Wednesday, October 8, 2008

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: ဒုတိယ ရေကြည်အိုင် - အပိုင်း(၂)

ဒုတိယ ရေကြည်အိုင် - အပိုင်း(၂)

ဖက်ဆစ်ဝါဒ နအဖ - အပိုင်း(၂)

ဆောင်းပါးရှင် - L.t Comet

ပြီးတော့ ပေ၅၀ အမြင့်အောက်ကို ကျသွားတဲ့ စစ်မေးခံရသူကို အပေါ်ပြန်ခေါ်ပြီး သူ့ကို အမှောင်ခန်းတစ်ခုထဲမှာ ထည့်ထားလိုက်ပါတယ်။ အမှောင်ခန်းထဲမှာ ထားတာက သူ့ကို ကြောက်စိတ်ပိုပြီးတော့ ကြီးထွားစေခြင်းရဲ့ အကျိုးဆက်ကို ဆက်လက်ဖြစ်ပေါ်စေပါတယ်။ သုံး ရက်လောက်ထည့်ပြီးရင် အပြင်ကိုခေါ်ထုတ်ပြီး သူတို့ သိချင်တာတွေကို ဆက်လက်မေးပါတယ်။ မရဘူး မပြောဘူးဆိုရင် သူ့ကို ထိုင်ခုံမှာ ကြိုးတုတ်ပြီး ခေါင်းပေါ်ကို ရေစက် တစ်စက်ချင်းစီချ ပေးထားပါတယ်။ အဲဒီလို ရေတစ်စက်ချင်းစီကျဖို့အတွက်က ရေအိုးကို သံနဲ့ရိုက်ပြီး အပေါက်ဖောက်ထားတာတဲ့ ရေအိုးထဲကို ရေဖြည့်ပြီးတော့ ခေါင်းပေါ်မှာ ထားထားတာဖြစ်ပါတယ်။ အဲဒီလို ညှင်းပန်းနှိပ်စက်တာကို ခံပြီးတော့ နိုင်ငံရေးသမားတွေဟာ ဘယ်တော့မှ အရှင်ထွက်ခြင်းဆိုတဲ့ ပြန်လွတ်လမ်း မရှိဘဲ လုံးဝကို စာမလာ သတင်းမကြားဘဲ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားတာလည်း အများအပြားရှိတာကို ပြည်သူလူထုနဲ့ နိုင်ငံတကာက သိရှိစေလိုပါတယ်။

နောက်နည်းလမ်း တစ်ခုကတော့ စစ်မေးခံရတဲ့ လူကို ကျောမှီမပါတဲ့ ထိုင်ခုံတစ်လုံးအပေါ်မှာ ထိုင်စေပြီး အဲဒီ ထိုင်ခုံဟာလည်း အောက်ခြေ ကြမ်းပြင်နှင့် သူ့ခြေထောက် မထိစေဖို့အတွက်ထိုင်ခုံအား စီမံထားပါတယ်။ အဲဒီနောက် နေ့ရောညပါ မရပ်မနား အဆက်မပြတ် မေးခွန်းပေါင်း သောင်းခြောက်ထောင်ကို လူပြောင်းလဲပြီး မေးမြန်းတဲ့ စနစ်ဖြစ်ပါတယ်။ အဲဒီအခါမှာ စစ်မေးခံရတဲ့ လူဟာ မသက်မသာ ဖြစ်လာတဲ့ ထိုင်ခုံပေါ်မှာ ချွတ်ချုံကျပြီး စိတ်ရောကိုယ်ပါ နွမ်းနယ်လာကာ Break Down လို့ခေါ်တဲ့ စိတ်ဓာတ် ရိုက်ချိုးတဲ့ နည်းကြောင့်စိတ်ကိုလျော့ချကာ စစ်မေးသူအလိုကျ ၀န်ခံလိုက်ရတာမျိုးလည်း ရှိပါတယ်။

