လှိုင့်ရဲ့ကြယ်
အလွမ်းအပိုင်းပဲ အားသန်တော့ အခုရေးဖြစ်တော့လည်း ရေးတဲ့ တစ်ပုဒ်က အဆွေးပဲ ထွက်လာတယ်။ ကိုယ်ပိုင် ဓါတ်ပုံနဲ့ ကျနော့် ၀တ္ထုတို ဘလော့ဂ်မှာ ထုံးစံအတိုင်း တင်ဖို့ကတော့ ကင်မရာ အခက်အခဲ ရှိနေတဲ့အတွက် တော်တော်နဲ့ ပြန်တင်ဖြစ်မှာ မဟုတ်ပါဘူးခမျာ...
ကြယ်တွေကတော့ ဘယ်တော့ ကြည့်ကြည့် အရင်က အတိုင်းပဲ။ လှိုင်က လှိုင့်ကို ဘယ်လောက်ချစ်လဲ လို့ ကို့ကို မေးတော့ ဒီကောင်းကင်ပေါ်မှာ ငုတ်တုတ်လင်းနေတဲ့ ကြယ်လေးတွေ လောက်ကို ချစ်ပါတယ်လို့ ဖြေခဲ့ဖူးတယ်။ အဲဒီတုန်းက လမ်းလျှောက်နေရင်း အတူ မော့ကြည့် ဖြစ်ခဲ့တဲ့ ကြယ်လေးတွေနဲ့ အခု မြက်ခင်းပေါ် ပက်လက်နဲ့ ကြည့်တဲ့ ကြယ်တွေ တူတူလိုပဲ။ ဒါပေမဲ့ ကိုက နက္ခတ်တာရာတွေ ကောင်းကောင်း ကြည့်တတ်မယ်ဆို နေရာ ရွေ့သွားတဲ့ ကြယ်တွေကို သိနိုင်သလို အရေအတွက် သိသိသာသာ လျော့သွားတာလည်း သတိထားမိမယ် ထင်မိတယ်။
ကို ငယ်ငယ်က ကြယ်လေးတွေကို လိုချင်လွန်းလို့ အော်ငိုခဲ့ဖူးတယ်။ အမေက ကြယ်တွေကို တံချူနဲ့ နက်ဖျန်မှ ခူးပေးမယ် ဆိုတော့မှ အိပ်ပျော် သွားခဲ့တယ်။ အခုတော့ လှိုင်သာ အိပ်ပျော်ရာက ပြန်နိုးလာပါ့မယ်ဆို အမေ့ တံချူနဲ့ ကို ကြယ်တွေ ခူးဖို့ ကြိုးစားမိမယ် ထင်တယ်။ ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူး ဆိုတာကိုတော့ တံချူနဲ့ ကို နှစ်ယောက်လုံး သဘောပေါက် နားလည် ထားကြပါတယ်။
လှိုင် မရှိတော့တာက လွဲရင် အားလုံး အဆင်ပြေတဲ့ ရန်ကုန်မြို့ကြီးကို သတိထား ကြည့်မိရင် မိုးမှောင်လာတိုင်း တလက်လက် လင်းလာတဲ့ ကြယ်လေးတွေကို မြင်နိုင်ဦးမှာ... နောက် အမေ့ရဲ့ ခူးဆွတ်ခြင်းကို ဘယ်တော့မှ မခံ ခဲ့ရတဲ့ ကြယ်ကလေးရယ်၊ ကို အပိုင်စား ပေးထားတဲ့ လှိုင်တစ်ဦးတည်းပိုင် ကြယ်တာရာ အားလုံးရယ်ဟာ ကတ္တရာလမ်းပေါ်က ပေါက်ပေါက်ဆုပ် တွေလို ကို့ကို ဆွဲဆောင်ကြတယ်။ အဲဒီ ပေါက်ပေါက်ဆုပ် တွေကို အငန်းမရ ကောက်စားချင်နေတဲ့ ကလေး တစ်ယောက်လိုပဲ ကို လွမ်းမိပါတယ်လှိုင်။
ကို ဒီပန်းခြံထဲကို နေ့တိုင်း လှိုင့်ကို ကျူရှင်လိုက်ပို့တဲ့ အချိန်တွေဆို ရောက်ဖြစ်တယ်။ ကျူရှင် ဆင်းတဲ့အချိန် ညအထိ ကို မြက်ခင်းပေါ်မှာ ပက်လက်လှန်ပြီး ကြယ်တွေ ကြည့်ရင်း စောင့်တာပေါ့။ ညနေခင်း အလင်း ကုန်လို့ မီးမပျက်တဲ့ နေ့ဆို လမ်းမီးချောင်းတွေ လင်းလာတာ မြင်နိုင်သေးတယ်။ ညနေ နေ၀င်ရီတရော အချိန်မှာ လမ်းမီးချောင်းတွေ လင်းလာရင် ဟိုးတုန်းက ကျူရှင်ဆင်းလာတဲ့ လှိုင့်ကို ကို မြင်လိုက်ရသလို ၀မ်းသာစရာ ကောင်းတဲ့ အလင်းရောင် ဖြတ်ခနဲ လက်လက် သွားတတ်တယ်။
