Thursday, October 9, 2008

[Khin Ma Ma Myo's Blog] 1 New Entry: Demo tree

Demo tree

ဒီမိုပင်လေးစိုက်ချင်တယ်


အခုတလော မတင်မေတစ်ယောက် အရမ်းစိတ်ညစ်နေရတယ်။ အိမ်က ကိုပေါက်ကျော်နဲ့က လုံးဝ အဆင်မပြေဘူးလေ။ တကယ်တော့ကိုပေါက်ကျော်ဆိုတာက အိမ်မှာခြံစောင့်ဖို့ ခေါ်ထားတဲ့ အလုပ်သမား တစ်ယောက်ပါ။ မိဘများဆုံးပါးသွားပြီးတဲ့နောက်၊ အဖော်များရလေမလားလို့ အိမ်မှာဆက်ထားမိပါတယ်။ မသမာတဲ့ ဥာဏ်နဲ့အကောက်ကြံလိုက်တော့ အားနွဲ့ သူမိန်းမသား မတင်မေမှာ အမှတ်တမဲ့နဲ့ ချောင်ပိတ်ခံလိုက်ရတာပေါ့။


ဒါပေမယ့်လဲ မတင်မေကသည်းခံပါတယ်။ မလွှဲသာမရှောင်သာ၊ ကိုယ့်အိမ်ထောင် ဦးစီးနေရာ အတင်းဝင်ယူထားတဲ့၊ ကိုပေါက်ကျော်အပေါ်မှာ စိတ်မကွက်ပဲအိမ်ရှင်မတာဝန် ကျေပွန်ရှာပါတယ်။


အဲ၊ကိုယ့်နေရာကိုယ်မသိပဲ စိတ်ဖောက်ပြန်နေတာကတော့ ကိုပေါက်ကျော်ပဲပေါ့။ ကြောင်တောင်တောင် ပေါက်တောက်တောက်နဲ့  ဒီလိုသိပ္ပံခေတ်ကြီး မှာ သူ့ ကိုယ်သူ ဘုရင်မင်းတရားကြီးလို့ လဲပြောလားပြောရဲ့ ။ သူ့ အိမ်စုတ်လေးကို နေပြည်တော်ကြီးပါဆိုပြီး အရပ်တကာ လှည့်ကြွားနေတာ ဆိုတော့ အရပ်နဲ့ကလဲ သိပ်တည့်တာမဟုတ်ဘူး။ မူးယစ်ရမ်းကားပြီး မတင်မေလေးကို နှိပ်စက်လိုက်တာလဲ မပြောပါနဲ့ တော့။


အိမ်ထောင်ဦးစီးဖြစ်ပြီး၊ ကိုယ့်အရိပ်မှာရှိနေတဲ့ မတင်မေအပေါ် မတရားရမ်းကား နှိပ်စက်နေတာတွေ အရပ်က မကြားရက်ပဲ ကြားနေရတာဆိုတော့ ပိုဆိုးတာပေါ့။ သူများ အိမ်တွင်းရေးကို အကြမ်းပတမ်းဝင်မစွက်ချင်ကြလို့ သာ ကိုပေါက်ကျော်ကို ခဏ ခဏ ခေါ် ခေါ်တွေ့ ပြီး နားချတဲ့နည်းကို သုံးနေကြတာ။


ဒါတောင်ကိုပေါက်ကျော်ကကျေနပ်တာမဟုတ်ဘူး။စေတနာနဲ့ ပြောတဲ့လူတွေကိုများ 'အိမ်တွင်းရေး ဝင်စွက်တဲ့လူတွေ၊ အနှောင့်အယှက်တွေ'ဆိုပြီး သူ့ အိမ်လုံခြုံရေးစိုးရိမ်သတဲ့လေ။တကယ်ဆို ဒီအိမ်မှာက သူရယ်၊မတင်မေရယ် နှစ်ယောက်တည်းရှိတာ။ရှိတဲ့မတင်မေကိုလဲ သူကပဲနှိပ်စက်နေတာဆိုတော့ အိမ်ရဲ့လုံခြုံရေးဖြစ်နိုင်ပါ့မလား။ သူ့ လုံခြုံရေးပဲပေါ့။


အချိန်တန်လို့ အရပ်ကမနေနိုင်ပဲ သူ့ ကိုဝိုင်းရိုက်မှာတော့ကြောက်တတ်သား။ သူများကို ရိုက်တတ်၊ နှိပ်စက်တတ်တဲ့ လူတွေဟာ၊ သူကိုယ်တိုင်အရိုက်ခံရမှာ၊ နှိပ်စက်ခံရမှာကိုတော့ သေမလောက် ကြောက်တတ်ကြတာ သဘာဝပဲကိုး။ အဲဒါနဲ့ပဲ အိမ်ကိုကာကွယ်ဖို့ ဆိုပြီး၊ ဓား၊လှံ လက်နက်တွေ စုနေလိုက်တာ တစ်အိမ်လုံးလဲ လက်နက်တွေနဲ့  ပြည့်နေပါရောလား။