အဲဒီလို မေးမြန်းရာမှာ တစ်ဦးထက်ပိုပြီး အုပ်စုလိုက် အဖမ်းခံရတဲ့ သူတွေကိုစစ်မေးတဲ့ အခါ စစ်ကြောခံရ သူတွေရဲ့ လုပ်ဖော်ကိုင်ဖက်များက သစ္စာဖောက် ပြီး ဖေါ်ကောင်လုပ်ပြီးသလိုလို ပြောဆိုဝန်ခံ ခိုင်းတာမျိုးလည်း ရှိပါတယ်။ လက်ရှိစစ်ကြောခံရသူကို လုပ်ကြံဇာတ်လမ်းများနဲ့ နဝေတိမ်တောင် ဖြစ်အောင် ဖိအားပေး ပြောဆိုကြတဲ့ နည်းလည်း ရှိပါတယ်။ ဒါ့အပြင် စစ်ကြောခံရသူကို ၀န်ခံလိုက်ပါက အပြစ်မှ လွှတ်ပေးသယောင်၊ လျော့ပေါ့ပေးသယောင် မျှော်လင့်ချက် ပေးပြီး စည်းရုံးတတ်သလို စစ်ကြောသူ ကိုယ်တိုင်က ကယ်တင်ရှင် ပုံစံမျိုး အချိုးနဲ့ ပရိယာယ်ဆင်ပြီး မေးမြန်း တတ်ကြပါသေးတယ်။ တချို့  အာဏာရှင်တွေ ကျင့်သုံးတဲ့ နည်းလမ်းကတော့ ငွေကြေးဓန အင်အားသုံးပြီး မြူဆွယ်စည်းရုံးတဲ့ နည်းဖြစ်ပြီး ဒီနည်းကိုတော့ သူတို့ အတွက်နိုင်ငံရေးအမြတ်ထုတ်လို့ရတဲ့ အခါမျိုးနဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို စည်းရုံးပြသဖို့ လိုအပ်တဲ့ အခါမျိုးမှာ အသုံးပြုပါတယ်။

နောက်နည်းလမ်း တစ်ခုကတော့ စစ်ဆေးခံရတဲ့သူကို အလုံပိတ်အခန်းထဲမှာ ပိတ်ထားပြီး တဖက်ခန်းမှ ရိုက်ပုတ်ညှင်းဆဲသံများ၊ အော်ဟစ် ညည်းတွားသံများကို အသံသွင်းထားတဲ့ ကက်ဆက်မှ ဖွင့်ပေးကာ စိတ်ချောက်ချား စေခြင်းဖြင့် လည်းကောင်း၊ အခန်းထဲသို့ ညဘက်အခါ မြွေလွှတ်၍ လည်းကောင်း၊ စိတ်ဓာတ်တုန်လှုပ်ချောက်ချားစေပြီး ၀န်ခံခိုင်းတဲ့ နည်းကိုလည်း အသုံးပြုပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ပါးရိုက်တာမျိုး နံပါတ်တုတ်နဲ့ရိုက်တာမျိုး ခြေသလုံးပေါ်ကို မျဉ်းလုံးတင်ပြီး အပေါ်က တက်လှိမ့်တာမျိုး တွေနဲ့လည်း ရက်ရက်စက်စက် စစ်မေးတတ်ပါတယ်။ နောက်နည်းလမ်း တစ်ခုကတော့ အကြပ်ကိုင်တဲ့ နည်းလမ်းဖြစ်ပြီး မိဘ၊ မိန်းမ၊သားသမီး၊ ဆွေမျိုးသားချင်း အိမ်များကို စစ်ကြောတဲ့သူများက သွားရောက် ပြောဆိုနေပုံကို ဗွီဒီယိုခွေဖြင့်ပြကာ ၀န်မခံပါက ၄င်းတို့အား အရေးယူ ဆောင်ရွက်မဲ့ ပုံစံမျိုး ခင်းကျင်းခြင်း ဖြစ်ပါတယ်။ အဲဒီလို ရက်စက်ကြမ်းကြုတ်လှတဲ့ နည်းတွေကိုသုံးပြီး နိုင်ငံရေးလှုပ်ရှားသူတွေကို ညှင်းဆဲကြောင်း အားလုံးကို သိစေချင်တဲ့ စေတနာနဲ့အတူ ဖက်ဆစ်ထက်ဆိုးတဲ့နအဖအကြောင်းကို ရေးသားပေးပို့ လိုက်ပါတယ် ခင်ဗျား။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.