Friday, November 21, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 1 New Entry: အကြွေစောခဲ့လေခြင်း

အကြွေစောခဲ့လေခြင်း

မနေ့ညက သူငယ်ချင်းတယောက်နဲ့ စကားပြောရင်း ၊ သူက "ကိုမြင့်အောင် ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံတင်ထားရတယ်" လို့ ပြောတယ် ။ အဲဒီတုန်းကထိ ဘယ်သူမှန်း မသိခဲ့သေးဖူး ။ တကယ်က ကျွန်မက သူ့ကို ကိုမြင့်ဇေ ၊ ကိုဖိုးဇေ ၊ ကိုဂုရုကြီး စတဲ့နာမည်တွေနဲ့ သိနေခဲ့တာ ။ မနက် အိပ်ရာထတော့ ကျွန်မဖုန်းမှာ ၀င်ထားတဲ့ မက်စေ့ခ်ျတခုကိုဖတ်ပြီး ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဖူး ။ ကိုဖိုးဇေ ဆုံးပြီတဲ့ ..... ။ ဒါနဲ့ အမခင်မင်းဇော်ဘလောဂ့်ကို အပြေးအလွှား တက်ဖတ်ရတယ် ။ သူကတော့ အချက်အလက်အပြည့်အစုံရေးမယ်ဆိုပြီး ။ အမရဲ့ဝမ်းနည်းခြင်းမှတ်တမ်းကိုဖတ်ရင်း ကိုဖိုးဇေရဲ့ပုံရိပ်တွေ ပြန်မြင်လာပြီး မနက်အစောကြီးမှာ ရင်ထဲဆို့နင့် မျက်ရည်တွေ ၀ဲမိတယ် ။ ကံကြမ္မာက သူ့ကို ဘ၀ဆိုတာကနေ စောစောစီးစီး ဆွဲထုတ်သွားခဲ့ပြီပေါ့ ။

ဘလောဂ့်လောကမှာ ကောက်ရခဲ့သော အမများ ဆိုပြီး ပို့စ်ရေးတုန်းက ၊ အကိုတွေကျတော့ရောလို့ ကွန်မန့်မှာမေးလာတဲ့သူတွေရှိတော့ မရေးဖြစ်ပေမယ့် တချက်စဉ်းစားမိတုန်းက ၊ ဘလောဂ့်ပေါ်ကောက်ရခဲ့တဲ့ အကိုတွေထဲ ကိုဂုရုကြီးလဲပါခဲ့တယ် ။ သူနဲ့က ဘလောဂ့်ပေါ်မှာ စသိခဲ့ပြီး ၊ နောက်ပိုင်း လူချင်းတွေ့ဖြစ်ခဲ့ကြတယ် ။ အမှတ်တရကတော့ ကျွန်မက ကောက်ညှင်းငှက်ပျော်ထုတ်စားချင်တယ်လို့ပြောတော့ သူ့အိမ်နားက အဒေါ်ကြီးတယောက်ကို ပိုက်ဆံပေးပြီး ကောက်ညှင်းထုတ်တွေလုပ်ခိုင်းခဲ့တယ် ။ နောက်တနေ့ကျ ကောက်ညှင်းထုတ်တွေယူလာပြီးပေးတာ အများကြီးပဲ ။ အဲဒီတုန်းက အားပါးတရစားမိရင်း တကယ်ပဲ ညီမတယောက်လို သူ့စေတနာကို လေးစားခဲ့မိတယ် ။ လူပျိုသိုးကြီးလို့ သူ့ကိုယ်သူ ကင်ပွန်းတပ်ထားတဲ့ ကိုဂုရုကြီးကို ဘယ်တော့စွံမလဲလို့ ကျွန်မတို့က အမြဲနောက်လေ့ရှိတယ် ။ စွံမယ့်စွံတော့လည်း သူက ဗြုန်းစားကြီး မင်္ဂလာဆောင်သွားခဲ့တော့ သူ့အတွက် ၀မ်းသာခဲ့ကြတယ် ။ စိတ်ထားကောင်းတယ် ၊ ပျော်ပျော်နေတတ်တယ် ၊ အမခင်မင်းဇော်ပြောသလို "သူရှော်တာတွေ ရှိသလို တော်တာတွေလဲ များပါပေ့" ။ အဓိကကတော့ သူက ပွင့်လင်းပြီး စိတ်ထားမှန်တယ်လို့ ကျွန်မက ခံစားရလို့ သူ့ကို အကိုတယောက်လို ခင်မင်မိတယ် ။

ဘ၀ဆိုတာ လုံးဝမထင်မှတ်တာတွေနဲ့ သိပ်မြန်ဆန်လွန်းလှပါလား ။ ဘာဆက်ရေးရမယ်မှန်း မသိတော့လောက်အောင် ရေးစရာစကားလုံးတွေ ၀မ်းနည်းခြင်းတွေကြား ကျပျောက်သွားတဲ့အခါ ... တခွန်းပဲပြောလိုက်နိုင်တာက ...

ကိုဖိုးဇေရေ ... ကောင်းရာသုဂတိလားပါစေသား ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.