နှစ်ဆယ့် တစ်ရာစု သံယောဇဉ်
မှတ်မိနေပါသေးတယ်။
အဲဒီနေ့က ခေတ်မီဆန်းပြားလွန်းတဲ့ လေဆိပ်တခုကို ကျွန်တော်နဲ့ မမ အတူရောက်လာတော့ ကျွန်တော့်ရင်တွေ ခုန်နေတာတော့အမှန်ပဲဗျာ။ အားကိုးတကြီးနဲ့ ကျွန်တော့်ကိုယ်ကလေးကို လှမ်းကိုင်လိုက်တဲ့ မမ လက်တွေ အေးစက်နေတော့ ကျွန်တော် အပြုံးလေးနဲ့ အားပေးစကားဆိုဖြစ်လိုက်သေးတယ်။
ဒီလိုတိုးတက်တဲ့နေရာမှာ ကျွန်တော့်လို အဖော်တယောက်ရဖို့ လွယ်လွန်းတယ်မဟုတ်လား။ အဲဒီညတုန်းက ကျွန်တော် ကပ်သီးကပ်ဖဲ့ လုပ်တာနဲ့ပဲ နောက်ဆုံးတော့ မမက ကျွန်တော့်ကိုခေါ်ဖို့ ဆုံးဖြတ်ခဲ့ရတာပါပဲ။
ဒီသုံးနှစ်ဆိုတဲ့အချိန်တွေမှာ ကျွန်တော့်ကို မမ တော်တော်လေး ချစ်တယ်ဆိုတာ ကျွန်တော် သိနေခဲ့တယ်လေ။ ဘယ်သွားသွား မမ က ကျွန်တော့်ကို သူ့လက်နုနုကလေးနဲ့ တယုတယတွဲလို့။ ဆေးရံ ၊ ဆေးခန်း၊ အလှုအတန်း ၊ ရှော့ပင်း အိုဗျာ စုံလို့ စုံလို့ ။ မမရယ် ၊ ကျွန်တော်ရယ် ၊ သူ့သူငယ်ချင်းမလေးတွေရယ် တစ်ခါတစ်ခါ သူများ အကြောင်းပြောရင် တစ်နာရီကျော်လောက်တောင်ကြာတယ်။ ထူးဆန်းတာ က မမနဲ့ သူ့သူငယ်ချင်းမမလေးတွေ နေ့တိုင်းပြောကြပေမယ့် အကြောင်းအရာတွေက မကုန်နိုင်သလို ဘယ်တော့မှလည်း မမောနိုင်ဘူးဗျာ။ ကျွန်တော့်မှာသာ နားထောင်ရတာ ပင်ပန်းလို့ နားနားပြီးနေရတာ။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့လေးတွေက မမရဲ့ ရယ်သံလေးတွေ ပြန်ကြားယောင်မိတိုင်း အခုထိတောင် ကျွန်တော်ပျော်နေတုန်းပဲဗျာ။
ဒီမြို့ကြီးကိုရောက်တော့ မမလည်း အလုပ်တွေရှုပ်တော့တာပါပဲ။ အဲဒီမှာပဲ ကျွန်တော်နဲ့ မမ ကတောက်ကဆ စ ဖြစ်တော့တာပဲလေ။ ပြဿနာက ကျွန်တော်ရေမကူးတတ်လို့တဲ့ဗျာ။ ငယ်ငယ်ကတည်းက ကျွန်တော် ရေကြောက်တတ်တယ်။ အခန့်မသင့်ရင် ခဏခဏ ဖျားတတ်တယ်ဆိုတာ မမလည်း အသိ။ ခုလို အတူနေခဲ့ပြီးတာ သုံးနှစ်ကျော်ခါမှ ကျွန်တော့်ကို အဲဒီအကြောင်းပြချက်နဲ့ အပြစ်တစ်ခုလို ဆိုတာပြန်တော့ ကျွန်တော် နည်းနည်းတော့ ၀မ်းနည်းမိသေးတယ်။ ယောကျာ်းမာနကလေးနဲ့ ခံပြင်းတာလည်း ပါချင်ပါမှာပေါ့လေ။ ကျွန်တော့်အပြင်တခြားတစ်ယောက်များ မမမှာရှိနေပြီလားလို့ အားငယ်စိတ်ကလေးနဲ့ တိတ်တဆိတ် စုံစမ်းကြည့် တော့လည်း မဟုတ်ပြန်ဘူးဗျ။ မမက ကျွန်တော့်အပြင် ဘယ်သူ့ကိုမှ စိတ်ထဲမှာ မထားဘူး။ သူ့သူငယ်ချင်းတွေက ကျွန်တော်နဲ့ခွဲပြီးတခြား တစ်ယောက်ရှာဖို့ပြောရင်တောင် မမက ကျွန်တော့်ကို သံယောဇဉ် အတော်လေးရှိတဲ့အကြောင်း အတိတလင်းပြောရှာသေးတယ်။
ပြဿနာတွေ ပိုပိုစိပ်လာတာကတော့ မမ စာမေးပွဲနီးတဲ့ ရက်တွေမှာလေ။ ရန်ကုန်မှာကတည်းက စာမေးပွဲကြောက်တတ်တဲ့မမ က အခုလိုမိဝေးဖဝေးဆိုတော့ အတော်လေးပင်ပန်းရှာတာပေါ့။ အဲဒီနေ့က မမတစ်ယောက် စာကလည်းမရသေး။ ထမင်းကလည်းမချက်ချင်တော့ ရှိတဲ့ ငါးသေတ္တာ နဲ့ပေါင်မုန့်လေးနည်းနည်းကိုပဲ ညစာလုပ်စားသတဲ့။ ကျွန်တော်ပြောပါသေးတယ် ပီဇာမှာပေးရမလား လို့။ မမ က ချွေတာချင်တယ်ဆိုတာနဲ့ ကျွန်တော်လည်း သီချင်းလေးနားထောင်ပြီး အလိုက်တသိ ငြိမ်နေလိုက်တယ်။ ကျွန်တော့်ကိုယ်ပေါ်က အေးစက်စက်နဲ့ဖြစ်လာလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ မမစားနေတဲ့ ငါးသေတ္တာ ကအရည်တွေက ကျွန်တော့်ကိုယ်ပေါ်မှာအတော်လေး နှံ့နှံ့စပ်စပ်ရောက်နေပြီလေ။ မမကတော့ သူ့အာရုံနဲ့သူ ဆိုတော့ ကျွန်တော့်ကို ဂရုမထားမိဘူးထင်ပါရဲ့။ ကျွန်တော် ပြောပေမယ့် သူမကြားနိုင်ပြန်ဘူး။ ကိုယ်ပေါ်မှာ အတော်လေးအေးလာလို့ ခပ်ကျယ်ကျယ်ကလေးခေါ်လိုက်မှ မမ အလန့်တကြားဖြစ်ပြီး ရေချိုးခန်းထဲကို ပြေးလေရဲ့။ အဲဒီမှာပဲ ကျွန်တော်တားတဲ့ကြားက မမကျွန်တော့်ကို အတင်းရေချိုး ပေးပါလေရော။ သိပ်မကြာပါဘူး ။ ကျွန်တော်လည်း အဖျားတက်ပြီး သတိလစ်တော့တာပါပဲ။ သတိရလာတဲ့အချိန်မှာ ကျွန်တော်တစ်ယောက် အထူးကုဆေးရုံက ကုတင်ကလေးပေါ်မှာ ဆန့်ဆန့်ကလေးပေါ့။ မမနဲ့ သူ့သူငယ်ချင်းလေးတွေကတော့ အပြင်ကနေစောင့်ရင်း ကျွန်တော့်ကို လက်ပြရှာတယ်။ စာမေးပွဲရက်တွေပြီးသွားတဲ့ မမက