Sunday, October 5, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 1 New Entry: တံငါတဲ

တံငါတဲ

ကျွဲနဖားကို ကျွန်တော်ရောက်သွားတော့ နေစောင်းနေပြီ။ ရာသီဥတုက ကြည်လင်လင်းလက်နေတယ်။ ကျွန်တော် လိုချင်တာကလည်း ဒီရာသီမျိုးပဲ။ အရှိန်ပြင်းတဲ့ကျနေအောက်မှာ မြစ်ဆိပ်ကဆူညံ အသက်ဝင် နေတယ်။ ကျွတ်စီးနေတဲ့ သူတွေ၊ ဆိုင်ကယ်စီးရေဆေးနေတဲ့သူတွေ၊ ရေဆော့နေတဲ့သူတွေ၊ အ၀တ်လျှော်နေတဲ့သူတွေ၊ ဒုဋ္ဌ၀တီမြစ်ရေကို ပုံစံမျိုးစုံနဲ့ အသုံးပြုနေကြတဲ့သူတွေ အများကြီးပဲ။ ကျောက်ရိုးလုပ်ထားတဲ့ ကမ်းပါးထိပ်က ရပ်ကြည့်ရတဲ့ ရှုခင်းဟာ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မရိုးနိုင်တဲ့ ရှုခင်းပါ။ ကျွန်တော် ကျွဲနဖားရွာကလေးကို ချစ်တယ်။ ကျွဲနဖားကိုရောက်တိုင်း ဒီကမ်းပါးထိပ်ကရပ်ပြီး ရှုခင်းကို ကြည့်နေကြလေ။ ဒုဋ္ဌ၀တီမြစ်က ကျွဲနဖားရွာကို ရောက်တော့ အလယ်မှာ သောင်ထွန်းပြီး ရေစီးကြောင်း နှစ်ခုကွဲသွားတယ်။ ရွာဦးလောက်ကတည်းက စပြီးထွန်းလာခဲ့တဲ့ သောင်ပြင်ကြီးပေါ်မှာ ကိုင်းပင်တွေ ပေါက်နေတယ်။ အဲဒီသောင်ကြီးက ကျွဲနဖားရွာနဲ့ ခပ်လှမ်းလှမ်းမြစ်ကွေ့လေးအထိ ရွာက ကြည့်လို့ မမြင်ရတော့တဲ့ အကွာအဝေးထိအောင် ရှည်တယ်။ တခြားမြစ်တွေက သောင်တွေလို စိုက်လို့ပျိုးလို့မရတဲ့ ကိုင်းပင်တွေပဲပေါက်တဲ့ သဲသောင် သက်သက်ပါပဲ။
    ကြည်စိမ်းနေတဲ့ ဒုဋ္ဌ၀တီ မြစ်ရေရယ်၊ ဟိုးအဝေးကြီးမှာ မှိုင်းပြာညိုမောင်းနေတဲ့ ကျွဲနဖားတောင်ကြီးရယ်၊ အခုလို ညနေရီရဲ့ နေရောင်ခြည်တွေရယ်၊ ဒါတွေဟာ ကျွန်တော့်အတွက် စိတ် အပန်းဖြေနည်း တစ်ခုပါပဲ။ မြို့ပေါ်မှာနေရတဲ့ မွန်းကျပ်အချိန်တွေမှာ အာရုံထဲ အလွတ်ရမတတ် ရင်းနှီးနေတာ ဒုဋ္ဌ၀တီရှုခင်းပါ။ အခုလည်း မြစ်ကမ်းပါးထိပ်မှာ ရပ်ငေးရင်း ကျွန်တော် လိုချင်တဲ့အချိန် ကွက်တိ ၀င်လာတော့ ကမ်းပါးအောက် မြစ်ရှိရာကို ဆင်းလာခဲ့တယ်။ မြစ်ထဲက ကလေးတွေ၊ လူကြီးတွေရဲ့ အပျော်တွေကို ကူးစက်ခံစားရင်းပေါ့။ ကမ်းပါးခြေမှာ လွန်းတင်ဖို့ မှောက်ထားတဲ့ မော်တော်ကြီးရဲ့ ၀မ်းဗိုက်ပေါ် ကင်မရာအိတ်ကို တင်လိုက်တယ်။ နေလုံးကို မော့ကြည့်လိုက်တော့ မြစ်ရဲ့အနောက်ထိပ်မှာ နေလုံးကြီးက စီးမိုး နေပြီး မြစ်ထဲမှာ ပျော်နေတဲ့ မြစ်မင်းရဲ့ အဖော်တွေကို ရပ်တန့်နှုတ်ဆက်နေသယောင်။ နေလုံးရဲ့ အောက်ခြေဘက်စီမှာ ထန်းပင်တွေ ရှိနေတယ်။ ကင်မရာပေါက်က ချောင်းကြည့်လိုက်ပြီး Focus ကို ကစားလိုက်တဲ့အခါ ကျွန်တော် လိုချင်နေတဲ့ အနေအထားကို