Tuesday, October 7, 2008

[Htoo Myat] 1 New Entry: ထူးမြတ် ပထမဆုံး ရဲဖမ်းခံရခြင်း

ထူးမြတ် ပထမဆုံး ရဲဖမ်းခံရခြင်း

ပထမဆုံးတွေ ရေးရင်းနဲ့ ပထမဆုံး ရဲဖမ်း ခံခဲ့ရတဲ့ အကြောင်းလေးကို နည်းနည်း အကျယ်တ၀င့် ရေးချင်စိတ် ပေါက်လာတယ်။ ကျနော့်ဘ၀ သက်တမ်းမှာ လှည်းတန်းဆိုတဲ့ နေရာဟာ ကိုယ့်အိမ် ကိုယ့်ယာနဲ့ မခြားခဲ့ပါဘူး။ ကျနော် အဲဒီ တက္ကသိုလ် ရိပ်သာလမ်းမှာ နေခဲ့တုန်းက ကျနော် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းကို လမ်းလျှောက် တက်ပါတယ်။ အဲဒီတုန်းက မမစိမ်းက ကားလေးနဲ့ပြန်တော့ ဓနရှင်ဆိုပြီး စွဲချက်တင်လိုက်သေး။ ဒါပေမဲ့ သူကားနဲ့ ပြန်တဲ့ လမ်းကနေလည်း လှည့်လှည့်ပြန်မိသေးတာ... ဟားဟား...

ကျနော်တို့ ကျောင်းက ၂နာရီ ခွဲလောက် လွှတ်ပြီဆို (အင်း... ဟုတ်မယ်ထင်တယ်၊ မေ့တေ့တေ့ပဲ) ကျနော် အိမ်ကို လမ်းလျှောက်ပြန်မယ်။ ဘယ်လောက်မှမကြာပဲ ခဏဆို ရောက်သွားပြီးတဲ့နောက် ကျနော် အ၀တ်အစားလဲပြီး လှည်းတန်းကို လမ်းလျှောက် ထွက်ပြန်ပါတယ်။ ကျနော် တကယ်ဆို ကျောင်းဝတ်စုံနဲ့ပဲ လှည်းတန်းကို သွားလည်း ရတော့ ရပါတယ်။ ဒါပေမဲ့ အဲဒီတုန်း တခါတလေ အဖွားဆီကနေ ပိုက်ဆံ တောင်းတောင်းသွားတတ်လို့ ထင်တယ်။

ကျနော် အိမ်အရင်ပြန်ပါတယ်။ နောက်မှ တီရှပ်လေး၊ ဘောင်းဘီတိုနဲ့ ခေါက်ထီးအမဲလေး ကိုင်ပြီး လူကောင်ကြီးကြီး ကလန်ကလားနဲ့ လှည်းတန်းကို ပလက်ဖောင်း ဘေးက သစ်ပင်တန်း ကြားထဲကနေ လျှောက်ပါတယ် (အဲဒီမှာ လမ်းလျှောက်ဖူးတဲ့ လူတွေဆို အဲဒီ သစ်ပင်ကြားက လူလျှောက်လမ်းလေးကို မှတ်မိကြမှာပါ၊ ပလက်ဖောင်း ရှိနေရဲ့သားနဲ့ ဘာလို့ အဲဒီကနေ လျှောက်ကြလဲ ဆိုတာ ကျနော်လည်း မသိဘူး။ တော်တော်တော့ လျှောက်လို့ကောင်းတယ်)

အဲဒီတုန်းက လှည်းတန်းမှာ INFO တို့လို အပြင်အဆင် ကောင်းကောင်းနဲ့ ဆိုင်တွေ ရှိတယ်၊ ဆက်လျှောက်ရင် ၁၂ လုံးတန်းအထိပဲ။ ကျနော် ကစားတာကတော့ ပြည်မြန်မာ ကုန်တိုက် (အခုခေတ် လူငယ်တွေဆို လှည်းတန်း စင်တာပဲ သေချာ သိတော့မယ်ထင်တယ်၊ ကျနော် သွားသွား ဆော့နေတုန်းက အဲဒါကြီး ဆောက်လို့ မပြီးသေးပါဘူး။ မြေကြီးပေါ်ကတောင် မတက်သေးဘူးထင်ပါတယ်။) လှည်းတန်း စင်တာဘေးက ပြည်မြန်မာ ကုန်တိုက်ရဲ့ ဘေး ကျူရှင် တွေအများကြီး ရှိတဲ့ တိုက်ကြီးက Power ဆိုတဲ့ ဂိမ်းဆိုင်ပိစိလေးပါ။