အခုလိုကျတော့လည်း ရယ်ကျဲကျဲကလေးလုပ်လို့။ ကျွန်တော်လည်း နေမကောင်းသာ ဖြစ်နေတာ မမ အဲလိုပျော်နေတော့လည်း စိတ်မဆိုးရက်ပြန်ဘူးဗျ။ ဆေးရုံကဆင်းလာတော့ မမကျွန်တော့်ကို အတော်လေး ဂရုစိုက်ရှာပါတယ်။ ငါးသေတ္တာစားရင်း စဖြစ်တဲ့ပြသနာမို့ ငါးသေတ္တာကိုလည်း အတော်လေး စိတ်ကုန်သွားပုံပေါ်တယ်။ သူဘယ်လောက်ပဲမအား မအား ဘယ်တော့မှ မစားတော့ဘူးလေ။ သိပ်မကြာလိုက်ပါဘူးဗျာ… နောက်ထပ်ပြဿနာတစ်ခုက ကျွန်တော်နဲ့ မမကြားကို အခန့်သား ရောက်တာတော့တာပါပဲ။ အဲဒီည က မမနဲ့သူ့သူငယ်ချင်းတွေအဆောင်မှာ ညစာ အတူစားကြတော့ မမလည်း အလုပ်ရှုပ်နေဖြစ်တဲ့တစ်ညပေါ့၊ သီချင်းလေးနားထောင်ရင်း မမထမင်းချက်နေတာတွေ့တော့ ကျွန်တော် အတော်လေးပျော်မိသဗျ။ ရန်ကုန်မှာဆို အပျင်းလေးတစ်ယောက်လို ဘာမှမလုပ်ပဲနေပေမယ့် ဒီမှာတော့ သူငယ်ချင်းအားလုံးအတွက် တပင်တပန်းထမင်းချက်ပေးတတ်တဲ့ မမအတွက် သူကြိုက်တတ်တဲ့ သီချင်းလေးတွေရွေးပေးရင်း မမကိုငေးကြည့်နေမိတယ်။ ထုံးစံအတိုင်း မမထမင်းချက်တဲ့ မီးဖိုချောင်နေရာက ရေနည်းနည်းတော့ စိုတာပေါ့ဗျာ။ ဒါပေမယ့် မမချုပ်ပေးထားတဲ့ အင်္ကျီ ကလေးက အတော်လေးကို အဆင်ပြေနေတော့ ကျွန်တော်မမှုဘူးပေါ့။
ထမင်းစားချိန် မှာ မမကသူ့ အခန်းထဲက ဖန်ခွက်တွေသွားယူတော့ ကျွန်တော်လည်း ကူဖို့လိုက်သွားတာပေါ့။ ဖန်ခွက်တွေက များသမို့ မနိုင်မနင်းဖြစ်နေတဲ့မမကို ကျွန်တော်လည်းကူချင်တယ်သာရှိတာ ဘာက ဘယ်လိုလုပ်ရမှန်းက မသိပြန်ဘူး။ မနိုင်မနင်းမို့ ကျွန်တော့်ကို အခန်းထဲမှာ ထားခဲ့ဖို့ပြင်တော့ ကျွန်တော် ပေကပ်ကပ်လုပ်နေတာမို့ မမလည်းမနေသာပဲ ခေါ်ဖို့ပြင်ရပြန်တယ်။ အဲဒီမှာပဲ မမတစ်ယောက် ပါးစပ်က ပွစိပွစိပြောရင်း ပစ္စည်းတွေကို စုပုံသယ်ဖို့ ကျွန်တော့်ကို ဖန်ခွက်အလွတ်တလုံးထဲကို ထည့်လိုက်ပါလေရော ။ ကံဆိုးချင်တော့ အဲဒီဖန်ခွက် က အလွတ်မဟုတ်ပဲ မနေ့ကမမ သောက်ထားတဲ့ ရေတွေကျန်နေသေးတာပါပဲဗျာ။ ကျွန်တော်လည်း ရုန်းရင်းကန်ရင်း