Tuesday, October 7, 2008

[ကြိုးမဲ့စွန်၏ ရင်ဖွင့်သံစဉ်များ] 1 New Entry: MSU မှာ တစ်ညတာ ….( ၁ )

MSU မှာ တစ်ညတာ ….( ၁ )

သီတင်းတစ်ပတ် အတွင်း ကျောင်းသုံးရက်ခန့် တက်ပြီးသောအခါ လွန်စွာ ငြီးငွေ့လာလေပြီ။ ကျောင်းဆိုသော အရာကြီးကို မည်သူက စတင် တီထွင်ခဲ့လေသနည်း။ ထိုသူအား သတ်ချင်လိုက်စမ်းပါဘိ။ လူ့ဘ၀ သက်တမ်း တစ်ဝက်ကျော်အထိ တက်နေရဆဲ ဖြစ်သော ထိုကျောင်းဆိုသော အရာကြီးကို ငြီးငွေ့လှပြီ ဖြစ်သော်လည်း မတက်လျှင်လည်း မဖြစ်သောကြောင့် ယောင်ပေယောင်ပေဖြင့် တက်နေရလေသည်။ တစ်ခန်းထဲ အတူစာသင်နေသော ကိုကိုရုရှဘော်ဒါ တို့ကား ကျောင်းဖြင့် ဟုတ်တိ ပတ်တိ တစ်ပတ်ပြည့်အောင် မတက်ရသေး။ အရက်ဝိုင်းဖွဲ့ရန် လောဆော်လေသည်။ ကျောင်းဖွင့်ပွဲ ဟူသတည်း။ ကျောင်းအုပ်ကြီးသာ ထိုအကြောင်းကို ကြားသိရလျှင် ရင်ကျိုးပေလိမ့်မည်။ ကျွန်တော်မှာလည်း အသောက်နှင့် အစား အငှားလိုက်သည် ဆိုသော လူစားမျိုးပင် ဖြစ်လေရကား ခေါင်းကို တစ်ဆတ်ဆတ် ငြိမ့်မိလေသည်။ သူတို့က စတင် လောဆော်သည် ဖြစ်ရာ သူတို့ပင် အစစအရာရာ တာဝန်ယူရမည် ဖြစ်သော်လည်း မြန်မာပီပီ အားနာတတ်သည် ဖြစ်ရကား ကိုယ့်ဘက်ကလည်း တစ်ခုခုတော့ ယူသွားမှ ကောင်းမည်ဟု စဉ်းစားမိကာ ဟိုရှာဒီရှာ လုပ်ကြည့်ရာ စာကြည့်စားပွဲ အံဆွဲအတွင်းမှ ကော့ညက် တစ်လုံးထွက် လာလေသည်။ ထိုကော့ညက်ပုလင်းမှာ ဌာနမှူးကို လက်ဆောင် ကန်တော့ရန် ၀ယ်ထားခြင်း ဖြစ်သော်လည်း မတတ်နိုင်။ ရှိတာလေး ဆွဲကာ ချီတက်ရလေသည်။