ဒီလိုနဲ့ ၊ ဒီလိုနဲ့ ဆိုပါတော့။

တစ်နေ့မှာ မတင်မေလေးဟာ တခြားခြံတွေကို လှမ်းကြည့်နေရင်းကြီးမားလှတဲ့ သစ်ပင်ကြီးတွေကို တွေ့ သွားတယ်။ 'အရွက်တွေကလဲ တဖားဖား၊ အသီးတွေကလဲ တဝင်းဝင်းနဲ့ ကြီးမား ခန့်ထည်နေလိုက်တာ' အံ့မခန်းပါကလား။ သူမလဲမနေနိုင်တော့ပဲ ဟိုဘက်ခြံက ဒေါ်ယိုးဒယားမကြီးကို

ဘာပင်လဲ လှမ်းမေးတာပေါ့။ "ဒီမိုပင်"လို့ ပြောပြီး အသီးတစ်ချို့ ပါလာပေးတယ်လေ။


ကိုပေါက်ကျော်ကြီးကျွေးသမျှသာ မဝရေစာ စားနေရတာကြာပြီဆိုတော့ အသီးတွေကစားလို့ ကောင်းလိုက်တာမှ ။ 'အိမ်မှာသာဒီအပင်မျိုးရှိရင် ဝဝလင်လင်စားရမှာ'ဆိုပြီး ဒေါ်ယိုးဒယားမကြီးကို မေးကြည့်တော့ ရွာအနောက်ပိုင်းကမျိုးစေ့ရတာတဲ့။ အရမ်းကောင်းတဲ့အသီးမို့ လို ရွာအနောက်ပိုင်း လူတွေက သူတို့ လို စားစေချင်တယ် ဆိုပြီး မျိုးစေ့တွေ အလကားပေးနေတာဆိုပဲ အပင်ရှင်သန်အောင် စိုက်နည်း တွေပါ ပြောပြပေးသတဲ့။


အိမ်က အိမ်ထောင်ဦးစီးကြီးကို ပြောပြပြီး အိမ်ထဲမှာစိုက်ရရင် ကောင်းမှာပဲလို့  တွေးပျော်သွားမိတယ်။

"ဖြုံး၊ ဒိုင်း၊ဝုန်း"


မတင်မေရဲ့ အပျော်ဓာတ်လေးမကြာလိုက်ပါဘူး။ "ဒီမို"ဆိုတဲ့အသံလေးစထွက်တာနဲ့ပဲ၊ တုတ်ဆွဲပြီး ထရိုက်နေလိုက်တာ မဆုံးနိုင်အောင်ပါပဲ။ အခန်းထဲလဲထည့်ပိတ်လားပိတ်ရဲ့။ ထွက်ခိုင်းလိုက်၊ ထပ်ရိုက်လိုက်၊ ပြန်ထည့်ပိတ်လိုက်နဲ့ မတင်မေလေးမှာ တော်တော်ခံလိုက်ရပါပကော။


ဒါပေမယ့်လဲသူလေးကဇွဲကောင်းရှာပါတယ်။ နောက်ဆုံးပြောမရတဲ့အဆုံးအပင်လေးကို တူတူစိုက်ပါ့မယ် ဆိုပြီး တောင်းပန်ပြောရှာတယ်။ ဒါတောင် ကိုပေါက်ကျော်ကလှည့်ကြည့်တာမဟုတ်ဘူး။သူလဲ ဒီလိုအပင်မျိုးစိုက်နေတယ်ဆိုပဲ။


ဟုတ်များဟုတ်မလားလို့ သွားကြည့်လိုက်တော့ 'ဒီမိုပင်မှမဟုတ်တာ'။ အဲဒီ 'လိုက်လျောညီထွေ ဒီမို'ဆိုတဲ့ အပင်ကြီးကနေ အနံ့အရသာနဲ့ ပြည့်စုံတဲ့အသီးတွေမသီးပဲ နံစော်ချဉ်စုပ်နေတဲ့ အသီးတွေ သီးလာတော့မှာ။ ကြည့်စမ်းပါဦး။ အပင်ရှင်သန်ဖို့ ဆိုပြီး မစင်တွေလောင်းထားရသတဲ့။


