Monday, October 27, 2008

[We She Me] 1 New Entry: မိသားစုသုံး Eee PC

မိသားစုသုံး Eee PC

ဒီလတော့ ဘလော့ဂ် Productivity ကျနေတယ်။ တစ်လလုံး နေလို့မှ ၅ ပုဒ် ၆ ပုဒ်နဲ့ ပြီးတော့ မလို ဖြစ်နေတယ်။ ဘလော်ဂျာကလည်း စာမူတွေ တောင်းနေတယ်။ အဟက်။ ဘလော်ဂျာက ဒီနေ့တော့ လာလည်တာ ဘယ်နှယောက်ပဲ ရှိတော့တယ် ဆိုပြီး အသိပေးသလို သတိပေးသလို လုပ်လုပ်နေတယ်။ Hit ကလည်း ထက်ဝက်နီးပါး ကျသွားတယ်။ ဒီလ အလုပ်ရှုပ်တာရော အပြင် သွားတာ များတာရော ကြောင့် ဘလော့ မရေးဖြစ်ဘူး။ အတွေးတွေကလည်း ဘလော့ဆီ မရောက်ဘူး။ တခြား ရောက်နေတယ်။ တခြားဆိုတာ အထွေအထူး မဟုတ်ပါဘူး။ ငွေရေး ကြေးရေးပေါ့။

နောက်ပြီး အဓိက အကြောင်းကတော့ ကွန်ပြူတာ ပျက်နေတာ။ TZA က သူ့ Laptop ကို ပန်ကာဖွင့်ပြီး ရေးတော့ ဒီလူတော့ Laptop ပျက်တော့မှာပဲ ပြောနေကြတာ။ ကိုပေါကလည်း သူရဲ့ ကွန်ပြူတာကြီးကို လွှတ်ပစ်လိုက်တဲ့ အကြောင်းကို ရေးပြီး သိပ်မကြာပါဘူး ဒီပုဂ္ဂိုလ်တွေဆီက ဓါတ်တွေကူးပြီး ကျွန်တော့်ရဲ့ ၃ နှစ်ခွဲကျော် အိုနေတဲ့ ကွန်ပြူတာကြီး ပျက်သွားပါရော။ အပူများပြီး CPU တွေ Power Supply Unit တွေ လောင်ကုန်တာ။


ဒီလဆန်းလောက်ကတည်းက ပျက်နေတာ။ ပြင်ရင် ကောင်းမလား အသစ်ဝယ်မလား စဉ်းစားနေတာနဲ့ မပြင်ဖြစ်ဘူး။ အဲဒါနဲ့ ဘက်ကပ် ရှိနေတဲ့ Eee Pc လေးနဲ့ ဘလော့ရတယ်။ ဒီဟာလေးက ဘာရယ် မဟုတ် အိမ်မှာ သူမနဲ့ ကျွန်တော်နဲ့ နှစ်ယောက် ရှိတာ ကွန်ပြူတာ တစ်လုံးကို လုနေရတာနဲ့ အပို ၀ယ်ထားတာ။ လုတယ် ဆိုပေမယ့်လည်း များသော အားဖြင့် ကျွန်တော်က ဘလော့ကို အကြောင်းပြပြီး မောင်ပိုင် စီးထားတာပါ။ တီဗွီမှာ ရုပ်ရှင်လာတဲ့ အချိန်လောက်ပဲ သူမက သုံးရတယ်။ အဲဒါနဲ့ အပိုတစ်လုံး ရှိအောင်ရယ် Internet မှာ အလွယ် Check စရာ ရှိ Check လို့ ရအောင်ရယ် ၀ယ်လိုက်တာ။ နို့မဟုတ်ရင် စက်ကြီးကို တချိန်လုံး ဖွင့်ထားရတယ်။

