Thursday, October 9, 2008

[ကြိုးမဲ့စွန်၏ ရင်ဖွင့်သံစဉ်များ] 1 New Entry: MSU မှာ တစ်ညတာ ….( ၂ )

MSU မှာ တစ်ညတာ ….( ၂ )

မော်စကိုစတိတ်ယူနီဗာစတီ ဟူသော MSU ကျောင်းတော်ကြီးမှာ ရုရှနိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ကျောင်းကြီးတစ်ခု ဖြစ်ပါသည်။ နေ့စဉ် ၁၆ မိုင် ခရီးကို ခြေလျင်လျှောက်ပြီး ကျောင်းတက်ခဲ့ရသူ လာမာနိုးဆက် ဆိုသည့် ရုရှပညာရှင်ကြီးက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၁၀၀ ကျော်ပေပြီ။ ကျောင်းကြီးကလည်း အတော်လှပါသည်။ ဘာရာဗျောဘီး ဟူသော တောင်ကုန်းပေါ်တွင် တည်ရှိပေရာ မော်စကိုမြို့ နေရာအတော်များများမှ မြင်တွေ့နိုင်ပါသည်။ တက်ရောက်သင်ကြားနေသော မြန်မာကျောင်းသား အယောက် ၃၀၀ ခန့်ရှိရာ မြန်မာအများဆုံးကျောင်းဟု ဆိုနိုင်ပါသည်။ ကျွန်တော်မှာ ရှန်ပိန်နှင့် ၀က်အူချောင်း တို့၏ တန်ခိုးဖြင့် အဆိုပါ ကျောင်းသို့ ချီတက်ရပေတော့သည်။ မော်စကိုရှိ ကျောင်းအများစုတွင် ကျောင်းသား အဆောင်များပေါ်သို့ ဧည့်သည်များ တက်ရောက်ခြင်းကို တားမြစ်ထားသည်ဖြစ်ရာ အများအားဖြင့် ခိုးတက်ရသည်က များပါသည်။ အချို့သော ကျောင်းများတွင်တော့ အောက်ထပ်တွင် စောင့်နေသော လုံခြုံရေး အစောင့်နှင့် နားလည်မှုယူပြီး ရူဘယ် ၁၀၀-၂၀၀ စသည်ဖြင့် ပေးကာ တက်ရောက်နိုင်ပါသည်။ MSU ကျောင်းတော်ကြီးမှ အစောင့်များကတော့ နားလည်မှုယူရ်ျ မရသည်ဖြစ်ရာ အဆောင်မှကျောင်းသား တစ်ဦးဦး၏ အဆောင်ဝင်ခွင့်ကဒ်ပြားဖြင့် ခိုးတက်ရပါသည်။ စည်းကမ်းကြီးလှသော MSU မှ လုံခြုံရေးအစောင့်များမှာ မြန်မာကျောင်းသားများနှင့်တွေ့မှ ခံရပေတော့သည်။ သူတို့ကား မြန်မာရုပ်ကို သေချာ မခွဲခြားတတ်သည် ဖြစ်ရကား ထို MSU ကျောင်းသား အဆောင်ကြီးမှာ မြန်မာကျောင်းသား ဧည့်သည်များ၏ ကွန်းခို နားနေစရာ ဟိုတယ်ကြီးသဖွယ် ရှိလေသတည်း။

