Tuesday, October 21, 2008

[Htoo Myat] 1 New Entry: Gmail + Gtalk ပထမအကြိမ် ရှင်းလင်းရေးနှင့် မကျေနပ်မှု ပေါက်ကွဲခြင်း

Gmail + Gtalk ပထမအကြိမ် ရှင်းလင်းရေးနှင့် မကျေနပ်မှု ပေါက်ကွဲခြင်း

နာမည်ကို လန့်မသွားကြပါနဲ့။ ကျနော့် ရှင်းလင်းရေး အစီရင်ခံချက်နဲ့ မကျေနပ်ချက်လေးပါ။

အပိုင်း (က)

တကယ်တော့ ကျနော် G-talk ကို ဖြုတ်ထုတ်သတ် လုပ်တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ဒါပေမဲ့ အခု G-mail + Talk နှစ်ခုလုံးကို ချလို့ မှတ်တမ်း တင်လိုက်တာပါ။ G-mail အတွက်ကတော့ ဒီတစ်ခေါက်ဟာ ပထမဆုံး ရှင်းလင်းခြင်း ခံရတာပါ။


  • ကျနော့် G-mail က သိမ်းထားရန် မလို လို့ ထင်တဲ့ mail တွေအားလုံးကို အကုန် တန်းစီပြီး ဖျက်ပစ်လိုက် ပါတယ်။
  • G-talk ကတော့ လုပ်ရိုး လုပ်စဉ်အတိုင်း ကျနော် မသိတော့တဲ့၊ စကားမပြောဖြစ်တာ ကြာပြီဖြစ်တဲ့ လူတွေကို တန်းစီပြီး Block လုပ်ပစ်လိုက်ပါတယ်။
ကျနော့် G-talk မှာ မှတ်တဲ့နည်းက မိတ်ဆွေတွေရဲ့ G-mail လိပ်စာတွေ အတိုင်း မထားပါဘူး။ သက်ဆိုင်ရာ ကျနော် မှတ်မိတဲ့ နာမည်တစ်ခု ထားတယ်။ နောက် သူနဲ့ သက်ဆိုင်တဲ့ အဖွဲ့ အစည်း၊ သို့မဟုတ် Blogger၊ ကျနော့် ကျောင်း သူငယ်ချင်းတွေဆို ကျောင်းနာမည်ကို ကွင်းစ ကွင်းပိတ်နဲ့ ထည့်ရေးထားပါတယ်။ Forum တုန်းက သူငယ်ချင်းတွေဆို Forum နာမည်ပေါ့။

အဲလို လုပ်တာ တချို့ မသိသူ ရှိနိုင်မှာ ဖြစ်တဲ့အတွက် အကျိုးရှိအောင် ပြောပြလိုပါသေးတယ်။ ခများတို့ နာမည် ပြောင်းချင်ရင် အဲဒီလူ နာမည်ပေါ်မှာ ညာဖက် ကလစ်ခ် နှိုပ်ပြီး Rename ကို ရွေးချယ်ကာ အလိုရှိရာ နာမည်ကို ပြောင်းနိုင်ပါတယ်။ အဲလိုနဲ့ ရှုပ်ထွေးပြီး နာမည်ရင်းနဲ့ ဘာမှမဆိုင်တဲ့ G-mail nick တွေအစား ကိုယ်သိတဲ့ နာမည်ကို ချက်ချင်း မှတ်မိနိုင်အောင် ပြောင်းထားနိုင်ပါတယ်။

အဲလို ပြောင်းထားဖို့ရာ ကျနော် လိပ်စာနဲ့ လူနဲ့ မတွဲမိတဲ့ လူတွေအားလုံးကို Block လုပ်ပါတယ်။ ကျနော် ဘယ်တုန်းက သိခဲ့မှန်းတောင် မမှတ်မိတဲ့ လူတွေကိုလည်း Block လုပ်ပါတယ်။ နေ့တိုင်း အွန်လိုင်း ဖြစ်ပေမဲ့ စကားမပြောဖြစ်၊ ပြောစရာ စကားမရှိတဲ့ လူတွေကိုလည်း Block လုပ်လိုက်ပါတယ်။

ကျနော် အခု Blocked list ကို ပြန်ကြည့်တော့
တချို့လူတွေဆို ကျနော် သူတို့ ဘယ်သူတွေ ဆိုတာ သိပါတယ်။ ဒါပေမဲ့ စကား မပြောဖြစ်လို့ ကျနော် Block လုပ်လိုက်ပါတယ်။ Forum တုန်းက သူငယ်ချင်းတွေ များပါတယ်။ ကျောင်းတုန်းက သူငယ်ချင်း ဆို... ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ mail တစ်ခုတည်းကိုသာ Block လုပ်ခဲ့ပါတယ်။ နောက် တခြား မြန်မာပြည်က မိသားစုတွေ သတင်း ရနိုင်တဲ့ mail တွေလည်း Block လုပ်ထားပါတယ်။ ကျနော် ဘာမှ မလုပ်ပေးနိုင်ပဲ သတင်းတွေ ကြားနေရရင် စိတ်ဆင်းရဲတာက လွဲပြီး ဘာမှ အဖတ်တင် မကျန်ရစ်ခဲ့ တတ်လို့ပါ။