ကျွန်တော်တို့ကလည်း အင်တာနက်ကို အားကိုးတာ လွန်နေပြီ။ အင်တာနက် မရှိရင် မနေနိုင်သလို ဖြစ်နေပြီး ထစ်ကနဲဆို အင်တာနက်မှာ ကြည့်လိုက်ရမှ။ ပြီးတော့ စက်ဖွင့်တဲ့ ၄-၅ မိနစ်ကို မစောင့်နိုင်ဘူး။ ရုံးမှာ ကွန်ပြူတာ ရှေ့မှာ နေပြီး သိချင်တာတွေ မိနစ်ပိုင်းအတွင်းမှာ ရှာလို့ရတာ အကျင့်ပါနေပြီ။ ရုံးပိတ်ရက်ဆို စက်ကြီးကို တနေကုန် ဖွင့်ထားပြီး သုံးချင်ရင် ထိုင်သုံးလိုက် လိုမျိုး ဖြစ်နေတယ်။ စက်ကြီးကလည်း ကြာပြီ အိုပြီ ဆိုတော့ ပန်ကာတွေကလည်း တ၀ူးဝူးနဲ့ တစ်အိမ်လုံးကို ဆူညံနေတာပဲ။ အပိုပြောတာ မဟုတ်ဘူး။ စက်ပိတ်လိုက်ပြီးဆိုမှ သိသာတာ။ တစ်အိမ်လုံးကို တိတ်ဆိတ်သွားတာပဲ။

ပြီးတော့ လူက တီဗွီကြည့်နေရင်း အင်တာနက်ကလည်း သုံးချင်သေးတယ်။ အထူးသဖြင့် ကြော်ငြာတွေ လာတဲ့ အချိန်ဆို တီဗွီရှေ့က ထပြီး ကွန်ပြူတာ စားပွဲကို ရောက်သွားတယ်။ ကြော်ငြာပြီးပြီဆို ပြန်လာ။ ရှုပ်နေတာပဲ။ အဲဒါနဲ့ Laptop တစ်လုံးလောက် လိုချင်နေတယ်။ Laptop ကလည်း ကိုယ့်အကြိုက်ဆို ဈေးက မြောက်နေတော့ မတတ်နိုင်။ တစ်ထောင်အောက် Laptop ဆိုလည်း အကြီးကြီး အလေးကြီးနဲ့ ဘာမှလည်း သုံးလောက်အောင် Powerful မဖြစ်။ ၀ယ်နိုင်ဦးတော့ ကလေးတွေနဲ့ Laptop ကတော့ ကြာကြာ ခံမှာ မဟုတ်ပါဘူး။ အခုတောင် သမီးက ဒီ Eee PC လေး အပေါ်ကို နို့တွေ လောင်းချချင် လောင်းချနေတာ။ သူတို့ငယ်သေးရင်တော့ Laptop မှ မဟုတ်ပါဘူး ကင်မရာလိုမျိုးဆိုလည်း အကြမ်းပတမ်းခံပြီး ဈေးပေါတဲ့ ဟာမျိုးပဲ ကိုင်မှ။ ကင်မရာဆို သမီးက ယူဆော့ လွတ်ကျနဲ့ ဈေးကြီးတာမျိုး အထိမခံတာမျိုးဆိုရင် စောင့်ကြည့်နေရ ယူကိုင်ရင် ဆူနေရ စိတ်တိုရနဲ့ မဖြစ်သေးပါဘူး။


အဲဒါနဲ့ Eee PC လေးတွေကို ၄၀၀ ကျော်လောက်ဈေးချတာနဲ့ တစ်လုံး ဆွဲလိုက်တယ်။ စ၀ယ်ကတည်းက အင်တာနက် သုံးဖို့ ရည်ရွယ်ချက်နဲ့ ၀ယ်တာဆိုတော့ သိပ်ပြီး Powerful ဖြစ်စရာ မလိုဘူး။ စက်ကြီးမှာလည်း အင်တာနက်ပဲ သုံးဖြစ်တာပါ။ အဲဒါနဲ့ Nettop အနေနဲ့ ၀ယ်လိုက်တယ်။ Laptop လို စွယ်စုံသုံးလို့တော့ မဖြစ်ဘူးပေါ့။ Wifi ပါပြီး အိမ်မှာ Wireless Router သုံးတော့ အင်တာနက် သုံးရတာ အဆင်ပြေတယ်။ တီဗွီ ရှေ့ထိုင်ပြီးတော့လည်း အင်တာနက် သုံးလိုက် တီဗွီကြည့်လိုက်နဲ့ ကောင်းတယ်။