လှိုင်တို့ ရပ်ကွက်ထဲက ကလေးတွေတောင် အဲဒီကျူရှင်မှာ တက်ကုန်ကြပြီလှိုင်... လှိုင့်ကို စောင့်စောင့် နေရင်း ဆင်းမလာရင် ကို သူတို့နဲ့ လိုက်လိုက် ပြန်ဖြစ်တယ်။ သူတို့ကလည်း အကိုကြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ အချိန်ကာလများ ရွေ့လျားတာ မြန်တယ်နော်... အကိုကြီးလို့ ခေါ်ခဲ့တဲ့ လှိုင့် မောင်လေးတောင် အခုချိန်များ ပြန်တွေ့ရရင် ဦးဦးလို့ ခေါ်မလားပဲ။ ဘာပဲပြောပြော သူတိုနဲ့အတူ လမ်းလျှောက်ပြန် တတ်တာရယ်၊ အမြဲ ကောင်းကင်ကို လမ်းလျှောက်ရင်း မော့မော့ ကြည့်တတ် တာရယ် ကိုတော့ ဘာကြောင့်မှန်း ခုထိ နားမလည် နိုင်ကြရှာဘူး။
ကျူရှင်ဆင်းမှ တွေ့မယ်လို့ လှိုင်ရေးသွားတဲ့ စာလေး ကို့မှာ အခုထိ ရှိသေးတယ်လှိုင်။ တခါတလေတော့ အဲဒီနေ့က တစ်နေ့လုံး ကိုတို့ နှစ်ယောက် ကျောင်းပြေးပြီး စကားထိုင်ပြောခဲ့ရရင်... ဆိုတဲ့ နောင်တလေးက အမြဲ စိတ်ထဲ ၀င်ဝင်လာတယ်။ ဖိတ်ပြီးသားနို့တောင် ကြမ်းပြင်ပေါ်မှာ မြင်နိုင်သေးပေမဲ့ အဲဒီနေ့လေးကိုတော့ ဘယ်တော့မှ ပြန်မရောက် နိုင်တော့တာ သေချာတယ်။ ဖိတ်ကျတဲ့ နို့ကို လွယ်လွယ်နဲ့ သုတ်နိုင်ပေမဲ့ အဲဒီ နောင်တလေး တစ်ခုကတော့ ဘယ်တော့မှ ခြောက်ခန်းသွားလိမ့်မယ် မထင်ပါဘူးလှိုင်...
ညနေ ရုံးဆင်းချိန် အိမ်ပြန်ခါနီးရင် ပိုက်ဆံအိတ်ထဲမှာ ခုထိ အမြဲ ခေါက်ထည့် ထားတဲ့ လှိုင့်ရဲ့ စာလေးကို ပြန်ဖတ်မိတဲ့အခါ မနေ့ တစ်နေ့ကလိုပဲလို့ စိတ်ထဲမှာ ပြန်ထင်မိတယ်။ ဒီစာလေးထဲက နူးညံ့တဲ့ အမိန့်တော်ဟာ အခုချိန်ထိ အစွမ်းထက်ပုံများကတော့ အခု ပန်းခြံ မြက်ခင်းပေါ် ပက်လက်လှန် အိပ်နေတဲ့ ကို့ကိုသာ မြင်လှည့်ပါတော့ လှိုင်ရယ်...
မျက်လုံးကို နာရီပေါ်ပို့လိုက်တော့ ကျူရှင်ဆင်းချိန် ရောက်မှန်း သတိထားမိတယ်။ အချိန်တန်တော့လည်း ကြယ်တွေဆီက မျက်နှာလွှဲရင်း မတ်တပ်ထရတယ်။ ဒီလိုနဲ့ ပန်းခြံအ၀ကို တစ်လှမ်းချင်း တစ်လှမ်းချင်းထွက်၊ ဟိုညီလေးတွေ ရောက်လာဖို့တော့ စောပါသေးတယ်။ ဒါပေမဲ့... ကျူရှင် လှေကားကနေ ဆင်းလာတဲ့ ကျောင်းသူ လေးတွေ ကြားထဲမှာ လှိုင်ပါမလာနိုင်ပါဘူးလို့ ဘယ်သူကများ အာမခံနိုင်မှာလဲနော်...

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.