နဲ့ နောက်ဆုံးသတိမလစ်တလစ်ကလေး ဖြစ်တော့တာပါပဲ။ သတိရလာတော့လည်း ထုံးစံအတိုင်း ကျွန်တော်က ဆေးရုံက ကုတင်ကလေးပေါ်မှာပေါ့။ မမက ဒီတစ်ခါတော့ အတော်လေးစိတ်ဆိုးနေတယ်ဗျ ။ အဲဒီနေ့ရဲ့ နောက်တစ်နေ့ မမ မွေးနေ့လေ။ ကျွန်တော်နေမကောင်းတာနဲ့ပဲ မမလည်း ဘယ်မှမသွားနိုင် ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်နိုင်ဘဲဖြစ်ခဲ့တာကိုးဗျာ။
လူနာတွေ့ချိန်မှာ မမသတင်းလာမေးတော့ မမနားမှာ ရုပ်ဆိုးဆိုးကောင်ကလေးတစ်ကောင်ကို ကျွန်တော်မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။ ကျွန်တော် အတော်လေးကို အားငယ်မိသားဗျ။ ကမ္ဘာကြီးပျက်တော့မလိုတောင် ခံစားလိုက်ရသေးတယ်။ ကျွန်တော့်ကို မချစ်တော့ဘူး ဆိုရင်တောင် အနည်းဆုံးတော့ ကျွန်တော့်ထက်သာတဲ့ သူကို ရှာစေချင်တာပေါ့ဗျာ။ ဒါပေမယ့်  တကယ်က မမက ကျွန်တော့်ကို ချစ်ရှာပါတယ်။ အဲဒီ ကောင်ငယ်ကလေးဆိုတာကလည်း ကျွန်တော် ဆေးရုံ ရောက်နေတဲ့အချိန်မှာ တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ သူ့သူငယ်ချင်းတယောက်က အဖော်လွှတ်ပေးထားတာတဲ့။ အဖြစ်မှန်ကို သိလိုက်ရတဲ့အချိန်မှာ ကျွန်တော်အတော်လေးကို ကျေနပ်သွားသေးတယ် ။ အဲဒီနောက်ပိုင်းမှာတော့ မမကျွန်တော့်ကို ရေကူးသင်ဖို့ အတင်းအကြပ် ပြောလာပါတော့တယ်။ ဘယ်လိုလုပ်မလဲဗျာ ။ ကျွန်တော် ရေကြောက်ပါတယ်ဆိုတဲ့ဟာကို ။ မမရဲ့အကြောင်းပြချက်ကတော့ ကျွန်တော်အဲဒီလို ရေနည်းနည်းကလေး ထိတာနဲ့ နေမကောင်းဖြစ်နေရင် သူ့အလုပ်တွေကို ဘယ်လိုစိတ်ချလက်ချ လုပ်မလဲတဲ့လေ။ ဒါလည်းဟုတ်ပါတယ်။ ကျွန်တော်လည်း ဆေးရုံဆင်းပြီးရက်တွေမှာ ရေကူးသင်တန်းတက်ဖို့ ကြိုးစားခဲ့ပေမယ့် ဆုံးဖြတ်ဖို့ မရဲသေးတာနဲ့ ဒီနေ့အထိ ရေမကူးတတ်သေးဘူးဆိုပါတော့လေ။ မမလည်း စာမေးပွဲတွေပြီးလို့ အပန်းဖြေတဲ့အချိန်လေးတွေရှိတာမို့ ကျွန်တော့်ကို သိပ်ဂျီမကျတော့ဘူးဗျ။ ဒီနေ့တော့ စောစောစီးစီးထပြီး မမရယ်၊ မမရဲ့သူငယ်ချင်းရယ်၊ ကျွန်တော်ရယ် လူတွေအကြောင်းကို အတင်းပြော်ကြတာပေါ့ဗျာ။ ရန်ကုန်ကထွက်လာပြီးကတည်းက ဒီလို ညစ်တီးညစ်ကျယ် အလုပ်လုပ်ရတာ ဒါပထမဆုံးဆိုတော့ ကျွန်တော်အတော်လေးပျော်မိသဗျ။ မိန်းကလေးနှစ်ယောက်နဲ့ အတူ သူတို့အတင်းပြောတာကို နားထောင်ရတဲ့အရသာက တစ်ခါတစ်ခါတော့လည်း ထူးဆန်းသား။ သူတို့စကားပြောတဲ့ ခေါင်းစဉ်တွေ ကလည်း တောင်စဉ်ရေမရ။ လူတွေအကြောင်း၊ စာတွေအကြောင်း ၊ အများဆုံးပြောဖြစ်တဲ့ အကြောင်းက အင်္ကျီတွေအကြောင်း။ အင်္ကျီတွေမှ အတွင်းအပြင်ကို စုံနေတာပဲ။ စကားပြောနေတုန်းမှာပဲ အဆောင်အခန်းတံခါးကို လာခေါက်သံကြားတာမို့ မမက သူ့သူငယ်ချင်းကို ခဏစောင့်ဖို့မှာရင်း ကျွန်တော့်ကို အ၀တ်ပုံပေါ်မှာ တင်ထားခဲ့လေရဲ့။
အဲဒီနောက်မှာတော့ မမတစ်ယောက် သူ့အ၀တ်အစားတွေကို ခြင်းထဲပစ်ထည့်ပြီး အောက်ဆုံးထပ်က အ၀တ်လျှော်စက်ဆီကို လာခေါ်တဲ့သူငယ်ချင်းတွေနဲ့အတူ သွားဖို့ ပြင်တော့တာပါပဲ။ ဒီလိုပိတ်ရက်မှာ သူငယ်ချင်းတွေစုပြီး အ၀တ်လျှော်စက် တွေရှိတဲ့နေရာမှာ စကားစုပြောကြတာလည်း မမအတွက် အပန်းဖြေစရာတခုပဲလေ။ အောက်ဆုံးထပ်ရောက်တော့ မမတို့သူငယ်ချင်းတစ်သိုက် စကားတွေလုပြောကြရင်း အ၀တ်တွေကို စက်ထဲကို ပစ်ထည့်လိုက်ကြတော့တာပေါ့။ ခက်တာက ခါတိုင်းအခါတွေလိုမဟုတ်ပဲ ဒီတစ်ခါ ကျွန်တော်က အဲဒီ အ၀တ်ပုံတွေကြားမှာ ပိတ်မိနေတာပါပဲ။ကြောက်လန့်တကြား ဖြစ်နေတဲ့ကျွန်တော်က ရှိစုမဲ့စုအားကလေးနဲ့တအား ကုန်းအော် လိုက်သေးတယ်။ ဒါပေမယ့် ကျွန်တော့်ထက်အားကြီးတဲ့ အ၀တ်လျှော်စက်က အသံတွေက ကျွန်တော့်ကို ဖုန်းလွှမ်းထားလေရဲ့။ ရေတွေ… ရေတွေ…။ လည်ပင်းထိအောင် မြုပ်သွားပြီးတဲ့နောက်မှာ နောက်ဆုံး အသိကလေးနဲ့ လေကိုတ၀ကြီး ကျွန်တော် ရှုသွင်းလိုက်သေးတယ်။ အဲဒီနောက်မှာတော့ ကျွန်တော် အမှောင်ကမ္ဘာထဲကို ရောက်သွားတော့တာပါပဲ။ အခုထိလည်း နေ့တွေရော ညတွေပါ အားလုံး အထီးကျန်ပြီး မှောင်မြဲမှောင်နေတုန်းပဲလေ။ ကျွန်တော်မမရဲ့ ရယ်သံကလေးတွေကို လွမ်းတယ်။ ကျွန်တော့်ဆီက တီးလုံးသံလေးကြားတိုင်း "ဟဲလို" လို့ ထူးတတ်တဲ့ မမရဲ့ အသံကြည်ကြည် ကလေးတွေကိုလွမ်းတယ်။