အထူးသဖြင့် အဆင်ပြေတာတော့ ကလေးအမေပဲ။ ဆိုဖာပေါ်မှာ ထိုင် ကလေးကို ရင်ထဲထည့်ထားပြီး ဘလော့ဂ်တွေ လိုက်လည်ရုံပဲ။ ကလေးနဲ့ဆို စက်ကြီးမှာ လာသုံးလို့ အဆင်မပြေဘူး။ အခုတော့ ကွန်ပြူတာ အသေးလေးနဲ့ ငြိမ်နေတာပဲ။ ဘယ်တော့ မျက်စိပျက်မလဲတော့ မသိဘူး။ ၉လက်မ Screen ပေါ်မှာ တစ်နေ့တစ်နေ့ ၃-၄ နာရီလောက် စာဖတ်တာ။ သူဘာသူ ဖတ်လိုက် ရယ်လိုက် ပြန်ပြောပြလိုက်နဲ့ ဟုတ်နေတာပဲ။ ကလေးနို့တိုက်ရင်းနဲ့လည်း ဖတ် ဆိုတော့ ကလေးက ဒစ်ဂျစ်တယ် နို့တွေတောင် စို့နေရလား မသိ။

နောက်တစ်ခု ကောင်းတာက NetCam ပါတယ်။ NetCam ဆိုတော့ Resolution ကလည်း သိပ်ကောင်းစရာ မလိုဘူး။ 1.3 Mega Pixel ဆိုရပြီ။ NetCam ပါတော့ သမီးက စင်္ကာပူမှ သူ့ကြီးကြီးတွေ တီတီတွေနဲ့ Chat တယ်။ သူတို့ကလည်း ကလေးတွေကို မြင်ရပြီး ဒီက မိသာစုပုံကို Live မြင်နေတယ်။ သမီးကလည်း သူ့တီတီတွေ ကြီးကြီးတွေ မြင်ရရင် အရမ်းပျော်တာ။ အကုန်လုပ်ပြတယ်။ ကပြတယ်။ စကားပြောတယ်။ သူ့ကစားစရာ အရုပ်တွေ ယူပြီး ပြတယ်။ ပြီးတော့ မဂ္ဂဇင်း စာအုပ်တစ်အုပ်လောက် မလေးတဲ့ Laptop လေးနဲ့ ပေါ့ပေါ့ပါးပါးရယ် Wireless Internet လည်း ပါတယ်ဆိုတော့ ကလေးတွေ ဆော့နေတာကို ကင်မရာ ရိုက်သလို လိုက်ပြီး လိုက်ရိုက်ပြလို့ ရတယ်။ တစ်အိမ်လုံးကိုတောင် Virtual Tour လုပ်ပြီး ဒါက မီးဖိုဆောင်၊ ဒါက သမီးအိပ်တဲ့နေရာ လိုက်ပြတယ်။ ကလေးတွေ ရေချိုးရင်လည်း ကြည့်ချင်လို့ ဆိုပြီး ရေချိုးတာကို စင်္ကာပူကနေ Live ကြည့်ကြတယ်။

File Storage  ကတော့ စက်ကြီးမှာ ပဲဆိုတော့ အသေးလေးမှာ ဘာမှ မသိမ်းဘူး။ သူ့မှာ ပါတာကမှ 8GB လားရယ်။ OS ထည့်လိုက်တော့ 2GB လောက်ကုန်သွားပြီ။ OS ကတော့ Windows XP ပါ။ Linux နဲ့ ဟာတွေဆို မသုံးတတ်ပြီးတော့ အဆင်လည်း မပြေလို့ XP နဲ့ဟာ ထွက်တဲ့ အထိစောင့်နေတာ။ စောင့်ရကျိုး နပ်သွားတယ်။ ပြောလို ပြောတာ မဟုတ်ဘူး။ XP က ကျွန်တော့်အတွက်တော့ အတော့်ကို ကောင်းတဲ့ OS ပါပဲ။ ကောင်းတယ်ဆိုတာ ပေါ့တယ်။ Stable ဖြစ်တယ်။ Feature တွေ Facility တွေက လိုအပ်တာ လုံလုံလောက်ပါတယ်။ စက်ကြီးမှာတော့ Vista တင်ထားပြီး အလကားပဲ။ လေးပြီး ဘာမှလည်း မသုံးဖြစ်ဘူး။ အဲဒါကြောင့်လည်း Windows XP ကို သက်တမ်းကုန်ပြီ ဆိုပြီး ကြေညာပြီးမှ ဒီလို ပေါ့ပေါ့ပါးပါး Laptop တွေမှာ သုံးဖို့ OEM Version တွေ ဆက်ရောင်းနေသေးတယ်။

