ကြော်ငြာ (၇၂)
ကြော်ငြာနဲ့ စခဲ့တဲ့ ဒီဘလော့လေး ကြော်ငြာမတင်ဖြစ်ခဲ့တာ ကြာပါပြီ။ အခုတော့ ဟိုဒီလျှောက်ကြည့်ရင်း ကမ္ဘာအနှံ့ တောမီးလောင်သွားတဲ့ အဆိပ်နို့မှုန့်ကို သရော်ထားတဲ့ ကြော်ငြာလေးတွေ့လို့ မျှဝေလိုက်ပါတယ်။ အခု သရော်ထားတာက sunlu (ဒရယ်သုံးကောင်) တံဆိပ် နို့မှုန့်ဖြစ်ပါတယ်။
ဒီကလေး ဒီအရေး
မြန်မာပြန်ကိုရောက်ပြီး သူငယ်ချင်းတွေဆီ လျှောက်လည်နေလို့ ကျောင်းဖွင့်ပြီး တစ်လကျော်လောက်မှ ဒီကျောင်းကို ကျွန်မရောက်လာခဲ့တယ်။ အဲဒီအတွက် ကျွန်မမှာ ကိုယ်ပိုင်အတန်း မရှိခဲ့ဘဲ အတန်းငယ် ၆တန်းက ကလေးတွေကို အဆို၊ ကိန်းဂဏန်းသချာင်္နဲ့ အခြေခံသိပ္ပံ အသိတွေကို လှည့်ပတ်ပြီး သင်ရတယ်။ တိုင်းရင်းသား လူမျိုးများတဲ့ နယ်စပ်ဒေသ ဖြစ်တာကတစ်ကြောင်း၊ အသက်မပြည့်တဲ့ ကလေးငယ်တွေ များတာကတစ်ကြောင်း သင်ရတာ အင်မတန် လက်ပေါက်ကပ်ပါတယ်။ ပထမနေ့ စာစသင်တုန်းကဆို အသံဝင်တဲ့အထိ ကျွန်မ အော်ခဲ့ရတယ်။
ကလေးတွေကို တရုတ်စာ သင်တယ်ဆိုပေမယ့် လာတက်တဲ့ ကလေးတွေမှာ တရုတ်၊ မြန်မာ၊ ရှမ်း၊ ယိုးဒယား၊ အခါ၊ ဝနဲ့ လားဟူလူမျိုးတို့ ပါကြတယ်။ တချို့က တရုတ်လို မတတ်၊ မြန်မာလိုလည်း မတတ်တော့ စာတစ်လုံးရေးပြ၊ ဆိုပြပြီးရင် ရှမ်းလို၊ ယိုးဒယားလို ထပ်ရှင်းပြရတယ်။ အဲဒီစကားနှစ်ခုကို ကျွန်မ မတတ်ပါဘူး။ အတန်းထဲမှာ ဘာသာပေါင်းစုံတတ်တဲ့ ကလေးတွေကို ဘာသာပြန်အဖြစ် ကျွန်မက ပြန်ငှားထားရတယ်။ တစ်ခါတလေ ဘာသာပြန်သူက ဘာသာမပြန်တတ်တဲ့အခါ ပြောချင်တဲ့အရာကို ကျွန်မက အမူအရာနဲ့ လုပ်ပြတတ်တယ်။ အဲဒီအချိန်ကျရင် ကလေးတွေက တဝါးဝါးနဲ့ သဘောတွေကျနေတတ်တယ်။ ကျွန်မ အစ်မကို ဒီအကြောင်းပြောပြတော့ "နင့်ကို ဒီဆရာမက ပေါတောတောကြီးလို့ ကလေးတွေက ထင်ကြတော့မယ်" တဲ့။ မတတ်နိုင်ဘူးလေနော်.....
ကလေးပေါင်းစုံနဲ့ လက်ပွန်းတသီး ထိတွေ့ခွင့်ရမှ ကလေးဘဝ ဘယ်လောက် အပြစ်ကင်းကြောင်းကို လက်တွေ့သိရတယ်။ အခုလေးပဲ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတယ်။ ငိုကြတယ်။ စက္ကန့်ပိုင်းတောင် မကြာဘူး တစ်ယောက်နဲ့တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ကစားနေကြပြန်ပြီ။ မုန့်တွေ ဝေစားနေကြပြန်ပြီ။ သူတို့မှ အငြိုးအတေးဆိုတာ မရှိဘူး။ တစ်ချို့ကလေးက မုန့်ခိုးစားနေတဲ့အချိန် ကျွန်မအကြည့်နဲ့ တိုးသွားရင် ပါးစပ်မှာ မုန့်ငုံ့ပြီး မျက်နှာသေနဲ့ နေပြတတ်တယ်။ ဟန်ဆောင်တာကို သူတို့ မဖုံးကွယ်တတ်ဘူး။ တစ်ချို့ကလေးတွေက အတန်းတက်ရင် မုန့်တွေကို ကျွန်မထိုင်ခုံပေါ် လာတင်ထားတတ်တယ်။ ကျောင်းဆင်းမှ ပြန်ယူစားမယ်ပေါ့။ ဒါကို တစ်ခြားကလေးတွေက ခုံရှေ့လာပြီး ယောင်လည်ယောင်လည် နဲ့ တင်ထားတဲ့ မုန့်တွေကို တို့ခနဲ့ ဆိတ်ခနဲ့ ခိုးစားကြတယ်။ အတန်းဆင်းတဲ့အချိန် မုန့်က ထက်ဝက်ကျိုးနေပြီ။ ကလေးတွေကို ကြည့်ပြီး သူတို့အရွယ်တုန်းက ကျွန်မလည်း အဲဒီလိုပဲလားလို့ တွေးမိပြီး ရီချင်နေမိတယ်။
ကျွန်မ အဲဒီအရွယ်တုန်းက ဘယ်လိုလဲလို့ ကျွန်မထက် ၃နှစ်ကြီးတဲ့ အစ်မကို မေးကြည့်တော့ "နင်လား? သူတို့ထက်ဆိုးတယ်။ တံခါးကြားမှာ ပုန်းပြီး သွားတိုက်ဆေးတွေကို ချိုလို့ဆိုပြီး ခိုးစားတယ်။ မူကြိုတုန်းက လူများမျက်နှာကို ခဲတံနဲ့ လိုက်ထိုးတယ်။ စာကျက်ခိုင်းရင် အမြဲ အိပ်ငိုက်တယ်။ တစ်ခါက အိပ်ငိုက်လို့ ခုံပေါ်က ပြုတ်ကျတာ နင်မှတ်မိလား? အမေ ရိုက်ရင် ခြံအောက်အထိ ဆင်းပြေးတယ်။ အမေက မြေကြီးနဲ့ လိုက်ပေါက်ရင် သိုင်းကားထဲကလို ပါးစပ်က အုရှိစ်၊ အုရှိစ်နဲ့ ဟိုရှောင်၊ ဒီရှောင်ပြတယ်။ အမေက နင့်ကိုပဲ ဆက်ရိုက်ရမလိုလို၊ ထိုင်ပဲ ရီရမလိုလို ဖြစ်နေတယ်" တဲ့။
တကယ်လည်း ဘာအပူအပင်မှာ မရှိခဲ့တဲ့ ကလေးဘဝတွေပါ။ ပြန်တွေးရင်တောင် ရင်ထဲ ကြည်နူးစေတဲ့ ကလေးလေးဘဝကို အသက်ကြီးလာလေ ပြန်တောင့်တမိလေပါပဲ။
နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.