Monday, October 27, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 2 New Entries: ဟိုမရောက် ဒီမရောက် အတွေးစုများ (၃၄)

ဟိုမရောက် ဒီမရောက် အတွေးစုများ (၃၄)

စိတ်ဆိုတာ ...

တခါက ရထားပေါ်မှာ လူတယောက်စကားပြောသံ ခပ်ကျယ်ကျယ်ကို အမှတ်တမဲ့ကြားတော့ အဲဒီလူ ဖုန်းပြောတာ ကျယ်လိုက်တာလို့ ကောက်ချက်ချလိုက်မိတယ် ။ နောက် ဆယ်မိနစ်လောက်ကြာတဲ့အထိ အဲဒီလူပြောနေတာ မပြီးသေးတော့ ၊ အသံလာရာကို မျက်လုံးပင့်ကြည့်မိတယ် ။ စကားပြောနေတဲ့အဲဒီလူဟာ ဖုန်းကိုင်ထားတာမဟုတ်ဘဲ တယောက်တည်း စိတ်မနှံ့သူလို ပြောနေတာတွေ့ လိုက်ရတော့ အံ့သြပြီး စိတ်မကောင်းလဲဖြစ်မိတယ် ။ ကျွန်မဆင်းရမယ့် ဘူတာရောက်တဲ့အထိ မိနစ် ၂၀ အချိန်တွင်းမှာ အဲဒီလူ စကားပြောမရပ်ခဲ့ဖူး ။ သူ့ ကိုကြည့်ပြီး လူတယောက်ကို အဲလောက်ထိ အခြေအနေဖြစ်အောင် ဘ၀မှာ ဘယ်လိုအရာတွေကများ လုပ်လိုက်ပါလိမ့်လို့ တွေးတောလိုက်မိတယ် ။

တခါက forwarded email တခုကို ဖတ်ရတယ် ။ ကာတွန်းပုံစံလေး ။ ကောင်မလေးတယောက်က ဆယ်ထပ်တိုက်ပေါ်ကလား မသိ ၊ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ။ သူ တိုက်အောက်ကို တဆင့်ပြီး တဆင့် ကျနေတုန်း ၊ အထပ်တိုင်းမှာ သူ့ထက် အခြေအနေဆိုးတဲ့သူတွေကို တွေ့လိုက်ရတယ် ။ အဲဒီမှာ သူက အံ့သြ မှင်သက်သွားတယ် ။ ဒါပေမယ့် နောက်ဆုံးတော့လည်း သူ မြေကြီးပေါ်ကျသွားခဲ့တယ် ။ အဲဒီ ကာတွန်းလေးတွေကို မျက်စိထဲ မှတ်မိနေတယ် ။ ဒါကြောင့် ကျွန်မ စိတ်ညစ်တိုင်း အဲဒီကာတွန်းလေးကို သွားသတိရတယ် ။ ကိုယ့်ထက် ဆိုးတဲ့သူတွေ ဒီလောကမှာ ရှိနေမှာပဲလို့ ကိုယ့်ဘာသာ ပြန်သတိပေး ၊ စိတ်ကို ပြန်ဆွဲတင်ရတယ် ။

စင်္ကာပူက ထောင်မှာ officer လုပ်ခဲ့ဖူးတဲ့ အသိတယောက်ကို သူ့ရဲ့ထောင် အတွေ့အကြုံကို မေးမိတယ် ... သေမိန့်ချထားခံရတဲ့ လူသတ်သမားတွေဟာ တကယ်ပဲ စိတ်ဓါတ်တွေက ကြောက်စရာကောင်းကြသလားလို့ ။ သူပြန်ပြောပြာတာက တော်တော်များများဟာ စိတ်ရဲ့ တဒင်္ဂအချိန်မှာ စိတ်ကိုမထိန်းနိုင်လို့ အဲဒီ ပြစ်မှုကို ကျူးလွန်မိလိုက်တာ များတယ် ။ psychopath လို လူသတ်ဖို့ကို တဆင့်ချင်း စနစ်ချသတ်ခဲ့သူတွေ နည်းတယ်တဲ့ ။ သူပြောတာ နားထောင်ရင်း တွေးလိုက်မိတာ ... လူတွေဟာ စိတ်ကို မထိန်းနိုင်ရင် စိတ်ရဲ့ ကျေးကျွန် ဖြစ်သွားတတ်ပြီး ၊ ဆင်ခြင်တုံ့တရား ကင်းမဲ့သွားတတ်တယ် ။

