Tuesday, October 7, 2008

[စပ်မိစပ်ရာ] 1 New Entry: မဲဆောက်ရုပ်ပုံလွှာ(၁)

မဲဆောက်ရုပ်ပုံလွှာ(၁)

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့၏ ဈေးတန်းထဲတွင် မြန်မာပြည်သားများ အခြေချ ဖွင့်လှစ်ကြသော ဈေးဆိုင်များ ရှိသည်။ အ၀တ်အထည် လူသုံးကုန် နှင့် မြန်မာပြည်မှ တင်ပို့သော စားသောက်စရာများကို အဓိက လက်လီလက်ကား ရောင်းချကြသော ဆိုင်များပင်ဖြစ်သည်။ ၀ယ်ခြမ်းစရာများ ၀ယ်ယူရင်း အသက် ၆၀ ခန့်ရှိ စတိုးဆိုင်ပိုင်ရှင် တစ်ဦးနှင့် လေပေးဖြောင့်မိရာမှ သုညဘ၀ မှ ယခုလို မဲဆောက်တွင် အခြေတကျ တည်ဆောက်နေနိုင်ခဲ့သော သူ၏ဘ၀ တစိတ်တပိုင်းကို သိခွင့်ရခဲ့သည်။

 

"ဦးနာမည်က အောင်မောင်း ခေါ်တယ်။ ဇာတိက လက်ပံတန်း။ ဦးတို့ ငယ်ငယ်က ဇတ်မင်းသားကြီး အောင်မောင်း ဆိုတာနာမည်ကြီးပေါ့။ မွေးကတည်းက ရပ်ဆွေ ရပ်မျိုးတွေက အောင်မောင်းနဲ့တူတယ်ဆိုပြီး ခေါ်ကြရင်းနဲ့ အောင်မောင်းလို့တွင်သွားတာပါပဲကွာ။"

 

"မဲဆောက်ကို ရောက်တာလား…. ကြာပါပြီကွာ။ ဒီမှာနေတာ နှစ် ၂၀ ကျော်လောက်တော့ ရှိရောပေါ့။းအရင်တုန်းကတော့ နယ်စပ် KNU ကရင်စခန်းတွေမှာ နေတာကွ။ နယ်စပ်ကို စပြီးတော့ ရောက်တာ ၇၈-၇၉ ခုနှစ်လောက် ကတည်းက ဆိုတော့ နှစ်သုံးဆယ်လောက် ရှိပြီ ဆိုပါတော့။"

 

"ဦးငယ်ငယ်က အတော်ဆိုးခဲ့တယ်။ အလုပ်အကိုင် မည်မည်ရရလဲ မလုပ်။ မိဘ ချမ်းသာ သမျှကို ဖဲဝိုင်း ဂျင်ဝိုင်း တွေမှာ ကုန်အောင် သုံးဖြုန်းပြီး အလေလိုက်နေခဲ့တာ။ အိမ်ထောင်တွေကျပြီး ကလေးတစ်ယောက် ရတော့မှ အဖော်ကောင်းတာနဲ့ ထိုင်းမြန်မာ နယ်စပ် ကရင်နယ်မြေက ၀မ်းခ ဆိုတဲ့ စခန်းကို ကုန်ကူးဖို့ ရောက်လာတယ်။

 

ကုန်သည်တွေကတော့ အမျိုးမျိုးပေါ့လေ။ မြန်မာပြည်ဘက်ကဆို ကျောက်မျက်၊ ရွှေငွေ၊ ကျွဲနွား စတာတွေ ကိုယူလာ ထိုင်းဘက်က လူသုံးကုန် အ၀တ်အထည် စသဖြင့် ပြန်ဝယ်သွားပေါ့။ ဘာဝယ်သွားသွား ရန်ကုန်ရောက်ရင် တစ်ဆ မြတ်တယ်ဆိုတာ အနည်းဆုံးပါပဲ။ ဦး ကတော့ အဲတုန်းက နာရီတွေ ၀ယ်သွားတယ်ကွ။ တစ်တိုနီ နာရီ ၄-၅-၁၀ လုံးဆိုရင် နှစ်လ သုံးလ စားစရိတ်ကတော့ အေးအေးဆေးဆေး ပဲဟေ့။

 