MSU အဆောင်ရှေ့တွင် ညီငယ်မောင်မျိုးက ကျောင်းသားကဒ် အပိုတစ်ခုကိုင်လျှက် ဆီးကြိုနေလေသည်။ တံခါးမကြီးမှ ၀င်ရောက်ပြီး လုံခြုံရေး အစောင့်များ၏ ရှေ့တွင် ကဒ်ကို ထိုးပြရသော အခါတွင် အနည်းငယ်တော့ ရင်ခုန်ရပါသည်။ သူငယ်ချင်း မျိုးကြီးပြောလေ့ရှိသော " ပိုက်ဆံပေးရရင်လည်း ပေးရပါစေကွာ .. ခိုးတော့ မတက်ပါရစေနဲ့ .. အဆောင်ပေါ် ခိုးတက်ရတာ ယိုးဒယားကို ခိုးထွက်သလို ခံစားရလွန်းလို့ပါ " ဟူသည့် စကားကို သတိရမိလေသည်။ သို့သော် လံခြုံရေးများကလည်း မြန်မာဆိုသည်နှင့် အိုးပင်းတူ ဒလဟော ဖြစ်ရာ တော်ပါသေးသည်။ အေးအေးသက်သာပင် အဆောင်ပေါ်ရောက်သွား၏။ အဆောင်ပေါ်တွင်တော့ အဆောင်နေ မြန်မာကျောင်းသားများရော လာရောက်လည်ပတ်သူ ဧည့်သည်များပါ များစွာ ရှိနေလေရာ ပျော်စရာ့ ပျော်စရာ ကြီးပေတည်း။ အဆောင်ပေါ် စ တက်သည်နှင့် မီးဖိုခန်းများမှ ထွက်လာသော မြန်မာဟင်းလျာ ရနံ့များက ဆီးကြိုလေသည်။ ရုရှများမှာ တစ်ပတ်လုံးနေမှ တစ်ခါ ချက်မစားကြသူများဖြစ်ရာ အဆိုပါ မီးဖိုခန်းများ ခမျာမှာလည်း ရွှေမြန်မာတို့နှင့်တွေ့မှ တစ်နေကုန် အလုပ်လုပ်နေရ ရှာလေသည်။ ဟော .. တွေ့ပါပြီ ဒယ်အိုးကြီး တစ်လုံး မ လာသော မြန်မာတစ်ဦး၊ ဟော နောက်တစ်ယောက် ပွက်ပွက်ဆူနေသော ဟင်းချိုအိုးကြီးဖြင့်၊ လာပြန်ပြီ နောက်တစ်ယောက် အစိမ်းကြော် ပန်းကန်ကြီးဖြင့် .. စသည်ဖြင့် အစားအသောက် ကိစ္စအတွက် လွန်စွာ အချိန်ကုန်ခံတတ်ပေသော ကျွန်တော်တို့၏ မြန်မာ့ဓလေ့စရိုက်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ ရလေသတည်း။

မောင်မျိုး၏ အခန်းသို့ရောက်သောအခါ မျက်နှာစိမ်း ညီငယ်တစ်ဦးကို တွေ့ရလေသည်။ အပတ်စဉ် ၄၈ မှ သူ့ဂါဒီယန် ညီငယ် ဇော်ဇော်ဟု မောင်မျိုးက မိတ်ဆက်ပေး၏။ ဇော်ဇော်မှာ မေဖီးကျောင်းမှ ကျောင်းသားတစ်ဦး ဖြစ်ပြီး သူ့ဂါဒီယန်ဖြစ်သူ မောင်မျိုးထံ အလည်အပတ် ရောက်နေခြင်း ဖြစ်လေသည်။ ဗိုလ်လောင်းဘ၀က စီနီယာဖြစ်သူ မောင်မျိုး၏ အပြစ်ပေးမှုကို အခံရဆုံး ဆိုသော်လည်း ညီငယ် ဇော်ဇော်မှာ သူ့အကို မောင်မျိုးအား လွန်စွာချစ်ပုံရလေသည်။ စစ်ကျောင်းဆင်းတို့၏ စီနီယာ ဂျူနီယာ ညီအကို ချစ်ကြည်မှုမှာ ထူးခြားစွာတည်း။ ကျောင်းတုန်းက အပြစ်ပေးတာကို ခံခဲ့ရဖူးသော်လည်း ကျောင်းဆင်းရ်ျ အရာရှိတွေ ဖြစ်သွားကြသောအခါ ညီအကို အရင်းထက် ပိုရ်ျ ခင်တွယ်ကုန်ကြလေသည်။ ခပ်ပဲ့ပဲ့ တစ်ချို့တစ်လေမှ လွဲလျှင် အားလုံး ထိုအတိုင်းပင် ဖြစ်လေသည်။ ညီငယ် ဇော်ဇော်ကား လွန်စွာ ပေါ့ပါးလေသည်။ လုပ်စရာအလုပ် မှန်သမျှ ကူညီလုပ်ကိုင်ပေးသည်ကို တွေ့ရ၏။ သူပင် ထမင်းချက်၊ သူပင် ထမင်းပွဲပြင်၊ သူပင် အသားလှီး စသည်ဖြင့် ရှိလေရာ ဧည့်သည်နှင့်ပင် မတူ၊ အိမ်ရှင်နှင့် ပိုတူနေပေသည်ဟု ထင်မိလေသည်။ မောင်မျိုးကား သူ၏ လူတစ်ရပ်ကျော်မြင့်သော ရေခဲသေတ္တာကြီးကို ဖွင့်ပြလေရာ အထဲတွင် ရှန်ပိန်ပုလင်းကြီး ( ၂ ) လုံး၊ ဗော့ဒ်ကာ ၀မ်းလီတာ ( ၁ ) လုံးနှင့် ကော့ညက်ပုလင်း ခပ်ပုပုကြီးတစ်လုံးတို့ကို တွေ့လိုက်ရသဖြင့် တံတွေးကို " ဂလု " ခနဲ မြိုချလိုက်မိပါတော့သည်။

