Tuesday, October 7, 2008

[ကာရန်မဲ့ အတွေးစများ] 1 New Entry: ကျွန်မနှင့် အားနာခြင်း

ကျွန်မနှင့် အားနာခြင်း


"အားနာတယ်"ဆိုတဲ့စကား အသုံးအနှုန်းကို မြန်မာစကားကလွဲလို့ ကျန်တဲ့ဘာသာစကားတွေမှ မသုံးကြ၊ မရှိကြသလောက်ပါပဲ။ "အားနာတတ်တဲ့ လူမျိုး" အဖြစ် မြန်မာတော်တော်များများ ဂုဏ်ယူကြတဲ့ "အားနာခြင်း"ဆိုတဲ့ စကားကို အင်္ဂလိပ်တွေကတော့ သူတို့ဘာသာစကားမှာ မရှိတဲ့အတွက် အနီးစပ်ဆုံး ဘာသာပြန်ပစ်လိုက်တာက "hesitate"ပါတဲ့။ (တခြားစကားလုံးလည်း ရှိဦးမှာပါ။ လတ်တလော ကျွန်မ မှတ်မိတာလေး ချရေးလိုက်တာ။) ဒီ "hesitate"ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုရရင် "ချီတုံချတုံဖြစ်တာ"၊ "စကားတွန့်ဆုတ်ပြောတာ"၊ "စိတ်ဒွဟဖြစ်တာ"၊ "wait to act because of fear" ပါတဲ့။ တော်တော်မလှပတဲ့ စကားလုံးအဓိပ္ပါယ်တွေပါပဲနော်။ ပြောရရင်တော့ သူတို့လူမျိုးအနေနဲ့ "အားနာခြင်း"ဆိုတာမရှိလို့ စကားလုံးတောင် မရှိရှာဘူးလို့ မြန်မာအများစုက ယူဆကြ၊ အားနာခြင်းကို ယဉ်ကျေးမှုတရပ်အနေနဲ့ ဂုဏ်ယူတတ်ကြတယ်လို့ ထင်ပါတယ်။ ကျွန်မကတော့ ဒီအားနာတယ်ဆိုတဲ့ စကားနဲ့ စိတ်ကို အရမ်းမုန်းတာပဲ။ ဒီအားနာမှုနဲ့ သူတပါးကို ကူညီခြင်းတွေက ကျွန်မ ဘ၀မှာ သင်ခန်းစာယူစရာ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။

ဒေါသအရမ်းကြီးပြီး စွာလည်း စွာတဲ့ ကျွန်မတို့ မိသားစုဟာ အဲဒါနဲ့ ဆန့်ကျင်ဘက် အရမ်းအားနာတတ်ကြပြန်တယ်။ တစုံတယောက်က အကူအညီလာတောင်းရင်၊ ကိုယ်လုပ်ပေးနိုင်တာ တခုကို သူတို့အတွက် လုပ်ပေးဖို့ လာပြောရင် "ဟင့်အင်း၊ မကူညီနိုင်ဘူး၊ မလုပ်ပေးနိုင်ဘူး"လို့ ပြောဖို့လည်း အရမ်းဝန်လေးတတ်ကြပြန်ပါတယ်။ အဲဒါကြောင့် အဖေနဲ့ အမေ ငယ်ငယ်ကလည်း သူများတွေကို ကိုယ့်လိုပဲ ထင်မြင်ယူဆပြီး ယုံကြည်ခြင်း၊ အားနာတတ်ခြင်းတွေနဲ့ပဲ သင်ခန်းစာတွေ အများအပြားရရှိခဲ့ဖူးပါတယ်။ ကျွန်မအဖေ အစိုးရ၀န်ထမ်းအဖြစ် ၀င်မလုပ်ခင် စီးပွားရေးလောကမှာ ၉ ကြိမ်တိတိ အလိမ်ခံခဲ့ရဖူးတဲ့အထိ ဆိုပါတော့။