အရင်တုန်းက လမ်းခရီး အခုလို ဘယ်ဟုတ်မလဲ။ အားလုံးကို ကြောက်ရတာ။ သွားရတဲ့ခရီးက အရင်ဆုံး မော်လမြိုင်၊ မုဒုံ။ မုဒုံကနေမှ လှည်းလမ်းရှိရင် လှည်းနဲ့ မရှိတဲ့ အပိုင်းကိုတော့ လမ်းလျှောက်ပေါ့ကွာ။ ကြောက်ရတာလဲ မျိုးစုံနေတာပဲ။ ဓါးပြရန် စစ်တပ်ရန် ကပ်စတန်ရန် အားလုံးပါပဲ။ အမှန်ကတော့ အဲဒီအချိန် စစ်တပ်ကလဲ ဓါးပြပါပဲ။ သူတို့နဲ့တွေ့ရင် ပစ္စည်းဆုံးယုံတင်မကဘူး လူပါဖျောင်ပစ်တာ။ နောက်ကြောင်း ရှင်းအောင် လက်စတုံး လုပ်တယ်ပေါ့။ မကြောက်ရတာက ကရင်သူပုန်ဆိုတာပဲ သူတို့ကို ပုံမှန် အကောက်ပေးလိုက် အေးဆေးပဲ။"

 

"အဲဒီလို သုံးလေးခေါက်လောက် ကုန်ကူးပြီးတော့ နောက်ဆုံးအခေါက်မှာ ပြသနာ တတ်ပါလေရော။ မုဒုံကနေ ၀မ်းခ စခန်းကို လာတဲ့ အလာလမ်းမှာပေါ့။ ဓါးပြ ဆိုတာနဲ့ ကိုယ်တိုင်တွေ့ရောဟေ့။ ကြောက်လိုက်တာမှကွာ တကယ်ပါပဲ။ တသက်တကိုယ် အဲလောက်မကြောက်ဘူးပါဘူး။ ကြားဖူးတာတွေကလဲ ကောင်းတာ တစ်ခုမှ မရှိပဲကိုး။ တိုတိုပဲ ဆိုကြပါစို့ ပါလာတာ အကုန်ကုန်တယ်ပေါ့။ အသက်ကို ရန်မရှာသွားတာ ကံကောင်းလှပြီ။ ပြန်ဖို့ ငွေလဲ မရှိ၊ စခန်းနဲ့လဲ သိပ်မဝေးတော့ဘူး ဆိုတော့ အဲဒီက ၀ယ်နေကြ ဆိုင်မှာပဲ အကူအညီတောင်းတာ ကောင်းပါတယ်ဆိုပြီး စခန်းဘက်ကိုပဲ ဆက်ထွက်လာခဲ့တယ်။

 

စခန်းရောက်တော့ ထင်သလိုလဲ မဖြစ်။ နောက်ဆုံး အသိတစ်ယောက် အိမ်မှာ ကပ်နေပြီး သူအလုပ်လုပ်တဲ့ဆိုင်မှာ ၀ိုင်းလုပ်ဝိုင်းစား သဘောမျိုးနဲ့ ခဏနေလိုက်တယ်။ နောက်မှ ရန်ကုန်နဲ့ အဆက်သွယ်ရအောင်လုပ် ငွေလှမ်းမှာပြီး မထူးဘူးကွာ ဒီမှာပဲ အရောင်းအ၀ယ်လုပ်မယ် ဆိုပြီး အတူနေတဲ့ သူငယ်ချင်းနဲ့ ရှယ်ယာ ဆိုင်သေးသေးလေး စဖွင့်ဖြစ်တယ်။ တဖြေးဖြေး နဲ့ အဆင်ပြေလာတော့ ရန်ကုန်က မိန်းမနဲ့ ကလေးကို သွားခေါ် ဒီမှာပဲ အခြေချဖြစ်သွားတယ် ဆိုပါတော့။"

 