မကြာမီ အထုပ်ကြီးနှစ်ထုပ်ကို လက်တွင် ဆွဲလျှက် ကျွန်တော်၏ ရောင်းရင်း ဆေးဆရာကြီး ဒေါက်တာသီဟ အခန်းထဲ ၀င်လာလေသည်။ " ဘာတွေတုန်းဟ " ဟု စပ်စုမိသောအခါ " ချစ်သူ့ မျက်ရည်တွေပါ " ဟု ဆိုချေ၏။ သူ့ကောင်မလေး ပို့ပေးလိုက်သော ဟင်းလျာလေးများပင်တည်း။ ၀က်ပေါင်ခြောက်လည်း ပါ၏။ လက်ဖက်ထုပ် လည်း ပါ၏။ ငပိရည်ဖျော်ထုပ်လည်း ပါ၏။ စုံလှပေတောင်း။ သူ့ခမျာ မစားရက် မသောက်ရက် သိမ်းထားရာမှ ကျွန်တော်ရောက်နေသည် ဟု သတင်းကြားသဖြင့် ရှိစုမဲ့စုလေးများ ထုတ်လာခြင်း ဖြစ်ဟန်တူသည်။ အားနာပါးနာဖြင့် အသားကုန် တွယ်ပစ်လိုက်မည်ဟု စိတ်ထဲတွင် ကြိမ်းလိုက်မိလေသည်။ သို့သော် ၀က်ပေါင်ခြောက်မှာ ညီငယ် မောင်မျိုး၏ လက်စွမ်းပြချက်ကြောင့် မီးကျွမ်းသွားလေရာ မမြီးလိုက်ရပေ။ ဒေါက်တာမှာကား တဗျစ်တောက်တောက်ဖြင့် ပြောမဆုံးတော့။ " တော်ပါတော့ ဆေးဆရာ ရာ … ငါစားလိုက်တယ်လို့ပဲ သဘောထားလိုက်ပါတော့ " ဟု ဖြောင်းဖြသော်လည်း သူ့ခမျာ ဖြေမဆည်နိုင်။ လွန်စွာ ၀မ်းနည်း ပက်လက် ဖြစ်နေရှာလေသည်။ နောက်ဆုံး မောင်မျိုးက သူ့အိမ်မှ ပို့ပေးထားသော ၀က်အူချောင်းများ ကြော်ကျွေးပါ့မည်ဟု ကတိပြုလေမှ သူစိတ်ပြေလေသည်။ မောင်မျိုး၏ အခန်းဖော် ညီငယ် သက်လင်းကလည်း အရက်ပင် မသောက်တတ်သော်လည်း သူ့ချစ်သူ လက်ဆောင်ပေးလိုက်သော လက်ဖက်ကို ကျွန်တော့်အတွက်ဟု ဆိုကာ သုပ်ပေးလေသည်။ ဖွယ်ဖွယ်ရာရာ ရှိလှပေသည်။ မကြာမီ မောင်မျိုး၏ ၀က်အူချောင်းကြော် ပန်းးကန်ကြီး ရောက်ရှိလာလေရာ ပြင်ဆင်ခြင်း အမှု ပြီးလေတော့သည်။