ကျွန်မရဲ့ သင်္ချာဆရာတစ်ယောက် လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ၁၀သိန်းလောက် အလိမ်ခံရမလို ဖြစ်ပြီး ပြန်အဆင်ပြေတဲ့အချိန် သူပြောတဲ့ စကားတခွန်းရှိတယ်။ "ဘယ်သူ့ဆီကမှ ခိုးထား၊ ၀ှက်ထား၊ လိမ်ညာပြီး ရှာထားတာလည်း မဟုတ်၊ သူများတွေ ဒုက္ခရောက်စေတဲ့နည်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေလည်း မဟုတ်။ ငါ့ဟာငါ သမ္မာအာဇီဝနဲ့ စာသင်ပြပြီး ရှာထားတဲ့ပိုက်ဆံတွေ။ အဲဒါကြောင့် သူ့ပိုက်ဆံတွေ အလိမ်မခံရဘဲ ပြန်ရတာ"လို့ ပြောတယ်။

ဒီကို စရောက်ထဲက အဖေ့ကျေးဇူးနဲ့ PR တန်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ အသက် ၂၁ ပြည့်ခဲ့တဲ့ ကျွန်မက ကိုယ့်ပတ်ဝန်းကျင်မှာ student pass နဲ့နေသူတွေကြား ကံမကောင်းဆုံး ဖြစ်ခဲ့တယ်လို့ပဲ ပြောရမလား။ အဲဒီတုန်းက PR ဆိုတာလည်း မြန်မာတွေကြားမှာ ခုလို များများစားစား မရှိသေးပါဘူး။ ဒီမှာ ဖုန်းဝယ်ချင်ရင် PR နဲ့ နိုင်ငံသားတွေပဲ plan တွေနဲ့ ၀ယ်လို့ရတယ်။ နောက်ပြီး starhub ဖုန်းလိုင်းက PR နဲ့ နိုင်ငံသားတွေကိုပဲ ရောင်းတယ်။ တခြား နေထိုင်ခွင့်နဲ့ နေသူတွေက စပေါ် ၂၀၀ လောက် ပေးပြီး ၀ယ်ရတော့ PR တစ်ယောက်လောက်နဲ့များ သိတာနဲ့ ဖုန်းဝယ်ခိုင်းဖို့ပဲ ကြိုးစားကြတယ်။ အသက် ၂၁ နှစ်ပြည့်ပြီးတဲ့သူက ကုမ္ပဏီ ၃ ခုရှိတဲ့အနက် တခုစီမှာ ဖုန်းလိုင်း ၃ လိုင်း ၀ယ်ခွင့်ရှိတယ်ဆိုတော့ "ဟင့်အင်း၊ မ၀ယ်ပေးနိုင်ပါဘူး"လို့ ပြောမရတဲ့ ပါးစပ်ကြောင့် လိုင်းအပြည့်၊ ကုမ္ပဏီအပြည့်။ တိုတိုပြောရရင်တော့ 2 year plan တွေနဲ့ ၀ယ်တဲ့အတွက် အလကားရတဲ့ ဖုန်းခွံတွေက သူတို့ဆီမှာ။ plan ပြည့်အောင် မသုံးတဲ့အတွက် S$1700 ကျော် လိုင်းကြေးစိုက်လျော်ရတာက ကျွန်မ။ ဒါက ပထမဆုံးခံရတဲ့ အီစိမ့်မှု။ ဒါတောင် အမှတ်မရှိ၊ ဒီလူကတော့ မလုပ်လောက်ပါဘူး။ ဟိုလူကတော့ ယုံရမှာပါ။ IDD မသုံးရင် အိမ်ဖုန်းကတော့ သိပ်မကျလောက်ပါဘူး။ ဘာဘူး၊ ညာဘူးနဲ့ ဖုန်းလိုင်းတွေ လျှောက်ပေးမိတာ ဖုန်းကုမ္ပဏီ ၃ ခုလုံးမှာ Black List ကို ဖြစ်ရောပဲ။

