Monday, October 27, 2008

[Nine Nine SaNay] 1 New Entry: တစ်သက်တာ သူငယ်ချင်း

တစ်သက်တာ သူငယ်ချင်း


ငါးနှစ်သမီးလေး "ပဲပင်ပေါက်"မှာ အတန်းတူသူငယ်ချင်း Tiffany ဆိုတာရှိတယ်။ ပဲပင်ပေါက်ရဲ့ ပြောပြချက်အရ သူတို့ဟာ တစ်ခါတလေမှာ ရန်ဖြစ်တတ်ပေမယ့် အတူကစား၊ အတူစားတယ်လို့ သိရတယ်။ သူကြိုက်တဲ့ ကပ်ခွါအရုပ်လေးတွေကို သူ့သူငယ်ချင်းတွေကို ပေးတတ်ပြီး "တကယ်လို့ သမီးကို သူတို့စိတ်တိုအောင်လုပ်ရင် ပေးထားတဲ့အရုပ်တွေ သမီးပြန်တောင်းမှာ" လို့လည်း ပြောတတ်တယ်။

ပဲပင်ပေါက်ကို "သူငယ်ချင်းဆိုတာ ဒီလို မဟုတ်ဘူး" လို့ ကျွန်မပြောတော့ "တကယ့် သူငယ်ချင်းဆိုတာ ဘယ်လိုလဲ မေမေ?" လို့ ကျွန်မကို ပြန်မေးပါတယ်။

ချစ်ခင်ရမယ်၊ သစ္စာရှိရမယ်၊ ယုံကြည်မှုရှိရမယ်၊ သင့်မြတ်ရမယ် ... စတဲ့ သီအိုရီတွေနဲ့ ကျွန်မ မပြောတတ်ပေမယ့် ပုံပြောရတာကို ကျွန်မကြိုက်တယ်။ ဒါကြောင့် ပဲပင်ပေါက်ကို အရပ်မြင့်သူနဲ့ ပုသူ ပုံပြင်ကို ပြောပြခဲ့တယ်။

တစ်ခါက အရပ်မြင့်သူနဲ့ ပုသူ သူငယ်ချင်း နှစ်ဦးရှိတယ်။ တစ်ယောက်က အရမ်းမြင့်ပြီး တစ်ယောက်က အရမ်းပုတာကြောင့် သူတို့ဟာ တစ်ခြားသာမန်လူတွေနဲ့ သိပ်မတူကြဘူး။ လူတွေရဲ့ နားလည်မှုကို သူတို့မရခဲ့တဲ့အပြင် သူတို့ရဲ့ ပညာရေး၊ ကြီးပွါးတိုးတက်ရေးတွေပါ အခက်အခဲ ရှိခဲ့ရတယ်။ ဒီလိုနဲ့ နှစ်ဖက်လူကြီးတွေက သူတို့နှစ်ယောက်ကို အမြင်ကျယ်အောင်၊ ဗဟုသုတတိုးအောင် "မင်းတို့ရဲ့ ကမ္ဘာကို မင်းတို့ဆောက်တော့ဆိုပြီး " အပြင်လောကကို လွတ်လိုက်တယ်။

စစချင်းမှာ နှစ်ယောက်စလုံးက အပြင်လောကကို စိတ်မဝင်စားကြဘူး။ သူတို့ ပိုအလေးထားတာက သူတို့ရဲ့ မရေရာမှု၊ ကိုယ့်ကို အကောင်းမြင်မှုနဲ့ ထီးထီးနေချင်စိတ်တွေပဲ ဖြစ်တယ်။ ဒါကြောင့် နှစ်ယောက်လုံးက " ငါတို့ဟာ သူငယ်ချင်း မဟုတ်ကြဘူး" လို့ ထင်ခဲ့ကြတယ်။ အရပ်မြင့်သူက ဂုဏ်သိက္ခာကျမှာစိုးလို့ စကားပြောရင် ဘယ်တော့မှ ခေါင်းငုံ့ပြီး မပြောသလို အရပ်ပုသူကလည်း သူ့ထက်မြင့်တဲ့ အရာတွေကို စိတ်မဝင်စားလို့ စကားပြောရင် ဘယ်တော့မှ ခေါင်းမော့ပြီး မပြောခဲ့ဘူး။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် တစ်ချက်မှ မကြည့်ဘဲ ဆန်ကျင့်ဖက်စီကို ထွက်ခဲ့ကြတယ်။