ဒါကြီးကိုကြည့်ပြီး၊ မတင်မေလေးတစ်ယောက် အရမ်းစိတ်ညစ်နေရပြီလေ။ ဇာတ်လမ်းအစက ဆိုခဲ့သလိုပေါ့။ ဘာများလုပ်ရင်ကောင်းမလဲ။ တစ်ခုခု လုပ်ဖို့ တော့အချိန်တန်ပြီမဟုတ်လား။


တစ်နေ့တော့ကိုပေါက်ကျော်အလစ်အငိုက် ခြံထဲကနေ ခဏခိုးထွက်သွားလိုက်တယ်။ တကယ်ဆို အပြီးအပိုင်ထွက်ခဲ့ရင်လဲ အရပ်ကဝိုင်းစောင့်ရှောက်ထားကြမှာပဲ။ ဒါပေမယ့် ဒီခြံဟာ မတင်မေပိုင်တဲ့ ခြံလေ။ ဘာလို့ ခြံအပြင်မှာ အကြာကြီးနေရမှာလဲ။ သူမရည်ရွယ်ချက်က အိမ်နားနီးချင်းတွေနဲ့ ရွာအနောက်ပိုင်းက လူတွေကို သွားပြီး စစ်ကူခေါ်ဖို့ လေ။ သူမခြံလေးထဲမှာ ဒီမိုပင်ကြီး စိုက်ချင်ရှာတာကိုး။


တကယ်တန်းကျတော့ အထင်နဲ့ အမြင်က လွဲ ရရှာတယ်။ သူမခြံထဲမှာ'ဒီမို'ပင်လေး ဝိုင်းဝန်းစိုက်ဖို့ က ရွာအုပ်ချုပ်ရေးအဖွဲ့ကို တင်ပြရမယ်ဆိုပဲ။ သူမလဲတင်ပြဖို့ ကြိုးစားရှာပါတယ်။ သူမတို့ ရွာကလဲအကြီးသားဆိုတော့ ကိုယ့်အရေးလိုပဲ တခြားအရေးကြီးတဲ့ကိစ္စတွေကရှိသေးတယ်မဟုတ်လား။


ပြီးတော့ ဒီအဖွဲ့ ကြီးထဲမှာ ကိုပေါက်ကျော်ကအရှင်သခင်လိုကိုးကွယ်နေတဲ့ကိုတရုတ်ကြီး ဆိုတာရယ်၊ ကိုပေါက်ကျော်ကိုလက်နက်တွေရောင်းပြီး ငွေရှာနေတဲ့ ကိုရုရှားဆိုတာကြီးရယ်ကပါနေတော့၊ မတင်မေထင်ခဲ့သလောက်တော့အားကိုးလို့ မရတော့ဘူးပေါ့။ မတင်မေလေးရဲ့ မိတ်ဆွေလေးတစ်ချို့ ကတော့အားပေးရှာပါတယ်။ အခါအခွင့်သင့်ရင်သူတို့ ကူညီပါ့မယ်တဲ့။ ဘယ်တော့ဆိုတာတော့ သူတို့လဲ မပြောနိုင်ဘူးပေါ့။ ဒါပေမယ့်မျိုးစေ့လေးလဲ ပေးလိုက်တဲ့ အပြင်အပင်စိုက်ပျိုးနည်းတွေပါ သင်ပေးလိုက်ကြတယ်။


နောက်ဆုံးတော့စိတ်ညစ်ညစ်နဲ့ လပြည့်ညရဲ့ ရွာလမ်းလေးမှာ လျှောက်နေလိုက်တာ မမျှော်လင့်ပဲ ပညာရှင်ကြီးတစ်ယောက်နဲ့ တိုးပါလေရော။


ပညာရှင်ကြီးကို အကြောင်းစုံရှင်းပြတော့ သူကတစ်နေရာကိုလက်ညှိုးထိုးပြလေရဲ့။ အမယ်။ မဘုတ်ဆုံတို့ သားအမိပါလား။ ဟုတ်ပါရဲ့ ။ သူတို့ တဲစုလေးနားရောက်နေတာကိုး။ မဘုတ်ဆုံရဲ့ 

သားလေးက မိုးပေါ်ကလမင်းကြီးကို ကြည့်ပြီး "ထမင်းဆီဆမ်း၊ရွှေလင်ဗန်းကြီး"တောင်းနေလေရဲ့ ။


