Tuesday, October 7, 2008

[ရွှေပြည်သူ] 1 New Entry: မှတ်မိသမျှ ပထမဆုံးများ

မှတ်မိသမျှ ပထမဆုံးများ

ကျွန်မရဲ့ ပထမဆုံးတွေကို မောင်ငယ်လေး ဗီလိန်နဲ့ အိမ်တို့က TAG ထားကြတာ ကြာပါပြီ။ အရမ်းနောက်ကျပြီးမှ တင်နိုင်တာကို ခွင့်လွှတ်ကြပါ မောင်လေးတို့ရေ။ ကျွန်မ မှတ်မိသမျှ ပထမဆုံး(၅)ခုကို ကြိုးစားပြီး ရေးလိုက်ပါတယ်။ Blog နဲ့ ပတ်သက်တဲ့ ပထမဆုံး တွေကတော့ "ရာပြည့်ကျေးဇူးတင်လွှာ" မှာ ရေးခဲ့ပြီးသားမို့ တခြား ပထမဆုံးတွေကိုပဲ ရေးလိုက်ပါတယ်း)

ပထမဆုံးတက်ဖူးတဲ့ကျောင်း

ပထမဆုံး ကျောင်းတက်ဖူးတော့ မူကြိုတက်တဲ့အရွယ်တောင် မရောက်သေးပါဘူး။ တက်တဲ့ကျောင်းက အဲဒီအချိန်မှာ YMCA ကဖွင့်တဲ့ ကလေးလေးတွေအတွက် အင်္ဂလိပ်စာသင်ပေးတဲ့ မူကြိုဆန်ဆန် ကျောင်းထင်ပါတယ်။ သိပ်ငယ်သေးတဲ့အပြင် မိဘတွေကိုလည်း သေချာပြန်မမေးဖြစ်တော့ ဘာမှကို ရေရေရာရာ မမှတ်မိတော့ပါဘူး။ သီချင်းတွေဆိုပြီး ကကြရတာရယ် တိရိစ္ဆာန်ရုံ တစ်ခါသွားကြတာရယ် ဆိုတာပဲ ဝေေ၀၀ါးဝါး မှတ်မိပါတော့တယ်။ အသက်ကြီးလာမှ အဲဒီတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကြည့်ပြီး "သြော် ငါ ဒါတွေ ဒါတွေ လုပ်ခဲ့ပါလား" ဆိုပြီး သိရတဲ့ကျောင်းပါ။ ကျွန်မ ပျော်ခဲ့မယ်တော့ ထင်တာပါပဲး)

ပထမဆုံးစာကြည့်စားပွဲ

ကျွန်မ (၁)တန်းအရောက်မှာ အဖေက ကိုယ်ပိုင် စာကြည့်စားပွဲလေး ၀ယ်ပေးပါတယ်။ အဲဒီ သစ်သား စားပွဲနဲ့ကုလားထိုင် အစုံလိုက်လေးက ကျွန်မ ပထမဆုံး ရတဲ့ ကြီးကြီးမားမား ကိုယ်ပိုင်ပစ္စည်းလေး ဆိုလည်း မမှားပါဘူး။ အဲဒီခေတ်တုန်းက တစုံလုံးအတွက် ၁၀၀ (ကျပ်)ပဲပေးရတာပါ (အခုပြန်စဉ်းစားတော့ ယုံတမ်းစကားလိုပဲနော်း) အခုထိ အဲဒီစားပွဲလေး ရန်ကုန်ကအိမ်မှာ ရှိတုန်းပါပဲ။ အဲဒီစားပွဲလေးရတဲ့နေ့က ပျော်တဲ့ အပျော်ကိုတော့ ဒီနေ့ထိ မမေ့သေးပါဘူး။

ပထမဆုံးရေးတဲ့ကဗျာ

ကျွန်မ (၇) တန်းမတက်ခင် နွေရာသီကျောင်းပိတ်ရက်မှာ ရေကူးသင်တန်းသွားတက်တော့ အသားတွေ တော်တော့်ကို မဲသွားပါတယ်။ နဂိုအသားအရောင် ပြန်ရဖို့ကို တော်တော်လေး စောင့်လိုက်ရတာပါ။ အဲဒီအချိန်တုန်းက ဘယ်လိုကနေမှန်းမသိဘဲ "နေလောင်ပန်း" ဆိုတဲ့ ကဗျာလေးကို ရေးမိသွားတာပါပဲ။ ကလေးအတွေး ကလေးအရေးနဲ့ နေလောင်ခံရတဲ့ ပန်းကလေးဆိုပြီး ကိုယ့်ကိုကိုယ်တင်စားထားတာ ပြန်စဉ်းစားရင် တော်တော်ရယ်ချင်ပါတယ်။ အဲဒီတုန်းက အမေလည်း ဖတ်ပြီးရယ်နေတာ မှတ်မိပါသေးတယ်။ အခုတော့ အဲဒီကဗျာလေး အသိမ်းလွန်သွားလို့ ပြန်ရှာတာ မတွေ့တော့ပါဘူး။ ဒါပေမယ့် ပထမဆုံးရေးခဲ့တာလေး ဆိုပြီး စိတ်ထဲမှာ မှတ်မှတ်ရရ ရှိနေတုန်းပါပဲ။

