Friday, November 28, 2008

[Nine Nine SaNay] 2 New Entries: ခန္ဓာချွတ်ယွင်းသော်လည်း စိတ်ဓာတ်မချွတ်ယွင်းသူ

ခန္ဓာချွတ်ယွင်းသော်လည်း စိတ်ဓာတ်မချွတ်ယွင်းသူ


NICK VUJICIC ကို ၁၉၈၂ ခုနှစ် ဒီဇင်ဘာ ၄ရက်နေ့မှာ သြစတေးလျနိုင်ငံ Melbourneမှာ မွေးဖွားခဲ့တယ်။ သူ့မှာ မွေးကတည်းက ခြေ၊ လက် ပါမလာဘဲ ပေါင်တိုလေးတစ်ချောင်းပဲ ပါလာခဲ့တယ်။ သူဟာ အဲဒီပေါင်တိုနဲ့ ကွန်ပြူတာသုံးပြီး တစ်မိနစ်ကို စာ ၄၃လုံး ရိုက်နိုင်ခဲ့တယ်။ သူဟာ အသက် ၂၁ နှစ်မှာ Accounting and financial Planning ဆိုတဲ့ ဘွဲ့နှစ်ခုကို ရခဲ့ပါတယ်။

"မွေးကတည်းက ကျွန်တော့်မှာ ခြေလက်ပါမလာခဲ့ပါဘူး။ နပ်စ်လုပ်တဲ့ အမေက ကျွန်တော့်ကို ကိုယ်ဝန်ရှိစဉ်တည်းက ဘယ်အရာကို လုပ်သင့်တယ်၊ ဘယ်အရာကို ရှောင်သင့်တယ်ဆိုတာ သိနေခဲ့တယ်။ ကျွန်တော်က သားအကြီးဆုံးပါ။ ကျွန်တော့်လို အင်္ဂါချွတ်ယွင်းသူ တစ်ယောက်ကို မွေးခဲ့တာ အင်မတန် ဝမ်းနည်းစရာဖြစ်ခဲ့တယ်။ ကျွန်တော်အဖေ၊ အမေဖက်မျိုးရိုးတွေမှာ ခန္ဓာချွတ်ယွင်းတဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးပါဘူး။ ကျွန်တော့်မှာ ညီနဲ့ညီမ တစ်ယောက်စီရှိပါတယ်။ သူတို့လည်း မချွတ်ယွင်းပါဘူး။ ဒီကိစ္စကြောင့် ကျွန်တော်မိဘတွေ စိတ်ဆင်းခဲ့ရတာ၊ ထိခိုက်ခံစားခဲ့ရတာတွေကို ကျွန်တော်စာနဲ့ နှိုင်းမပြတတ်ပါဘူး။ ကျွန်တော့်ကို မွေးပြီး ၄လကြာမှ အဖေက ကျွန်တော့်ကို အိမ်ပြန်ခေါ်ခဲ့တယ်။ ကျွန်တော့်ကို သာမန်ကလေးတစ်ယောက်လို ပြုစုပျိုးထောင်ခဲ့ပါတယ်"

"ကျွန်တော့်မှာ ပါလာခဲ့တဲ့ ဒီပေါင်တိုတိုလေးကို ကျွန်တော်က "ကြက်ခြေထောက်" လို့ ခေါ်တယ်။ ကြက်ခြေထောက်နဲ့ တကယ်တူတယ်။ ကျွန်တော့်ခွေးကလည်း ကြက်ခြေထောက်လို့ ထင်ပြီး မထင်မှတ်ဘဲ လာကိုက်တတ်တယ်။ ဒီ ပေါင်တိုလေးက အံ့သြစရာလည်း ကောင်းတယ်။ ရိုးရိုးကွန်ပြူတာ တစ်လုံးမှာ တစ်မိနစ်ကို ကျွန်တော်စာအလုံးရေ ၄၃ လုံး ရိုက်နိုင်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေပါပဲ"

"ရှေ့ဆက်ရမယ့် လမ်းတွေ ပျောက်ခဲ့လို့၊ မျှော်လင့်ချက်တွေ မဲ့ခဲ့လို့ ကျွန်တော်ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ တွေးမိခဲ့သေးတယ်။ အိမ်ထောင်ပြုမယ်လို့လည်း မတွေးခဲ့ဖူးဘူး။ ဒါပေမယ့် ကျွန်တော် တကယ်ပဲ အိမ်ထောင်ပြုခဲ့တယ်။ ကျွန်တော့်မိန်းမရဲ့ လက်ကို ကျွန်တော် မတွဲနိုင်ခဲ့ဘူး။ လက်ထပ်ပွဲမှာ အတူမကနိုင်ခဲ့ဘူး။ ဒါပေမယ့် မိတ်ဆွေတစ်ချို့က ကျွန်တော့်ကို ဖေးမခဲ့တယ်။ နောက်ပြီး ကျွန်တော့်မိသားစု၊ ကျွန်တော် မိဘနဲ့ ဘုရားသခင်... သူတို့သာ မရှိခဲ့ရင် ကျွန်တော်လည်း ရှိခဲ့မှာ မဟုတ်ဘူး။ ဘုရားသခင်က ကျွန်တော့်ကို အသုံးချသွားခဲ့တယ်လို့ အားလုံးကို ကျွန်တော်ပြောပြချင်ပါတယ်"