အပိုင်း (ခ)

ကျနော် အလုပ်များတယ်လို့ အတိအလင်း ကြေငြာထားတဲ့ လူတွေ၊ စကား ပြန်မပြောနိုင်ပါလို့ ကြေငြာထားတဲ့ လူတွေကိုဆို စကား သွားပြောလေ့ မရှိပါဘူး။ ကျနော်လည်း အားနာလွန်းပြီး ရသင့်တာတောင် ယူလေ့မရှိတဲ့ မြန်မာ တစ်ယောက်ပီပီ အားနာတတ်ပါတယ်။

တချို့လူတွေမှာတော့ ကျနော် စကားလှမ်းပြောရင် ပြန်မပြောတာမျိုး ရှိတတ်ပါတယ်။ တကယ်ဆိုရင်
ခွေးတစ်ကောင် သူများကို လှမ်းဟောင်ရင်တောင် ဟဲ့ခွေးလို့တော့ အနည်းဆုံး အော်ခံရနိုင် သေးတာပဲ။ ကျနော် လှမ်း နှုတ်ဆက်တာ လေးကို ပြန်မဖြေတော့ ကျနော် ခံစားရမလဲ စဉ်းစားကြည့်ပေါ့။

အလုပ်က ဒီနေ့ မပြီးရင် ကမ္ဘာကြီး ပျက်စီး သွားတော့မလောက် အလုပ် မတရား များပါတယ်ဆိုပြီး invisible မလုပ်ပဲ G-talk ဖွင့်ထား တာကတော့ အဓိပ္ပါယ် မရှိဘူးလို့ မြင်တယ်။
တခါတလေများဆို မီးလေးတောင် စိမ်းနေလိုက်သေးတယ် (Busy တောင် မလုပ်ထားဘူး)
  • Invisible ကို ခများတို့ G-mail ထဲမှာ ၀င်သုံးတဲ့အခါ လက်ဝဲဖက် ဘောင်က Chat box မှာ ၀င်ပြောင်းနိုင်ပါတယ်။
ကျနော် ဆိုလိုချင်တာက အေး သူငယ်ချင်း... ငါ အခုတော့ အလုပ်များနေတယ်... နောက်မှ အေးဆေး စကား ပြောတာပေါ့ ဆိုတာလောက်လေး မပြောသင့်ပေဘူးလား လို့ တွေးကြည့်တာပါ။

အခုတော့ ဘာမှ ပြန်မပြောတော့... အဲလို ဖြစ်တဲ့ အခါတိုင်း အခါတိုင်းမှာ အရင်ကလို ငါ့အပေါ်များ ဒီလူ တစ်ခုခု စိတ်ခုနေလို့လားလို့၊ ကျနော့်မှာ သူ့အပေါ်၊ သူနဲ့ အရင် ချက်တုန်းအချိန်က ဘာများ စကားမှားဖူးလဲ ဆိုတာ ပြန်စဉ်းစားပြီး ကိုယ့်ဟာကိုယ် ဘာကြောင့်မှန်း မသိ စိတ်မကောင်းဖြစ် နေတတ်တုံးပါပဲ။ ပတ်ဝန်းကျင်နဲ့ ၀င်ဆန့်အောင် မရောနှောတတ်တဲ့ ကိုယ့်အားနည်းချက် ကိုယ်သိလို့ ရထားသလောက် သူငယ်ချင်းတွေ အားလုံး အပေါ်မှာ ကျနော် အကောင်းဆုံး ကျနော် တတ်သလောက် မှတ်သလောက် အဆင်ပြေအောင် ဆက်ဆံပါတယ်။ ကျနော့်အပေါ် စိတ်ခုနေတယ်လို့ စိတ်ထဲ ထင်သွားရင် ကျနော် နေလို့ကို မတတ်တော့တာ အမှန်ပဲ။

ဒါပေမဲ့ ဒီတခါတော့ သူတို့ နာမည် Online ဖြစ်လာတိုင်း စိတ်ထဲမှာ တစ်ခုခု ခံစားမနေ ရတော့အောင် ကျနော် Block လုပ်ခြင်းနဲ့ ဖြေရှင်းမယ် စဉ်းစားထားပါတယ်။ ခများ အလုပ်များ (အရေးပါ) သလို ကျနော် အလုပ်မရှိ (အရေးမပါ) ပေမဲ့ ကျနော် ဟာလည်း ခများ မိတ်ဆွေ တစ်ယောက် အနေနဲ့ လေးစားမှု လေးတော့ လိုချင် ပါတယ်။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.