ရှန်ပိန်ပုလင်းကြီးနှစ်လုံးကို အလယ်မှာချလျှက် လက်ဖက်သုတ်၊ ၀က်အူချောင်းကြော်၊ အမဲသားကင်၊ အာလူးကြော်၊ ဆွန်တန်ဟင်းချို ပန်းကန်များကို ဘေးက ရံထားလေသော MSU မှ ညီငယ် ဘော်ဒါအပေါင်း၏ မျက်ရည်လေးများမှာ လွန်စွာ လှပနေလေတော့သည်။ ရှန်ပိန်ပုလင်းများကို တစ်ဗောင်းဗောင်းဖွင့်လျှက် ၀ိုင်း စလေသည်။ မကြာမီ တစ်ခြားအခန်းမှ ညီငယ်တစ်ဦးက စပျစ်သီးများ လာပို့ပြန်၏။ နိပ်ဟ။ ဧည့်ခံရေးကား အတုမရှိပင်တည်း။ စပျစ်သီးများကို ပန်းကန်ထဲထည့်ခိုင်းပြီး စားမည်လုပ်သောအခါ ဆေးဆရာက တစ်စခန်း ထလေတော့သည်။ ရေသွားဆေးရမည်ဆိုပဲ။ သူကား အရက်ခွက်ကို ကိုင်ကာ စီးကရက်ကို လက်ကြားညှပ်ရင်း တန်းလန်းမှနေရ်ျ ကျန်းမာရေးရှုထောင့်တွေ၊ ဘာတွေ လုပ်ကာ ဆရာဝန်ဇာတိပြနေပြန်၏။ ထို့ကြောင့် စိတ်ပေါက်ပေါက်နှင့် " မင်း ရှေ့တန်းထွက်တုန်းက ဘယ်လို စားခဲ့တာတုန်း၊ ဖက်ရွက်ပေါ် ထမင်းပုံပြီးတော့ လက်မဆေးပဲ စားခဲ့တာ မဟုတ်လား " ဟု အငေါ်တူးလိုက်မိလေသည်။ သို့သော် သူကား မလျှော့ချေ။ " ဟ .. အဲဒီတုန်းကတော့ အဲဒီတုန်းကပေါ့ .. အခု ငါတို့ရောက်နေတာ ရွှေကျင်၊ ကျောက်ကြီးမှ မဟုတ်ဘဲကွ၊ ရေဆေးလို့ ရတဲ့ နေရာမှာရောက်နေတုန်းတော့ ရေသေချာ ဆေးပြီးမှ စားရမှာပေါ့ " ဟု အတွန့်တက်လေသည်။ လွန်စွာလက်ပေါက်ကပ်သော ဆရာဝန်ပေတည်း။ ဘာလုပ်လုပ် ကျန်းမာရေးရှုထောင့် ဆိုတာကြီးက စ လေသည်။ ရှန်ပိန်နှစ်လုံးကုန်သောအခါ ကော့ညက်ပုလင်းကို ဖွင့်လေရာ လက်ဆ အရှိန်လွန်သွားသဖြင့် ကော့ညက်အချို့ အောက်သို့ ဖိတ်ကျသွားလေသည်။ ထိုအခါ လွန်စွာအသန့်ကြိုက်ရ်ျ ကျန်းမာရေးရှုထောင့် ဟူသော စကားကို နှုတ်က မချသူ ဒေါက်တာသီဟမှာ ဖိတ်ကျသွားသော ကော့ညက်များကို နှမျောတသ ဖြစ်လျှက် တစ်ရှုးစက္ကူစဖြင့် ပြန်စစ်သောက်မည်ဟု လုပ်လေသတည်း။ ထို့ကြောင့် " တော်ပါ သမားတော်ရာ ... ရေခဲသေတ္တာထဲက ထုတ်လာတဲ့ စပျစ်သီးကျတော့ ရေမဆေးရင် ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ လုပ်ပြီး ဖိတ်ကျသွားတဲ့ အရက်ကျတော့ ပြန်စစ်သောက်မယ် လုပ်နေသေးတယ် .. တော်တော်ဆိုးတဲ့ ဆရာဝန်ပဲ " ဟု ပြောကာ အတင်း တားထားရလေသည်။ သူကား လူကြီးရှက်တော့ ရယ် ဟူသည့် စကားအတိုင်း စပ်ဖြီးဖြီးကြီး လုပ်နေလေသည်။