အဲဒီထိ ကျွန်မမှာ ကိုယ့်ကို "ဟိုဟာလေး အာမခံပေးပါလား၊ ဒီဟာလေး sponsor လုပ်ပေးပါလား" ပြောရင် "ဟင့်အင်း" လို့ ပါးစပ်က ပြောမထွက်နိုင်သေး။ "ဟင့်အင်း၊ ငါ မကူညီနိုင်ပါဘူး" ပြောဖို့အတွက် "အီး၊ အဲ" နဲ့ မျက်နှာက ဖိန်းခနဲ၊ ရှိန်းခနဲဖြစ်ပြီး ကျွန်မတို့ မြန်မာတွေ အများစု ပြောတတ်၊ ဖြစ်တတ်ကြတဲ့ အားနာမှုဆိုတာကြီးက ကျွန်မကို လည်လိမ်ချိုးထားတဲ့အတိုင်းပါပဲ။ ကိုယ့်ထမင်း ကိုယ်စားပြီး ဘယ်သူ့အကူအညီမှမပါဘဲ ကျွန်မမိဘတွေရဲ့ ပြီးပြည့်စုံတဲ့ supporting တွေနဲ့ ဒီလို အခြေအနေရောက်လာတဲ့ ကျွန်မက သူတို့ကျေးဇူးမရှိပါဘဲ အဲဒီ အသိမိတ်ဆွေဆိုသူတွေရဲ့ အကူအညီတောင်းမှုတွေကို မငြင်းဆိုနိုင်တာကြီးက တော်တော်တော့ အဓိပ္ပါယ်မရှိဘူးနော်။

ကျွန်မကို နမူနာကြည့်ပြီး ကျွန်မညီမ အသက် ၂၁ ပြည့်ချိန်မှာ ဘယ်သူ့ကိုမှ ဖုန်းလိုင်းမ၀ယ်ပေးဘူးလို့ ကြွေးကြော်တယ်။ အဲဒီတော့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့၊ ဖုန်းဝယ်ခိုင်းမယ်လို့ ထင်တဲ့သူတွေကို "ငါ့ မလေးတုန်းက အဲလိုဖြစ်တယ်။ အဲဒါကြောင့် ဘယ်သူ့ကိုမှ ဖုန်းဝယ်မပေးရဲဘူး၊ ဘာညာနဲ့" သူ့ကို ဖုန်းမ၀ယ်ခိုင်းအောင် ကြိုတင်ပြီး ပြောထားတယ်တဲ့။ ဒါပေမဲ့ တရက်တော့ သူအတန်တန် ပြောထားလျက်နဲ့ ကောင်မလေးတစ်ယောက်က သိသိကြီးနဲ့ ဖုန်းဝယ်ပေးဖို့ လာပြောတဲ့အခါ ကျွန်မညီမ ကြောင်အပြီး ဘာပြန်ပြောလို့ ပြောရမှန်းတောင် မသိဘူး ဖြစ်သွားသတဲ့။ နောက်ဆုံးတော့ ထုံးစံအတိုင်း ခွေးအကြီး လှည်းနင်းခံရသလို တအိအိသာ အသံထွက်နိုင်ပြီး "ဟင့်အင်း"လို့ ပြောမရတဲ့ ပါးစပ်ကြီးကြောင့် ဖုန်းတလုံး ၀ယ်ပေးလိုက်ရပါတယ်။ တလ ၂၀၀ကျော် ကျအောင် ဖုန်းပြောပြီး ဖုန်းစ၀ယ်ပေးတဲ့ လထဲက နှစ်လကြာသည့်တိုင် ဖုန်း bill တပြားမှ မပေးတဲ့အခါ ကျွန်မညီမက ဖုန်းလိုင်းကို cancel လုပ်၊ ဖုန်းbillဖိုး ပေးပြီး အဲဒီ နံပါတ်ကို နှစ်နှစ်ပြည့်အောင် ကျွန်မ ဆက်သုံးပေးရပါတယ်။ ဒီလိုနည်းနဲ့ ကျွန်မအမေလည်း သူ့နာမည်နဲ့ ဖုန်းဝယ်ပေးတာ ၁၀၀၀ကျော်လောက် စိုက်ပေးလိုက်ရဖူးတယ်။ နောက်မှ အဲဒီသူဆီက နည်းနည်းချင်း ပြန်တောင်းယူရတယ်။