"နည်းနည်း အဆင်ပြေမယ် မကြံသေးဘူး ၀မ်းခစခန်းကို အစိုးရ စစ်တပ် တိုက်လို့ ပြေးရပါလေရော။ စုမိဆောင်းမိ သမျှတွေလဲ သယ်လို့မခင်ပါဘူး။ ငွေနည်းနည်းနဲ့ လူပဲ လွတ်တယ်။ ဒါနဲ့ နယ်စပ် ကရင်စခန်းတွေမှာလဲ ဆိုင်မဖွင့်ရဲတော့ဘူး။ ထိုင်းပိုင် မဲဆောက်မှာပဲ ဖြစ်သလို လုပ်စားကြမယ်ဆိုပြီး မဲဆောက်ကို ရောက်လာကြတယ်။ အဲဒီအချိန် မဲဆောက်ဆို တဲအစုတ်တွေပဲ ရှိတယ်။ အိမ်ကြီးကြီး ဆိုတာ ရှားသေးတယ်။ လမ်းတွေဆိုတာလဲ မြေနီလမ်းတွေ။ အခု ဒီဈေးတန်းက ဗွက်တောကြီး။ အခုမှသာ ဒီလို တိုးတတ်လာတာ။"

 

"မဲဆောက်မှာ အိမ်လေးငှား။ ဒီဈေးနားမှာ ခုံတစ်ခုခင်းပြီး အရောင်းအ၀ယ်ပြန်လုပ်ရတာပေါ့။ အဲလိုနဲ့ တဖြည်းဖြည်း ပြန်တည် ရတာပေါ့ကွာ။ နောက်ပိုင်း အတော်လေး စုမိဆောင်းမိ ဖြစ်လာတော့ အခု ဒီတိုက်ခန်းကို ငှားပြီး ဖွင့်လာတာ အခုအထိပါပဲ။ ဘာလိုလိုနဲ့ ဒီဆိုင် သက်တန်းတောင် ၁၆-၁၇ နှစ်လောက်ရှိပြီ။"

 

"နေတော့ ဘယ်လို နေထိုင်ခွင့်နဲ့နေလဲဆိုတော့….. ငါတို့မဲဆောက်ရောက်ပြီး သိပ်မကြာမှာ ထိုင်းအစိုးရက ဒုက္ခသည်ကဒ် ထုတ်ပေးတယ်ကွ။ အဲဒါ လုပ်ထားလိုက်တယ်။ တနှစ်ကမှ အဲလို ကဒ်ကိုင်သူတွေကို FRC ထုတ်ပေးလိုက်တော့ အခုတော့ ထိုင်းနိုင်ငံခြားသားပေါ့ကွာ။ သားသမီးတွေလား…. သူတို့ကတော့ နိုင်ငံသားရတယ်လေ။ အခုလည်း တစ်ယောက်မှ အနားမှာမရှိပါဘူး။ မြန်မာပြည်မှာ မွေးတာ တစ်ယောက် ဒီရောက်ပြီးမှ မွေးတာ နှစ်ယောက်။ သားသမီး သုံးယောက်ရှိတယ်။ အကုန် ဘန်ကောက်မှာ။

 

မြန်မာပြည်မှာ မွေးတဲ့ သားအကြီးကတော့ MBA ပြီးလို့ ကုမ္ပဏီ တစ်ခုမှာ လုပ်နေလေရဲ့။ သမီး အလတ်ကတော့ စာတော်တယ်။ ဆရာဝန်လိုင်းရတယ်။ အခုတော့ အစိုးရဆေးရုံတစ်ခုမှာ အလုပ်လုပ်နေတယ်။ အငယ်ဆုံးလေးကတော့ ကျောင်းမပြီးသေးဘူး။ ABAC မှာ နောက်ဆုံးနှစ် တတ်နေတယ်။ သူတို့ ကျောင်းစရိတ်လဲ မချောင်ဘူးဟေ့။ အခုတော့ တစ်ယောက်ပဲ ကျန်တယ်ဆိုတော့ ပေါ့သွားပါပြီ။ အကြီးတွေကလဲ အလုပ်ကိုယ်စီနဲ့ စိတ်ပူစရာမလိုတော့ပါဘူး။ ငါတို့ အဖိုးကြီး အဖွားကြီးအနားမှာတော့ ဘယ်သူမှ မရှိဘူးပေါ့ကွာ။ ကျောင်းပြီးလို့ ပညာစုံ အတောင်ပေါက်တော့လဲ ကိုယ်သန်ရာရာ ပျံကြတာပေါ့။ ကိုယ့်တုန်းကလဲ ဒီလိုပဲလေ။ လုပ်ချင်တာ လုပ်လာခဲ့တာပဲ။ သားသမီးတွေကိုလဲ အနားမှာ နေဖို့ မတောင်းဆို ချင်တော့ပါဘူး။"