ကျွန်တော် ဒီတခါ တကယ်ပဲ သတိပြန် ရမရဆိုတာ မသေချာတော့ပါဘူး။ ကျွန်တော် သတိတစ်ခါလစ်သွားတိုင်း ကျွန်တော့် မှတ်ဥာဏ်တစ်ချို့ ချို့ယွင်းသွားတယ်ဆိုတာကို မမ သတိမထားမိပေမယ့် ကျွန်တော်သိနေတော့ မမအနားကို ပြန်သွားဖို့ အားငယ်နေမိပြန်ရော။ နေ့တိုင်းနေ့တိုင်း လူနာတွေ့ချိန်မှာ ကျွန်တော် သတိပြန် ရလာမလားလို့ လာကြည့်တတ်တဲ့ မမကိုမြင်ရပြန်တော့ ကျွန်တော်ငိုချင်မိတယ်ဗျာ။
ရက်တွေအတော်ကြာနေပေမယ့် ကျွန်တော်သတိရလာတဲ့ တစ်နေ့မှာ အရင်တခါလို စိတ်မကောင်းဖြစ်မှာစိုးလို့ ဟိုညစ်တီးညစ်စုတ် ကောင်ကလေးကို ခဏတဖြုတ်တောင်အဖော်မခေါ်တော့တဲ့ မမကို တစ်ယောက်တည်း အားငယ်နေမှာလည်း စိုးရိမ်မိပြန်သေးတယ်။ ကျွန်တော် တကယ်ပဲ မမ အတွက် စိတ်မကောင်းဖြစ်မိပြီဗျာ။ မမဆီကို စရောက်ကာစကလို မသစ်လွင်တော့ ၊ လုပ်ငန်းတာဝန်တွေ အပြည့်အ၀ မထမ်းဆောင်နိုင်တော့ ၊ မှတ်ဥာဏ်တွေလည်း မကောင်းတော့တဲ့ ကျွန်တော့်ကို မမက ဆက်ပြီး အဖော်ပြုနေဦးမယ်ဆိုရင် မမရဲ့  အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေမှာ ဆက်သွယ်ဖို့လိုအပ်တိုင်း မမ စိတ်ညစ်ရပြန်ဦးမယ်။
အလုပ်တာဝန်တွေကို ကျေပွန်လွန်းတဲ့ မမ ၊ လူမှုရေး ကိစ္စ ၊ သာရေး နာရေးတွေမှာ တက်တက်ကြွကြွ ကူညီတတ်တဲ့ မမ ကျွန်တော့်ကြောင့် အရင်လိုမဟုတ်ဘဲ နှောင့်နှေးကြန့်ကြတာသွားမှာကို ကျွန်တော် စိုးရိမ်တယ်ဗျာ။မမရယ်….မမ ကျွန်တော့်ကို ထားခဲ့ပါတော့လို့ ကျွန်တော် အကျယ်ကြီး မမ ကြားအောင် အသံကုန် ဟစ်ပြောလိုက်ချင်ပေမယ့်လည်း ကျွန်တော့်လည်ချောင်းဝကနေ ဘာသံမှ ထွက်မလာတော့ပါဘူး။
မွန်းသက်ပန် (ဆေး-၁)
လောကအလှ အွန်လိုင်းမဂ္ဂဇင်း
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်
You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.