အဲဒီနေ့က ကျနော် ပုံမှန်နေ့တစ်နေ့ လိုပဲ ဖြတ်သန်းပါတယ်။ လှည်းတန်းမှာ မျဉ်းကြားက မကူးရင် ဖမ်းတယ် ဆိုတာကို ကျနော် အမြဲတမ်း သတိရှိခဲ့ပါတယ်။ ဒါပေမဲ့ မျဉ်းကြား နှစ်ခုလုံးဟာ အလွန် ဝေးလံတဲ့ ဒေသတွေမှာ ရှိနေတော့ ကျနော် လမ်းဆုံမှာဆို အရိပ်အခြေ ကြည့်ပြီး ကူးဖြစ်တာ များပါတယ်။ အဲဒီနေ့မှ ကျနော် လမ်းဖြတ် ကူးနေရင်း လက်လာဆွဲတာ ခံလိုက်ရပါတယ်။ ကျနော် မှတ်မိသလောက်ဆို ကျနော် ဖြတ်ကူးတဲ့ အလယ်မှာ ပန်းခြံလေး ရှိတယ်။ အဲဒီ ပန်းခြံရဲ့ တ
က္ကသိုလ် ရိပ်သာ လမ်းဖက်ခြမ်းမှာ အဆွဲခံလိုက်ရပါတယ်။ စစခြင်း အရပ်ဝတ်ကနေ နောက် ယူနီဖောင်းတစ်ယောက်က လာဆွဲပါတယ်။ ကျနော်တို့ ခေါ်ခေါ်နေတဲ့ ဘဲဥပေါ့။ ဘဲဥ ဦးထုပ် ဆောင်းထားတာ ဖြူဖွေးနေတာပဲ။

ဒိုင်နာကားပေါ် ရောက်တော့ ယဉ်ထိမ်း ရဲမေလည်း ပါတာကိုး... ကျနော် လမ်းမှာ တစ်လမ်းလုံး ပြောလာတယ်။ ပုခုံးဖက်ပြီး ခေါ်လာတုန်းက၊ ကျနော်ဟာ ကျောင်းသားပါ။ ကျနော် ၈တန်းပဲ ရှိပါသေးတယ်။ အကိုတို့ ဖမ်းလည်း ကျနော့်မှာ ဒါဏ်ငွေ ဆောင်စရာမရှိပါဘူး ဆိုတာကို... အဲဒီ ပုလိပ်ကလည်း မယုံဘူးဗျာ... ကျနော် ၈တန်း ဆိုတာကို၊ ဇွတ်အတင်းကြီး ခေါ်တင်တော့တာပဲ။

နောက် ကားပေါ်ရောက်တော့ သူက အဆင်းနေရာရဲ့ ခုံတန်း အစွန်မှာ ယဉ်ထိမ်းရဲနဲ့ ရဲမေ ပိတ်ထိုင်ထားတယ်။ ကျနော့် မျက်စောင်းထိုးမှာ ရှိနေတဲ့ ယဉ်ထိမ်းရဲကို ကျနော်က ပိုက်ဆံမရှိကြောင်း နားညီးအောင် ပြောမိတယ်။ နောက် ဘာဆက်ဖြစ်မယ် ဆိုတာမေးတော့ စခန်းကို လိုက်ခဲ့ပြီး ဒါဏ်ငွေ ၂၀၀၀ ဆောင်ရမတဲ့... ကျနော့်မှာက ရှိတာမှ ၃၀၀ ပဲ ရှိတာ... အဲဒါနဲ့ ပိုက်ဆံထုတ်ပြပြီး ဒါအကုန်ပဲ၊ ကျနော် ဘယ်လိုလုပ်ရမလဲ၊ ကျနော့် အိမ် ပိုက်ဆံ ၀င်ယူလို့ ရမလား စသဖြင့်ပေါ့။ သူက မရဘူးပဲ ပြောနေတော့ နောက်ဆုံး... ဒီတိုက်မှာ ကျနော်နဲ့ ခင်တဲ့ ဂိမ်းဆိုင် ရှိတယ်၊ ကျနော် အဲဒီကို လာတုန်း အဖမ်းခံရတာပါ။ ကျနော် လိုတဲ့ပိုက်ဆံ အဲဒီကနေ ချေးပြီး ပြန်လာပါ့မယ်လို့ ပြောလိုက်တယ်။

