Saturday, October 18, 2008

[ရှင်ရဲထွတ်] 1 New Entry: အတိတ်တစ္ဆေ

အတိတ်တစ္ဆေ

2008 - 1988 = 20 ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း(20)က မမေ့နိုင်တဲ့ နွေရာသီ ကျောင်းပိတ်ရက်လေးပေါ့။ လားရှိုးမြို့က အိမ်လေးတစ်အိမ် ကျွန်တော်တို့ရဲ့ မိသားစုဝင် ရှစ်ယောက်နေတဲ့ အိမ်လေးပေါ့၊ အိမ်ကလေးက သက်ကယ်မိုး ထရံကာ အိမ်လေး၊ အိမ်ရှေ့မှာ စံပယ်ရုံလေးရယ်၊ နှင်းဆီပင်လေးရယ်၊ ခေါင်းလောင်းပန်းပင်လေးရယ်၊ ဆူးလေးတွေနဲ့ ကစ်မီကွစ်လေးရယ်၊ သုံးလုံးတစ်တောင် သရက်ပင်လေးလည်းရှိတယ်၊ အိမ်နောက်မှာတော့ သရက်ပင် တစ်ပင် အသီးက လုံးလုံးလေး၊ မက်မွန်ပင်လည်းရှိတယ်၊ ကျွန်တော် အဲဒီအိမ်လေးကို အရမ်းလွမ်းတာပဲ၊ အရမ်းလည်း အောက်မေ့တယ်၊ ခုတော့ သာယာလှပတဲ့၊ နွေးထွေးလုံခြုံတဲ့ ဒီသက်ကယ် ဂေဟာလေး မရှိတော့တာ နှစ်ပေါင်း(20) ကြာခဲ့ပေမယ့်၊ ပြန်တွေးလိုက်ရင် ရုပ်ရှင်အနှေး ပြကွက်လိုပဲ၊ ဟိုးအတိတ်ကို တရိပ်ရိပ်နဲ့.........................

အဲဒီနေ့ပေါ့ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်တော့ နေ့လည်စာ စားပြီး၊ သကာလ အငယ်ကောင်လေးနဲ့ ကျွန်တော် အိမ်ရှေ့က ခေါင်းလောင်းပန်းပင်အောက်မှာ၊ ဖျာလေးခင်းပြီး ကျွန်တော်က ကာတွန်းစာအုပ်နဲ့၊ အငယ်ကောင်က ဘေးမှာ အိပ်ပျော်နေတယ် လောကကြီးက သူနဲ့ ဘာမှမဆိုင်တဲ့ရုပ်နဲ့ နှစ်နှစ်ခြိုက်ခြိုက်ပဲ၊ အဲဒီတုန်းက အငယ်ကောင်က 2 နှစ်၊ ကျွန်တော်က 12 နှစ်၊ ကျွန်တော် ကာတွန်းစာအုပ်ထဲ စီးမျောလို့ကောင်းနေတုန်း၊ ပတ်ဝန်းကျင်က ပုံမှန်မဟုတ်တော့သလိုပဲ၊ တစ်အောင့်နေတော့ မီးလှန့်သံချောင်းသံ ကြားရတော့တာပဲ၊ ဒါနဲ့ ကျွန်တော် ဘေးခြံက အဖွားအိမ်ကိုပြေးပြီး ဘယ်မှာမီးလောင်နေလည်းပေါ့၊ အဖွားအိမ်က ရှေးခေတ် နှစ်ထပ် အိမ်မြင့်လေ၊ အပေါ်ထပ်ပြေးတက်ပြီး ကြည့်လိုက်တော့၊ ဟိုးရေကန်တောင်ခြေ အောက်နားမှာ မီးခိုးတွေ အူတက်နေတာတွေ့ရပါရဲ့၊ သြော် အဝေးကြီးပါဆိုပြီး ကျွန်တော် အိမ်ပေါ်က ပြန်ဆင်းခဲ့တယ်၊ အငယ်ကောင် နိုးနေမှာစိုးလို့လေ၊ ဒါနဲ့ ကျွန်တော်လည်း အိမ်ထဲဝင်ပြီး အဖေ့ကိုနိုးရတာပေါ့၊ အိမ်ထဲမှာ အဖေရယ်၊ အလတ်မရယ်၊ နို့ညှာ အငယ်မနဲ့ အိပ်နေတာလေ၊ ''အဖေ ထထ... ဟိုမှာမီးလောင်နေတယ်'' အဲဒါနဲ့ အဖေက နိုးလာပြီး၊ ''ဟေ ဘယ်မှာလည်း သားရဲ့'' ကျွန်တော်လည်း အဖေကိုခေါ်ပြီး အဖွားအိမ်ပြန်ပြေးတက်ပြီး ကြည့်တော့ မီးကတော်တော်မြန်တာပဲ လမ်းတစ်ဝက်တောင် ရောက်နေပြီ၊ အဲဒါနဲ့ အဖေက "သားရေ မဖြစ်ဘူး မီးက အရမ်းမြန်တယ် လာလာ" ဆိုပြီး အောက်ကို ပြေးဆင်းခဲ့ကြတယ်။

