Sunday, October 5, 2008

[ထိပေ့သျှင်] 1 New Entry: ပေးစာ(၁)

ပေးစာ(၁)



မနေ့က ကျွန်တော့်ဆီကို စာနှစ်စောင်ရောက်လာတယ် ၊ တစ်စောင်က အိမ်က ၊ စာတိုက်ကနေ လာတာ ။ နောက်တစ်စောင်က သူငယ်ချင်းဆီက ၊ Mail ကနေလာတာ ။ အိမ်ကစာကတော့ အကြောင်း အထူးမပါပါဘူး မိသားစုရဲ့ ကျန်းမာရေး ၊ စီးပွာရေး သာကြောင်းမာကြောင်းတွေပေါ့ ။ ထူးထူးခြားခြား အစ်ကိုအကြီးဆုံးရဲ့သား ကျွန်တော့်တူလေးဆီက စာပါလာတယ် ။ သူကဒီနှစ် သူငယ်တန်းစတတ်တာကိုး ၊ မရေးတတ်ရေးတတ်နဲ့ ရေးထားတယ် ။ ဘာပဲဖြစ်ဖြစ် မိသားစုကရေးလိုက်တဲ့ စာဆိုတော့ စာရွက်ကိုမြင်ရတာနဲ့ တင်ပျော်ပါတယ် ။ ဖေဖေနဲ့ မေမေရဲ့ လက်ရေးတွေမြင်ရတာလဲ အားတစ်ခုပေါ့။
အိမ်ကစာဖတ်ပြီးတော့ သူငယ်ချင်းပို့လိုက်တဲ့ စာကိုဖတ်ဖို့ မေးလ်ကိုဖွင့်လိုက်တယ် ။ သူငယ်ချင်းပို့ပေးတဲ့ စာကထူးထူးခြားခြားတော့ မဟုတ်ပါဘူး ။ ဘလော့ဂ်ရေးတဲ့ ဒေါ်သဒ္ဓါက ကျွန်တော်တို့ ရုရှားမှာပညာသင်နေတဲ့ ကျောင်းသားတွေကိုပေးတဲ့ စာပေါ့ ။ ဒေါ်သဒ္ဓါ ရဲ့အခေါ် ကဗျာပေါ့ ။ မြန်မာပြည်သားချင်း တူအရီး အရွယ်မို့ ဒေါ်လေးပေါ့ဗျာ ။ ဒေါ်လေးသဒ္ဓါက " အမိမြန်မာပြည်၏ သားမောင်သို့ ပေးစာတစ်စောင်" လို့ ခေါင်းစဉ်တပ်ထားတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ ရုရှားပညာ တော်သင်အားလုံးကို ပေးတာလို့ယူဆလိုက်ပါတယ်။
တူမောင်တို့ ရုရှားမှာ ပညာသင်နေတဲ့ လူအများစုထဲမှာ ဘလော့ဂ်ရေးတဲ့သူ တစ်ချို့ရှိသလို ဘလော့ဂ်လိုက်ဖတ်တဲ့သူ တစ်ချို့လည်းရှိပါတယ် ။ ခက်တာက ဒေါ်လေးသဒ္ဓါ ရေးတဲ့စာ ( ဒေါ်လေးရဲ့အခေါ်ကဗျာ ) ကို ဘယ်သူမှ စာပြန်မပေးကြဘူးဗျ ။ တူမောင်ကတော့ ဒေါ်လေးသဒ္ဓါရဲ့ စေတနာကို အားနာသောအားဖြင့် စာပြန်သင့်တယ်လို့ပြောတော့ သူငယ်ချင်းတစ်ယောက်ကပြန်ပြောတယ် ။ သူပြောတာ နည်းနည်းတော့ ရိုင်းတာပေါ့ဗျာ ။ ကန်တော့ဒေါ်လေးရေ .." ခွေးလေးခုန်လို့ ဖုန်မထပါဘူး" တဲ့ ။ အတော်ဆိုးတဲ့ကောင် ၊ လူကြီးကိုပြောစရာလား ..