ဆားဗာ ဟူသော ရုရှဘော်ဒါတွင် တိုက်ခန်းတစ်ခန်း အလွတ်ရှိလေရာ ထိုတိုက်ခန်းတွင် ၀ိုင်းဖွဲ့ကြလေသည်။ ရုရှတို့ကား အသောက်တွင် အတော် လောဘကြီးလေသည်။ လူ ( ၇ ) ယောက်သောက်ဖို့ ၀ယ်လာသည်မှာ စူပါမက်ကတ်မှ လက်တွန်းလှည်းနှင့် အပြည့်တည်း။ မြင်ရုံဖြင့်ပင် မူးလောက်ပေပြီ။ သို့သော် ရုရှတို့အတွက် တော့ အရက်ဆိုသည်မှာ တန်ဆေး၊ လွန်ကောင်း၊ များဘဲရီးဂွတ် ဖြစ်လေရကား မထောင်းတာလှပေ။ သူတို့ပြောစကား ရှိပါသည်။ ရုရှတစ်ယောက်အတွက် အရက်တစ်ပုလင်းသည် နည်းသည်။ အရက်နှစ်ပုလင်း ဆိုပါက ပုံမှန်။ အရက်သုံးပုလင်းဆိုလျှင် များသည်။ အရက်လေးပုလင်းဆိုလျှင်တော့ နည်းသည် ဟူ၏။ သူတို့နှင့် အရက်အတူ သောက်ရသည်မှာ တစ်ခုတော့ ဆိုးသည်။ တစ်ခွက်သောက်မည် လုပ်တိုင်း တစ်ခါထရ်ျ ဆုတောင်းစကား ဆိုရခြင်းပေတည်း။ ဆုတောင်းစကားကလည်း တစ်ခါနှင့် တစ်ခါ မထပ်စေရ။ သူတို့မို့ ကြံကြံဖန်ဖန် လုပ်တတ်ပလေ။ " ကျောင်းဖွင့်ခြင်းအတွက် "၊ " ကျန်းမာခြင်း အတွက် "၊ " အနာဂတ်အတွက် "၊ " သူငယ်ချင်းများ တွေ့ဆုံခြင်းအတွက် "၊ " သင်ခန်းစာများ အတွက် "၊ စသည်စသည်ဖြင့် တစ်ခွက်နှင့် တစ်ခွက် မထပ်စေရ။ နောက်ဆုံး ပြောစရာ မရှိတော့သောအခါ " ကိုယ့်ကိုကိုယ်အတွက် " ဆိုတာတောင် လုပ်လိုက်သေးသည်။ ကို့ရိုးကားယား လူသားများပင်တည်း။

ပုလင်း အတော်များများ အခွံဖြစ်လာသောအခါ အတော်လေး အရှိန်တက်လာလျှက် ဆူညံဆူညံဖြင့် ဇရက်ကလေးများ ဖြစ်လာလေသည်။ ထိုအခါတွင် လော့ရှာ ဟူသော ဘော်ဒါက မြန်မာပြည်က ဘိန်းပြောင်းလို ဟာကြီးမျိုးတစ်ခု ထုတ်လာလေသဖြင့် " နိုး ၊ နိုး ၊ နိုး " ဟု အကြောက်အကန် ငြင်းမိလေရာ ရုရှတို့က တဟားဟား ၀ိုင်းရယ်ကြလေသည်။ ထိုအရာမှာ ကာရီရန် ဟုခေါ်ကြောင်း၊ ဘိန်းရှုသည့် အရာမဟုတ်ကြောင်း၊ သစ်သီးယိုများကို အောက်က ထည့်ရ်ျ အပေါ်က ကျောက်မီးသွေးတင်ကာ မီးညှိ ရှိုက်ဖွာရကြောင်း၊ ကလေး မိန်းမ မကျန် ရုရှအားလုံး တစ်ခါတစ်ရံ သောက်ရှုကြကြောင်း၊ ရုရှအိမ်တိုင်းတွင် ထိုကဲ့သို့ ကာရီရန် တစ်ခုတော့ အနည်းဆုံး ရှိကြောင်း ရှင်းပြကြလေသည်။ မြန်မာပြည်မှာ အိမ်အတော်များများတွင် ကွမ်းအစ် ရှိသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထိုကာရီရန်တွင် ထည့်သည့် သစ်သီးယိုမှာလည်း အမျိုးမျိုးရှိသည်ကို တွေ့ရလေသည်။ စတော်ဘယ်ရီသီးယို၊ ပန်းသီးယို စသည်ဖြင့် အတော်စုံပါသည်။ သို့သော် ထိုယိုများကို စားရ်ျ မရပါ။ ကာရီရန် ရှုရန်အတွက် သီးသန့် ထုတ်လုပ်ထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ အောက်တွင်ရှိသော ဖန်အိုးကလေးအတွင်း ရေအနည်းငယ် ထည့်ပြီးနောက် ထိုဖန်အိုး နှုတ်ခမ်းပေါ်က ခွက်ကလေးထဲတွင် သစ်သီးယိုကို ထည့်ကာ အပေါ်က ခဲစက္ကူဖုံးရ်ျ အပေါက်ကလေးများ ဖောက်ပြီးနောက် မီးစွဲနေသော ကျောက်မီးသွေးခဲကို တင်ပြီး ဖန်အိုးကလေး၏ အခြားတစ်ဖက်တွင် ရှိသော ပိုက်ကလေးမှ တစ်ဆင့် ဆေးလိပ်သောက်သလို့ ရှုရှိုက်ရပါသည်။ ကျောက်မီးသွေးမှလာသော အငွေ့သည် သစ်သီးယိုကို ဖြတ်ပြီးနောက် အောက်ခံရေထဲမှ တဆင့် ပြန်တက်ကာ ပိုက်အတွင်း ၀င်လာပါသည်။ ထိုအငွေ့ကို ဆေးလိပ်သောက်သလို သောက်ကြခြင်းဖြစ်သည်။ မြန်မာပြည်က ၀ါးပြောင်းကြီးများကဲ့သို့တည်း။ သို့သော် မြန်မာပြည်က ၀ါးပြောင်းများက လွန်စွာပြင်းပါသည်။ တစ်ခါမှ မသောက်ရှုဖူးသူများ သောက်ရှုပါက ထောင်နေအောင် မူးပါသည်။ ဤကာရီရန်ကတော့ ဆေးရွက်ကြီး နီကိုတင်း လုံးဝ မပါလေရကား ပထမဆုံး သောက်ရှုရသော်လည်း မည်သို့မျှ မနေ။ မွှေးတေးတေး ချိုတိုတိုသာ ရှိသည်ကို တွေ့ရလေသည်။