ရလာတော့တာပဲ။ ခလုတ်ကို တစ်ချက်နှိပ် လိုက်တိုင်း ကျွန်တော့်ရင်တစ်ခါခုန်သွားတယ်။ ကင်မရာချောင်းကြည့်ပေါက်က မြင်ရတဲ့ မြင်ကွင်းဟာ ဘယ် တော့မှ မရိုးနိုင်တဲ့၊ မတင်းတိမ်နိုင်တဲ့ မြင်ကွင်းလေ။ ကင်မရာကို မျက်စိရှေ့ကဖယ်ပြီး သဘာဝအတိုင်း ကြည့်နေမိပြန်တယ်။ ကျွဲနဖားရဲ့ Sunset က လူသိ နည်းတယ်။ မြစ်ထဲကနေပဲ ကြည့်ကြည့် ကမ်းပါးထိပ် ကပဲ ကြည့်ကြည့် စံမီတဲ့၊ တော်ဝင်တဲ့ Sunset ပါ။
    အာရှနိုင်ငံတစ်ခုရဲ့ ပြိုင်ပွဲတစ်ခုမှာ နှစ်သိမ့်ဆုရခဲ့တဲ့ ဓါတ်ပုံက ဒီကမ်းပါးထိပ်မှာ ရပ်ရင်းရခဲ့တဲ့ စိတ်ကူး အတွေးနဲ့ ရိုက်ချက်ဆိုတာသိတော့ ကျွန်တော့်ဘော်ဒါတွေ ကျွဲနဖားသွားဖို့ လောဆော်တော့တာပဲ။ ကျွန်တော် သတိရသေးတယ်၊ ကျွန်တော်ရယ်၊အောင်ကျော်ရယ်၊ စိုးလွင်ရယ်၊ မြင့်မောင်ရယ် လေးယောက်ပေါ့။ အခုလိုပဲ နွေရာသီကြီး မြစ်ကမ်းပါးအတိုင်း ရွာအနောက်ဘက် အတော်လှမ်းလှမ်းထိလျှောက်ခဲ့ကြတယ်။ အဘိုးကြီး၊ အဘွားကြီးနှစ်ယောက် တည်းနေတဲ့ မြစ်ကမ်းပါးထိပ်က တဲကလေးမှာ တစ်နေကုန် အချိန်ဖြုန်းကြတယ်။ အဲဒီခြံထိပ်ကကြည့်ရင် ရှုခင်း ကပိုလှတယ်။ နောက် တိတ်ဆိတ်ငြိမ်သက်ခြင်းက ကျွန်တော်တို့အတွက် အကောင်းဆုံး ရတနာတစ်ပါးပေါ့။ ရွာထဲမှာက ကလေးတွေအသံနဲ့ ဆူညံနေရုံတင်မကဘူး။ ကျွန်တော်တို့သွားတဲ့နောက် တကောက်ကောက် လိုက်ကြတာလေ၊ ကင်မရာ၊ သုံးချောင်းထောက်စင်နဲ့ လွယ် အိတ်တွေ လွယ်ထားတဲ့ ကျွန်တော်တို့တွေနေရင်း၊ ထိုင်ရင်း ရုံသွင်းပြခံရတဲ့သတ္တ၀ါလေးတွေလိုပဲ။ အဲဒီတော့ ရွာစွန်က ဘိုးတော်ဘွားတော်ခြံက ကျွန်တော်တို့အတွက် ကွန်းခိုရာ ဖြစ်ခဲ့တော့တာပေါ့။
    ခြံကလေးရဲ့ ကမ်းပါးက မတ်စောက်တယ်။ မိုးတွင်းမှာ လှိုက်ပြီး ရေတိုက် စားထားတော့ အခုလို နွေရာ သီဆိုရင် မြစ်ကမ်းပါးဟိုက် ပြီးရှိနေတာက ကျွန်တော်တို့ အရိပ်ရအောင် တမင်သက်သက် အမိုး မိုးပေးထားတဲ့ အတိုင်းပဲ။ စားစရာ (အဓိကကတော့ ထန်းရည်နဲ့ အမြည်း ပေါ့) တွေယူပြီး ကမ်းပါးအောက်က သဲပြင်ပေါ်မှာ စခန်းချကြတယ်။ အမြည်းလေးစားလိုက်၊ ထန်းရည်လေးသောက်လိုက်၊ သဲပေါ် မှာ လှဲအိပ်လိုက်၊ ကိုင်းပင်တွေ ကြားက ပျံလာတတ်တဲ့ ဟင်္သာတွေ စုန်ဆန်မြူးပြီ ဆိုရင် Tri Pot ရှေ့ရပ်ပြီး တစ်ကွက်၊ နှစ်ကွက်လောက် ရိုက်လိုက် အဓိကကတော့ Sunset ပါပဲ။ အဲဒီနေရာလေးမှာ သူတို့နဲ့ တွေ့ခဲ့တာပါ။