ထားပါတော့ဗျာ .. ဒေါ်လေးသဒ္ဓါရဲ့ စာအကြောင်းဆက်ရအောင် ။ တူမောင်က စစ်သားဆိုပေမယ့် အနုပညာတော့ အတော်လေးစိတ်ဝင်စားပါတယ် ။ အထူးသဖြင့် ကဗျာပေါ့ ။ ဒေါ်လေးသဒ္ဓါ ကလည်း ဒေါ်လေးရေးတဲ့ စာကို ကဗျာလို့ပြောထားလေတော့ မေးချင်လို့ပါ ဒေါ်လေး ။ တူမောင် သိမိသလောက်ကတော့ မြန်မာကဗျာလောကမှာ အမျိုးသားရိုးရာဟန်(ဂန္ထ၀င်)နဲ့ ၊ အမျိုးသားခေတ်ပေါ်ဟန်(မော်ဒန်) ဆိုပြီး နှစ်မျိုးခွဲတယ်ဗျာ ။ အမျိုးသားရိုးရာဟန်မှာဆို အခြေခံကာရံ ၇ မျိုးကနေအစပြုပြီး လင်္ကာ ၊ ပျို့ ၊ ရတု ၊ မော်ကွန်း ၊ လူးတား ၊ တမ်းချင်း ၊ အိုင်ချင်း အစရှိသဖြင့် ကဗျာ အမျိုးအစား ၁၄ မျိုးရှိတယ်လို့ မှတ်ဖူးပါတယ် ။
တစ်ချို့ ကဗျာတွေကို တူရိယာနဲ့တွဲဖက်ပြီး သီဆိုခဲ့ကြလို့ ဂီတ(သီချင်း) လို့ခေါ်တဲ့ ကဗျာအမျိုးအစားတွေလဲ ရှိပါတယ် ။ ရကန် ၊ ကာချင်း ၊ အဲချင်း ၊ အိုင်ချင်း ၊ လေးချိုး ၊ သံချို ၊ ယိုးဒယား ၊ ပတ်ပျိုး ၊ ကြိုး … အစရှိသဖြင့် ၂၂ မျိုးရှိပါတယ် ။ အဲလို အစဉ်အလာကြီးမားတဲ့ မြန်မာ့ဂန္ထ၀င်ကဗျာ စာရင်းမှာ ဒေါ်လေး သဒ္ဓါရေးတဲ့ ၊ ဒေါ်လေးခေါ်တဲ့ ကဗျာ ပုံစံမပါဘူးဗျာ ။ တူမောင်ဝမ်းနည်းပါတယ် ။ ဒါနဲ့ပဲ တူမောင်လည်း အမျိုးသား ခေတ်ပေါ်ဟန်ဘက်ကို ပြောင်းရတော့တာပေါ့ ။
အမျိုးသားခေတ်ပေါ်ဟန်ရဲ့ အစလို့ပြောရမယ့် ဆရာဇော်ဂျီ ဆရာမင်းသုဝဏ် တို့ရဲ့ ခေတ်စမ်းကဗျာ ၊ နောက် မိုးဝေ ကဗျာဗျား ၊ နောက်ဆုံး လက်ရှိ ဆရာမောင်ချောနွယ်ရဲ့ အရပ်သားစကားပြောလေသံစနစ်ကနေ အခုနောက်ပိုင်း ပို့စ်မော်ဒန် ကဗျာတွေ အထိပေါ့ ၊ သိပ်အဆင်မပြေဘူးဗျာ ။ ဒါနဲ့ပဲ ဆရာအောင်ဝေးပြောတဲ့ စကားပြောလေသံစနစ်ပေါ့ ၊ အင်း… မျက်စိမှိတ်ပြီး ဟုတ်လိုက်ပါတယ် ။ ဒေါ်လေးက စကားပြောသလို ရေးထားတာဆိုတော့ အဲလောက်တော့ လက်ခံပါတယ် ။ ရေပက်မ၀င်ဆိုတာမျိုးထင်ပါတယ်ဗျာ။ ဒါနဲ့ပဲ နရီ ၊ စည်းဝါး ၊ ရသမ် လိုက်ကြည့်တယ် အဆင်မပြေဘူးဒေါ်လေးရယ် ။