အဲ့ဒီလိုနဲ့ အောက်ရောက်တော့ အငယ်ကောင်ရော၊ နို့ညှာရော၊ အလတ်မရော ငိုနေပြီ။ ပတ်ဝန်းကျင်က ပိုပြီးတော့ ဆူညံလာပြီ၊ လူတွေလည်း ဟိုပြေး ဒီပြေးပေါ့၊ ကောင်းကင်မှာလည်း မီးခိုးတွေကြီးပဲ၊ လေကလည်း တိုတ်လာပြီ၊ ကျွန်တော်က အငယ်ကောင်ကို ကျောပိုး၊ အလတ်မကို လက်ဆွဲ၊ အရေးကြီး စာရွက်စာတမ်းထဲ့ထားတဲ့ လွယ်အိတ်ကို လွယ်ပြီး၊ အဖေက နို့ညှာကို ကျောပိုးပြီး ''သား မင်းအရင်ပြေးတော့ အဖေ သယ်လို့ရတဲ့ ပစ္စည်းတွေ ရေတွင်းထဲ ပစ်ချဦးမယ်'' ကျွန်တော်လည်း သုတ်ချေတင် တော့တာပေါ့၊ အဲဒီအချိန်မှာ အမေက ဈေးကြီးထဲမှာ အထည်ရောင်းနေတယ်၊ အစ်ကိုနဲ့ အစ်မက ရပ်ကွက်(8)က အမျိုးအိမ်ရောက်နေတယ်၊ 12နှစ်သားအရွယ် ကျွန်တော်က အငယ်ကို ကျောပိုး၊ အလတ်ကိုလက်ဆွဲနဲ့ ပြေးတာ လမ်းတစ်ဝက်လည်းရောက်ရော ဈေးထဲက အပြေးပြန်လာတဲ့ အမေက ကျွန်တော်တို့ မောင်နှမကို မှီလာတယ်၊ ကျွန်တော် ၀မ်းသာလိုက်တာ၊ အားရှိလိုက်တာဗျာ။

အမေက '' သား ပေးပေး'' ဆိုပြီး အငယ်ကောင်ကိုချီပိုး၊ လာဆိုပြီး ကျွန်တော်နဲ့ အလတ်မကို လက်ဆွဲပြီး၊ လေတိုက်ရာ ဆန့်ကျင်ဘက်ကို ပြေးတော့တာပဲ၊ ကျွန်တော်ပြေးနေတာက လေကြောင်းသင့်ရာဖြစ်နေတာကိုး၊ ''အမေ အိမ်မှာ အဖေနဲ့ အငယ်မ ကျန်နေရစ်တယ်'' ''သား မပူနဲ့ သားအဖေ လိုက်လာလိမ့်မယ်'' ဆိုပြီး ဟိုး ဆန့်ကျင်ဖက် ကျောက်တိုင်ကွင်းကို ပြေးတော့တာပဲ၊ အိုး ပတ်ဝန်းကျင်ဆိုလည်း ငရဲပွက်နေတဲ့ အတိုင်းပဲ၊ ငိုယိုအော်ဟစ် နေကြတာ၊ ကောင်းကင်ကြီး တစ်ခုလုံး မီးခိုးတွေနဲ့ မှောင်မည်းနေတာပဲ၊ မီးသတ်ကား ဥသြသံတွေလည်း ဆူညံနေတာပဲ၊ ကျွန်တော်တို့ သားအမိ ပြေးရင်းနဲ့ အောင်သီရိ ရုပ်ရှင်ရုံ နားလည်းရောက်တော့ အစ်ကိုနဲ့ တွေ့တော့တာပဲ၊ အစ်ကိုကလည်း အဖေဆီ သွားဦးမယ်ဆိုပြီး မီးလောင်ရာကို ပြေးတော့တာပဲ၊ ကျွန်တော် နောက်လှည့်မကြည့်ရဲဘူး၊ မီးခိုးတွေနဲ့ ကောင်းကင်ကြီးကို ကြောက်တယ်။