ခုဆို ကျွန်မအဖေက ပြောတယ်။ ဖုန်းဝယ်ပေးဖို့များ လာပြောရင် "ဒီနားတိုးစမ်းပါ"ဆိုပြီး "ပါးသာ အရင်ဆုံး ရိုက်ပစ်လိုက်ချင်တော့တယ်"လို့ ပြောရလောက်အောင် ကျွန်မတို့ မိသားစု အာမခံပြီး ဖုန်းဝယ်ပေးလိုက်တိုင်း သူတို့သုံးတဲ့ဖုန်းဖိုး ကျွန်မတို့ စိုက်မပေးရတာ မရှိသလောက်ပေါ့။ ဖုန်းကိစ္စက နမူနာသဘောလောက် ပြောပြတာပါ။ (သိပ်မရင်းနှီးတဲ့သူထဲက) အိမ်မှာ သုံးလလောက် လာနေပြီး နေစရိတ်၊ စားစရိတ် တပြားမှ မပေးတဲ့အပြင် စားဖို့၊ သောက်ဖို့ ထမင်းဟင်းတောင် အလိုက်တသိနဲ့ ၀င်ကူချက်ဖော်မရတဲ့၊ အလုပ်လေးရမှ အိမ်ပေါ်ကနေ ကော့တော့ကော့တော့နဲ့ ပြောင်းသွားတဲ့၊ တော်ရုံလူတွေ ကြုံရမှာ မဟုတ်တဲ့ ဇာတ်လမ်းမျိုးတွေလည်း အများအပြား ရှိပါသေးတယ်။ ကျွန်မတို့ အားနာတတ်တာကို သူတို့အဖို့ လူနုံ၊ လူအတွေ အဖြစ်များ မြင်နေကြလားတော့ မသိဘူး။ အန်တီငြိမ်းကတော့ ကျွန်မတို့ မိသားစုကို ဝေသန္တရာ မိသားစုတဲ့။

ဒီမှာ အစိုးရကျောင်းတွေ တက်ခွင့်ရရင် အစိုးရက ကျောင်းစားရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းထောက်ပံ့တယ်။ အဲဒီအတွက် သူတို့နိုင်ငံမှာ ၃ နှစ် အလုပ်လုပ်ပါမယ်ဆိုတဲ့ စာချုပ်ပဲ ချုပ်ရတယ်။ ကျောင်းသားတွေ ပေးရမယ့် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းထဲကနေမှ ၈၀ ရာခိုင်နှုန်းကို ဒီက ဘဏ်တွေဆီမှာ ချေးလို့ရသေးတယ်။ ကျောင်းပြီးမှ ပြန်ဆပ်ရုံသာ။ အဲဒီတော့ ကျောင်းသား တစ်ယောက် အစိုးရအထောက်အပံ့နဲ့ ဘဏ်က ချေးအပြီး ကျောင်းလခ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ၃၈၀ ကျော်လောက်ပဲ ပေးရပါတော့တယ်။ အစိုးရထောက်ပံ့တာကို အသက် ၂၁ ပြည့်တဲ့ မည်သူမဆို အာမခံနိုင်ပေမယ့် ဘဏ်က ချေးငွေကိုတော့ PR ဒါမှမဟုတ် နိုင်ငံသားက လက်မှတ်ထိုး အာမခံရပါတယ်။ များသောအားဖြင့် အာမခံပေးတဲ့သူ ရှားပါတယ်။ လက်မှတ်ထိုးပေးကြတဲ့ PR တွေက အာမခံခ S$500 လောက် အနည်းဆုံး တောင်းတတ်ကြပါတယ်။ တော်ရုံတန်ရုံ ဘယ်သူမှ လက်မှတ်ထိုးမပေးကြပါဘူး။ အဲဒီတုန်းကတော့ "အမယ်လေး ဒါလေး လုပ်ပေးရတာများ ဘာလို့ မကူညီကြပါလိမ့်"လို့ ကျွန်မ မိုက်မဲစွာ တွေးခဲ့ဖူးပါတယ်။