ဒါဆို ဆရာစိုင်းဝင်းမြင့်ပြောတဲ့ အပြောနဲ့ အပြ ၊ မဆိုးဘူးဗျ အပြောတွေတော့ တွေ့တယ် ၊ ရေပက်မ၀င်ဆိုတာမျိုးလားတော့မသိဘူး ။ နိမိတ်ပုံ ဆိုတာဘာပါလိမ့်ဆိုပြီး ထပ်ရှာတယ် ။ ဒေါ်လေး ရေးတဲ့ စာထဲမတွေ့ပါဘူး ။ အင်း.. ခက်တော့ခက်နေပါပြီ ။ ဆရာသန်းမြင့်အောင် ကတော့ တစ်ချို့ကဗျာတွေကို ပန်းချီဝါဒ သဘောတရားတွေနဲ့ ခံစားပြီးရေးတယ်တဲ့ ။ တော်ပါပြီဗျာ ဆက်မရှာတော့ ပါဘူး ။ တော်ကြာ ဒေါ်လေး သဒ္ဓါ တူမောင်ပြောတဲ့လူတွေ အကြောင်းအရာတွေလိုက်ရှာနေရရင် အလုပ်ရှုပ်နေဦးမယ် ။ တော်ကြာ တရားစာအုပ်ဖတ်ချိန်လျော့နေပါ့မယ် ဒေါ်လေး ။
တစ်ခုတော့ရှိတာပေါ့ ဒေါ်လေးသဒ္ဓါရယ် ။ " စာရွက်ပေါ် ဗလာထက်တော့ သာပါတယ် " ၊ တူမောင်ဖြေသိမ့်နိုင်ပါတယ် ။ ဂန္ထ၀င် ၊ ခေတ်စမ်း ၊ မိုးဝေ ၊ မော်ဒန် ၊ ပို့စ်မော်ဒန် ကဗျာများရဲ့နောက် ဒေါ်သဒ္ဓါ ကဗျာခေတ်ရောက်တော့မည်လော ဆိုပြီး တွေးရတော့မယ့် အတိုင်းပဲဗျ ။ နောက်ပြီး တူမောင်က ကဗျာနဲ့ အသက်မွေးဝမ်းကျောင်းတာ မဟုတ်လေတော့ ဆက်ပြီးတော့လည်း ချဲ့မတွေးတတ်ဘူးဗျာ ။ ( အနုပညာ အသက်မွေးတာကို ပြောတာပါ ၊ စားဝတ်နေရေးအတွက် ကဗျာရေးပြီး အသက်မွေးတယ်လို့ မဆိုလိုပါ )
ထားပါတော့ဗျာ ဒေါ်လေးသဒ္ဓါရဲ့ ကဗျာဆိုတာကြီးကို ပုံသဏ္ဍန် ထပ်မရှာတော့ပါဘူး ။ စာပါ အကြောင်းအရာ ကိုပဲ ဆက်တော့မယ်ဗျာ ။ ဒေါ်လေးက
ရုရှမှ ပညာလာသင်…
အမောင် စစ်သား..သားမောင်များတို့ .. လို့ရေးထားတယ်ဗျ ။ အမှန်က တူမောင်တို့က မြန်မာပြည်မှ ရုရှားသို့ ပညာလာသင်တာပါဒေါ်လေး ရုရှမှ မဟုတ်ပါဘူးဗျာ ။ နောက်ပြီး
BIA, BDA, ကဲ့သို့ 
ပြည်သူမှ ဖွဲ့ စည်းထား..တပ်မတော်သားများမဟုတ်။ လို့ပြောထားသေးတာကိုး ဟုတ်တော့ဟုတ်သား ဒေါ်လေးရ ကျွန်တော်တို့က ပြည်သူကနေဖွဲ့စည်းထားတာတော့ မဟုတ်လေဘူးဗျ ။ ပြည်သားတွေနဲ့ပဲ အဓိကဖွဲ့ စည်းထားတာပေါ့ ။ အင်း.. အစ္စရေးမှာတော့ ပြည်သူတွေနဲ့ ဖွဲ့စည်းတဲ့တပ်ရှိတယ်ဗျ ။ ဒေါ်လေးလဲ အစ္စရေးမှာ လူမဖြစ်တာ ကံအတော်ကောင်းတယ်နော။ နို့မို့ သေနတ်ကြီးတစ်ကားကားနဲ့ ဒေါ်လေးကို အင်ဂျလီနာဂျိုလီတို့ ထိုင်ငိုသွားနိုင်လောက်တယ် ။
ချောဆွဲထားတဲ့ ခလေး စစ်သား။
အဖေ စစ်မျိုး..အိမ်တော်ပါ ကျွန်မျိုး.