ကံတရားက လူတွေကို လှည့်စားတတ်လွန်းတယ်။ သူတို့နှစ်ယောက်ဟာ လမ်းခရီးမှာ မကြာခဏ ဆုံတွေ့ခဲ့ကြတယ်။ အောင်မြင်လိုက်၊ ကျရူံးလိုက်၊ အချင်းချင်း မနာလိုဖြစ်လိုက်၊ အတူတွဲလုပ်လိုက်၊ ငြင်းခုံလိုက်နဲ့ မိတ်ဆွေဆိုလည်းဟုတ် တစ်ခါတရံမှာ ရန်သူတွေလည်း ဖြစ်ခဲ့ကြတယ်။ ပုံပြင်ဆုံးတဲ့အထိ၊ လူ့ဘဝ နောက်ဆုံးခရီးအထိ အရမ်းမြင့်သူနဲ့ ပုသူဟာ နှစ်ယောက်အတူ ရှိခဲ့ကြတယ်။ စာအုပ်ထဲမှာ ပုံပြင်က ဒီလိုရေးထားပါတယ်....

လူ့ဘဝနောက်ဆုံး ခရီးမှာ သူတို့ဟာ သူတို့ရဲ့ ရည်ရွယ်ချက်ကို ဆွေးနွေးခဲ့ကြတယ်။ အရင်က ငြင်းခုံ ရန်ဖြစ်ခဲ့တာတွေကို တဖြေးဖြေး မေ့လျော့ပြီး ဘယ်သူ အရပ်မြင့်သလဲ? ဘယ်သူ ပုသလဲဆိုတာကိုတောင် သူတို့ သတိမထားမိကြတော့ဘူး။

"တကယ့်သူငယ်ချင်းဆိုတာ... အတွေ့အကြုံ အမျိုးမျိုးကို သူနဲ့အတူ ကိုယ်ကြုံတွေခဲ့ရဖူးတယ်။ တစ်ခါတလေမှာ သူ့ကို ကိုယ်နှစ်သက်မယ်။ တစ်ခါတလေမှာ သူ့ကို ကိုယ်စိတ်ဆိုးမယ်။ ဘယ်လို အကောင်းအဆိုးမျိုးပဲ ကြုံတွေ့ခဲ့ပါစေ နောက်ဆုံးမှာ သူ့ကို သူငယ်ချင်းအဖြစ် ကိုယ်သတ်မှတ်သေးတယ်၊ ကိုယ်က သူ့သူငယ်ချင်းပါလို့ သူက သတ်မှတ်သေးတယ်ဆိုရင် သူငယ်ချင်း အစစ်အမှန်ပဲ"

ပဲပင်ပေါက်ကို အဲဒီလို ကျွန်မ ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဒီအကြောင်းတွေကို ငါးနှစ်သာရှိသေးတဲ့ သူနားလည်ဦးမှာ မဟုတ်ပါဘူး။ သူနားလည်ဖို့ နှစ်တွေ အများကြီး စောင့်ရဦးမယ်။