မောင်မျိုး၏ အခန်းဖော် သက်ဝင်းမှာလည်း အရက်ပင် မသောက်တတ်စေကာမူ ၀ိုင်းတွင် လာထိုင်ကာ အအေးသောက်ရင်း သူ၏ တိုက်ပွဲအတွေ့အကြုံများကို ရင်ဖွင့်လေသည်။ သက်ငယ်စကား သက်ကြီးကြားကာ နားထောင်ရလေသည်။ စိတ်ဝင်စားဖွယ်ရာများပင်တည်း။ ဗော့ဒ်ကာ ပုလင်း စဖွင့်သောအခါ အတူ ထိုင်သောက်နေသူ ညီငယ် ဇော်ဇော်က " အကို .. ကိုဥာဏ်(စက်မှု) ဆိုတဲ့ လူကို သိလားဗျ .. အကိုတို့ အင်တိတ်ကလို့ ပြောတယ် " ဟု မေးလေရာ ဘာပြန်ပြောရမှန်း မသိဖြစ်သွားလေသည်။ ဆဲတောာ့မယ် ထင်ပါရဲ့ဟု တွေးမိရင်း " ဘာဖြစ်လို့လဲ " ဟု အလန့်တကြား ပြန်မေးမိရာ " ကိုနေလွမ်းသူရဲ့ ဘလော့မှာ သူစာတွေ ၀င်ရေးတာ ဖတ်မိလို့ဗျ .. သူရေးတာတွေက ရယ်ရတယ်ဗျ " ဟု ဆိုချေ၏။ ဒုက္ခော။ အလိုလိုနေရင်း စာရေးဆရာ အကြည်တော် လိုလို၊ ဘာလိုလို ဖြစ်ရလေသည်။ ထို့ကြောင့် " အဲဒါ ကိုယ်ပဲဟ .. ရေးတာကတော့ ဟာသလို့ ရေးတာ မဟုတ်ပါဘူးကွာ .. ရေးရင်းနဲ့ လမ်းလွဲကုန်တာပါဟ " ဟု အမြန်ဖြေရှင်းချက် ထုတ်ရလေသည်။ သူကား ရှန်ပိန်၊ ကော့ညက်၊ ဗော့ဒ်ကာ သုံးပင်လိမ်ထားသော အရှိန်ဖြင့် " တွေ့ရတာ ၀မ်းသာလိုက်တာ အကိုရာ " ဟုပြောကာ အရက်ခွက်ကို ကိုင်ရင်းမှ အတင်း လက်ဆွဲနှုတ်ဆက်လေသည်။ ထို့ကြောင့် ကျွန်တော်လည်း ဘုမသိ ဘမသိဖြင့် ပြန်လက်ဆွဲလိုက်ရ၏။ ကလေးတုန်းက အချင်းချင်း " ဟေ့သူငယ်ချင်း .. ရှိတ် လိုက်ကွာ .. ရှိတ် " ဟု ပြောကာ လက်ဆွဲ နှုတ်ဆက်ခဲ့ကြပုံကိုပင် အမှတ်ရမိသေးတော့သည်။ ဒါတောင် တော်တော်နှင့် မလွှတ်ပဲ လက်ဆွဲထားလျှက်မှ ကျွန်တော်ရေးခဲ့သော ပို့စ်များကို ရွတ်ပြနေသေး၏။ သူကား အသက်ပင် ငယ်သော်လည်း အတော်ပင် ပေါင်းသင်းဆက်ဆံရေး ၀င်ဆန့်သူတည်း။ ရှုလော့။ ကျွန်တော့်အား အမျိုးမျိုး ချီးကျူးစရာဆိုရာ အလိုလိုနေရင်း ထိုင်ရမလို၊ ထရမလိုတောင် ဖြစ်ရပေသည်။ ကိုယ့်ကိုကိုယ်တောင် တစ်ခါမှ မချီးကျူးဖူးလေရာ သူ၏ တော်ကီများဝယ် မျောချင်ချင် ဖြစ်သွားလေသည်။ ရောင်းရင်း ဆေးဆရာကြီး သီဟကား " အဲဒီလို မြှောက်ပေးတဲ့ လူတွေရှိနေလို့ ဒီကောင် အိပ်ရေးပျက်နေတာပေါ့ " ဟု ၀င်တွယ်သေး၏။ သူကား ဘယ်အချိန်ကတည်းက ခြောင်းနေသည် မသိ။ အကွက်ဝင်သည်နှင့် တွယ်သူတည်း။

ထွေရာလေးပါး သာမက ငါးပါးခြောက်ပါးလောက်ပင် ပြောဖြစ်ကြပြီးနောက် ဗော့ဒ်ကာလည်း ပြောင်လေသည်။ ညလည်း ညည့်နက်ရုံသာမက မိုးပင်သောက်တော့မည့် ဆဲဆဲတွင်မှ ၀ိုင်းသိမ်းကာ အိပ်ရာသို့ ၀င်ကြ ကုန်လေသည်။ ဤသို့ဖြင့် ကျွန်တော်သည် ရုရှ၏ ကျက်သရေဆောင် နံပါတ်တစ်ကျောင်းတော်ကြီး MSU တွင် တစ်ညတာ ကုန်ဆုံးစေခဲ့ဖူးလေသတည်း။ ……………………….. ပြီး ( ဆက်ရန်မရှိ )

You received this email because you are subscribed to the real_time feed for http://naylwanthu3.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.