ပြည်သူမပါ..သူ့ လူချည်းသာ။ ဆိုတာလေးလည်း စာထဲပါသေးတယ်နော် ဒေါ်လေး ။ ဟုတ်ကဲ့ ချောဆွဲထားတဲ့ ကလေးစစ်သားဆိုတာ ကတူမောင့် အထင်တော့ ချောလို့ဆွဲထားတာလို့ ထင်တာပဲ ။ အဲဒါကြောင့်ခုနောက်ပိုင်း မြန်မာမင်းသားတွေ ချောတဲ့လူနည်းသွားတာလားပဲ ။ နောက်တစ်ခုက အဖေစစ်မျိုး အိမ်တော်ပါကျွန်မျိုးဆိုတာ ပေါ့ ။ တူမောင်တို့ အထဲတော့ အဲလိုမတွေ့ဖူးဘူးဗျ ။
အဖေက နိုင်ငံရေးကြောင့် ပြည်ပြေးဖြစ်လို့ နိုင်ငံရေးသမား ဖြစ်ရတာမျိုး ၊ ယောကျာ်း ၊ မိန်းမက နိုင်ငံရေးလုပ်လို့ လိုက်လုပ်လိုက်ရတာမျိုး ၊ ချစ်သူရည်းစားက နိုင်ငံရေး လို့ လိုက်ပြီး နိုင်ငံရေးရတာမျိုး ၊ နိုင်ငံရေးလုပ်တဲ့ သူငယ်ချင်းနဲ့ အတူ အရက်ဆိုင်ထိုင်မိရင်း နိုင်ငံရေးသောက်မိသွားပြီး နိုင်ငံရေးမူးတာမျိုး မရှိပါဘူး ။ နိုင်ငံအတွက်ပါလို့ ဆိုပြီး စကားလုံးခပ်ကြီးကြီးသုံးပြီး စစ်ထဲဝင်လာတာတော့ မဟုတ်ပါဘူး ။ စစ်သားတစ်ယောက်ဖြစ်ချင်လို့ကို ၀င်လာတာပါ ။
နောက်ပြီး တူမောင်တို့သူငယ်ချင်းတွေထဲ မမွေးသေးတဲ့ ခေတ်ကအကြောင်းအရာတွေကို ကိုယ်တိုင်ကြုံဖူးသလို ၀ါးတားတား ပြောတတ်တဲ့လူလဲမရှိပြန်ဘူး ဒေါ်လေးရ ။ စီစီဝမ်တာပန် တုန်းကဘယ်လို ၀မ်ခသစ်တုန်းက ဘယ်လို ၊ ဆိုပြီး ကိုယ့်အသက်ထက်ကြီးတဲ့ ခုနှစ်က အကြောင်းအရာတွေလဲ မပြောတတ်ဘူးဗျ ။ အဲဒီတော့လည်း ၁၉၈၈ တုန်းကမွေးတဲ့ လူတွေ ဆဲသမျှလှိမ့်ခံရတော့တာပါပဲ ဒေါ်လေးရာ ။
လက်မသွက် ရင်..အဖျင်းသလဲဘဲကျန်။
ပြည်သူ့ အတွက်ကျ ဘာမှမချန်။ အဲဒါလဲမှန်ပြန်ရော ဒေါ်လေးရာ ။ လက်မသွက်ရင် အဖျင်းပဲတစ်ကယ် ကျန်ခဲ့တာဗျ ။ သတင်းရလို့ သစ်တောထဲ လိုက်ပါတယ် ၊ လက်သွက်တဲ့ ကောင်တွေခုတ်သွားလို့ လူမပြောနဲ့ သစ်ပင်တောင် မကျန်တော့ဘူးဗျာ ။ ဖြစ်ပုံက အဲလို .. အဲလို ။ ပြည်သူအတွက်က ချန်လို့မရဘူးဗျ မိုင်းနင်းမိသမျှ ခြေထောက်တွေ ၊ ကျည်ဆံဖြတ်သွားတဲ့ အစိတ်အပိုင်းတွေ ၊ ရောဂါဝင်သွားတဲ့ ခန္ဓာကိုယ်တွေက အစရှာမရတာက မရ၊ ပုပ်တာကပုပ် ၊ တိုတာကတို ဆိုတော့ကာ ဘယ်ချန်လို့ ရလိမ့်မတုန်း ဒေါ်လေးရာ။ ငါးပိနဲ့ငှက်ပြောအူစားနေတဲ့ ခန္ဓာကိုယ်တွေက ချိစ် နဲ့ ပေါင်မုန့်စားနေတဲ့ ကီးဘုတ်ပေါ်က လက်တွေလောက်တော့ ဘယ်အထားခံပါ့မလဲ ဒေါ်လေးရယ် ။ ဒေါ်လေးတို့ကရေခဲသေတ္တာနဲ့နေရတာကိုး ။ တူမောင်တို့က ကျောကချွေးနဲ့ ပြန်အေးရတာဆိုတော့ နည်းနည်းတော့ နံတာပေါ့ ဒေါ်လေးရယ် ။
ရာထူးလေး တစ်နေရာ..
ခိုးစားကောင်းမဲ့ နေရာ
အမျိုးများ ကောင်းစားမဲ့နေရာ..
နိုင်ငံခြားသွား ပညာတော်သင်ဖို့ ရာ..
ပေးရတဲ့ လာဘ်..ပြုံးရတဲ့ အပြုံး..