ကျွန်မအတွက်ကတော့ ဘာမှမခက်ခဲတဲ့ လက်မှတ်လေး တချက်ထိုးပေးရုံများ အပန်းကြီးတာမှ မဟုတ်တာပေါ့။ ဟုတ်ကဲ့၊ အဲဒီအတွက် ကျွန်မ ဘဏ်မှာ အာမခံလုပ်ပေးမိတယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်မ အာမခံလုပ်ပေးတဲ့သူ စာမေးပွဲကျလို့ ပြည်တော်ပြန်ရပါတယ်။ အဲဒီအခါ အစိုးရထောက်ပံ့ကြေးကို ပြန်ပေးစရာမလိုပေမယ့် ဘဏ်ကနေ ချေးထားတဲ့ သုံးနှစ်စာ ကျောင်းစားရိတ်ကိုတော့ ပြန်ဆပ်ရပါမယ်။ မြန်မာပြည်ပြန်နေလို့လည်း ဘာမှ အကျိုးမရှိတဲ့အတွက် သူက ဩဇီ ဒါမှမဟုတ် မလေးရှားမှာ ကျောင်းပြန်တက်ဖို့ ကြိုးစားပါတယ်။ အဲဒီအတောအတွင်း ပိုက်ဆံလိုမှာဖြစ်တဲ့အတွက် ကျွန်မက ဘဏ်မှာ ချေးထားတဲ့ပိုက်ဆံကို မတောင်းဘဲထားတယ်။ သူကလည်း ကျောင်းတက်ခွင့်ရရင် ဘဏ်ကပိုက်ဆံ ဆပ်မယ်ပြောတာကိုး။ သူ့မိဘတွေက အရာရှိအရာခံတွေလည်း ဖြစ်လေတော့ ပြန်ဆပ်မှာပါလို့ ကျွန်မ တွေးခဲ့တယ်။

ဒါပေမဲ့ အဲဒီ ငွေ S$5000 ကျော်ကို ခုချိန်ထိ တပြားတချပ်မှ မရသေးပါဘူး။ "အားလုံး တပြိုင်တည်း မဆပ်နိုင်ရင် နေပါ။ တလ ၁၀၀၊ ၂၀၀ လောက်တော့ တတ်နိုင်သလောက် ဆပ်ပါ"လို့ ကျွန်မ ပြောပေမယ့် အချည်းနှီးပါပဲ။ သူတို့က နိုင်ငံတကာပတ်လို့၊ ရောက်တဲ့နိုင်ငံမှာ ကားတွေဝယ်စီးလို့ နေချိန် ကျွန်မကတော့ တရားစွဲမယ်ဆိုတဲ့ ဖြူ၊ နီ၊ ပြာ၊ ၀ါ Reminder စာရွက်ပေါင်းများစွာနဲ့ သူများအကြွေး ၅၀၀၀ကျော်ကို ဆပ်လို့ မဆုံးဖြစ်နေတော့တယ်။ ကျွန်မက ၂၀၀၀ကျော်လောက် ဆပ်လိုက်၊ မဆပ်ဘဲ နေလိုက်၊ အတိုးတွေက ထပ်ထပ်တက်လိုက်နဲ့ ပေးစရာ ၅၀၀၀ကျော်က လျော့တယ်လို့ မရှိပါဘူး။ သူတို့အနေနဲ့ ဒီငွေတွေကို ပေးနိုင်တဲ့အခြေအနေလည်း ရှိလျက်၊ နည်းနည်းချင်းလည်း ပေးရမှာဖြစ်လျက် ဘာလို့များ မပေးတာလဲဆိုတာ ကျွန်မအနေနဲ့ စဉ်းစားလို့ မရအောင်ပါပဲ။