 

"ဒီဈေးထဲက ဆိုင်တွေလား…… မြန်မာပြည်ကလူတွေကြီးပါပဲ။ ပိုင်ရှင်တွေက ငါတို့လိုမျိုးတွေ အများစုပေါ့။ မြန်မာပြည်က လာကြတာဆိုတော့ မြန်မာ ကုန်သည်နဲ့ ပြောဆိုတာလဲ အဆင်ပြေတယ်။ နေတာ ကြာကုန်ကြပြီဆိုတော့ ထိုင်းလိုလဲ ရတယ်။ အဲဒီတော့ နောက်ပိုင်း မဲဆောက် ရောင်းဝယ်ရေးမှာ မြန်မာပြည်က လူတွေပဲ ချုပ်ကိုင်ထားတာ များပါတယ်။ ဒီက သူဌေးကြီးတွေလဲ မြန်မာပြည်ကပါပဲ။ သူတို့ကိုယ်သူတို့ ထိုင်းစစ်စစ်လို သောက်ပိုလုပ်နေကြတာ။ သူတို့ကတော့ ငါတို့ထက် ဒီကို ရောက်တာ စောတာပေါ့။ နောက်ပြီး ထိုင်းကျောင်းကိုလဲ အနည်းနဲ့အများ တတ်ဘူးကြတယ်။ တကယ့် ထိုင်းလူမျိုးအစစ် သူဌေးတွေကတော့ ရှားပါတယ်။"

 

"သူဌေး.. ဟားဟား…. ဘယ်ကလာကွာ… ဦးတို့က နေနိုင်စားနိုင်ပဲ ရှိပါတယ်။ ဒီလမ်းထဲမှာ ဦး အဆင်းရဲဆုံး။ အိမ်တောင် မ၀ယ်နိုင်သေးဘူး။ ငှားထားတာ။ အခုဆိုင်လေး တစ်ဆိုင် ရှိတော့ နေဖို့ စားဖို့တော့ မပူရဘူးပေါ့။ ဆိုင်မှာ ဈေးရောင်းဖို့နဲ့ အိမ်အလုပ်လုပ်ဖို့ ခေါ်ထားတဲ့ ကောင်မလေး ၆ ယောက်ရှိတယ်။ လိုတာကို သူတို့ကိုခိုင်း အေးအေးဆေးဆေး တော့နေနိုင်ပါတယ်။ မြန်မာပြည်လား…… မပြန်တော့ပါဘူးကွာ။ ဒီကို ရောက်ပြီးနောက်ပိုင်း မိဘတွေ ဆုံးတုန်းကနဲ့ သုံးခေါက်လားပဲ ပြန်ဖြစ်ပါတယ်။ ဆိုင်ကို လုပ်နိုင်သလောက်လုပ် မလုပ်နိုင်တော့တဲ့ အချိန်ကြရင်လဲ လင်မယား နှစ်ယောက် သားသမီးတွေဆီ လျှောက်လည်၊ ၀ါသနာ ပါတာလေးတွေလုပ်ပြီး အေးအေးချမ်းချမ်း ဒီမှာပဲ နေတော့မယ်။"

 

ငါ့တူနဲ့ စကားပြောရတာ ကောင်းတယ်ကွာ။ ငါလဲ ဒီမှာ ဘုကလန့် ပြောတတ်လွန်းလို့ ဈေးဝယ်သူတွေ ထွက်ပြေးတာ မနည်းဘူး.. ဟား ဟား ။ မဲဆောက်ဈေးက ဦးစိတ်တို ဆိုတာ ငါပေါ့။ နောက်ကြုံရင်လဲ ၀င်ခဲ့လေ။ မဲဆောက်က မြန်မာတွေအကြောင်း သိချင်တာရှိလဲ မေးပေါ့။ ငါသိလောက် ပြောပြပါမယ်။ နောက်မှ အေးအေးဆေးဆေး တွေ့ကြတာပေါ့ကွာ………….။

ဆရာကြီးမြသန်းတင့်၏ အညတရ ရုပ်ပုံလွှာ ကို အတုယူ ရေးဖွဲ့ပါသည်။

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.