သြစတေးလျက ခြေမဲ့လက်မဲ့ Nick Vujicic ရဲ့စကား တစ်ချို့ တစ်ဝက်ပါ။ သူဟာ ခြေမဲ့လက်မဲ့ ဖြစ်ခဲ့ပေမယ့် ဘဝကို အရှုံးမပေးခဲ့ဘူး။ Life Without Limbs ဆိုတဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းပြီး နိုင်ငံတကာက သူ့လို မသန်မစွမ်းသူတွေကို လှည့်လည် နှစ်သိမ့်အားပေးခဲ့တယ်။ Nick ဟာ ခန္ဓာချွတ်ယွင်းပေမယ့် စိတ်ဓာတ် မချွတ်ယွင်းခဲ့ဘူး။ ဒါပေမယ့် တစ်ချို့ လူတွေက ခန္ဓာမချွတ်ယွင်းပေမယ့် စိတ်ဓာတ်ချွတ်ယွင်းခဲ့တယ်။ စာရိတ္တ ချွတ်ယွင်းခဲ့တယ်။ အကျင့် ချွတ်ယွင်းခဲ့ပါတယ်။

အပြည့်အစုံကို ဝီကီမှာ ဖတ်နိုင်ပါတယ်။ (http://en.wikipedia.org/wiki/Nick_Vujicic)

နိုင်းနိုင်းစနေ

ဖိနပ်အကြွား ပို့စ်


မိန်းကလေး အများစုက ရှော့ပင်းထွက်ကြိုက်ကြသလို၊ ပစ္စည်းတစ်ခုကို လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ကြိုက်ပြီဆိုရင် ဝယ်တတ်ကြတယ်။ အဲဒီထဲမှာ ကျွန်မလည်း အပါအဝင်ပါပဲ။ ကျွန်မက ရှော့ပင်းသိပ်မထွက်ပေမယ့် (ပိုက်ဆံမရှိလို့) ကြိုက်ပြီဆိုရင် ဝယ်ကိုဝယ်ပစ်လိုက်ရမှာ စားဝင်၊ အိပ်ပျော်တတ်တယ်။ အခုလည်း လိုအပ်မှန်းသိပေမယ့် လိုအပ်တာထက် ပိုများတဲ့ ဖိနပ်တွေကို ဝယ်ဖြစ်ခဲ့တယ်။ ကျွန်မခြေထောက်က ဆိုက်ကြီးတဲ့အတွက် မြန်မာပြည်မှာ ဖိနပ်ဝယ်ရ သိပ်အဆင်မပြေဘူး။ အရင်တုန်းကဆို ပုံလွန်တွေပဲ မှာစီးရတယ်။ ဒါကြောင့် ကျွန်မနဲ့အစီးတော်တဲ့ ဖိနပ်ကို တစ်ခြားအသုံးအဆောင်ထက် ပိုဝယ်ဖြစ်ခဲ့တယ်။

စင်ဒရဲလားက ဖိနပ်တစ်ဖက်ကြောင့် အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော်ဖြစ်ခဲ့ရတယ်။ ဟိုတစ်လောတုန်းကလည်း ဖိနပ်အရှုပ်တော်ပုံကြောင့် ဘလော့တစ်ခု ဟစ် တော်တော်တက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်မလည်း ရိုက်ထားသမျှ ဖိနပ်ပုံနဲ့ ရှိသမျှ ဖိနပ်တွေ ထုတ်ကြွားလိုက်ပါတယ်။ အကြွားလွန်သွားရင် သည်းခံပေးပါလို့...း) အဲ... ဒီဖိနပ်ပုံတွေကိုတော့ ကော်ပီမကူးနဲ့နော်.. ဘာဖြစ်လို့လဲဆိုတော့.........

ဒီပုံထဲမှာ အပေါ်ဆုံးက All star တံဆိပ် ဖိနပ်ကလွဲရင် ကျန်၂ရံက တစ်ရံကို စတာလင်ပေါင် ၃ ပေါင်ပဲ ပေးရပါတယ်။ (တစ်ပေါင်ကို မြန်မာငွေ ၂ထောင်ကျော်နဲ့ ညီမျှပါတယ်)

ဒီပုံထဲက ဖိနပ်တွေအားလုံး တစ်ရံကို စတာလင်ပေါင် ၄ ပေါင်ပဲ ပေးရပါတယ်။ ဈေးချတာနဲ့ ကြုံရင် တစ်ရံကို ၂ ပေါင်ပဲကျတယ်။ (၄ပေါင်ဆိုရင် မက်ဒေါ်နယ် ဟမ်ဘာဂါ meal တစ်ခု ဝယ်စားလို့ မရသေးပါဘူး။ တရုတ်စာဖြစ်ဖြစ်၊ ဂျပန်စာဖြစ်ဖြစ် ဟင်းနဲ့ထမင်းရောရာ တစ်ခုတော့ စားရပါတယ်)

ကော်ပီမကူးနဲ့လို့ ပြောရတာ ဖိနပ်တွေက အပေါစားမို့လို့ပါး) ကင်မရာဓာတ်ခဲကုန်သွားလို့ ဒီလောက်ပဲ ထုတ်..ကြွား...လိုက်ပါတယ်။ မျက်စိနောက်သွားရင် ဆောရီးပါနော်....

တကယ်တော့ ဖိနပ်တစ်ရံ ကောင်းမကောင်းကို တန်ဖိုးငွေနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ စီးကြည့်မှ၊ မနာမှ၊ လမ်းလျှောက်ရ အဆင်ပြေမှ၊ ခရီးတွင်မှ ဖိနပ်တစ်ရံ ကောင်းမကောင်းကို သိနိုင်ပါတယ်။ တန်ဖိုးကြီးတိုင်း၊ လှတိုင်း စီးမကောင်းပါဘူး... အဲ.. အခုလို ထုတ်ကြွားရတာတော့ ကောင်းတာပေါ့နော်။

(ဒုက္ခပဲ.. ဒီနေ့ ဆေးစားမှားပြီ။ ဒီလို အကြွားကလည်း ပို့စ်တစ်ခုဖြစ်တွားတယ်။ သည်းခံပါ။ +_+ )

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.