ဟိုတနေ့က သူငယ်ချင်းတယောက်အကြောင်းကို စိတ်မကောင်းစွာ ကြားလိုက်ရတယ် ။ သူငယ်ချင်းက အလုပ်မှာ သိပ် တိကျစွာလုပ်တတ်သူ ၊ အသက်က ကျွန်မထက် ၇ နှစ်လောက် ကြီးပေမယ့် ၊ ပုပုသေးသေးလေးဆိုတော့ အရွယ်တင်တယ် ။ ၃ - ၄ နှစ်လောက်ပဲ ကွာတယ် ထင်ရတယ် ။ ကျွန်မနဲ့ အရမ်းတွဲဖြစ်တဲ့ တဖွဲ့တည်း သူငယ်ချင်းပဲ ။ သူ ကြိုက်နေခဲ့တဲ့ ကောင်လေးက ကျွန်မနဲ့ ရွယ်တူ ။ ကျွန်မတို့ တွဲဖြစ်ကြတဲ့ အဖွဲ့ထဲကပဲ ။ အဲဒီကောင်လေးက သူ့ကို သူငယ်ချင်းတယောက်လိုပဲ ခင်ခဲ့ပြီး ၊ နောက်ပိုင်း တခြားတယောက်နဲ့ ရည်းစားဖြစ်တော့ ၊ ကျွန်မ သူငယ်ချင်းလည်း သူ့ကို မေ့လိုက်နိုင်မယ် ထင်ခဲ့တာ ။ ဒါပေမယ့် သူငယ်ချင်းက အဲဒီကောင်လေးကို စွဲလန်းပြီး ခုဆို အလုပ်ကိုလည်း အချိန်မှန်မလာတော့ ၊ ထမင်း ဟင်းလည်း အချိန်မှန်မစား ၊ အမြဲ ကော်ဖီ နဲ့ ၀ိုင်ပဲ သောက်နေတတ်တယ် ၊ သူ့ဘ၀ဟာ ဘာမှတန်ဖိုးမရှိတော့သလို ပုံစံမျိုး လုပ်နေတယ်လို့ တခြားသူငယ်ချင်းတယောက်က လှမ်းပြောတော့ ကျွန်မ သူ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိတယ် ။ သူ့ရဲ့ စွဲလန်းတတ်တဲ့စိတ်က သူ့ကို ၀ါးမျိုသွားသလိုပဲ ။ သူ့ကို အပြောင်းလဲကြီး ပြောင်းလဲသွားစေတယ် ။ သူ့ကိုကြည့်ပြီး စိတ်ဟာ လူတယောက်အပေါ် ဘယ်လောက် လွှမ်းမိုးနိုင်တယ်ဆိုတာ အနီးကပ်ဆုံး မြင်တွေ့လိုက်ရတယ် ။

စိတ်တွေ ရှုပ်ထွေး ညစ်ညူးတိုင်း ကျွန်မ ဖတ်လေ့ရှိတဲ့ ဆရာတော် ဦးဇောတိကရဲ့ "စိတ်နှလုံး ရွှင်လန်းစေဖို့" ဆိုတဲ့ စာအုပ်ထဲမှာ ဆရာတော်က ခုလို ရေးသားခဲ့ပါတယ် - -