ဗော့ဒ်ကာလေး တစ်ခွက်သောက်လိုက်၊ ကာရီရန်လေး တစ်ဖွာရှုလိုက်ဖြင့် ဇိမ်အကျကြီး ကျနေသော သားမောင် အလိမ္မာတုံးလေးကို အမေမြင်လျှင် ရင်ကျိုးပြီး၊ အဖေမြင်လျှင်တော့ ဆောင့်ကန်ချင်ပေလိမ့်မည်ဟု တွေးမိကာ တစ်ယောက်တည်း ကြိတ်ပြုံးမိလေသည်။ သို့သော် ဤသို့ မနေရ်ျလည်း မဖြစ်ချေ။ ရုရှတို့မှာ သူတို့နှင့် အရက်အတူတူ သောက်ဖူးမှ သူတို့၏ဘော်ဒါဟု သတ်မှတ်သော လူမျိုးဖြစ်လေသည်။ ထို့ကြောင့် မဖြစ်မနေ လိုအပ်ချက်အရ သောက်ရခြင်းဖြစ်ပေသည်ဟု ကိုယ့်ကိုကိုယ် ဖြေသိမ့်မိလေသည်။ ကျောင်းဖွင့်စ ပထမဆုံး သီတင်းပတ်၏ နောက်ဆုံးရက်ကို ဤသို့ဤပုံ ကုန်ဆုံးစေပြီးသောအခါ ခြေငြိမ်ပါတော့မည်ဟု ဆုံးဖြတ်လိုက်မိ သော်လည်း ရုရှလို အမ်ဂယ်အူ ၊ အင်္ဂလိပ်လို MSU ဟုခေါ်သော မော်စကိုစတိတ်ယူနီဗာစတီကြီးတွင် တက်ရောက် ပညာသင်ကြားနေသော အပတ်စဉ် ၄၇ မှ ညီငယ်မောင်မျိုးနှင့် တပ်မတော်ဆေးမှ ရောင်းရင်း ဘော်ဒါ သမားတော် ဒေါက်ချာကြီးတို့က သူတို့ထံ ရှန်ပိန်နှင့် ၀က်အူချောင်းကြော် လာရောက် သုံးဆောင်ပါဟု ဖိတ်ခေါ် လေသောအခါ အဆိုပါ ဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်ရုတ်သိမ်း ရလေတော့သည်။ စနေနေ့ မနက် မိုးသောက် အလင်းရောက်သည်နှင့် ဘေးလွယ်အိတ်ကို အသာလွယ်လျှက် အဆိုပါ MSU ဟူသော ကျောင်းတော်ကြီးဆီသို့ ချီတက်ရပေတော့သတည်း။

……………………….. ဆက်ရန် ………………… ကိုဥာဏ်(စက်မှု)

ဒီကျောင်းကြီးပေါ့ ရုရှမှာ နံပါတ်တစ်ဆိုပဲ
















နှင်းဝေနေတဲ့ MSU ဗျို့













You received this email because you are subscribed to the real_time feed for http://naylwanthu3.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.