Saturday, November 1, 2008

[အမိမြေသို့  ကျေးဇူးဆပ်ခြင်း] 1 New Entry: အေးစက်မာကြောသွားတဲ့ ဓမ္မလက်ချောင်းများ။

အေးစက်မာကြောသွားတဲ့ ဓမ္မလက်ချောင်းများ။



ဒီလက်ချောင်းကလေးတွေ..
ငယ်စဉ်က ကျောက်တံကိုခြစ်.
ကျောက်သင်ပုန်းနဲ့ စာရေးဖူးတယ်။

ဒီလက်ချောင်းကလေးတွေ..
မဆလ အလံကိုဇောက်ထိုး
၈၈၈၈ က အလံထူ လမ်းလျှောက်ဖူးတယ်.။

ဒီလက်ချောင်းကလေးတွေ..
သေနတ်ကိုင်စစ်သား စစ်ဖိနပ်ကို ဆုတ်ကိုင်
မပစ်ပါနဲ့ တောင်းပန်ဖူးတယ်။

ဒီလက်ချောင်းကလေးတွေ..
လဲကျတဲ့ သူငယ်ချင်းအလောင်းကို
ကျည်ကွယ်ရာသယ်ပို့  သွေးစက်တွေ စွန်းပေဖူးတယ်။

ဒီလက်ချောင်းကလေးတွေ..
အင်းစိန်ထောင် သံတိုင်များကိုဆုတ်ကိုင်.
တောက်ခေါက်ခဲ့ဘူးတယ်။

ဒီလက်ချောင်းကလေးတွေ..
အလုပ်ကြမ်းနဲ့ ထောင်ထဲ..
ပေါက်ချွန်းခွဲ လမ်းဖေါက်ဖူးတယ်။

ဒီလက်ချောင်းကလေးတွေ..
အမေ့ကို နှိပ်နယ်ပေး.
အဘကို လုပ်ကြွေးခဲ့ဘူးတယ်။

ဒီလက်ချောင်းကလေးတွေ..
သံဃာဘ၀မှာ.ပုတီးစိတ်.
ဆုတောင်းမေတ္တာပို့ သဖူးတယ်။

ဒီလက်ချောင်းကလေးတွေ..
၂၀၀ရ မှာ တကာတွေအတွက်လက်တွဲ
သံဃာတွေနဲ့  လမ်းလျှောက်မေတ္တာသုတ်ရွတ်ဖူးတယ်။

ဗဟန်းမုဒ်မှာ မျက်ရည်ယိုဗုံးခွဲ
သံဃာတန်းကို လူစုခွဲ
ကျစ်ကျစ်ပါအောင် လက်သီးဆုတ်ဖူးတယ်။

သံဃာသွေးမြေကျ သံဃာအသက်ကြွေခ
ပုထုဇဉ်မို့ မျက်ရည်ကျတယ်။
သာသနာ အတွက် ကာကွယ်ပေးဖို့ 
ကျောင်းသင်္ခန်းကို စွန့် 
ဒုကုဒ် သင်္ကန်းကိုချွတ်.
အမျိုးဘာသာအတွက် အသက်စွန့် မယ်။
ယောက်ျားဘာသား ကျုပ် အာဇာနည်ဖြစ်တယ်။

စွမ်းအားမြှင့် စစ်သည်တော် ကိုယ်ပိုင်အမှတ် (၉၉၉၉၅၄)
စစ်အာဏာရှင်ကို ဖြိုမဲ့ စစ်သည်
ကျုပ်အမည် သက်ဝင်းဦး (ခ) သံလွင်
အမည်နာမ ကဗျည်းတွေ တင်သစရာမလိုဘူး
ကျုပ် ဘယ်သူဘဲ ဖြစ်ဖြစ်
ကျုပ် ကိုဘယ်သူ သိသိမသိသိ
ဒါ အရေးမကြီးဘူး။

ကျုပ်ဟာ
အမျိုးနဲ့ အမိမြေသစ္စာ ကို စောင့်သိသူတစ်ဦး
သာသနာ အရောင်မြင့်စေလိုသူတစ်ဦး
ခလေးများကို မှန်မှန်စာအံ့စေချင်သူတစ်ဦး
ငတ်မွတ်သူများ အစာကြွေးလိုသူတစ်ဦး.
မတရားတာမှန်သမျှ လက်ပိုက်ကြည့်မရသူတစ်ဦး။

နာကျည်းမှုကြောင့် ပုတီးကိုင်သောလက်များ
မတရားညှင်းပမ်းမှုကြောင့် သပိတ်ပိုက်သောလက်များ
ယမ်းပျော့နဲ့ စနက်တန် တတ်နေခဲ့ရပြီ။
အဓမ္မကိုတော်လှန်မဲ့ ဓမ္မရဲ့ သားတော်သည်။

လှေလှော်ရင်း ရေဘဲနစ်နစ်.
စနက်တံတတ်ရင်းဘဲ ပေါက်ကွဲပြာမှုန်ဖြစ်ဖြစ်.
ကျုပ်နိုင်ငံကို ကျုပ် အသက်ပေးချစ်တယ်။
ဘယ်တော့မှ သတ္တိမငယ်ဘူး.

ဘာဖြစ်သလည်း
" ကြောက်လို့ ရပ်နေ ဘာမှဖြစ်မလာဘူး။
အားပေးဝေဖန် လေကန်ရုံ အဖြစ်မရှိဘူး။
တကယ်တမ်းတိုက်ပွဲဝင်ချင်
ပြည်သူရှေ့က ဦးဆောင်တိုက်ပွဲဝင်ကြ။"


အလမ္မါယ်သမား မြွေထိပြီးတနေ့ သေတယ်။
ခွပ်ဒေါင်းမာန် အတက်ကျိုးပစေ သေအထိခွပ်မယ်။
တော်လှန်ရေးသမား တိုက်ရင်းဘဲကျဆုံးလေ့ရှိတယ်။
ခေါင်းငုံမခံဘဲ တော်လှန်ဝံ့တာဘဲ
ကျုပ် ဂုဏ်ယူတယ်။
လွတ်လပ်မှသာ
ကျူပ်ကို အမှုဝေတော့ အဖေ။

မသဒ္ဓါ ( ၁၀။၃၀။၂၀၀၈)
ကျဆုံးသွားသော သက်ဝင်းဦး (ခ) သံလွင် (၁၉၇၃-၂၀၀၈)။ စွမ်းအားမြှင့် စစ်သည်တော် ကိုယ်ပိုင်အမှတ် (၉၉၉၉၅၄). အတွက်.

You received this email because you are subscribed to the real_time feed for http://thadar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.