ပထမဆုံးရေးတဲ့ဝတ္ထု

ကျွန်မ(၈)တန်းတုန်းက စပြီးရေးခဲ့တာပါ။ သူငယ်ချင်း(၂)ယောက်အကြောင်း အင်မတန်ရိုးရှင်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။ ခေါင်းစဉ်လည်း မပေးခဲ့မိဘူး ထင်ပါတယ်။ ရန်ကုန်ပြန်ရောက်လို့ စာအုပ်ပြန်ရှာတွေ့ရင် Blog မှာ အမှတ်တရ တင်မယ်လို့ စဉ်းစားထားပါတယ် (ရှက်ရှက်နဲ့ပေါ့း))

ပထမဆုံးရခဲ့တဲ့ဆု

သူငယ်တန်းနှစ်မှာ ရခဲ့တဲ့ ပထမဆုပါ။ (ကလေးအရွယ်မှာ ရတဲ့ဆုကို ကြွားတာမဟုတ်ပါဘူး) ကျွန်မပြောချင်တာက ပထမဆုံးတက်ရတဲ့ အတန်းမှာ အဲဒီလိုရလိုက်တဲ့အတွက် ကျွန်မရဲ့ စိတ်ဖြစ်သွားပုံလေးပါ။ အဲဒီနောက် စာမေးပွဲတိုင်းမှာ ပထမချည်းပဲ ရချင်နေပြီးတော့ စာမေးပွဲဖြေပြီးမှ (၂)မှတ်ဖိုးလောက် မှားဖြေခဲ့မှန်း သိရင်ပဲ အိမ်ကလှေကားမှာ ခွေခေါက်ပြီး ငိုနေခဲ့မိတာကို မှတ်မိနေပါသေးတယ်။ နားလည်တတ်တဲ့ အချိန်မှာ ပြန်တွေးကြည့်တော့ လူ့သဘာဝအရ ထိပ်ဆုံးဆိုတာကို ရောက်ဖူးသွားရင် ပြန်ဆင်းချင်ဖို့ ပြန်ဆင်းနိုင်ဖို့ တော်တော်ခက်ပါလား ဆိုတာလေးကို သဘောပေါက်သွားပါတယ်။ အခုချိန်မှာတော့ အဲဒီတုန်းကနဲ့တခြားစီ လေ့လာသင်ယူတဲ့နေရာမှာ ရောင့်ရဲနေတတ်လွန်းလို့ အဲဒီတုန်းက (ဒါမှမဟုတ်... အဲဒီလောက် မပြင်းထန်ရင်တောင် အနည်းဆုံး လွန်ခဲ့တဲ့ ၆နှစ် ၇နှစ် လောက်က) စိတ်ကလေးရဲ့ တ၀က်လောက်ကို တခါတလေ နည်းနည်းလောက် ပြန်ရချင်ပါတယ်။ (အခုတော့ ကြီးလေပျင်းလေ ပါပဲး))

မှတ်မိသမျှ ပထမဆုံးတွေကတော့ ဒီလောက်ပါပဲ။ ပထမဆုံးတွေကို ရေးရင်းနဲ့ ဘ၀မှာ နောင်ဘာတွေများ ပထမဆုံးအကြိမ်ဆိုပြီး ကြုံရဦးမလဲလို့ ဆက်တွေးမိပါသေးတယ်။ ကံစီမံရာဆိုတာနဲ့ ကိုယ့်ကြိုးစားရုန်းကန် ရှင်သန်မှုဆိုတာ တို့ရဲ့ ကြားမှာ လူးရင်းလွန့်ရင်းနဲ့ ကြုံရတဲ့ ပထမဆုံးတွေကို အကောင်းတွေပဲ ဖြစ်ဖြစ် အဆိုးတွေပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပါစေလို့ပဲ ဆုတောင်းမိပါတယ် (အခုထိတော့ အကောင်းကိုရော အဆိုးကိုရော တုန်လှုပ်မှုနဲ့ တုန့်ပြန်မိတုန်းပါပဲ)။ အားလုံးလည်း ဘ၀မှာ ကောင်းသောပထမဆုံးတွေနဲ့သာ ကြုံကြိုက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်း)

You received this email because you are subscribed to the real_time feed for http://shwepyithu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.