    ကျွန်တော်တို့က ကျွန်တော်တို့ စခန်းကို "မြလိပ်ကမ်းသာ"လို့ နာမည် ပေးထားတယ်။ ကျွန်တော် တို့ရဲ့အတွေးအာရုံတွေ ဖြန့်ကျက်နိုင်ဖို့အတွက် တိတ်ဆိတ်ငြိမ်သက်တယ်။လန်းဆန်း လတ်ဆတ်စွာ အသက် ရှူနိုင်တယ်။ နှစ်သက်မြတ်နိုးဖွယ် ရှုခင်းနဲ့ ပြည့်စုံတယ်။ ဒီစကားကို အကျယ်ပြောရရင် ရေ၊ မြေ၊ တော၊ တောင် လို့ ပြောတတ်ကြတယ် မဟုတ်လား။ ကျွန်တော်တို့ရဲ့ "မြလိပ်ကမ်းသာ"ဟာ အဲဒီ စကားကို လုံးစေ့ပတ်စေ့ အကျုံးဝင်တယ်လေ။ ကျွန်တော်တို့နဲ့ ၁၀ ပေ လောက် ဝေးတဲ့နေရာမှာ ကြည်စိမ်းနေတဲ့ ရေပြင်၊ ပေ ၂၀ လောက် ကျယ်တဲ့ရေရဲ့ ဟိုဘက်မှာ သောင်နဲ့ကိုင်းပင်တွေ၊ နောက် ကိုင်းပင် နောက်ခံမှာ ဟိုဖက်ကမ်းက သစ်ပင်အုပ်အုပ်၊ နောက်တော့ အဓိကရ စိတ်လှုပ်ရှားရတာ ဟိုးအဝေးကြီးက တိမ်ပြာပြာ တွေ၊ အလယ်မှာ ထင်ရှားမတ်တည် တွေ့ရတဲ့ မြလိပ်တောင်ပါ။ ကျွဲနဖားတောင်လို့လည်း ခေါ်တတ်ကြသေးတယ်။ အဲဒီလို ကျွန်တော်တို့ရဲ့အာရုံကို နှိုးဆွနိုင်မယ့် ရေ၊ မြေ၊ တော၊ တောင်တွေ ပြည့်စုံတဲ့ စခန်းလေးပါ။
    တစ်ရက်တော့ သောက်လိုက်၊ မြည်းလိုက် လုပ်နေတုန်း သောင်စွန်းကိုင်းပင် တွေ ကြားကနေ လှေတစ်စီး လှော်လာတာ တွေ့ရတယ်။လှေပေါ်မှာ ဘိုးတော် ဘွားတော် နှစ်ယောက်ရယ်၊ လူ ငယ်လေးတစ်ယောက်ရယ် ပါလာတယ်။ သူတို့ကလည်း ကျွန်တော်တို့ကို တွေ့သွားတော့ လှေကို ကျွန်တော်တို့ ကမ်းဘက် ကပ်လာတယ်။
    "ငါး ယူဦးမလား၊ ပုစွန်လဲပါတယ်" "ဘယ်လိုရောင်းလဲဗျ"
    "ဒီငါးက တစ်ကောင်လုံး ငါးရာပဲပေး၊ ပုစွန်က တစ်ကောင်ကို တစ်ထောင်ပဲ ပေး၊ ၂၀ သားတော့အသာ လေးရှိတယ်"
    ငါးကိုကြည့်ပြီး ကျွန်တော် တွန့်သွားတယ်။ ငါးရှဥ့်အကြီးစားလို၊ မြွေလို ရှည်ရှည်တုတ်တုတ် မည်း မည်းကြီး၊ အောင်ကျော် ကတော့ စိတ်ဝင်စားနေပုံပဲ။
    "ဒါ ငါးမြွေနီလို့ ခေါ် တယ်။ ယူရင် အကုန်လုပ်ပေးမယ်၊ ဆရာတို့ ဒီမှာ ကင်စားကြပေါ့။ တဲပြန်ပြီး ငရုတ် သီး၊ ကြက်သွန်ဖြူပါ ထောင်းပြီးကိုင်ပေးမယ်" ထန်းရည်ကို အာတွေ့ နေတဲ့ အောင်ကျော်တို့က လည်း ၀မ်းသာအားရပေါ့။ ကျွန်တော်ကတော့ တောင်ဆုပ်နီးနီးရှိတဲ့ ပုစွန်ကြီးကိုပဲ စိတ်ဝင်စားနေတယ်။
    "ပုစွန်ယူပါဆရာ ဒီ တစ်ကောင်ထဲ ဖြစ်နေလို့ပါ"
    အဲဒီလိုနဲ့ အရောင်းအ၀ယ် တည့်သွားတယ်ပဲ ပြောပါတော့။ သူတို့တဲကို ပြန်ပြီး ငရုတ်၊ ကြက်သွန် ယူပေးမယ်တဲ့။
    "ဟိုး မှာလေဆရာ"
    ကိုင်းပင်တွေကြားထဲ ဒုဋ္ဌ၀တီသောင်ပေါ်မှာ တဲ ကလေးတစ်လုံးကို တွေ့ လိုက်ရတယ်။ မြေစိုက်လို့ ခေါ်မလားတော့ မသိဘူး။ ကျွန်တော် မခေါ်တတ်တဲ့ တဲကလေးမှာ နံရံမလိုဘူး။ အမိုးစွန်းက မြေကြီးနဲ့ ထိလုလု ပေါ့။ ကျွန်တော်က ရုတ်တရက် စိတ်ကူးပေါက်သွား ပြီး...