"သမီးသိပြီ... အန်တီမွှေးက မေမေ့ရဲ့ တကယ့်သူငယ်ချင်း" ပဲပင်ပေါက် အပြောကို ကျွန်မပြုံးမိပါတယ်။ အမေထက်တောင် ထက်မြက်တဲ့ ကလေးလေး နှစ်အတော်ကြာ စောင့်စရာမလိုဘဲ "တကယ့် သူငယ်ချင်း" ကို သူနားလည်နိုင်လောက်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်မမှာ ဒီလို သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ သူနဲ့ကျွန်မဟာ အကျင့်၊ ပုံသဏ္ဍာန်၊ ဘဝရဲ့ တွေ့ကြုံခံစားမှုတွေ လုံးဝမတူခဲ့ကြဘူး။ ကျွန်မက တိုးတက်တဲ့ မြို့တော်ထိုင်ပေမှာ (ထိုင်ဝမ်မြောက်ပိုင်း) နေပြီး သူက မတိုးတက်တဲ့မြို့ထိုင်တုံမှာ (ထိုင်ဝမ်အရှေ့ပိုင်း) နေတယ်။ ကျွန်မက ရုံးအလုပ်မှာ ပျားပန်းခတ် လှုပ်ရှားနေရပေမယ့် သူက သူ့တစ်သက်မှာ ရုံးအလုပ် မလုပ်ခဲ့ဖူးဘူး။ အိမ်အလုပ်၊ ရုံးအလုပ်နဲ့ နေ့နေ့ညည ကျွန်မအလုပ်ရှုပ်နေပေမယ့် သူက နေထွက် အလုပ်လုပ်၊ နေဝင်ရင်နားပြီး ဘဝကို အေးအေးလူလူ ကျော်ဖြတ်နေတယ်။ ကျွန်မမှာ ကလေးနှစ်ယောက် ရှိပေမယ့် သူက တစ်ယောက်တည်းနေဖို့ ဆုံးဖြတ်ထားသူဖြစ်တယ်။

အသွင်မတူနဲ့ ကျွန်မတို့နှစ်ယောက်ဟာ အမြဲတမ်း တွေ့နေစရာမလိုသလို လူချင်းတွေ့ပြန်ရင်လည်း ပြောမကုန်နိုင်တဲ့ စကားတွေ မရှိခဲ့ကြဘူး။ ဒါပေမယ့် အီးမေးလ်နဲ့ နေ့တိုင်း ကျွန်မတို့ အဆက်အသွယ်ရှိခဲ့ကြတယ်။ လူချင်းမဆုံဖြစ်ကြပေမယ့် တစ်ယောက်ရဲ့နေ့စဉ်အကြောင်းကို တစ်ယောက် သိခဲ့ကြတယ်။ ပို့သမျှအီးမေးလ်တွေကို ကျွန်မတို့ သိမ်းထားတတ်ကြသေးတယ်။ တစ်ခါတလေ သိမ်းထားတဲ့ စာတွေကို ထုတ်ဖတ်ကြည့်ရင်း နှစ်ယောက်အတူ ကြီးပြင်းခဲ့တဲ့ ပုံရိပ်တွေ၊ အတိတ်က အကြောင်းတွေကို ပြန်ပြောင်းတွေးကြည့်တတ်တယ်။ စာတိုင်းမှာ ကျွန်မတို့ရဲ့ တကယ်ခံစားနေရတဲ့ နေ့စဉ်အဖြစ်အပျက်တွေ အချင်းချင်း အားပေးမှု၊ နှစ်သိမ့်မှုတွေပါတဲ့အတွက် သူ့စာတွေက ကျွန်မဘဝရဲ့ စိန်ခေါ်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်ရဲဖို့အတွက် စိတ်အဟာရ ဖြစ်ခဲ့တယ်။

သူဟာ ကျွန်မကို စင်နောက်ကနေ တောင့်ခံအားပေးသူပါ။ မြို့ပြရဲ့ ရောင်စုံစတိတ်စင်ပေါ်မှာ စရိုက်အမျိုးမျိုးနဲ့ ကျရာကဏ္ဍကနေ ကျွန်မ သရုပ်ဆောင်ခဲ့ရတယ်။ စင်နောက်ရောက်တော့ မိတ်ကပ်အပြုံးတုတွေကို ခွါချပြီး ငိုချင်ရင်ငို၊ ပျော်ရင်ရီမောနဲ့ သူ့ရင်ခွင်မှာ ကျွန်မ ဘာမှဟန်ဆောင်စရာ မလိုခဲ့ဘူး။ ကျွန်မကိုယ်တိုင်တောင် မယုံကြည်တဲ့ ကျွန်မရဲ့ ကိုယ်ကျင့်တရားတွေ သူ့ကို ပြောပြစရာမလိုဘူး။ သူ့ဆီက ကျွန်မနဲ့ ပတ်သက်တဲ့ သွားပုပ်လေလွှင့် သတင်းတွေ ထွက်လာမှာကို ကျွန်မ မစိုးရိမ်ခဲ့ဘူး။ ကျွန်မ မကောင်းကြောင်း သူဝေဖန်မှာကို ကျွန်မ မကြောက်ခဲ့ဘူး။ ကျွန်မ လုပ်ရပ်တွေ မှန်နေဖို့ပဲ လိုခဲ့ပါတယ်။