"... သီချင်းတွေ ၊ ရုပ်ရှင်တွေ ၊ ဗွီဒီယိုတွေမှာ ချစ်တာနဲ့ ပတ်သက်ပြီးတော့ လွဲမှားတဲ့ အယူအဆတွေ ဆိုပြ ရိုက်ပြတာ များတယ် ။ "သူမချစ်ရင် ငါသေမှာပဲ" ဆိုတဲ့ အဓိပ္ပါယ် ပေါက်နေတယ် ။

... ကိုယ့်ဘ၀ကို ပြည့်စုံအောင် အဓိပ္ပါယ်ရှိအောင် တခြား ဘယ်သူမှ လုပ်မပေးနိုင်ဖူး ။ ကိုယ့်ဟာကိုယ် လုပ်ယူမှပဲ ရမယ် ။

... ကိုယ့်အားကိုယ် မကိုးနိုင်တဲ့သူဟာ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်ဘူး ။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့ သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဖူး ။"


စိတ်ရဲ့အရေးပါမှုကို နားလည်တဲ့ ဗုဒ္ဓဘာသာမှာ ၊ တရားထိုင်ပြီး စိတ် နဲ့ ခန္ဓာ ခွဲခြား ရှုတတ်ဖို့ လမ်းညွှန်ထားတယ်လို့ မြင်မိတယ် ။ ခန္ဓာကိုယ် အားလုံးကောင်းမွန်နေတဲ့လူတယောက်ဟာ စိတ်ထိခိုက်ရင် စိတ်ဆင်းရဲရင် စိတ်ကဖျားသွားခဲ့ရင် အရူးတယောက်အထိ ဖြစ်သွားနိုင်တယ် ။ ဒါကြောင့် ကျွန်မက တရားထိုင်တဲ့အခါ နိဗ္ဗာန်ရောက်ချင်တာ ဘာညာဆိုတာထက် ကိုယ့်စိတ်ကိုယ် သိနေဖို့ (To be mindful of my mind) ၊ ကိုယ့်စိတ်ကိုယ် ပြန် ထိန်းချုပ်နိုင်ဖို့ ထိုင်တာဖြစ်တယ် ။ ဆရာတော် ပြောထားတာကို ထပ် ကောက်နုတ်ရရင် - -
"... စိတ်ရဲ့ အရည်အသွေးမြင့်မားဖို့ဆိုတာ စိတ်ကိုသိနေတဲ့ အလေ့အကျင့်မရှိပဲနဲ့ ဖြစ်ဖို့သိပ်ခဲယဉ်းတယ် ။ စိတ်ကိုသိနေတဲ့ အလေ့အကျင့်ရှိရင် အသိဥာဏ်ပိုရင့်ကျက်တယ် ။ ဘ၀မှာ တွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တာ အသိဥာဏ်ပဲ ။

... စိတ်ကို သိနေတဲ့အခါ စိတ်က နှိပ်စက်တာ မခံရဖူး ။

... ငါတွေးနေတဲ့ အတွေးတွေက ငါ့ရဲ့ခံစားမှုကို ဖြစ်စေတယ် ။

... ကိုယ့်စိတ်ထဲမှာ တစ်ခုခု ခံစားနေရတဲ့အခါ ဘယ်လိုအကြောင်းအရာကို ဘယ်လိုရှုထောင့်ကနေ တွေးနေသလဲဆိုတာကို သတိထားပြီးကြည့်တဲ့ အလေ့အကျင့် လုပ်ပါ ။"