နေ့ခင်း 2 နာရီလောက် ရောက်တော့ အစ်မ၀မ်းကွဲ အိမ်ကိုရောက်လာတယ်၊ လူကသာ အမောဖြေခွင့် ရှိပေမယ့်၊ စိတ်ကမနားရဘူး၊ အဖေနဲ့အငယ်မကို စိတ်ပူနေတယ်၊ ဒီလိုနဲ့ ညနေခင်း 4 နာရီလောက်ရောက်တော့၊ မီးက ဆက်လောင်စရာမရှိတော့လို့လား မသိဘူး၊ မီးရှိန်ကျ သွားပြီ၊ အဖေနဲ့အငယ်မလည်း ရောက်လာပြီ၊ စိတ်အေးရတာပေါ့၊ ''အမေ သားတို့အိမ် မီးလောင်သွားပြီလားဟင်လို့'' ကျွန်တော်က ငိုသံပါ မေးတော့၊ အမေက ''သားရယ် အမေတို့ အိမ်အသစ်ပြန်ဆောက်မှာပေါ့တဲ့ သားတို့ သမီးတို့ ဘာမှမဖြစ်တာကိုပဲ အမေ၀မ်းသာလှပါပြီတဲ့'' အဲဒီညက မေမေနဲ့ အိပ်ပျော်သွားတာ၊ အိုးအိပ်မက်ဆိုးတွေ ကြောက်လိုက်တာ၊ လူတွေ လူတွေ အော်သံတွေ၊ မနက်မိုးလင်းတော့၊ လူကြီးတွေက ပြောနေကြတာ ကြားလိုက်တာ လူတွေ၊ အများကြီးပျောက်နေတယ်၊ အများကြီးလည်း သေတယ်တဲ့ မီးလောင်ပြီးသေတာ ပြေးမလွတ်တာပေါ့။

နေ့လည်လောက် ကြတော့ လူလစ်တုန်း ကျွန်တော် ကိုယ့်အိမ်ကို ခိုးပြီးသွားကြည့်တယ်၊ ဘာမှမရှိတော့ဘူး၊ ထရံကာ သက်ကယ်မိုး ကျွန်တော်တို့ မောင်နှမတွေ နေတဲ့အိမ် ငုတ်တိုတောင် မကျန်ဘူး၊ ရက်ရက်စက်စက် လောင်လိုက်တဲ့မီး၊ ကျွန်တော် တိုင်ငုတ်တိုလေး ကြည့်ရင်း မငိုပဲ မျက်ရည်ကျမိတယ်။ အဲဒါနဲ့ လမ်းမဖက်ကိုလျှောက်လာတော့ အိုး.... မီးလောင်လို့ သေထားတဲ့ လူတွေကို လမ်းမမှာ တန်းစီထားတာ အများကြီး၊ မျက်စိတစ်ဆုံးပဲ၊ မီးလောင်လို့သေတာ ရုပ်တောင်ဖမ်းလို့မရဘူး၊ မိသားစုဝင်တွေ ပျောက်နေတဲ့ လူတွေ တငိုငို တရီရီနဲ့ လူပျောက်ရှာနေတာလေ၊ လူမီးလောင်တဲ့အနံ့က ဆိုးလိုက်တာ၊ တစ်ချို့ သားသည်မိခင်လေ ပြေးမလွတ်လို့ သားငယ်ကို ရင်ခွင်ပိုက်ပြီး သေနေတာ၊ မကြည့်ရက်ပါဘူးဗျာ၊ ပြောမယ်ဆိုရင် မြင်ကွင်းက ဘယ်လိုမှ ကြည့်မကောင်းဘူးဗျာ၊ စာရင်းချုပ်တော့ သေတဲ့လူတွေ အယောက် (300) ကျော်တယ်ဗျာ။

ဘာလို့ ဒီလောက်တောင် သေရလည်းဆို၊ ကျွန်တော်တို့ ရပ်ကွက်ရဲ့ အရင်လမ်းဖွဲ့စည်းပုံက ၀င်္ကဘာလိုပဲ၊ ပြီးတော့ အိမ်တွေက သက်ကယ်မိုး ထရံအိမ်တွေများတယ်၊ မီးကအရမ်းမြန်တယ်၊ ပစ္စည်းဥစ္စာကို မက်လို့ သေတာလည်းများတယ်၊ ခုတော့ အဲဒီရပ်ကွက်က လွန်ခဲ့တဲ့ 20 နှစ်နဲ့ အရမ်းကို ကွာခြားနေပါပြီ၊ ဒါပေမယ့် ကျွန်တော့ အတွေးတွေ အဲဒီအချိန်ကို ပြန်ရောက်သွားရင် မြင်ကွင်းတွေဟာ ပုံရိပ်တွေလို ပြန်ထင်လာ မြင်လာနေဆဲပါပဲ။ သက်ကယ်မိုး ထရံကာ အိမ်လေးရယ်၊ ခေါင်းလောင်းပန်းပင်လေးရယ်၊ ဖျာတစ်ချပ်နဲ့ ကာတွန်းစာအုပ်လေးပေါ့ဗျာ..........

You received this email because you are subscribed to the real_time feed for http://saishinyehtut.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.