'ငါ့သမီး၊ လမင်းကြီးဆီကနေ ရွှေလင်ဗန်း'ရတဲ့ကလေး ဘယ်နှစ်ယောက် ရှိဖူးလို့ လဲ။ အခုဆို သမီးအဖြစ်က ဒီကလေးလေးထက်တော့သာပါတယ်။မျိုးစေ့ချနည်း၊ အပင်စိုက်နည်းတွေလဲ သိခဲ့ရပြီပဲကွယ်။ ဘာလို့ရွာအုပ်ချုပ်ရေးကို အားကိုးနေမှာလဲ။ ကိုယ့်အားလေးတော့ကိုယ်ကိုးဦးမှပေါ့။ နေရာတိုင်းမှာ သူများကူတာကို ချည်းထိုင်စောင့်နေရင် မိုးလင်းသွားလိမ့်မယ်။' သူမအသိဥာဏ်လေးများ လင်းလက်သွားသလိုပဲ။ ပညာရှိကြီးကဆက်ပြောတယ်။


'အခုသမီးရဲ့ ဒီမိုပင်စိုက်ဖို့ ကိစ္စမှာ အတားအဆီးဖြစ်နေတဲ့ပေါက်ကျော်ဆိုတာဟာ တစ်ချိန်က သမီးရဲ့  အလုပ်သမားဖြစ်ခဲ့တဲ့သူပါ။ ခြံစောင့်တယောက်ပါ။ သူအခုတုတ်ဆွဲ၊ ဓားဆွဲလုပ်နေတာ တကယ်တော့ သမီးကိုသူကြောက်နေလို့ ။ လူနဲ့ လူချင်း ရင်မဆိုင်ရဲလို့ လက်နက်အားကိုးနေရရှာတာ။ ဒါကို သမီးက သူ့ အလိုကျလိုက်ပြီး၊ သူတုတ်စဆွဲတာနဲ့  ကြောက်ပါပြီလုပ်နေတာကိုး။ ပြောချင်သမျှကိုလဲဒူးထောက်ပြီးမှ ပြောနေတာကိုး။သူဗိုလ်ကျအနိုင်ယူရဲတော့မပေါ့"


စကားအဆုံးမှာမတင်မေလေးငိုင်ကျသွားတယ်။ ပြီးတော့မှအကြံလေးတစ်ခုရသွားပြီး ပညာရှင်ကြီးကို ဆက်မေးတယ်။


'ဒါဆိုသမီးကလဲတုတ်ဆွဲပြီး သူ့ ကို ဝင်ရိုက်ရမလားအဘ'


'အဲဒီလိုလုပ်သင့်ရင်လဲ လုပ်ရမယ်။ မလုပ်ခင် သူ့ ကိုထိပ်တိုက်ရင်ဆိုင်ပြီး၊ကိုယ်ဖြစ်ချင်တာကိုသာ ရဲရဲဝံ့ဝံ့ ပြောကြည့်လိုက်ပါ။ ဒီခြံဟာသမီး ခြံပဲလေ။အပင်စိုက်ခွင့်ကိုသူ့ဆီတောင်းဆိုရအောင် သူ့ခြံမှ မဟုတ်တာ။ သူ့ အလုပ်ကခြံစောင့်။ ခြံစောင့်က ခြံစိုက်ချင်လို့ မရဘူး။ သမီးရဲ့ စိတ်အင်အားကို စနစ်တကျ အရင်စုစည်း၊ နောက်တော့သူ့ကို ထိပ်တိုက်ရင်ဆိုင်ပြီး ခြံစောင့်နေရာကို ပြန်တော့လို့ပြောလိုက်။ တကယ်တန်းကျတော့ သမီးရဲ့ စိတ်အင်အားစုစည်းမှုကို သူအနိုင်မယူနိုင်ပါဘူးကွယ်။ ဘာလို့ လဲဆိုတော့ဒီခြံရဲ့ အရှင်သခင်အစစ်အမှန်ကသမီးဖြစ်နေတာကိုး။ တချို့ကိစ္စတွေမှာ ထိပ်တိုက်ရင်ဆိုင်မှ အောင်မြင်နိုင်တာတွေလဲရှိတယ် သမီးရဲ့တဲ့"


(မှတ်ချက် ။ ။ ဤအဖြစ်အပျက်များဖြစ်ပွားပြီး၊ များမကြာမီကာလ၌ မတင်မေခြံထဲတွင် သူမစိုက်ချင်သော 'ဒီမိုပင်ကြီး'ရှင်သန်ကြီးထွားလာသည်ကို လူအများတွေ့ မြင်ကြရလေသည်)


"သစ်ပင်စိုက်ချင်သူများအားလုံး၊ ကိုယ့်ခြံ၊ကိုယ့်စိုက်ခင်းတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ကြပါစေသတည်း"


ခင်မမမျိုး (၂၀၀၆)

You received this email because you are subscribed to the real_time feed for http://khinmamamyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.