ဒေါ်လေးက အဲလိုလေး ရေးထားတော့ တူမောင်လည်း ပြောရမှာပေါ့ဗျာ။ နိုင်ငံတော်က ပညာတော်သင် သွားဖို့ဆိုပြီး သင်တန်းတွေပေး ၊ ထောက်ပံ့ကြေးတွေပေး ဒီကြားထဲ အမေကပါပြောသေးတယ် " သူများတွေ နိုင်ငံခြားထွက်ဖို့ သိန်း သုံးလေးဆယ်ကုန်တာတောင် အာရှကို မကျော်ပဲ သူများနိုင်ငံမှာ အောက်ခြေသိမ်း အလုပ်လုပ်နေရတာ အများကြီး ၊ မင်းကို နိုင်ငံတော်က ထောက်ပံ့ကြေး ပေးပြီး အေးအေးလူလူ ဥရောပမှာ မျက်နှာမငယ်ပဲ ပညာသွားသင်ခိုင်းနေတာ ငါတို့အမျိုးထဲ အရင်ကတစ်ယောက်မှ ရှိတာမဟုတ်ဘူး ၊ ဒါကိုမှ မသွားလို့ကတော့ အမွေပြတ်ပဲ" တဲ့ ။
အဖေကလဲ ထပ်ပြောသေးတယ် " တို့ အမျိုးထဲ ဘယ်သူမှ နိုင်ငံရေးလုပ်နိုင်တာ မဟုတ်ဘူး ၊ မင်းတစ်ယောက် ပဲ လုပ်နိုင်တာ ၊ တို့ ကိုချစ်မနေနဲ့ တိုင်းပြည်ကိုပဲချစ် ၊ တိုင်းပြည်အတွက် မင်းတို့လူငယ်တွေကမှ ကိုယ်ကျိုးမစွန့်ရင် ဘယ်သူကစွန့်မှာလဲ ။ မင်း ပါးစပ်ကနေပဲ တိုင်းပြည်ကို ချစ်ပြမနေနဲ့ ၊ ပါးစပ်ကနေ လူတိုင်းချစ်တတ်တယ် ၊ တစ်ကယ်ချစ်ရင် တစ်ကယ်လုပ်ရမယ် ၊ မင်းရှေ့တန်းမှာ သေနတ်ပစ်ခဲ့ရုံနဲ့ တာဝန်မကျေသေးဘူး " တဲ့ ။ အဲဒီတော့ ဒေါ်လေးရယ် ကျွန်တော့်မှာ ပညာတော်သင်သွားဖို့ ပေးရတဲ့ လာဘ်က အမိမြန်မာပြည်ကို ခွဲရတာနဲ့ ၊ ပြုံးရတဲ့ အပြုံးက အိမ်ကိုလွမ်းလို့ မချိသွားဖြဲလေး ပြုံးရတာပေါ့ဗျာ ။
ခိုးတာတောင် ဒီလောက်မလွယ်။
တစ်အုပ်စုလုံး..ငတ်ကြီးကျ။
ဆင့်ပါးစပ်ထဲ နှမ်းစေ့ သိပ်မကျ။
လူ၁၀၀ မှာ ကောင်းတာ တယောက်ဘဲရ..
မှန်ပြန်ရော ဒေါ်လေးရာ ကျွန်တော်တို့ မြန်မာပြည်မှာက တစ်အုပ်စုလုံးငတ်ကြီးကျနေကြတာဗျ ။ ၁၀ တန်းအောင် ဘွဲ့လေးရတာနဲ့ နိုင်ငံခြားထွက်ချင်တဲ့ အငတ်ရောဂါ ၊ ပြည်တွင်းမှာဆို အဆိုတော်လုပ်ချင် မင်းသားလုပ်ချင် ၊ နာမည်ကြီးချင်တဲ့ အငတ်ရောဂါ ၊ ရုတ်ရုတ် သဲသဲ ဖြစ်ရင် ဘာမသိ ညာမသိ လက်သီးလက်မောင်း ထတန်းချင်တဲ့ နိုင်ငံရေး အရူးထ အာဏာငတ်ရောဂါ နဲ့ ငတ်နေကြတာဗျာ ။ ဒေါ်လေးပြော သလို လူ ၁၀၀ မှာကောင်းတာ တစ်ယောက်ပဲ ရဆိုသလို သန်း၆၀ နီးပါးရှိတဲ့ မြန်မာပြည်မှာ စစ်အင်အားကျတော့ အလိုပြတုန်းဗျ ။