သေချာတာက သူတို့ကို ဖုန်းလိုင်းဝယ်ပေး၊ sponsor လုပ်ပေး၊ အာမခံလုပ်ပေးပြီး သူတို့ဆီက မုန့်တခု၊ ငွေတကျပ်တောင် ကျွန်မ မစားခဲ့၊ မယူခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ပြန်ရလိုက်တာက စိုက်ဆပ်ပေးရမယ့် အကြွေးတွေပါ။ ကျွန်မ အလုပ်လုပ်ပြီး ရှာရတဲ့ပိုက်ဆံက ကျွန်မ သုံးရတယ်ကို မရှိသလောက်ပါပဲ။ ကျွန်မ ဆရာပြောခဲ့သလိုဆို ကျွန်မလည်း ဘယ်သူ့ဆီကမှ လိမ်ညာခိုးဝှက်ပြီး ရှာထားတဲ့ ပိုက်ဆံတွေ မဟုတ်ပါဘဲလျက် ဘာလို့များ ဒီလိုမျိုးတွေ ကြုံနေရပါလိမ့်။ ကျွန်မ သစ္စာဆိုရဲတယ်။ ကျွန်မ sponsor လုပ်ပေးသမျှ၊ အာမခံပေးသမျှ ဘာကျေးဇူးခံ၊ ကျေးဇူးစား၊ ဘာအကြောင်းအချက်မှ မပါဘဲ ကိုယ့်အတွက် အပန်းမကြီးတာလေး ကိုယ်လုပ်ပေးနိုင်လို့ လုပ်ပေးလိုက်တယ် ဆိုတာပါပဲ။ ထို့အတူ ယနေ့အချိန်ထိ ကျွန်မတို့ တမိသားစုလုံး သူများ စိတ်ဆင်းရဲ၊ ဒုက္ခရောက်အောင် မလုပ်ခဲ့သလို သန့်သန့်ရှင်းရှင်းနဲ့ ရှာလို့ရတဲ့ ပိုက်ဆံတွေနဲ့ပဲ ထမင်းစားခဲ့ကြသူတွေ။ ကျွန်မအဖေ အစိုးရ၀န်ထမ်းဘ၀တုန်းကလည်း ပြည်သူပိုင်ပစ္စည်း ကိုယ့်ပစ္စည်းမလုပ်ခဲ့။ သူများပိုက်ဆံ အလွဲသုံးစား မလုပ်ခဲ့။ ကျေးဇူးရှင်ကို ကျေးမစွပ်ခဲ့။ ဒါပေမဲ့ ကိုယ့်အကြွေး ကိုယ်ပြန်မဆပ်ချင်တဲ့၊ သူတပါးကို ဒုက္ခပေးချင်တဲ့သူတွေနဲ့ ကြုံတွေ့နေရတာ ဘယ်လို အကြောင်း အကျိုး ဆက်စပ်ပြီးများ ဖြစ်ပေါ်လာရတာလဲလို့ သိချင်လိုက်တာ။