ဒုတိယသမီးလေး "လိပ်ပြာ"ကိုမွေးတော့ ခရီးထွက်တာ မကြိုက်တဲ့သူက ဆေးရုံမှာ ကျွန်မကို အဖော်လာပြုတယ်။ ဗိုက်ခွဲမွေးလို့ သွားလာရ အဆင်မပြေတဲ့ ကျွန်မအနားက သူတစ်ဖဝါးမှ မခွာခဲ့ဘူး။ နာကျင်ပြီး မငြိမ်မသက်ဖြစ်နေတဲ့ ကျွန်မကို နှစ်သိမ့်ခဲ့သလို ရေပတ်တိုက်ပေး၊ မရွံ့မရှာ ကျွန်မအညစ်အကြေးတွေကို စွန့်ပေးနဲ့ အားပျော့နေချိန်မှာ စိတ်ဓာတ်တွေ ခိုင်မာလာတတ်ဖို့ အမြဲအားပေးခဲ့တယ်။ တကယ်လို ကံတရားကြောင့် ကျွန်မတို့ နေရာလှည့်ပြောင်းခဲ့ရရင် သူ့ကိုလည်း အခုလိုပဲ ကျွန်မပြန် အားပေးပြုစုဖြစ်မယ်ဆိုတာ ကျွန်မကိုယ်ကျွန်မ ယုံကြည်ပါတယ်။

အထီးကျန်မှုကို လူတိုင်း ခံစားရတတ်ပါတယ်။ ကိုယ့်စိတ်မှာ အမှန်တကယ် ခံစားနေတာကို ထုတ်ဖော်ပြောဖို့ ဝန်လေးခဲ့ရင် အဝတ်ဗလာ ဖြစ်ခဲ့လည်း၊ ခွဲစိပ်ခံခဲ့ရလည်း ကိုယ့်စိတ်ကို သူမမြင်သလို သူ့စိတ်ကိုလည်း ကိုယ်မြင်နိုင်မှာ မဟုတ်ပါဘူး။ မလိုအပ်တဲ့ ကိုယ့်ကိုယ်ကို အကောင်းမြင်တာ၊ မနာလိုတာ၊ စိတ်ကြီးဝင်တာတွေ ပါလာခဲ့ရင် လူလူချင်းရဲ့ ဆက်ဆံရေးက ပိုခက်ခဲသွားရတော့မယ်။ ဒါကြောင့် ဒီသူငယ်ချင်းကို ကျွန်မ အရမ်းတန်ဖိုးထားခဲ့တယ်။

ကျွန်မတို့ဟာ ရွေးချယ်မှုမရှိဘဲ ဘဝမှာ လူပေါင်းစုံ၊ စရိုက်ပေါင်းစုံနဲ့ ကျင်လည်နေရတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ ကျွန်မတို့နဲ့ စိတ်တူကိုယ်တူ မိတ်ဆွေကို တွေ့နိုင်မလဲ? ဒီလို မိတ်ဆွေမျိုးကို တွေ့ဖို့ရာ ထီပေါက်တာထက် ခက်ခဲပါတယ်။ ကံကောင်းလို့ တွေ့ခဲ့ပြီဆိုရင် ရင်ကိုဖွင့်ပြီး လူ့ဘဝ လမ်းတစ်လျှောက်အတွက် တစ်ယောက်ကိုတစ်ယောက် ဖေးမတဲ့ အဖော်ကောင်းအဖြစ် လက်ခံလိုက်ပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မူရင်း: ထိုင်ဝမ် စာရေးဆရာမ 謝淑美 Carol ၏ "တစ်သက်သာ သူငယ်ချင်းကို ရှာပါ"

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.