ဒီလူ့နှယ် သနားပဲ သနားသွားလား (ကျနော့်ပုံစံကြီးကတော့ ဘယ်လိုမှ သနားဖွယ် မကောင်းပါဘူး) နားပဲ ငြီးလာလားတော့ မသိ၊ အေး ပိုက်ဆံ ပြန်ယူဆိုပြီး လုပ်လိုက်တယ်။ ကျနော် မောင်ထူးမြတ်ကလည်း ရိုးသားလိုက် ပုံများကတော့ ဒါဆို ကျနော် ထီးထားခဲ့မယ်လေလို့ ပြောလိုက်သေးတယ်။ အဲဒါကို သူက မထားခဲ့နဲ့ ယူသွားတဲ့... ကျနော်က အဲဒါ ထူးဆန်းတယ် ထင်လိုက်သေးတယ်။ ထီးထားခဲ့မယ် ပြောတာကို ဘာလို့ ယူမထားတာလဲ လို့ပေါ့။

အဲဒါနဲ့ အဲဒီ တိုက်ပေါ် ပြေးတက်ခဲ့ပြီး ဂိမ်းဆိုင်ထဲ ရောက်တာနဲ့ ဆိုင်ထိုင်တဲ့ အကိုကြီးကို ပြောတာပေါ့။ ကျနော့်ကို ၂၀၀၀ လောက် ချေးပါ။ ကျနော် ပုလိပ်ကားနဲ့ မိလို့ ဒါဏ်ငွေ ဆောင်ရမယ်လို့ပေါ့။ အဲဒါ အဲဒီ အကိုကြီးက မင်းကို ဘယ်လို လွှတ်ပေးလိုက်တာတုန်းလို့ ပြန်မေးတယ်။ ကျနော်က ဒီကနေ ပိုက်ဆံယူပေးမယ် ပြောလို့ လွှတ်ပေးလိုက်တာလို့ ပြန်ပြောတာပေါ့။ သူက ထပ်မေးတယ်... သူတို့က မင်းဆီကနေ ဘာယူထားလိုက် ကြသလဲတဲ့... ကျနော်က ဘာမှမယူထားဘူးလို့ ပြန်ဖြေတော့... မင်းကလည်း တုံးပကွာ... ဘာလို့ ပြန်သွားဦးမှာလဲ လို့ ပြောလိုက်ရော...

အဲဒီတော့မှ ကျနော်လည်း သဘောပေါက်သွားပြီး အောက်ကို ပြူတင်းပေါက်လေးကနေ ချောင်းတယ်။ ကျနော် ထုံးစံအတိုင်း ၁ နာရီခွဲစာ ဂိမ်းဆော့တယ်။ နောက် တော်တော်နဲ့ ကျနော် မပြန်ရဲခဲ့ဘူး။ နည်းနည်း အမှောင်ကျလာမှ ကျနော် ကုပ်ကုပ်ကုပ်ကုပ်နဲ့ ပြန်ပါတယ်။ မျဉ်းကြားကနေ သေချာ ကူးပြီးတော့ပေါ့။

နောက်ထပ် တစ်ရက်နှစ်ရက်လောက်တော့ လေးလေးစားစား မျဉ်းကြားကနေ ကူးနေခဲ့ပါသေးတယ်။ နောက်ကျတော့လည်း စည်းကမ်းပြည့်ဝသော မြန်မာနိုင်ငံသားလေး ပြန်ဖြစ်သွားခဲ့ပါတယ်။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.