Tuesday, October 7, 2008

[Sawlinux] 1 New Entry: ကရင်တပ်ကို တိုက်ဖို့ နအဖ က စစ်အင်အားတိုးချဲ့

ကရင်တပ်ကို တိုက်ဖို့ နအဖ က စစ်အင်အားတိုးချဲ့

07 October 2008

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထိန်းချုပ်ရာ ဒေသအတွင်း နအဖတပ်နှင့် ပူးပေါင်းထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်များ ထိုးစစ်ဆင်ရန်အတွက် တပ်အင်အား ထပ်မံ တိုးချဲ့ထားသည်ဟု KNLA က ပြောသည်။

ကရင့်အမျိုးသားအစည်းအရုံး KNU ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသော KNLA တပ်မဟာ ၆ နယ်မြေ ၂ဝ၁ စခန်းများ ရှိသော ဒေသများ၌ လွန်ခဲ့သည် စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ၁ဝ ရက်အတွင်း နအဖ နှင့် ပူးပေါင်းထားသော ဒီကေဘီအေ တပ်များက ၄ ကြိမ် ထိုးစစ်ဆင်ခဲ့ပြီးနောက် ထပ်မံ ထိုးစစ်ဆင်ရန် ပြင်ဆင်ထားပုံကို KNLA က ပြောဆိုခြင်း ဖြစ်သည်။

"အခု နောက်ဆုံးအခြေအနေက ကျနော်တို့ကို လာတိုက်ဖို့ အင်အားဖြည့်ပြီးတော့ ပြင်ဆင်ထားတယ်။ အဲဒီတပ်ရင်းတွေကတော့ ဒီကေဘီအေ တပ်ရင်း ၉ဝ၇ ၊ ၉ဝ၆ ၊ ၃၃၃ တပ်ရင်းနဲ့ နအဖ (ခလရ) ခြေလျင်တပ်ရင်း ၄ဝ၁ ၊ ၄ဝ၇ ရယ်၊ ကေအန်အယ်လ်အေ ဒေသအတွင်းမှာ ရှိတဲ့ ကလဲဝေါ၊ ဘလာတို၊ ကော့စဲ ဟောဖိုးကီး၊ ဖော်ဘူးလထ၊ ဝေါလေခီး စတဲ့ ကျေးရွာတွေမှာ တပ်စွဲထားတယ်" ဟု KNLA ၂ဝ၁ တပ်ရင်းမှ အမည်မဖော်လိုသူ ဗိုလ်ကြီးအဆင့် ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "အခုဖြစ်တဲ့ တိုက်ပွဲတွေက သူတို့ (ရန်သူ) ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ဖြစ်တာပဲ ရှိတယ်။ ကျနော်တို့က သူတို့ကို တခါမှ ထိုးစစ်မဆင်ပါဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာ ကျနော်တို့ဘက် ကိုယ့်ကိုယ်ကို ကာကွယ်ပြီးတော့ တိုက်ပွဲဖြစ်တာပဲ ရှိတယ်။ အခု တိုက်ပွဲက ထိုးစစ်ဆင်တာကြောင့် ဖြစ်တာဖြစ်တယ်" ဟု ပြောသည်။

ပူးပေါင်းထားသော တပ်ရင်းများမှ နအဖ နှင့် DKBA တပ်သား ခန့်မှန်ခြေ အင်းအား ၄ဝဝ ခန့် ရှိသည်နိုင်ကြောင်းနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည် ရက်မှစ၍ ၄ ကြိမ် တိုက်ပွဲဖြစ်ပွားရာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၅ ဦးကျဆုံးခဲ့သလို ၁ဝ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNLA က ဆိုသည်။ သို့သော် KNLA ဘက်မှ ကျဆုံးခြင်းမရှိဟု ဆိုသည်။

Help Without Frontiers Refugees For Burma – အဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးကလည်း "လက်ရှိ နအဖ တပ်သားတွေ အဲဒီဒေသတွေမှာ ရှိတဲ့ ကျေးရွာတွေမှာ အခြေချ နေထိုင်နေကြတယ်။ နောက်ပြီးတော့ ရွာသူရွာသားတွေလည်း ဒုက္ခရောက်နေကြတယ်။ သူတို့တွေ ကြောက်ရွံ့တာပေါ့နော်။ ပုန်းနေရတဲ့လူတွေလည်း ပုန်းနေပေါ့။ စာသင်ကျောင်းတွေ ပိတ်ထားတာ ၃ ရက်လောက်ရှိပြီ။ ဆေးခန်းတွေလည်း ပိတ်ထားရတယ်။ ဆရာဝန်တွေက အခုတလော ထွက်ပြေးနေရတယ်" ဟု ပြောသည်။

ဤအဖွဲ့သည် အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) ဖြစ်ကာ ထိုင်း-မြန်မာနယ်စပ်တလျှောက် မြန်မာဘက်ခြမ်းတွင် ပညာရေးနှင့် ကျန်းမာရေးအတွက် လိုက်လံကူညီနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

ယခုလို နအဖ ၊ DKBA ပူးပေါင်းတပ်များနှင့် KNLA တပ်ရင်းများ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများသည် ထိုင်း- မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် ၄၅ ကီလိုမီတာခန့် အကွာအဝေးတွင် တည်ရှိသည်။

Mizzima News

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.