စစ်သားလုပ်ချင်တဲ့ အငတ်ရောဂါကျတော့ မထကြဘူး ။ စစ်သားမကောင်းကြောင်းပြောချင်တဲ့ အငတ်ရောဂါပဲ ထနေကြတယ်ဗျာ ။ တစ်ကယ်ဗျာ ။ နာမည်လေးများကြီးမယ်ဆိုလို့ကတော့ ဘယ်သူ့အဖေခေါ်ရ ခေါ်ရ ၊ ဘယ်သူ့ အမေခေါ်ရ ခေါ်ရ ဆိုတာတွေက ဒုနဲ့ဒေး။ အဖေရင်းနဲ့ အမေရင်းမွေးနေကြမေ့ထားပြီး ကိုးစားအဖေ၊ အမေ တွေကြတော့ အတင်းမွေးနေ့ပွဲတွေလုပ်။ အနှစ်သာရဆိုတာ ဘာမှမသိဘူး ဒီမိုကရေစီ လို့ခေါ်ရင် နောက်က သျှိုး လိုက်မယ့် ဝေလေလေသမားတွေက တစ်ပုံတစ်ပင် ။ ခက်ပါတယ် ဒေါ်လေးရယ် …
နိုင်ငံခြားရောက်ရင် လက်ရင် လက်ရှိအုပ်ချုပ်တဲ့ အစိုးရကို ပြန်ဆဲရမယ်လို့ မိဘကသင်ပေးတဲ့ အတိုင်းပဲ ခပ်ရိုင်းရိုင်းအော် ။ ဘုရားမှာ အလှူလုပ်နေတဲ့ အချိန်မှန်းလည်းမသိ ၊ ဘုန်းကြီးဆွမ်းကပ်နေချိန်မှန်းလည်းမသိ ၊ ဘုရားဝတ်ပြုနေချိန်မှန်းလည်းမသိ ကိုယ့်အဘိုးလောက်ရှိတဲ့ နိုင်ငံခေါင်းဆောင်ကို နင်ပဲငဆ ၊ မအေ နှမ ကိုင်တုတ် တဲ့ရောဂါကလည်း အတော်ဆိုးသားဗျ ။ ဒေါ်လေးရေး မိလိုက်တာလည်းရှိပါသေးတယ်။ သတိမမူလို့ပဲလားတော့မသိဘူးဗျ။ ဆင့်ဟိုဒင်းခွေးမျှော်ဆိုတာလေ။ ယဉ်ကျေးမှု လောကနီတိ ဆိုတာတွေနဲ့ အလှမ်းဝေးလေခဲ့ရောသလား။ ပထမတန်း ဖတ်စာအုပ်ထဲက ကဗျာလေးရွတ်ပြမယ်ဒေါ်လေးရေ။ "တစ်ယောက်စကားတစ်ယောက်နားမှာ မခါးရအောင် သတိဆောင်၍ မောင်တို့ဆိုလေ ပျားသကာလို ချိုလှစေ။" ဒီလိုကိစ္စလေးတွေက ကျွန်တော်တို့ ယဉ်ကျေးတဲ့မြန်မာအသိုင်းအဝိုင်းထဲမှာဆို ပြောလောက်တဲ့ စကားတော့ မဟုတ်ဘူးဗျ။
ရုရှားက မြန်မာစာလေ့လာနေတဲ့ ရုရှားသူငယ်ချင်းကို မြန်မာဘလော့တွေပြမိပါတယ် ။ သူက cBox ထဲက မအေ နှမ စာသားတွေကို ဘာအဓိပ္ပါယ်လဲ လာမေးတော့ ဖြေရခက်ကြီးဒေါ်လေးရာ ။ "မင်းတို့က အချင်းချင်း အဲလိုပဲနှုတ် ဆက်သလားတဲ့" ။ တော်သေးတာပေါ့ သူကမြန်မာစာ သင်ကာစမို့ ။ နို့မို့ မတွေးရဲဘူးဒေါ်လေးရယ် ။
နျူကလီယာ ဓါတ်ရောင်ခြည်သင့်..