    "ကျွန်တော်တို့ လိုက် ချင်တယ်၊ လိုက်လို့ရမလား"
    "ရသားပဲ ဆရာရဲ့၊ ဆရာတို့က လေးယောက် ဆိုတော့ နောက်တစ်ခေါက် လာပြန်ကြိုမယ်"
    လူငယ်လေးက တက် တက် ကြွကြွပါပဲ။ တဲကလေး ကို ရောက်သွားတော့ အဝေးက မြင်ရတာထက် ပို သိမ်နုပ်နေတယ်။ ဘွားတော်က ငါးကိုင်၊ ဘိုးတော်က ၀ါးကိုခွဲ အချောသပ်ပြီး ငါးကင်ဖို့ ညှပ်လုပ်ပေးနေတာ ကို ရပ်ကြည့်လိုက်၊ သောင်ပေါ်က ကိုင်းပင်တွေကို ငေး ကြည့်လိုက်၊ ကမ်းပေါ်က ရွာကိုမော့ကြည့်လိုက်၊ တဲ ကလေးထဲကို ကြည့်လိုက်နဲ့ လေ့လာတယ်။ အမည်တပ်ထားတဲ့ စပ်စုခြင်းတစ်မျိုးနဲ့ စပ်စုနေတုန်း တဲထဲက ၀ါး ကွပ်ပျစ်ကလေးပေါ်မှာ သူငယ်တန်း ဖတ်စာအုပ်ကို တွေ့လိုက်ရတယ်။
    "အဒေါ်တို့က မိသားစု ဘယ်ယောက်လဲ" "လေးယောက်" "နောက်တစ်ယောက် ကော" "ကျောင်းသွားတယ်၊ ကောင်မလေးကို ဒီနှစ် ကျောင်းစထားတာပဲ" ဘွားတော်က အသက် ငါးဆယ်ကို တော်တော် ကလေးကို ကျော်နေပြီ၊ မွေးစားထားတာ များလား။
    "သမီးလား၊ မြေးလား"
    ဘွားတော်က မော့ ကြည့်တယ်။ ရှက်သွားတာလား၊ စိတ်ရှုပ်သွားလား တော့ မသိဘူး။ ဘာမှ ပြန် မပြောဘူး၊ ဘိုးတော်က လှေပေါ်က ပိုက်ကွန်ကို သွားထမ်းလာတယ်။ ပြီးတော့ ဖြန့်ဖြန့်ကြည့်နေတာပဲ။ အပေါက်ရှာတာလား၊ ဘာလားမသိပါဘူး။ စောစောက ကျွန်တော်မေးတဲ့ မေးခွန်းကို မဖြေတော့ ကျွန်တော်လည်း ထပ်မမေးရဲတော့ဘူး။
    အဲဒါ သူတို့ မိသားစုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ကြတဲ့ အဖြစ်ပဲ။ နောက်ပိုင်းလည်း ကျွဲနဖား ရောက်တိုင်း သူတို့ဆီ ရောက်ဖြစ်တယ်။ လမ်း ၃၀ က အမွှေးအကြိုင်တွေနဲ့ အကင်တွေကို ငြီးငွေ့နေချိန် မှာ ဒုဋ္ဌ၀တီသောင်ပေါ်က တံငါသည် ဘွားတော်ရဲ့ လက်ရာ ငရုတ်သီးစပ်စပ် ကြက်သွန်ဖြူ၊ ဂျင်းနံ့မွှေးမွှေး လတ်ဆတ်တဲ့ ငါးကင်က ကျွန်တော်တို့ကို ခံတွင်း မြိန် စေတယ်လေ။
သူတို့နဲ့ ရင်းနှီးလာတာနဲ့အတူ သူတို့အကြောင်းကို ပိုသိလာရတယ်။ ဘွားတော် နဲ့ဘိုးတော်က အသက်အတူ တူ၊ ၅၄ နှစ် ရှိပြီတဲ့။ မြို့ပေါ်က ၅၄ နှစ်တွေ ပါတိတ် ၀မ်းဆက်နဲ့ မိတ်ကပ် ရွေးနေ ချိန်မှာ ဒုဌ၀တီသောင်ပေါ်က ၅၄ နှစ်ကတော့ ကွန်ဖာနေတုန်း။ ကွန်ပစ်နေတုံး တစ်နေ့တာ ထမင်းအတွက် တစ်နေ့တာ ရုန်းကန်နေရတုန်း ပေါ့။ ဦးစံမြနဲ့ ဒေါ်အေးငွေမှာ သားသမီး ၁၀ ယောက် ရှိ တယ်။ မွေးဖူးတာကို ပြောတာပါ။ ကလေး ၆ ယောက် က ဆုံးသွားပြီတဲ့။ ပထမ ကလေး ၃ ယောက်က ဟိုး အထက်ဘက်က သစ်တောကြီးထဲမှာ ငှက်ဖျားမိပြီး ဆုံး ခဲ့တာတဲ့။ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် တုန်ခိုက်ပြီး ချစ်ချစ်တောက် ပူနေတာကိုဒီအတိုင်း ထိုင် ကြည့်နေရတယ်။ သဲကြီးမဲ ကြီး ရွာနေတဲ့ မိုးနဲ့ အရှိန်ပြင်းတဲ့ ဒုဋ္ဌ၀တီရဲ့ဘေးမှာ ဘာမှလုပ်စရာ မရှိဘဲ၊ ဘာမှ လုပ်လို့ မရဘဲ ကလေး ၃  ယောက်ကို ရှေ့ဆင့် နောက် ဆင့် လက်လွှတ်ခဲ့ရပြီး စိတ် နာနာနဲ့ အောက်ဘက်ကို စုန်ဆင်းလာရင်း အခု ဒီသောင်ပေါ်မှာ သောင်တင်နေတော့တာ နှစ် ၂၀ တော့ အနည်းဆုံး ရှိရောပေါ့တဲ့။
    နောက်ကလေးတွေကလည်း ဟောဒီသောင်ပြင်ပေါ်မှာ ပြေးရင်လွှားရင်းက ဆုံးရှုံးရတာတွေပဲ။ တစ် ယောက်က ပိုးထိတာ ဆေးရုံက ကျောက်မီးမှာပဲ ရှိတာကိုး မမီတော့ပါဘူး။ နောက်တစ်ယောက်က အနာရင်းပြီး ငန်းလိုက်သွားတာ၊ နောက်ဆုံးကလေးလေး ကတော့ အပြင်ကို "ကိုယ်ကောင်" ပဲ ပါလာတော့တယ်။ ကလေး ဆုံးပြီး မအေမီးယပ်ကျိုးတာ နှစ်ပေါက်ပဲတဲ့။ အခုတော့ အကြီးမ ၂ ယောက်ရယ်၊ ရဲကျော်ရယ်၊ စံပယ်ရယ် သားသမီး ၄ ယောက်ပဲ ကျန်တော့တဲ့ အဖြစ်မှာ ဦးစံမြနဲ့ ဒေါ်အေးငွေက ဆေးပေါ့လိပ်ကို အငွေ့ထောင်း ထောင်းထအောင် ဖွာနိုင်ရင်ပဲ ကျေနပ်နေတတ်ပြီ။
    သမီးအကြီး ၂ ယောက် က "ရမန်း"မှာတဲ့ "ရမန်း" ဆိုတာ မြစ်ညှာက ရွာကြီးပေါ့၊ သောင်ပေါ်မှာ တံငါလုပ်တဲ့ ကောင်မလေးတွေဟာ မြစ်ထဲက မော်တော်စပယ်ယာ နဲ့ အကြောင်းပါတာ ဘယ် လောက်ရိုးရှင်းလဲ။ တံငါ နာနီးတံငါ မဖြစ်ကြဘဲ။   တံငါနားနီး သစ်ခုတ်သမား ဖြစ်ကုန်တာကတော့ ကျွမ်း ကျင်မှုနဲ့ ငွေစီးဆင်းမှု အပေါ် မူတည်မယ်ထင်ပါတယ်။ လောက်လောက်လားလား အားကိုးနိုင်တဲ့ ရဲကျော် ရယ်၊ ဘိုးတော် ဘွားတော် ရယ်က တံငါအလုပ်ကို ဇောက်ချလုပ်ပြီး  စံပယ်ကို ကျောင်းထားပေးတယ်။ မနှစ်က ကျောင်းပျက်ရက်များလို့ စာမေးပွဲ ဖြေခွင့်မရတော့ သူငယ်တန်းကို ဒုတိယအကြိမ် ပြန်တတ်နေရတာ တဲ့။
    ထွားကျိုင်းတဲ့ ကလေးငယ်က တစ်၊ နှစ်၊ သုံး၊ လေး အော်ဆိုလိုက်၊ စက္ကူရုပ် ကလေးတွေနဲ့ ဆော့လိုက် ကျွန်တော်တို့ကို သူစိမ်း တွေလို့ မသတ်မှတ်တော့တာလား၊ သူစိမ်းတွေ ရှေ့မှာ ကြောက်ရ၊ လန့်ရ၊ ရှက်ရမှန်း ကို မသိတတ်တာလားတော့ မသိဘူး
