မိုးတိမ်တွေထဲကအိမ်
အီကွေတာနဲ့ပဲနီးလို့လား တချက်တချက်တိုက်လေတဲ့ ဒီနိုင်ငံကလေတွေက ပူပြင်းလွန်းတယ်။ အဲလိုနဲ့တိမ်တွေ အထပ်ထပ်ဖွဲ့လာခဲ့ရင်လည်း မကြာခဏမိုးအဖြစ်ရွာချတတ်တယ်။ နင်နဲ့ငါရဲ့ စိတ်ကူးထဲကအိမ်လေးဟာလည်း ရွာချတဲ့ မိုးတွေနဲ့အတူ ပျောက်ပျက်ခဲ့ပြီထင်ပါရဲ့။ ရွာနေတာ မိုးရေတွေလား နင်နဲ့ငါရဲ့ မျက်ရည်တွေလား……..ဟင်…
အရင်တုန်းကတော့ တို့နှစ်ယောက်သိပ်ချစ်ခဲ့ကြတယ်။ မရှိလေတဲ့ အရပ်မှာ ငါးပိရည်ပဲစားရစားရပေါ့။ နင်ရတဲ့လခ သုံးလေးသောင်းရယ် ငါရတဲ့လခငါးသောင်းခြောက်သောင်းရယ်နဲ့ လူမွေးလူတောင်မပြောင် အဆောင်အယောင်အခမ်းအနားတွေ မပါပေမယ့် ငါတို့သေချာပေါက်ပျော်ခဲ့ကြတယ်။ အများကစကားတင်းဆို ပြစ်ဖွဲ့ဆိုကဲ့ရဲ့လည်း ငါတို့နှစ်ယောက်တွဲလက်မဖြုတ်ပဲ တစ်ယောက်လက်တစ်ယောက်အုပ်ပြီး ကိုင်ဆွဲထားခဲ့မြဲနော်။ ဒါပေမယ့် နင့်မိဘ ငါ့မိဘအသိုင်းအ၀ိုင်းတွေအတွက် တာဝန်တွေကိုယ်စီပိုင်းပြီး ယူကြမယ်လို့ ထားခဲ့တဲ့ ကတိက၀တ်တွေက ရေကြည်ရာမြက်နုရာဆိုတဲ့ အပြင်ဘက်ဝေးရာဆီကို လှမ်းစေခဲ့တယ်။ အရင်ဆုံးအဆင်သင့်သွားတဲ့ နင်က အရင်သွားခဲ့ပေမယ့် နောက်ဆံတင်းတတ်တဲ့ ငါက ငါ့မိဘအတွက် အခြေကျ အနေလှအောင် အစစအရာရာ စီမံရသေးတော့ နောက်ကပေါ့။
ငါရောက်စကတည်းက စသတိထားမိတာ နင်အရမ်းပြောင်းလဲသွားတယ်နော်။ အေးလေအရင်လို သုံးလေးသောင်းဆိုတဲ့ ၀င်ငွေမျိုးမှမဟုတ်တော့တာ။ အ၀တ်အစားဆိုရင် Brand မှ အစားအစာဆိုရင်ဘ်ာမှ ဖြစ်နေခဲ့ပြီ။ တိုးတက်ခေတ်မှီတဲ့ လူနေမှုပုံစံသစ်ထဲမှာ မူးယစ်နေခဲ့ပြီပေါ့။ ဒူးအထက်နားမှာအမြဲ ရှိတဲ့ တိုနံ့နံ့တွေနဲ့ယဉ်ပါးနေပြီဆိုတော့ ငါအမှတ်တရပေးထားတဲ့ ချင်းဝတ်စုံဝမ်းဆက်လေးကို ဘယ်တန်ဖိုးထားပါတော့မလဲနော်။ သွက်လက်ထက်မြက်မှုတွေနဲ့အတူ နင့်ရဲ့ရိုးသားခြင်းတွေပါ အရောင်မပြောင်းသွားဖို့ ငါဆုတောင်းပေမယ့်….
