်းယွင်း ဖြစ်လို့..
တကယ်ကြည်နူးမိပါတယ် လုံးဝ မထင်ထားပါဘူး။ ကျွန်မ အမှန်အတိုင်းဝန်ခံရရင် အဲဒီဌာနကို မသွားချင်ဘူး။ အဲဒီဌာနမှာ ခွေးလှောင်အိမ်တွေ ရှိတယ်။ ငှက်ကလေးတွေရှိတယ်။ ယုန်ကလေးတွေ အမျိုးစုံရှိတယ်။ သိုးတွေရှိတယ်။ ကြောင်ဝတုတ်လေးတွေရှိတယ်။ Jerrasic Park ထဲက လည်ပင်းကော်လာနဲ့ ဒိုင်နိုဆော အကောင်လေးတွေရော။ လိပ်ကလေးတွေရော အစုံဘဲ။ ညီစော် အညစ်ကြေးစော် နံလွန်းလို့ အဲဒီဌာနကို သွားရင် ငိုချင်တယ် တကယ် တကယ်။ တာဝန်အရ အဲဒီနေရာကို တနာရီတခါ သွားစစ်ရတယ်။ သွားရင် အသက်ကြာကြာ အောင့်ထားလို့ လည်းမရ။ စိတ်ညစ်ပြီး နောက်ဆုံးနေ့ မှာ သူများနဲ့ တာဝန်လဲ ယူမယ် တောင် ကြံမိတာ. .
ကလေးတွေက တိရိစ္ဆာန်ထိန်းသိမ်းရေးသင်တန်းကို အထူးပြုယူထားတော့ စကားမပြောတတ်တဲ့ သနားစရာ့ တိရိစ္ဆာန်လေး တွေကို ချစ်တတ်တယ်ဆိုကထဲက တကယ် ရင်ထဲက အကြင်နာ စေတနာတွေပါလို့ သာ ဒီသင်တန်းကို တက်ကြတာပါ။ ဒါကြောင့် တာဝန်အရ ခနလေး လာတဲ့ဆောင်းကို တောင် စကားမပြောဘူး ပေမဲ့လဲ ချစ်ခင်ကြတာဘဲလို့ တွေးမိတယ်။ တာဝန်ကျတဲ့ ကျန်တဲ့ သူငယ်ချင်း၃ယောက်ကို ဒီလိုမျိုး နုတ်ဆက်တာ မျိုးတော့ မရှိဘူးတဲ့။ ဆောင်းစစ်ဆေးရတဲ့ နေရာ ၂ခုမှာ ဒီအဖွဲ့ကသာ ဆောင်းကို ပြုံးတာ နုတ်ဆက်တာ ရှိတယ်. ဘာဘဲ ဖြစ်ဖြစ် ကျွန်မဆောင်းအတွက် ကြည်နူးပီတိဝေတဲ့နေ့လေးပေါ့ရှင်။
သြော် ဒါနဲ့ စကားမစပ် စာသင်ခန်းတွေ စစ်ဆေးရင်း ကျောင်းသူကျောင်းသားတွေ အခန်းအပြင်မှာ မတ်တပ်ရပ်ပြီး တံခါးလာဖွင့်ပေးမဲ့ ဆရာမကို စောင့်နေတာ တွေ့ရင် စိတ်ထဲ မကောင်းဘူး။ အခန်းအပြင်မှာ အကြာကြီး မတ်တပ်ရပ်နေရတဲ့ ကလေးတွေကို သနားလို့ ကျွန်မက စာသင်ခန်း သော့အမြဲဖွင့်ပေးခဲ့ ပါတယ်.. ကျေးဇူးတင်ပါတယ်လို့ပြောတာလေးတွေက ကျွန်မအတွက် အမှတ်တမဲ့ဖြစ်ခဲ့ပေမဲ့
မေတ္တာပေး၍ မေတ္တာရခဲ့ရပါသည်။
ဘာနဲ့မျှ မလဲနိုင်ပါ......
ဆောင်း
၁၄ နိုဝင်ဘာ ၂၀၀၈
ပီကာဆာမှာ ဓါတ်ပုံတွေတင်ထားပါတယ် ဒီပို့စ်မှာ ထဲ့ချင်လို့ မထဲ့တတ်လို့ သိသူများရှိရင်သင်ပေးကြပါနော်
You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.