ဘရိန်ကျူမာ ဖြစ်မှာက သင်။။
ဆိုတဲ့ စာသားကတော့ ထိပါ့ဒေါ်လေးရာ ။ အမှန်ပဲ ။ တူမောင်တို့က ကမ္ဘာ့စွန့်ဦး တီထွင်သူတွေ မဟုတ်ပါဘူး ဒေါ်လေး ။ တိုင်းပြည်ကို တစ်ကယ်ချစ်တဲ့ လူတွေက ဘရိန်းကျူမာဆိုတဲ့ ကိစ္စကိုမစဉ်းစားပါဘူး ။ ဘာလို့လဲဆိုတော့ တူမောင်တို့က အင်တာနက်စာမျက်နှာပေါ်ကနေချစ်တာမဟုတ်ဘူး ဒေါ်လေးရဲ့ ။ " နိုင်ငံရေးဆိုတာ လမ်းပေါ်မှာ ဆူးကိုင်းတစ်ခုကျနေတာကို ကောက်ပြီး အမှိုက်တောင်းထဲ ပစ်တာလဲ နိုင်ငံရေးပဲ" လေဒေါ်လေးရ ။ မျိုးဆက်မရေရာဘူး ၊ ရာထူးအာဏာ မသေချာဘူး ၊ အသက်လည်း မရှည်ပါဘူးဆိုတဲ့ အဲဒီ အလုပ်ကို လက်ရှိ နိုင်ငံတစ်ကာ ရော ပြည်တွင်းမှာပါ နာမည်ကြီးဆိုတဲ့ မြန်မာ့နိုင်ငံရေး သူရဲကောင်းကြီးများက လမ်းပေါ်တက် သပိတ်မှောက်အော်ဖို့လောက် စိတ်မ၀င်စားပါဘူး ဒေါ်လေးရယ် ။
ဒေါ်လေးတောင် အကြားနဲ့တင်ကြောက်နေတဲ့ အဲဒီပညာရပ်တွေကို လက်တွေ့သင်နေတဲ့ တူမောင်တို့က နိုင်ငံကိုမချစ်ပဲ နိုင်ငံအတွက်မဟုတ်ပဲ ဘယ်သူ့အတွက်များ အနစ်နာခံလုပ်နေတာပါလဲလို့ မြန်မာ့ရဲရဲတောက် နိုင်ငံရေး သမားကြီးများကို ကျေးဇူးပြုပြီး တစ်ဆိတ်လောက်မေးပေးပါလားဒေါ်လေး … ။
ဒီလောက်မွဲပြာကျ..
ကမ္ဘာ့ အဆင်းရဲဆုံးတိုင်းပြည်က
နျူကလီယားနဲ့ ထိုက်တန်ပြီလား။
တဲ့ ။ ဒေါ်လေးရယ် အိမ်ပိုင်ရှိမှ တယ်လီဗေးရှင်းဝယ်ရမယ်ဆို ရွာက တူမောင်တို့အမျိုးတွေ ၊ ဒေါ်လေးတို့ အမျိုးတွေ အွန်စော တို့ ဒါရိုက်တာရင်တို့ သိမှာတောင်မဟုတ်ဘူး ။ နျူကလီးယားဆိုတာက နိုင်ငံချမ်းသာလို့ ဇိမ်ခံဖို့သုံးတဲ့ ပစ္စည်းမှမဟုတ်တာဒေါ်လေးရာ ၊ နိုင်ငံချမ်းသာဖို့ နျူကလီးယား လုပ်တာလေဒေါ်လေးရ ။ အဲဒါကြောင့်ပြောပါတယ် ဒေါ်လေးကို ဓာတ်ကြီးလေးပါးလောက်နဲ့ ကျေနပ်မနေပါနဲ့တော့လို့ ။ အင်းလေ .. ခေတ်လို့ပဲပြောရမလား ဒေါ်လေးရယ် ။ လက်ရှိအစိုးရဘာလုပ်လုပ် အဆိုးပဲမြင်နေတာကိုး ။ အဲဒါကြောင့်ပြောပါ တယ် ဒေါ်လေးကို ။ ရင်ဘတ်ထဲက အနှုတ်တွေ ထုတ်ပစ်ပါလို့ ။ အနှုတ်နဲ့ဆို ဘယ်ကိန်းဂဏန်းပဲ ဖြစ်ဖြစ် အနှုတ်ကလွဲရင် တန်ဖိုးလျော့သွားတာ ဒေါ်လေးသိလောက်မယ်ထင်တာပဲ ။
နောက်ဆိုဒေါ်လေး တူမောင်တို့ဆီ စာရေးရင် သတိတော့ထားဒေါ်လေးရ ။ တူမောင်တို့က ကျောင်းတက်နေတာဆိုတော့ စာချက်ချင်းမပြန်နိုင်ဘူး ။ မပြန်ပဲနေတော့လဲ မကောင်းပြန်ဘူးလေ ။ တော်ကြာ တူမောင်တို့က စာမပြန်လို့ ဒေါ်လေးဘလော့ Hits မတက်ပဲ အသက်ဆက်လို့မရရင် လူကြားမကောင်းပါဘူးဒေါ်လေးရယ် ။ နောက်ပြီးတူမောင်တို့က မပြောမဖြစ်ပြန်ပြောဖို့ လိုအပ်တာတဲ့အချိန်မှ စာထပြန်လိုက်တာ မကြာပါဘူးဒေါ်လေးရယ်။ ဒေါ်လေးမှာက အလုပ်ကတစ်ဘက် ၊ မြန်မာပြည်က စာကလေးအမွှေးကျွတ်တဲ့ ကိစ္စတွေကို ကမ္ဘာပျက်လောက်အောင် ခံစားပြီးသတင်းရေးရတာက တစ်ဘက် ။ လကုန်ရင် ထောက်ပံ့ကြေးမရ မှာစိုးလို့ ဘလော့ဂ် Hits တက်အောင်လုပ်ရတာ တစ်ဘက်နဲ့ ပင်ပန်းပါတယ် ။
