Saturday, November 1, 2008

[Welcome] 1 New Entry: ရင်မှပန်းနုရောင်အလွမ်းနေ့များ

ရင်မှပန်းနုရောင်အလွမ်းနေ့များ

ရင်မှပန်းနုရောင်အလွမ်းနေ့များ
(29-6-2008 to 30-10-2008)


အချစ်ဆိုတဲ့အရာနဲ့ ကင်းလွတ်တဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်
တစ်ဘ၀မှာ တစ်ချစ်တည်းနဲ့ အပြီးပြတ်သွားတယ်ဆိုတာလည်း တော်တော်ရှားပါမယ်
ကိုယ့်အချစ်ဦးနဲ့ ဘ၀လမ်းအတူလျှောက်လှမ်းနိုင်သူတွေ အတော်ကလေးရှားတဲ့ အချိန်မှာလည်း
ကိုယ်သိပ်မြတ်နိုးမိတဲ့ သိပ်ချစ်နေမိတဲ့ အချစ်ဦးနဲ့ ကွဲကွာခဲ့ရာတာ စူးနင့်ထူးဆန်းသလို ဖြစ်သွားပေမယ့်
ရင်ထဲကြွင်းကျန်ရစ်တဲ့ သောကအပူကတော့ဖြင့် တငွေ့ငွေ့နဲ့ ဆက်လက်တောက်လောင်နေမှာပါ
ဖြစ်ခဲ့သမျှ ပြုမိခဲ့သမျှ အမှားတွေအတွက် သူလေးကျေနပ်အောင် နှစ်သိမ့်နိုင်ရန် မစွမ်းသာတော့တာမို့
သူလေးအပ်နှင်းတဲ့ပြစ်ဒဏ်နဲ့ တစ်ဖက်သတ်ဆုံးဖြတ်ချက်တွေကို
ကျေကျေနပ်နပ် ခံယူနိုင်အောင် တိတ်တိတ်လေးလွမ်းကျန်ရစ်ဖို့ ဆုံးဖြတ်ခဲ့ပါပြီ .. ..

လူတိုင်းမှာ ချစ်တတ်တဲ့အသည်းနှလုံးကိုယ်စီနဲ့မို့
သူလေးကို အရမ်းကာရော ချစ်ပါတယ်ဆိုတဲ့အချိန်လေးမှာ သတိမမူမိပေမယ့်
ခုလိုတကယ်တမ်း အထီးကျန်ရတဲ့အချိန်မှာ သူလေးကို တိုးလို့ ပိုတမ်းတမိတာ အကြိမ်ကြိမ်ပါ
သူလေးကို အမှတ်ရနေပါတယ် ဆိုတဲ့ သံယောဇဉ် စကားလေးတစ်ခွန်း ကြားသိစေဖို့အတွက်
မိုင်ပေါင်းများစွာဝေးတဲ့ ခရီးလမ်းကြမ်းကိုလည်း နေ့ည မဟူ မတွန့်မိဘဲ အရောက်လာခဲ့ပါတယ်
အေးခဲတဲ့ မိုးရေအောက်ကိုလည်း သတိမမူနိုင်ဘဲ သူလေးအတွက် အရောက်လာခဲ့ပါတယ်
မျှင်းမျှင်းမျှတဲ့ ချစ်ခြင်းနှောင်ကြိုးလေး ပြတ်တောက်သွားမှာစိုးလို့ရယ်ပါ
ခုတော့ လူမသိ သူမသိ ခပ်မှိန်မှိန် လွမ်းပုံပြင်တစ်ပိုင်းတစ်စ ဖြစ်တည်ခဲ့ရပါပြီ .. ..

ကောင်းကင်မှာ ကြယ်စင်များနဲ့ လင်းလက်နေတဲ့ ညများစွာကို မြင်ဖူးကြမှာပါ
ကြယ်တွေစုံတဲ့ညတွေမှာ အဓိပ္ပာယ်ရှိတဲ့ လူတိုင်းရဲ့ဘ၀ကို အတိုင်းအတာတစ်ခုထိ ကြည်နူးမှုကို ပေးနိုင်စွမ်းပါတယ်
တစ်ခါတစ်လေများ
မိုးသားတိမ်လိပ်တွေရဲ့ ဖုံးကွယ်မှုကြောင့် ညချမ်းဟာ အကျည်းတန်ကောင်း အကျည်းတန်နေပေမယ့်
ကြယ်စင်လေးတွေကတော့ သူ့သဘာဝအတိုင်း တောက်ပမြဲ လင်းလက်မြဲ ရှိနေမှာပါ
မည်းညစ်ညစ် မိုးသားတိမ်လိပ် ဘ၀နဲ့တူတဲ့ ကိုယ်နဲ့
ကြယ်စင်လေးလို လင်းလက်တောက်ပနေတဲ့ သူလေးရဲ့ဘ၀ကို အစွန်းထင်းမတင်ရစ်စေဖို့
အဝေးဆုံး တစ်နေရာကို တရွေ့ရွေ့လှမ်းထွက် နေမယ့် သူစိမ်းတစ်ယောက်လို နေနေပါပြီ .. ..


( မမြင် မတွေ့ချင်တော့တဲ့ သူတစ်ယောက်ရဲ့ မေတ္တာရပ်မှုကို အလေးထားလို့ အဝေးတစ်နေရာကို ရှောင်ပုန်းဖို့အတွက် မစွမ်းသာပေမယ့် သံယောဇဉ်ရှိတဲ့ ဘလောဂ့်၊ ဘလောဂ့်မိတ်ဆွေ သူငယ်ချင်းတွေကို ဒီနေရာကနေ နှုတ်ဆက်ပါတယ်။ ခဏလည်းဖြစ်နိုင်သလို၊ ထာဝရလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ )

You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.