    "ဒီကောင်မက ဒီ ကောင်မနဲ့ သူငယ်ချင်းပေါ့။ ဒီအကောင်က ဒီကောင်မကို လိုက်ကြိုက်ရော အဲဒီတော့ ဒီကောင်မနဲ့ ဒီကောင်မနဲ့ ချကြတာပေါ့။ ဟား... ဟား... ဟား ဟုတ်ပြီကွ၊ ချကွ၊ ချရင်း ချရင်းနဲ့ ဒီကောင်မ လဲသွားရော ဟော ဟော ဦးသာအောင် ရောက်လာရော။ ဦးသာအောင်က ဒီကောင်မတွေကို ဆွဲရင်းဆွဲရင်း သူပါ နပန်း လုံးကြပြန်ရော ဟား... ဟား... ဟား ဟဲ့သောက် ကောင်မ ညည်းလင်အားကိုး နဲ့ ကြီးကျယ်မနေနဲ့ လာ ချမယ် မှတ်ပလား ဟုတ်ပြီ ကွ ချကွ"
    ကျွန်တော် သူတို့ကို စိတ်ဝင်တစား ကြည့်နေမိတယ်။ သူ့ကလေးကကျွန်တော့်သမီးထက်ကြီး တစ်နှစ်၊ ငယ်တစ်နှစ်ပါပဲ။စိတ်ထဲမှာ မဖော်ပြနိုင်တဲ့ ဝေဒနာတစ်ခုနဲ့ သက်ပြင်းချလိုက်မိတော့ ဦးစံမြက မော့ကြည့်တယ်။
    "စံပယ် ဟိုသောင်စပ်မှာ သွားဆော့စမ်း၊ မနေ့က ရွာထဲမှာ ရန်ဖြစ်တာတွေ့လာတာလေ ဆရာရဲ့၊ ည တိုင်း ဗီဒီယိုကားတွေ သွားကြည့်လိုက်၊ သူ့ဟာသူ ဇာတ်လမ်းလုပ် ကစားလိုက်ပဲ ဆရာရေ့ ကလေးဖော်လည်း မရှိဘူးကိုး"
    "ကိုသာအောင်ဆိုတာ ဘယ်သူလဲ"
    "ရွာလူကြီးလေ ဆရာရဲ့ လူကြီးက ၀င်ဖျန်တော့ သူ့ပါ လုံးပစ်တာ ဟိုက စိတ်ဆိုးဆိုးနဲ့ တစ်ထောင်စီ ဒဏ်ရိုက် လိုက်သတဲ့"
    ဦးစံမြက ဘာမှ မထူးဆန်းသလို ထမင်းစားပြီး ရေသောက်တာပေါ့ဆိုတဲ့ လေသံ နဲ့အပြောဟာ ကျွန်တော့်ကို ပိုရင်နာစေတယ်။ မည်းတူး ညစ်ပြီး ပိန်ချိုင့်နေတဲ့ အိုးထဲက ဆန်ကွဲသာသာ ဆန်တွေ ကို သစ်သားယောက်မနဲ့ မွှေ နေတဲ့ ဦးစံမြကိုပဲ ကြည့်နေမိတယ်။ ကလေးမရဲ့ ယဉ်ကျေးမှုကို ထိတ်လန့်မိတဲ့ ကျွန်တော်က ဦးစံမြရဲ့ သွေးအေးမှုမှာ ပိုပြီး သွေးပျက် ခဲ့ရတယ်။ ကျွန်တော့်ပါးစပ်က တစ်ခုခု ပြောလိုက်မိ တယ်နဲ့ တူတယ်။ "ဗျာ" ဆိုတဲ့ ဦးစံမြ အသံကြားမှ ကျွန်တော် အသိဝင်လာတယ်။
    "ရည်မှန်းချက် ဟုတ်လား ဟဲဟဲဟဲ ကျွန်တော် အခုချက်နေတဲ့ ထမင်းအတွက် တစ်နေကုန် လှေထဲ၊ ရေထဲမှာ နေရတာ ဆရာရဲ့။ အခု ထမင်းစား ပြီးရင် ငါးမိ မမိ သွားကြည့် ရဦးမယ်။ ညနေကျတော့ ကော ကွန်ထဲမှာ ငါးရချင်မှ ရတာ၊ အဲလိုနဲ့ မိုးချုပ်တော့ နောက်နေ့ အလုပ်လုပ်နိုင်ဖို့အတွက် အိပ်ရဦးမယ်။ မအိပ်ရင် နောက်နေ့ ဘယ် လုပ်နိုင်ပါ့မလဲ။ ဟဲ... ဟဲ ...