တူမောင်တို့အတွက် ဘာမှမစိုးရိမ်နဲ့သိလား ။ တူမောင်တို့က လကုန်ရင် ပညာသင်ထောက်ပံ့ကြေးက ပူစရာမလိုဘူး ။ နောက်ပြီး ကျောင်းမှာလဲ နေရာပေးလွန်းတော့ ခပ်အေးအေးနေချင်တောင် မနေရပါဘူး ဒေါ်လေးရာ ။ သူတို့ကမြန်မာဆို သိပ်အထင်ကြီးတာ ။ ခက်တာက ဒီကမြန်မာတွေသင်တဲ့ ဆရာမတွေကလဲ တစ်ခြားနိုင်ငံက မြန်မာတွေ မမြင်ဖူးတော့ အထင်ကြီးချင်တာ မဆန်းပါဘူး ။ နောက်ပြီး ဒီမှာကလဲ မြန်မာဆို ကျောင်းသားပဲရှိတာကိုး ၊ ခပ်ရှုပ်ရှုပ်လုပ်မယ့်သူတွေ အလုပ်သမားတွေ ၊ ဂယောင်နိုင်ငံရေး သမားတွေလည်းမရှိတော့ သူတို့အထင်ကြီးတာမဆန်းပါဘူး ။
ကဲ စာလည်းတော်တော်ရှည်သွားပြီ ဒေါ်လေးရေ ။ တူမောင်လည်း နားဦးမယ် ။ နားဦးမယ်ဆိုလို့ တူအရီး အချင်းချင်း မနာလိုမရှိနဲ့နော် ။ ကောင်းတာလုပ်ရင်တာ့ ကောင်းကျိုးက လက်ငင်းဒိဌ ရတာကလားဒေါ်လေးရ ။
သြော်…ပြောရဦးမယ် ဒေါ်လေးရေ.. တူမောင့် အစ်ကိုကြီးရဲ့ သား ( တူလေး) က သူရေးတဲ့စာထဲမှာ သူသင်ရတဲ့ကဗျာ တစ်ပုဒ် တူမောင်ဖတ်ဖို့ဆိုပြီး ရေးထည့်ပေးလိုက်တယ်ဗျ ။ မဆိုးဘူးဗျ ဒီကောင် စာလုံးပေါင်း အတော်တော့မှန်သား ။ ငယ်သေးလို့ထင်ပါတယ် ။ ကြီးလာတော့ ဒေါ်လေးတို့ဆို မျက်လုံးတွေ မကောင်းတော့ဘူးဆိုတော့ အမှားအယွင်းတော့ရှိတာပေါ့ ။ တူမောင်တို့တော့ ဖတ်နိုင်ပါတယ် ။ တူလေး ကိုတော့ သွားမပြနဲ့ဗျ . သူကစာလုံးပေါင်းမှားရင် ဆရာမရိုက်မှာဆိုးလို့ဆိုပြီး ဒေါ်လေးစာ မဖတ်ပဲနေဦးမယ် ။ သူရေးပေးလိုက်တဲ့ ကဗျာလေးက " ဖိုးစလုံး" တဲ့
"ဖိုးစလုံး"
စလုံး စလုံး ဖိုးစလုံး
စောစောစီးစီး စာဆိုတုန်း
စာဆိုတုန်းမှာ ဗိုက်ကဆာ
ဆီဆမ်းစားဖို့ ထမင်းရှာ
အုပ်ဆောင်းအောက်လား စင်ပေါ်လား
စ စာ စာ့ စား
ဆ ဆာ ဆာ့ ဆား ။ တဲ့
ဒေါ်လေးလဲ ဘလော့ဂ်ရေးရင်း ဗိုက်ဆာရင် ဖိုးစလုံးကိုမေးပြီး တောင်းစားလိုက်ဗျာ ။ သြော်.. တစ်ခုတော့ရှိတယ် ရုရှားစာက နာမည်သိပ်မကြီးဘူးဗျ ။ မစားချင်နဲ့ ဒေါ်လေးရေ ။ အဆင်ပြေပါစေဗျာ ။
တူတော်မောင်

You received this email because you are subscribed to the real_time feed for http://platonicloveaugust4.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.