ဒီကြားထဲ ကျွန်မရဲ့ အားနာမှုက မရပ်တန့်နိုင်ခဲ့ပါဘူး။ ဒီကို အလည်အပတ်လာပြီး အလုပ်ရှာကြတဲ့အခါ ဗီဇာလျှောက်ဖို့ sponsor လိုပါတယ်။ အဲဒီအတွက် တချို့တွေက မြန်မာငွေ ၄၊ ၅ သိန်း တောင်းပြီး sponsor လုပ်ပေးကြတယ်လို့ ပြောပါတယ်။ ကျွန်မအနေနဲ့တော့ ကိုယ့် IC လေး scan ဖတ်ပြီး Invite Letter နဲ့အတူ အီးမေးလ်ကနေ ပို့လိုက်ရတာဟာ ဘာမှ ပြောပလောက်တဲ့ ကိစ္စလို့ မထင်ပါဘူး။ အဲဒီအတွက် ခုလက်ရှိ ဒီမှာ အလုပ်လုပ်နေကြတဲ့ ကျွန်မ အသိတွေ၊ သူငယ်ချင်းတွေ၊ ကျွန်မ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေ အမြောက်အမြားကို ကျွန်မ sponsor လုပ်ပေးခဲ့တယ်။ အဲဒီ sponsor ကိစ္စနဲ့ပတ်သက်ပြီး ခုချိန်ထိ ဘာပြဿနာမှတော့ မဖြစ်ပါဘူး။ တချို့ရှိသေးတယ်။ အစိုးရကျောင်းမဟုတ်တဲ့ ကျောင်းကို တက်ရင် student pass အတွက် sponsor လိုတယ်။ ကိုယ်နဲ့ မသိပေမယ့် ကိုယ့်သူငယ်ချင်းက အကူအညီတောင်းလို့ (သူများအကြွေး စိုက်လျော်ရလွန်းလို့) သူများအကြွေးနဲ့ လူလုပ်နေရတဲ့ ကျွန်မ ရင်တထိတ်ထိတ်နဲ့ အားနာစွာ sponsor လုပ်ပေးဖြစ်တယ်။ ဒါလည်း ပြဿနာမပေါ်ခဲ့လို့သာပေါ့ မဟုတ်ရင် ကျွန်မတော့ ရူးလောက်ပြီ။

တကယ်ဆို အဲဒီ "အားနာတယ်"၊ "ကူညီတယ်"၊ "သူလည်း ကိုယ့်လိုပဲ နေမှာပါလေ"ဆိုတဲ့ အတွေးတွေ မရှိချင်၊ မကြားချင်တော့လောက်အောင် ကျွန်မ မုန်းတီးမိနေပါပြီ။ ကိုယ့်ကိုယ်ကိုလည်း အပါအ၀င်ပေါ့။ ကျွန်မတို့ မိသားစုရဲ့ နောက်မျိုးဆက်ကို
အားနာခြင်းဆိုတာ မသိတဲ့သူတွေ ဖြစ်စေချင်တယ်။ (လူတွေအပေါ် စီးပိုးပြီး သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တတ်တဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ အဲလို လူစားမျိုးတော့ ကျွန်မ အရမ်းမုန်းတယ်။) အရင်ဆုံး ကျွန်မရဲ့ တဦးတည်းသော တူမလေးကို အားနာတယ်ဆိုတဲ့ စကား မကြားဖူးအောင်၊ အားနာတယ်ဆိုတာ ဘယ်လိုမျိုးမှန်း မသိအောင် သူ့ရှေ့မှာ နေပြဖို့ ကြိုးစားရပါမယ်။ နောက်ပြီး အားနာတတ်တာ လူအတွေမှလို့ ကျွန်မတူမလေး နားလည်အောင် ပြောပြရဦးမယ်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် အားမနာတတ်တဲ့၊ ကူညီချင်စိတ်မရှိတဲ့သူ ကျွန်မ ဖြစ်ပါရစေလို့။
ပြီးတော့ ကျွန်မ စိုက်ဆပ်နေရတဲ့ အကြွေးတွေရပါစေလို့လည်း ကူပြီး ဆုတောင်းပေးကြပါဦး။:D

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.