ဒီအချက်က အရမ်းအရေးကြီးတယ်လို့ မြင်မိတယ် ။ ကျွန်မကိုယ်တိုင်လည်း အဲဒီအချက်ကို သတိထားမိတယ် ။ အနုတ်လက္ခဏာပါတဲ့ အမြင်နဲ့ တခုခုကို ချဉ်းကပ်လိုက်တဲ့အခါ အဲဒါနဲ့ ပတ်သက်တဲ့ခံစားချက်ကလည်း ၀မ်းနည်းစရာ ၊ ဒေါသထွက်စရာ ဖြစ်လာတတ်တယ် ။ လူတိုင်းသိကြတဲ့ ဥပမာတခုကတော့ ရေခွက်ထဲမှာ ရေတ၀က်ထည့်ထားတာကို ... ရေခွက်ထဲ ရေတ၀က်ပြည့်နေတယ် (သို့) ရေခွက်ထဲ ရေတ၀က် လျော့နေတယ် ... လို့ မြင်ရင် ၊ နှစ်မျိုးလုံးကတော့ မှန်တယ် ။ ဒါပေမယ့် ရေတ၀က်တောင် လျော့နေသေးတယ်လို့ မြင်တဲ့သူက အဆိုးဖက်ကို မြင်တဲ့အတွက် စိတ်ချမ်းသာမှု မရနိုင်ဖူး ။

ကျွန်မအတွက်တော့ ဆရာတော်ရဲ့ စာအုပ်ထဲက အောက်ပါစာစုလေးဟာ ကျွန်မရဲ့ စိတ်ညစ်ညူးမှုတွေထဲက ထွက်အောင် လုပ်ဖို့ သတိပေးစကားတခုပါပဲ - -
"လူ့ဘ၀ လူ့အဖြစ်ဆိုတာရဲ့ အစိတ်အပိုင်းတစ်ခုက ဘာလဲဆိုတော့ မကြာမကြာ စိတ်ညစ်ရတာ ၊ စိတ်ဆင်းရဲရတာပဲ ။ ဒါက မလွှဲသာမရှောင်သာ ကြုံရမည့် ကိစ္စဖြစ်တယ် ။ လူ့လောကကြီးဟာ ကိုယ့်တစ်ယောက်ထဲအတွက် စိတ်တိုင်းကျ ဖန်တီးထားတာ မဟုတ်ဘူး ။

ဒါကြောင့် ဒါကို ထည့်တွက်ထားရမယ် ။ အခက်အခဲ အဆင်မပြေမှုတွေဟာ လူ့ဘ၀မှာ မပါရင်မပြီးတဲ့ကိစ္စတွေဖြစ်တယ် ။ တတ်နိုင်သလောက် ရင်ဆိုင်ဖြေရှင်းသွားမယ်ဆိုတဲ့ စိတ်ကိုမွေးရမယ် ။ အမြဲတမ်း ဖြေရှင်းနေရမှာပဲ ၊ ဒါကြောင့် အမြဲတမ်း သတိနဲ့နေပါ ။"

ဒါပေမယ့် ခက်တာ လူတွေဟာ တကယ်တော့ မိုက် တတ်ကြတယ် ။ လုပ်သင့်တာ ဖြစ်သင့်တာကို သိနေပေမယ့် ၊ တကယ်လုပ်ဖို့ကျ ဖြစ်လာအောင် မကြိုးစားတတ်ကြဖူး ၊ လက်မှိုင်ချလွယ်ကြတယ် ။ အမိုက်သမား ဂျစ်တူး ဆိုတဲ့ ကျွန်မလည်း ခေါင်းထဲမှာရှိတဲ့ အသိဥာဏ်ကို လက်တွေ့နဲ့ထပ်တူကျအောင် ကျင့်သုံးဖို့ ကြိုးစားလျက်ပါပဲ ။

ပထမမြန်မာများ နှင့် အတူ (နောက်ဆုံးပိုင်း)

ပထမ မြန်မာများ ဆိုတဲ့ E-book ကို စာဖတ်သူတယောက်က ကျွန်မ အီးမေးလ်ကို ပို့လာပါတယ် ။ ခုလို ဝေမျှတဲ့စာဖတ်သူကို ကျေးဇူးတင်ပါတယ် ။
ပထမ မြန်မာများ E-Book Download

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.