ဟဲ အခု ထမင်းကတော့ ဗိုက်ဝမှ ကောင်းကောင်း အိပ်နိုင်မှာပေါ့။ အဲဒါကြောင့် ရဲကျော်ကို ကျွန်တော် ပြော နေရတာ ဆရာလည်းကြားမှာပေါ့။ "စားနိုင်မှ အိပ်နိုင်မှာ၊ အိပ်နိုင်မှ စားနိုင်မှာ"လို့လေ ဟဲ...ဟဲ...ဟဲ ဆရာရယ် ရည်မှန်းချက်ဆိုတာ စိတ်ကူး ယဉ်လို့တော့ ကောင်းသား ကိုး ဆရာရဲ့"
    ဦးစံမြရဲ့ တဟဲဟဲ ရယ်သံနဲ့ သူ့ရဲ့ဒဿနက ကျွန်တော့်ခေါင်းကို ကိုက်ခဲ လာစေတယ်။ မြစ်ပြင်နဲ့ ကိုင်းတောကို ဖြတ်တိုက်လာ တဲ့လေကအေးသလောက်၊ လန်းဆန်းသလောက် ကျွန်တော့်ဆီ အရောက်မှာတော့ မှိုင်းမိတဲ့လေ ဖြစ်နေပြီ။
    ကျွန်တော်ဟာ သူတို့ မိသားစုနဲ့ ရင်းနှီးလာလေလေ သူတို့မိသားစုအကြောင်း သိရလေလေပါပဲ။
    "လူပြက်တွေ ပြောသ လိုပေါ့ ဆရာရယ် "ပါနီထဲ ကလာတဲ့ ပိုက်ဆံ ပါနီထဲ သွားတယ်"ဆိုတာ တစ်ခါ တစ်ခါတော့လည်း အချီကြီး မိတတ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ဆီက "ဟုန်းရေ" ကျလာလိုက်တာ ဆရာရေ ပုစွန်တွေ ငါးတွေဆိုတာ ဖမ်းမကုန်ဘူး။ ကျုပ်တို့က နွေနဲ့ ဆောင်းသာ သောင်ပေါ်မှာ နေနိုင်တာလေ။ မိုးတွင်း ဆို ဟိုးကမ်းပါးမှာ ကပ်နေရတာ ရွာကတော့ ကိုယ့်ရွာလို ဖြစ်နေပါပြီ။ အဲဒီနှစ်က အိမ်ကလေး ၀ိုင်းကလေး တော့ အောင်ပဟဲ့လို့ တွက်တာ။ ကျုပ်က စံပယ်အတွက် တီဗွီလေးတစ်လုံးလောက်လည်း ၀ယ်ပေးချင် သေးတာကိုး။ အဲဒီနှစ်က ရေကလည်း တော်တော်ကြီးတာ ကမ်းပြည့်ပဲ၊ ထင်းတွေဆိုတာလည်း မျောလာ လိုက်တာ တင်းကျမ်းပဲ။ ထင်းဆင်းဆယ်တာ ကံကောင်းလို့ မသေတာပေါ့ ဆရာရယ်။ ကျွန်းတုံးက ဈေးကောင်းတော့ ကျွန်းတုံးမဲပြီးလိုက်တာ နောက်ကရေမျောက ခါးဝင်ဆောင့်ပါ လေရော။ အခုထက်ထိ မပျောက်ချင်ဘူး။ ပုစွန်ဖိုး၊ ငါးဖိုး ရတာတွေလည်း အနှိပ်ဆရာတွေဆီ ရောက်ကုန်တာပဲ။ အနှိပ်ဆရာဆီ သွားရလွန်းလို့ နောက်ဆုံး အေးငွေ နှိပ်တတ်လာတာပဲ အဖတ်တင်တယ်။ မိုးတွင်း အလုပ်ပါးပြီဆို ကျုပ်တို့ကို အေးငွေ နှိပ်ကျွေးတာပဲ"
