Tuesday, October 21, 2008

[ဆုံဆည်းရာ] 1 New Entry: ရန်ကုန်မှာ စနေ တနင်္ဂနွေ ဗုံး (၂) လုံးပေါက်ကွဲ၊ လူ (၁) ဦးသေ

ရန်ကုန်မှာ စနေ တနင်္ဂနွေ ဗုံး (၂) လုံးပေါက်ကွဲ၊ လူ (၁) ဦးသေ

NEJ / ၂၀ အောက်တိုဘာ ၂၀၀၈။ ။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူနေရပ်ကွက်အတွင်း၌ ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က ဗုံး (၁) လုံး ပေါက်ကွဲပြီး လူ (၁) ဦး သေဆုံးသွားကြောင်း မြောက်ပိုင်းခရိုင် တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။

ရွှေပြည်သာမြို့ နယ် (၁၈) ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် ၂၉၈ (က) အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အိမ်ရှင် အဘ ဦးမြအုန်း၏ သား အသက် (၃၅) နှစ်အရွယ် ကတုံး (ခ) သက်ဦးဝင်း ဗိုက်ပေါက် သေဆုံးသွားသည်ဟု ရဲကပြောသည်။

အဆိုပါအိမ်၌ သားအဖ (၂) ဦးသာ နေထိုင်ပြီး ဖခင် တရားစခန်းသွားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကွဲမှုကြောင့် အိမ်ရှေ့အဖီ အမိုးသွပ်များပါ ပွင့်ထွက်သွားကြောင်းနှင့် ထိုအိမ်၌ပင် နောက်ထပ်ဗုံး (၃) လုံး ကို အာဏာပိုင်များက ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေပြည်သာ မြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ်တဦးက "ဒီလိုပေါက်ကွဲမှုဟာ အိမ်ထဲမှာ ဖြစ်တဲ့အတွက်ရော၊ နောက်ထပ် ဗုံးတွေတွေ့တဲ့အတွက်ရော ဒီလူဟာ ဖောက်ခွဲရေးသမားဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အကြောင်းစုံ ကိုတော့ စုံစမ်းနေဆဲပါ" ဟု ပြောကြားသည်။

အလားတူ စနေနေ့ ည (၇) နာရီ မိနစ် (၅၀) ခန့် ကလည်း ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ တပ်မတော်မှတ်တမ်း ရုံးရှေ့ ဘောလုံးကွင်းအတွင်း၌ ဗုံး (၁) လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ရန်ကင်းမြို့ နယ် ကြံ့ဖွံ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။ ထိုနေရာ၌ပင် နောက်ထပ်ဗုံး (၁) လုံးကိုတွေ့ရှိပြီး မပေါက်ကွဲမီ တားမြစ်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ရန်ကုန်မြို့၌ အသေးစားဗုံးပေါက်ကွဲမှုများနှင့် မတော်တဆပေါက်ကွဲမှုများ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး သေဆုံးဒဏ်ရာရှိမှုများလည်း ဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ တိုက်ကြီး-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ် ဂတ်စ်အိုးပေါက်ကွဲခဲ့ပြီး လူ (၇) သေဆုံးရသည်။ ပြီးခဲ့သည့်လ (၂၅) ရက်လည်း ရန်ကုန်မြို့ မြို့တော်ခမ်းမအနီး မဟာဗန္ဓုလ ပန်းခြံရှေ့ ကားမှတ် တိုင်၌ ဗုံးတလုံးပေါက်ကွဲပြီး လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

ဗုံးကွဲမှုအများအပြားအနက် ပြီးခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ရွှေပြည်သာကြံ့ဖွံ့ရုံးပေါက်ကွဲမှုကိုသာ အန်အယ်လ်ဒီပါတီဝင်များ၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး အခြားဗုံးပေါက်ကွဲမှု အများစုမှာ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟုသာ စစ်အစိုးရက စွပ်စွဲလေ့ရှိသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.