Storage အတွက် 8GB က SSD (Solid State Disk) ထည့်ထားတယ်။ သမီးနဲ့တော့ အတော်ပဲ။ သမီးက စက်ကို ဖွင့်ထားတုန်း ယူသွား လျှောက်သွားနေတာ။ လွတ်ကျချင်လည်း လွတ်ကျတာ။ ရိုးရိုး Hard Disk ဆိုရင်တော့ Crush ဖြစ်မှာပဲ။ Storage အတွက် Extension အနေနဲ့ SD Card တော့ထည့်လို ရပါတယ်။ ဒါပေမယ့် တခြား Application တွေ သုံးလောက်အောင် အဆင်မပြေတာနဲ့ သိပ်မသုံးဖြစ်ပါဘူး။ Picasa 3 ဆိုတဲ့ Photo Editing Application လိုမျိုးတော့ Run လို့ရတယ်။ စက်ကြီး ပျက်နေတုန်းက တင်ထားပြီး သုံးကြည့်တာ အဆင်ပြေတယ်။ အရမ်း အလေးကြီး မဟုတ်ဘူး။

Hmmm... I'm tired of bloggingစာရိုက်ရတာတော့ Pain in the ...... neck ပါပဲ။ ကီးဘုတ်က သေးသေးလေး ခလုတ်တွေကလည်း သေးလွန်းတော့ စာရိုက်လို့ မကောင်းပါဘူး။ အင်တာနက်သုံးရင် URL တွေက ဒီလောက် ရိုက်စရာ မလိုတော့ အဆင်ပြေတယ်။ ပြီးတော့ ဟိုကလစ်လုပ် ဒီကလစ်လုပ်ဆိုတော့ ကီးဘုတ်ကို ဒီလောက် သုံးစရာ မလိုဘူး။ ကလစ်လုပ်တာတောင် သူ့မှာ ပါတဲ့ Touch Pad က အရမ်း Sensitive ဖြစ်လို့ တစ်ချက်နှိပ်ရင် နှစ်ချက်နှိပ်သလို ဖြစ်နေတယ်။ Left Key, Right Key ပါပေမယ့် မာလွန်းလို့ ကလစ်လုပ်လို့ မလွယ်ဘူး။ အဲဒါနဲ့ စက်ကြီး ပျက်နေလို့ ဒီအသေးလေးနဲ့ ဘလော့မယ် လုပ်တော့ ကီးဘုတ်ကို စိတ်မရှည်နိုင်လို့ စက်အကြီးက ကီးဘုတ်နဲ့ Mouse ကို ယူသုံးရတယ်။ ဒီတစ်လလုံး လိုလို ဒီလိုပဲ ဘလော့ဂ်ခဲ့ရတာ။ ဖြစ်ချင်တော့ ရုံးမှာလည်း အင်မတန် အလုပ်ရှုပ်နေတော့ ဘလော့ရေးဖို့ နေနေသာသာ ကောမန့်တွေဘာတွေလည်း မပြန်နိုင် ဖြစ်နေတယ်။

နောက်တစ်ခု သိပ်မသုံးပေးမယ် တစ်ခါတစ်လေ သုံးဖြစ်တာ `အောက်စက်´  အနေနဲ့ သုံးတာ။ အိမ်က တီဗွီက LCD ဆိုတော့ ကွန်ပြူတာနဲ့ ချိတ်လို့ ရတယ်။ များသောအားဖြင့်တော့ ဓါတ်ပုံတွေ Slide Show လုပ်ကြည့်တာ၊ လူကြီးတွေကို ပြတာပါ။ သမီးပုံတွေ၊ ခရီးသွားတဲ့ ပုံတွေကို Screen အကြီးမှာ ပြန်ကြည့်ရတာ ကောင်းတယ်။

Eee PC လေး တစ်လုံး ၀ယ်ထားတာ အတော်ကို အဆင်ပြေပါတယ်။ ကျွန်တော်လည်း စက်ကြီးကို အပိုင်ရလိုက်တယ်။ သူမလည်း ကလေးတစ်ဖက် ကွန်ပြူတာ တစ်ဖက်နဲ့ ငြိမ်နေတာပဲ။ သမီးကလည်း ဆော့ချင် ဆော့သေးတယ်။

တခြားဖတ်ရန် -
ဆားပုလင်း Wives 
Asus Eee PC S101 (ထူးတေဇာ)
WindowsXP OS ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီ  (ထားဝယ်သား)

You received this email because you are subscribed to the real_time feed for http://wesheme.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.