ငါတို့နှစ်ယောက်သတ်မှတ်တဲ့ အခြေအနေရောက်ရင် ပြန်ကြရအောင်ဆိုတော့ " ဘာပြန်လုပ်မှာလဲတဲ့" မေးရက်လိုက်တာဟာ။ "ဒီနိုင်ငံဟာ ငါတို့ရေမြေမဟုတ်ဘူးလေ အထူးသဖြင့်ငါချစ်တဲ့ မြေမဟုတ်ဘူး" ဆိုတော့ " နင်သိပ်ချစ်ရင် အဲဒီမှာပဲ နေပါလား ဘာဖြစ်လို့ အဝေးကိုထွက်လာသေးလဲ" တဲ့။ အဲဒီမေးခွန်းရဲ့ အဖြေကို နင်သိသားနဲ့။ "မဖွံ့ဖြိုးသေးတဲ့ ငါတို့ရဲ့အမိနိုင်ငံကို နင်ထည့်တွက်သင့်တယ်" ဆိုတဲ့ အပြောကို
"နင်ဟာသိပ်အူကြောင်ကြောင်နိုင်ပါလား သူများတကာလည်း ဒီလိုပဲ ငါတို့လဲဒီလိုပဲပေါ့" ဆိုတဲ့ အဖြေနဲ့ကာခဲ့တယ်နော်။ "ဟိုရောက်ရင် သုံးလေးသောင်းနဲ့ ဘာသွားစားမလဲ"ဆိုတဲ့ အမေးကို မဖြေနိုင်တဲ့ နောက်မှာ ငါဟာ ဆွံ့အသူတစ်ယောက်ဖြစ်ခဲ့ရတယ်။ နင်ရဲ့ အရောင်ပြောင်းသွားတဲ့ စိတ်ဓာတ်အတွက် ငါ့ရင်ဘတ်တွေ တအက်အက်နာကျင်ခဲ့ရတယ်။ အဲဒီညက ဖန်ခွက်တွေ တခွက်ခြင်းခွဲနေမိပေမယ့် တကယ်တမ်းကွဲကြေနေရတာက ငါ့နှလုံးသားပါဟာ။
ဘ၀တစ်ခုကို အသစ်ကနေပြန်စမယ့် လူတစ်ယောက် တစ်ချိန်ချိန်မှာ အမိမြေကို ပြန်မယ့်လူတစ်ယောက်ရဲ့ အရိပ်ဟာ နင့်အတွက်မလုံခြုံနိုင်ပါဘူး။ နင်လိုအပ်တဲ့ အရာတွေဟာ ငါပေးနိုင်တဲ့ မေတ္တာတရားနဲ့တင် မဖြည့်စွမ်းနိုင်တော့ဘူးထင်ပါရဲ့။ ပျံပါလေ ပျံပါ ရွှေဟင်္သာတွေ ရှိတဲ့အရပ်ကိုပဲ ပျံပါ။ နင်ရဲ့အလိုမကျခြင်းတွေကိုပဲ ဖြစ်စေခဲ့တဲ့ ငါလိုလူကို သနားမငဲ့ ထားခဲ့ရက်နိုင်ပါတယ်။
အိပ်မက်ဆိုတာ တခါခါ ပန်းတိုင်တစ်ခုအဖြစ်ကို ပြောင်းမသွားတတ်ပါဘူး။ မိုးတိမ်တွေကနေ ငွေ့ရည်ဖွဲ့ပြီး ရွာချတတ်သလို အိပ်မက်အဖြစ်မက်ခဲ့ဖူးတဲ့ မိုးတိမ်တွေထဲကအိမ်ကလေးလည်း လွယ်လွယ်ကူကူပျောက်ပျက်သွားတယ်ထင်ပါရဲ့။ အခုလည်း မိုးတွေရွာပြန်ပြီ် ကိုင်ဇာရဲ့ " တူနှစ်ကိုယ်မှန်းတဲ့ အနာဂတ်အချစ်တိုင်းပြည် ထူထောင်နိုင်ရန်စွန့်စားမည်" ဆိုတဲ့ သီချင်းလေးကို တစ်ချက်လောက်ပိတ်ပေးပါဗျာ။
You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.