    ပိုက်ကွန်နဲ့ လှေကို အရင်းပြုနေရတဲ့ ဒေါ်အေးငွေ နဲ့ စံပယ်က ကိုရီးယား ရေစီးကြောင်းရဲ့ အဟုန်ကို မတော်လှန်နိုင်ကြဘူးတဲ့။ ရဲကျော်ကလည်း ကာရာအိုကေကို ခင်တွယ်နေတတ်ပြီတဲ့။ ဦးစံမြစကားတွေ နားထဲမှာ လျှံနေတယ်။ ကဲ အဲဒီပိုက်ကွန်ထဲမှာ တီဗွီတစ်လုံး ဘာကြောင့် မမိရတာလဲ။ အိမ်တစ်လုံးလောက် ကော ဘာကြောင့် မပါလာရတာလဲ။ ပိုက်ကွန်ပေါက် စိတ်စိတ်ကလေးတွေကနေ ဒီလိုပစ္စည်းတွေ ဖမ်းဖို့ ကြိုး စားနေခဲ့တာ အချိန်တွေ ဘယ်လောက်ကုန်ခဲ့ပြီလဲ။ ကျွန်တော့်သမီးရဲ့ အ၀တ်အစားတွေ စံပယ်ဖို့ ယူလာပေးတဲ့ အခါတိုင်း ကျွန်တော့်ရဲ့ ဒါနအတွက် ၀မ်းသာမိသလို အ၀တ်ဟောင်းကလေးတွေအတွက် ပျော်ရတာ တန်ရဲ့လားဆိုတဲ့ အတွေးက ကျွန်တော့်ကို ၀မ်းနည်းစေတယ်။ သူတို့တွေရဲ့ ပုံရိပ်တွေ၊ နှလုံးသားတွေကို ကျွန်တော့် ကင်မရာနဲ့ အမိဖမ်းနိုင်ဖို့ ရိုက်ချက်တွေ စဉ်းစားနေတုန်း ကျွန်တော့်ခေါင်းထဲကို စာကြောင်းတွေ တန်းစီဝင်လာတယ်။
တံငါ ... တဲ
သောင်ပြင်လွှတ်တဲ့
 ခွေးလည်း
 မဟုတ်ခဲ့ပါဘူး။
ဒါပေမယ့်
 သောင်ပြင်တဲက လူတွေမှာ
ချမ်းသာတာက
 ပိုက်ကွန်စုတ်စုတ် တစ်ခုပဲ
 ဖြစ်ရဲ့
အစိတ်ဆုံးဆိုတဲ့ ပိုက်ကွန်ဟာ
(ယုတ္တိဗေဒနဲ့ ဆန့်ကျင်စွာ)
အကြီးဆုံးဆိုတဲ့ ပစ္စည်းတွေ လက်လွှတ်ဆုံးရှုံး
အဲဒီမြှုံးထဲမှာ
ဆန်ကွဲနဲ့ တိုကာထွာကာ
မသေရုံ အာဟာရတွေပဲပါ။
ခပ်စိတ်စိတ်၊
ပိုက်ကွန်ပေါက်က
တိုရှိဘာကြီး လျှောကျ
အိမ်ဆိုတာကြီး လျှောကျ
နောက်...
လူမှုသုခ မှန်သမျှ လျှောကျ
သောင်ပြင်လွှတ်တဲ့ ခွေးတွေ
မဟုတ်ခဲ့ပေမယ့်
သူတို့ အလုပ်ဟာ
စားဖို့အတွက် အိပ်ရင်း
အိပ်ဖို့အတွက် စားရင်း
ဒီလိုနဲ့
သားသမီး ပွားစီး
အိပ်မက်ကြီးကြီးတောင်
မမက်ဖူးခဲ့။
    ကျွန်တော် ကဗျာဆရာ မဟုတ်ပါဘူး။ ဒါပေမယ့် ရင်ထဲမှာ ခံစားရလွန်းတဲ့အခါ ကဗျာတစ်ပုဒ် ဖြစ်လာ ခဲ့တယ်။
    လွန်းတင်ထားတဲ့ လှေပေါ်မှာထိုင်ပြီး စဉ်းစားနေ၊ တွေးနေခဲ့တာ အချိန်တော်တော် ကြာသွားခဲ့တယ်။ နေလုံးကြီးလည်း ဟိုး... အနောက်ဘက် ကောင်းကင်အောက် ငုံ့လျှိုးသွားခဲ့ပြီ။ ရေချိုးဆိပ်လည်း တိတ်ဆိတ် နေပြီ။ ပတ်ဝန်းကျင်မှာ ကျွန်တော်တစ်ယောက်တည်း ကျန်တော့တယ်။ ကဗျာကလေးရေးပြီးကတည်းက ဦးစံမြတို့ဆီ မရောက်ဖြစ်တော့ဘူး။ အခုလည်း မရောက်နိုင်တော့ဘူး။ မှောင်လာပြီလေ ကျွန်တော် ပြန် ရဦးမယ်။     
X X X
အဖြူရောင်၊ရွှေ၊

(ရွှေအမြုတေ မှ ကူးယူဖေါ်ပြသည်။ ဤစာမူအား ရွှေအမြုတေ၏ ခွင့်ပြုချက်မရဘဲ အသုံးမပြုရ)

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.